Thursday, November 1, 2007

အငြိမ့်လူရွှင်တော် ပါပါလေးကို ပြန်လွှတ်

မဇ္ဈိမသတင်းဌာန
Wednesday, 31 October 2007 18:24 - မြန်မာစံတော်ချိန်
နိုင်ငံကျော် အငြိမ့်လူရွှင်တော် ပါပါလေးသည် မနေ့ည ကိုးနာရီတွင် မန္တလေး အိုးဘိုထောင်မှ ပြန်လည် လွှတ်မြောက် လာသည်။
နှုတ်ခမ်းမွှေး ညီအကို ၃ ယောက်အနက် အကြီးဆုံးဖြစ်သူ ဦးပါပါလေး အသက် ၆၀ နှစ်ကို ရဲများက စက်တင်ဘာ၂၅ ရက်နေ့တွင် မျက်လုံးကို အဝတ်ဖြင့် စည်း၍ ရွှေစံရာလုံထိန်း အမှတ် (၄) စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ပါပါလေး ဓါတ်ပုံ - Salween News Network
“ငါးညနှင့်နှစ်နေ့ကတော့ အပင်ပန်းဆုံးဘဲ။ အိပ်မယ် ကြံလိုက် လာခေါ်စစ်လိုက်နဲ့။ စစ်တာကတော့ ဘုန်းကြီးတွေနဲ့ အဆက်အသွယ် ရှိလား ဒါပဲ အဓိက မေးနေတာ” ဟု ပြန်လွတ်လာသူ ပါပါလေးမှ ပြောသည်။
ရွှေစံရာမှ အိုဘိုထောင်ကြိုး တိုက်ထဲတွင် ပြန်လွတ်လာသည် အထိ နေခဲ့ရသည်။
“လွှတ်တာက ညနေ လေးနာရီကတည်းက လက်မှတ်ထိုး၊ လက်ဗွေနှိပ်၊ ဓာတ်ပုံရိုက်နဲ့ ကိုးနာရီမှ အိမ်ပြန်ရောက်တယ်။ လက်မှတ်က (၁၅) ခါလောက် ထိုးရတယ်။ ဝန်ခံကတိတော့ မဟုတ်ဘူး” ဟု ဦးပါပါလေးမှ ပြောသည်။
ထောင်တွင်းနေစဉ် စစ်ဦးစီး ပထမတန်းအရာရှိ (ဂျီဝမ်း) တဦး ရောက်လာက မေးမြန်းရာမှ ဟာသဖြစ်ပုံလေးကို ပြန်လည်ပြောပြသည်။
ဂျီဝမ်း။ ။ခင်ဗျားတို့ကို အထက်က နွေးနွေးထွေးထွေး ကြိုဆိုရမယ်လို့ ပြောတယ်။ ရေနွေးနဲ့ ပက်သလိုပေါ့။ပါပါလေး။ ။အေးပေါ့ဗျာ ရေအကျိုး ကိုးပါး ရတာပေါ့။ဂျီဝမ်း။ ။ဆယ်ပါး မဟုတ်ဘူးလား၊ တပါးကကော။ပါပါလေး။ ။တပါးက မန္တလေးထောင်ထဲ ရောက်နေတယ်။
ပါပါလေးနှင့် သူ၏ ညီလူမော်တို့၏ နှုတ်ခမ်းမွှေး ညီနောင်အငြိမ့်ကို အာဏာပိုင်များက ရာသက်ပန် ပိတ်ပင် ထားခဲ့သောကြောင့် နိုင်ငံခြားသားများကိုသာ အိမ်တွင်း ဖျော်ဖြေမှု လုပ်ဆောင်နေခဲ့သည်။
“တိမ်မြှုပ်နေတဲ့ မြန်မာ့အနုပညာကို ဖော်ထုတ်နေတာပါဘဲ” ဟု သူကဆိုသည်။
ပါပါလေးသည် ၁၉၉၆ခုနှစ်တွင် ဒေါ်အောင်ဆန်း စုကြည်အိမ်တွင် အငြိမ့် ဖျော်ဖြေမှုကြောင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ကျခံခဲ့ရသည်။
တိုင်းရင်းသားနှင့် အန်အယ်ဒီ ခေါင်းဆောင်များ ဖြစ်သည့် ဦးထောင်ကိုထန်း၊ ဦးပူကျင့်ရှင်းထန်၊ ဦးလှဖေ၊ ဦးမြင့်သိန်းတို့နှင့် ကျန်လေးဦးကိုလည်း မနေ့ညက ပြန်လည် လွတ်မြောက်လာခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့တွင် အာဏာပိုင်များ၏ ဖမ်းဆီး ထိန်းသိမ်း ခံထားခဲ့ရသော ဇိုမီးအမျိုးသား ကွန်ဂရက် (ZNC) ဥက္ကဌ ဦးထောင်ကိုထန်း၊ ခေါင်းဆောင် ဦးပူကျင့်ရှင်းထန်၊ အန်အယ်ဒီ ပြောခွင့်ရ ဦးလှဖေနှင့် ဦးမြင့်သိန်းတို့ကို မနေ့ည ၁ဝနာရီတွင် ပြန်လွတ်ပေးလိုက်ကြောင်း သိရသည်။
“မနေ့က ည ၁ဝနာရီခွဲလောက်က အိမ်ပြန်လွတ်လိုက်တာပါ။ ရဝက၊ မြို့နယ်က လူကြီးတွေက အိမ်တိုင်ရာရောက် လာပို့ကြတာပါ။ အိမ်ကို လည်း အကြောင်းကြားတော့ ကျမတို့က မြို့နယ်ရုံးမှာ သွားခေါ်ရတာပါ။ သူတို့က အိမ်အရောက် ပို့ပေးပါတယ် ဆိုတဲ့ အကြောင်းကို အိမ်ထောင်ဦးစီး အနေနဲ့ လက်မှတ် ထိုးပြီးတော့ သွားခေါ်ရတာပါ။ အထဲမှာလည်း ကောင်းကောင်းမွန်မွန် နေရပါတယ်၊ ဆေးကုသတာတွေက အစလည်း လုပ်ပေးပါတယ်တဲ့” ဟု ဦးပူကျင့်ရှင်းထန်၏ သမီးက မဇ္ဈိမကိုပြောသည်။
အခုလည်း ကျန်းမာရေး ကောင်းပါတယ်။ သူက အော်ပရေးရှင်းလည်း ခဏခဏ လုပ်ခဲ့ဖူးတာတွေ ရှိပါတယ်။ လောလောဆယ်မှာတော့ မျက်စိက ဒုက္ခပေးနေတာပေါ့။ ဘာဝန်ခံချက်မှလည်း ထိုးခဲ့ရတာ မရှိပါဘူး။ ၃၄ ရက်တိတိ အထဲမှာ နေခဲ့ရတာပါ။ ခုတော့ ဆံပင်တွေ ဘာတွေ သွားညှပ်ပြီး သန့်ရှင်းရေး အပြင်မှာ သွားလုပ်နေပါတယ်” ဟု သူမက ဆက်ပြောသည်။

No comments: