Wednesday, November 14, 2007

ဆရာတော် ဦးဂန္ဘီရ အဖမ်းခံရ

မုံပီး
စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေးကို ဦးဆောင်ခဲ့သူ ထင်ရှားသည့် ဆရာတော် ဦးဂန္ဘီရသည် တိမ်းရှောင် ပုန်းအောင်းနေရာမှ ယခုအခါ အာဏာပိုင်များက ရန်ကုန်မြို့တွင် ဖမ်းဆီးရမိသွားပြီ ဖြစ်သည်။
အာဏာပိုင်များမှ အပူတပြင်း လိုက်လံ ရှာဖွေခံနေရသူ ဦးဂန္ဘီရသည် စက်တင်ဘာ သံဃာလူထု လှုပ်ရှားမှုကြီးတွင် ထောင်ပေါင်းများစွာသော သံဃာတော်များ လမ်းပေါ်တက် ဆန္ဒပြရာတွင် ဦးဆောင်ခဲ့ပြီး သူ့ကို ဆန္ဒပြပွဲများကို ကြိုးကိုင်ခဲ့သူအဖြစ် စွပ်စွဲခဲ့သည်။ သြဂုတ်လလယ်တွင် လောင်စာဆီ ဈေးနှုန်း ကျဆင်းရေး လူထုတောင်းဆိုပွဲများ စတင်ခဲ့ခြင်း ဖြစ်သည်။
ပြေးလွှား ရှောင်တိမ်းနေရသော်လည်း ဆရာတော်သည် မကြာသေးခင်က ဆန္ဒပြပွဲနှင့် နောက်ဆက်တွဲ နအဖ စစ်အစိုးရမှ အကြမ်းဖက် နှိမ်နင်းမှုများ အကြောင်းကို ကမ္ဘာတလွှားသို့ ပြောကြားသည့် အနေဖြင့် ဆောင်းပါးတစောင် ရေးသားကာ ဝါရှင်တန်ပို့စ် သတင်းစာသို့ ပေးပို့ခဲ့သေးသည်။
ဝါရှင်တန်ပို့တွင် သူ့ဆောင်းပါး ဖော်ပြခံရသည့် နိုဝင်ဘာလ ၄ ရက်နေ့မှာပင် သူသည် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု သတင်းရပ်ကွက် တခုက ဆိုသည်။
ဆရာတော်သို့ တယ်လီဖုန်းဖြင့် စကားပြောခဲ့သူ သတင်းရပ်ကွက်က “ဆရာတော်က ခပ်တိုတိုပဲ ပြန်ဖြေတယ်။ သူ အဖမ်းခံလိုက်ရပြီတဲ့။ အခု ထိန်းသိမ်း ခံထားရတယ်တဲ့။ အဲဒါလည်း ပြီးရော လိုင်းက ပြတ်သွားတယ်” ဟု ဆိုသည်။
ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ အတည်ပြုရန် ခက်ခဲနေသော်လည်း ပြည်ပရှိ အတိုက်အခံ အချို့က ဆရာတော်၏ ဆောင်းပါးမှတဆင့် သူ ပုန်းခို သီတင်းသုံးနေသည့် နေရာ သဲလွန်စကို စစ်အစိုးရမှ ရရှိနိုင်ဖွယ် ရှိကြောင်း ပြောသည်။
ရန်ကုန်မြို့တွင် ထင်ရှားသည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးနှင့် အခြား အမျိုးသားနှစ်ဦး ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည် ဟူသော ကောလာဟလ သတင်းများ ပေါ်ထွက်နေသော်လည်း အခြားသတင်း ရပ်ကွက်အဆိုအရ မစုစုနွေးသည် ဖမ်းဆီးခံရသူများထဲတွင် ပါဝင်ခြင်း မရှိဟု ဆိုသည်။
သတင်း အချက်အလက်များကို လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသော်လည်း စစ်အစိုးရမှ အသဲအသန် လိုက်လံ ရှာဖွေကာ ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် ပုန်းခိုနေသည့် တက်ကြွ လှုပ်ရှားသူများ၏ လုံခြုံရေးအတွက် စိုးရိမ်မှုများ တိုးပွားနေသည်။
ဦးဂန္ဘီရ အဖမ်းဆီးခံရခြင်းနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးကို အစိုးရမှ ဖမ်းဆီးသည် ဟူသော သတင်း အချက်အလက်များသည် မြန်မာ စစ်အစိုးရမှ ကုလ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ်ကို ပြည်ဝင်ခွင့် ပေးလိုက်ခြင်းကြောင့် မြန်မာနိုင်ငံအပေါ် အကောင်းမြင်လာသည့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ မျှော်လင့်ချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
မစ္စတာ ပီညဲရိုးသည် ယခုအခါ မြန်မာပြည်တွင် ရောက်ရှိနေကာ ထိန်းသိမ်းရေး စခန်းများနှင့် အခြား နေရာများကို သွားရောက် လည်ပတ်နေသော်လည်း ယခုအချိန်အထိ ဖမ်းဆီးမှုများ၊ သူ၏ ရှာဖွေ တွေ့ရှိချက်များကို ထုတ်ပြန်ခြင်း မရှိသေးပါ။

No comments: