Wednesday, November 28, 2007

အဝယ်မလိုက် ဂျာနယ်များ တခဏချင်း ပျောက်ကွယ်

ထိန်လင်း
ဂျာနယ်ထုတ်ဝေခွင့် လိုင်စင်ကို မြန်မာစစ်အစိုးရမှ ပိုမို ချပေးနေသော်လည်း အဝယ်မလိုက်သဖြင့် ဂျာနယ်များသည် အရှုံးများသောကြောင့် ရပ်ဆိုင်းနေကြရသည်ဟု သိရသည်။
ယခုတလောတွင် သတင်းဂျာနယ် ထုတ်ဝေခွင့် လိုင်စင်ကို နအဖ ပြန်ကြားရေး ဝန်ကြီးဌာနမှ အလွယ်တကူ ချပေးနေသဖြင့် ရန်ကုန်တွင် ဂျာနယ်များ ပိုမို အထွက်များလာသော်လည်း ဝယ်ယူအားပေးသူ နဲပါးနေသဖြင့် ခဏချင်း အတွင်း၌ပင် အရှုံးပေါ်ကာ ရပ်ဆိုင်းနေကြရသည်ဟု ရန်ကုန်ရှိ စာနယ်ဇင်းသမားများက ပြောဆိုကြသည်။
“ရန်ကုန်မြို့မှာ ထုတ်တဲ့ ဂျာနယ်အစောင်ရေ ၁ဝဝ ကျော်ထုတ်တယ်။ ဂျာနယ်တစောင်ကို ၃ဝဝ ကျပ်ကနေ ၅ဝဝ အထိရှိတော့ ပြည်သူတွေ စီးပွားရေး ကျပ်တာလည်း ပါတယ်။ ဝယ်မဖတ်နိုင်ကျဘူး။ စာပေစိစစ်ရေးက တင်းကျပ်ထားတော့ လူထုစိတ်ဝင်စားမယ့် သတင်းတွေ ထည့်ခွင့်မရတာလည်း ပါတယ်။ လူတွေ သိပ်စိတ်မဝင်စားတဲ့ သတင်းများတော့ ဘယ်သူမှ ဝယ်မဖတ်ချင်တော့ဘူး” ဟု နာမည်ကြီး သတင်းဂျာနယ်တိုက်တခုမှ စာရေးဆရာတဦးက မဇ္ဈိမကို ပြောသည်။
ပေါ်ပြူလာဂျာနယ် အယ်ဒီတာ ဦးဟိန်းလတ်ကလည်း “ဂျာနယ် ထုတ်ဝေခွင့်နဲ့ ပတ်သက်ပြီး အခုလောလောဆယ် ထုတ်ဝေခွင့် လျှောက်တဲ့ လူတိုင်းနီးနီး ရကြတယ်။ ရပြီးတဲ့လူတွေတောင် မထုတ်နိုင်ကြဘူး။ အရင်တုန်းက ထုတ်ဝေခွင့်ရသူ ရှားတော့ ငှားထုတ်တဲ့သူ များတယ်။ အခုတော့ မထုတ်ရဲကြဘူး။ ဂျာနယ်တွေက မရောင်းရဘူးလေ။ ရှုံးမှာပေါ့ ။ ဝယ်ဖတ်တဲ့သူ နဲတယ်။ အဲဒါကြောင့် မထုတ်ရဲတဲ့သူနဲ့ ပြန်အပ်တဲ့သူ များနေပြီ” ဟု ပြောသည်။
ယခင်က ဂျာနယ် ထုတ်ဝေလိုပါက ထုတ်ဝေခွင့် ရထားသူများထံမှ တလလျှင် ဂျာနယ်တစောင် ကျပ်ငွေ ၂ သောင်းမှ ၃ သောင်းကျော်အထိ ပေး၍ လိုင်စင် ငှားရသလို၊ စောင်ရေ အများအပြား ထုတ်ပါက လိုင်စင်ရှင်ကို ပိုပေးရကြောင်းနှင့် လိုင်စင်ကို အပြီးအပိုင် ဝယ်မည်ဆိုပါက သိန်း ၃ဝ ခန့် ပေးရကြောင်း ဂျာနယ်တိုက် အချို့က ပြောကြသည်။
ဂျာနယ်တိုက် တခုမှ ဝန်ထမ်းတဦးက “သတင်းဂျာနယ်နဲ့ ပတ်သက်လို့ကတော့ ထုတ်ဝေခွင့်က အခုနောက်ပိုင်းမှာ သိပ်မခက်တော့ပါဘူး။ ပတ်သက်ရာ ပတ်သက်ကြောင်း ရှိတဲ့လူတွေကတော့ မြန်တာပေါ့။ သူတို့ဆီက ဝယ်ပြီးတော့ နာမည်ပြောင်းလိုက်ရင် ရတယ်။ အခုနောက်ပိုင်း ထုတ်ဝေခွင့် လိုင်စင်ကို လိုက်ရင် ရနိုင်ပါပြီ” ဟု ပြောသည်။
ယခုလို ဂျာနယ်ထုတ်ဝေခွင့် လိုင်စင်ကို ပိုမို ချပေးလာချိန်အတွင်း ပြီးခဲ့သည့် တပတ်တွင် ရန်ကုန်အခြေစိုက် သတင်းဂျာနယ်များ ဖြစ်သည့် လျှပ်တပြက်နှင့် News Watch စောင့်ကြည့်ဂျာနယ်များကို စာပေစိစစ်ရေးက တပတ်စီ ထုတ်ဝေခွင့်ပိတ်ခဲ့သေးသည်။
လျှပ်တပြက် ဂျာနယ်နှင့် ပတ်သက်၍ ဂျာနယ် သတင်းထောက်တဦးက “လျှပ်တပြက်ဂျာနယ်နဲ့ ပတ်သက်လို့ကတော့ ကျနော်ကြားတာ ပြောရမယ်ဆိုရင် ဒေါ်စု ကျေညာချက်နဲ့ ပတ်သက်ပြီး သူတို့လိုသလို ဆွဲပြီး ဘာသာပြန်လို့ ပိတ်တယ်လို့ ကြားတယ်” ဟု ပြောသည်။
ဂျာနယ်ဝန်ထမ်းကလည်း “လျှပ်တပြက်ကို ဝမ်နိမ် (သတိ) ပေးထားတယ်။ အဲဒီမတိုင်မီ နှစ်ပတ်က အစည်းအဝေးပွဲ (စာပေစိစစ်ရေး) မှာ လျှပ်တပြက်ဟာ စည်းကမ်းအများဆုံး ချိုးဖောက်တယ်လို့ ဆိုတယ်။ နောက် ဂျာနယ်နှစ်ခုရော သတိပေးထားတယ်။ စည်းကမ်းဆိုတာ များသောအားဖြင့် မထည့်ပါနဲ့လို့ ပြောထားတဲ့ သတင်းကို သူ့သဘောနဲ့သူ ထည့်လိုက်တာမျိုးပေါ့။ ထင်ရာလုပ်တာများနေလို့ နောက်တခါ အရေးယူမယ်လို့ ပြောထားတယ်။ သူ (ဦးမြခိုင် - ဂျာနယ်အယ်ဒီတာချုပ်) က ဗိုလ်ချုပ်ကျော်ဆန်းနဲ့လည်း ရင်းနှီးတော့ ထင်ရာလုပ်တဲ့အပိုင်းပါတယ်” ဟု ပြောသည်။
ယခုလ ၁၅ ရက်နေ့ထုတ် News Watch ဂျာနယ်ကိုမူ ခွင့်ပြုချက်မရဘဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီ ခေါင်းဆောင်များ တွေ့ဆုံသည့် သတင်းနှင့် မျက်နှာဖုံးတွင် ဓာတ်ပုံကိုပါ ဖော်ပြခဲ့သဖြင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ဂျာနယ်ထုတ်ဝေခွင့်နှင့်ပတ်သက်၍ မန္တလေးမြို့တွင် ယခုအခါ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းနှင့် နီးစပ်သည့် မန္တလေးတိုင်းမ်၊ မန်းတော်ရိပ်တို့ ပေါ်ထွက်လာမည် ဖြစ်ကြောင်းနှင့် အခြား ပုဂ္ဂလိက ဂျာနယ်များ ဖြစ်သည့် နန်းမြင့်၊ ရွှေမန္တလေး၊ Upper Myanmar ဂျာနယ်များလည်း ယခင်ကတည်းက ထုတ်ဝေလျက်ရှိကြောင်း သိရသည်။

No comments: