Wednesday, November 28, 2007

ဗိုလ်ချုပ်ကြီးတို့ သတ္တိရှိအောင် ဆုတောင်းစို့

ရန်ကုန်သား
နအဖ စစ်အစိုးရဟာ မြန်မာနိုင်ငံကို ပါတီစုံ ဒီမိုကရေစီနိုင်ငံ ဖြစ်အောင် တည်ထောင် လမ်းခင်းနေတယ်သာ ပြောတာ၊ တကယ်တမ်းတော့ ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံတွေနဲ့ တည့်အောင်မပေါင်းဘူး။ အကောင်းလည်း မပြောဘူး။ ရန်လိုက်ဖြစ်နေတယ်။ တပါတီစနစ်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်စနစ် နိုင်ငံတွေကို အကောင်းပြောတယ်။ အဲဒီနိုင်ငံတွေနဲ့ တရင်းတနှီး တည့်အောင်ပေါင်းတယ်။ ဒီမိုကရေစီ နိုင်ငံတွေနဲ့ ဝေးဝေးနေတယ်။
သတိထားမိကြမလား မသိဘူး။ မြန်မာ စစ်အစိုးရဟာ ၁၉၈၈ အာဏာသိမ်းပြီးကတည်းက ၁၅ နှစ်လောက် ကြာတဲ့အထိ ဒီမိုကရေစီ ဆိုတဲ့စကားကို မပြောဘူး။ အဲဒီစကားလုံးကို သုံးရမှာ ကြောက်လို့ တတ်နိုင်သမျှ ရှောင်နေခဲ့တာပါ။ အခု ၃-၄ နှစ်မှာမှ ကြောက်ကြောက်နဲ့ စည်းကမ်း ပြည့်ဝသောတို့၊ ဘာတို့ ခံပြီး သုံးလာတာ။ စပြောလာတာ။ သိပ်ပြောချင်လှတာ မဟုတ်ဘူး။ အခုတခါ အတိုက်အခံနဲ့ တွေ့ဆုံ ဆွေးနွေးရေးကိုလည်း ကြောက်လို့ မလုပ်ဘဲနေနေတာ ဘယ်လောက်ကြာပြီလဲ။ ဒေါ်စုတို့ အန်အယ်ဒီက တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုနေတာ အာပေါက်နေပြီ။
လွန်ခဲ့တဲ့ ၃-၄ လတုန်းကတောင် အတိုက်အခံ အန်အယ်ဒီ ပါတီနဲ့ ဆွေးနွေးဖို့ အကြောင်းမရှိပါလို့ ပြန်ကြားရေး ဝန်ကြီးကိုယ်တိုင် သတင်းစာ ရှင်းလင်းပွဲမှာ တရားဝင် ပြောသွားသေးတယ်။ အခု တကမ္ဘာလုံးက အတိုက်အခံနဲ့ ဆွေးနွေးဖို့ ဝိုင်းပြောလို့သာ မကောင်းတတ်လို့ စိတ်မပါလက်မပါနဲ့ လုပ်ပါ့မယ် လုပ်နေတာ။ အလုပ်ဖြစ်အောင် လုပ်ချင်စိတ်က အစကတည်းက ရှိတာမဟုတ်ဘူး။ ရသလောက် ကတ်ဖဲ့ဂျီကျနေအုံးမှာပဲ။ နအဖ ရဲ့ ကျေညာချက် ၁၊၂ဝဝ၇ ဟာ ကုလအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီကို ပြောလိုက်တာပါ။ ဂမ်ဘာရီက ကုလသမဂ္ဂမှာ အရင်သွားပြောတော့မှ အစိုးရက ဒီမှာ ကျေညာချက် ထုတ်တာလေ။ ဂမ်ဘာရီကတဆင့် ဒေါ်အောင်ဆန်းစုကြည် ကျေညာချက်ထုတ်တာကို အခုမှ ကြံဖန်ပြီး အပြစ်ပြောနေတာ။ သူတို့လည်း ဒီလိုအလုပ် လုပ်ခဲ့တာပဲ။ ဒီလို အကြောက်လွန်ပြီး ဒူးချောင်နေကြတာမှာ ဒေါ်စု ကျေညာချက်လည်း ထွက်လာရော ကြောက်စိတ်ကို ဘယ်လိုမှ မထိန်းနိုင်တော့ဘဲ နောက်ပြန် လှည့်ပြေးတော့တာပဲလို့ ဆိုရင် အကျွန်ုပ် လွန်အံ့မထင် ... ငါ့ရှင်တို့။
ကျနော်တို့ ပြည်သူတွေကတော့ နအဖ ဥက္ကဌ ဗိုလ်သန်းရွှေရဲ့ ၁/၂ဝဝ၇ ကျေညာချက်နဲ့ ဒေါ်စုက လက်ခံပါတယ်ဆိုတဲ့ ၈-၁၁-၂ဝဝ၇ ထုတ်ပြန်ကျေညာချက်တွေကို နားထောင်လိုက်ရတဲ့ အချိန်မှာ ဘယ်လို ဝမ်းသာမိမှန်း မသိဘူး။ နှစ်ဦးနှစ်ဘက်လုံးရဲ့ ရဲရင့်မြင့်မြတ်တဲ့ စိတ်နေစိတ်ထားတွေကို လေးစား ချီးကျူးမိရပါတယ်။ မြန်မာ့ တပ်မတော်သား စစ်ဗိုလ်ချုပ်ကြီးတွေကိုလည်း သတ္တိရှိမှာပဲလို့ စိတ်ချ ယုံကြည်စွာနဲ့ အမှတ်ပြည့် ပေးထားပါတယ်။ သာတူညီမျှ၊ ဂုဏ်ကျက်သရေရှိရှိ တွေ့ဆုံဆွေးနွေး စကားပြောကြဖို့လည်း အချိန်တန်ပြီဆိုတာ သဘောပေါက် နားလည်ကြလို့ တပြည်လုံး ဝမ်းသာအားရနဲ့ စိတ်ဝင်တစား လှိုက်လှိုက်လှဲလှဲ ထောက်ခံခဲ့ကြတာ အမှန်ပါ။
ဘယ့်နှယ့်ဗျာ - တိုင်းပြည်ရဲ့ အင်အားအကြီးမားဆုံး အဖွဲ့အစည်းကြီး နှစ်ခု စစ်ခင်းနေသလို ဖြစ်နေတာ ကြားမှာ ပြည်သူလူထုတွေ မြေစာပင် ဖြစ်ရတာ ကြာလှပြီပဲ။ တဦးကိုတဦး ရန်သူလို သဘောထား ချေမှုန်း နှိပ်ကွပ်နေလို့က ဘယ်တော့မှ ပွဲပြီးမှာ မဟုတ်ပါဘူး။ တိုင်းပြည်လည်း ရှေ့မရောက်၊ ပြည်သူတွေသာ အတိဒုက္ခ ရောက်ကြရတယ်။ ပြည်သူတွေ မကျေမနပ်ဖြစ်လို့ အရေးအခင်းတွေ ဖြစ်လိုက်၊ အစိုးရက နှိမ်နင်းလိုက်၊ ပြည်သူတွေ ပိုဆင်းရဲသွားလိုက်နဲ့ အုပ်ချုပ်သူကော အုပ်ချုပ်ခံရသူတွေပါ အသုတ်လိုက် အသုတ်လိုက် ဒုက္ခရောက်ကြရတာ၊ မြင်ရတာ၊ ကြားရတာ စိတ်မချမ်းသာပါဘူး။
ကျေညာချက် နှစ်ခုကလည်း အဆင့်အတန်းချင်း ကွာတာကိုး။ တည်ကြည်တဲ့ အရေးအသား၊ ရိုးသားဖြူစင်တဲ့ စိတ်နေစိတ်ထား၊ သတ္တိရှိတဲ့ တာဝန်ယူမှု၊ တဘက်သားကို ကျိုးနွံလေးစားမှုတွေမှာ တော်တော်ကွာခြားတာ တွေ့ရတယ်။
ကျေညာချက်နှစ်ခုရဲ့ အဆင့်အတန်းချင်းက တခြားစီဆိုတော့ ပြည်သူတွေ စိတ်ထဲမှာ ‘ဘက်မညီဘူး၊ ဖြစ်မှာ မဟုတ်ပါဘူးကွာ’ ဆိုတဲ့ မယုံကြည်ရဲတဲ့ စိတ်က အရင်ကတည်းက ရှိပြီးသား၊ ထင်ထားတဲ့ အတိုင်းပါပဲ။ ဒေါ်စုက ‘လက်ခံပါတယ်၊ တိုင်းပြည်အတွက် အားလုံး လက်တွဲလုပ်ကြရအောင်’ ဆိုတဲ့ ကျေညာချက်လည်း ထွက်လာရော ဗိုလ်ချုပ်ကြီးတွေ လန့်ပြီး နောက်ပြန်လှည့်ပြေးဖို့ သွေးရူးသွေးတန်းနဲ့ အပြိုင်အဆိုင် ဘောင်းဘီ အောက်နားလိပ်တော့တာပဲ။ သတ္တိပြတာလေ။
အဲဒီမှာ အနိုင်ကျင့်လို့ရတဲ့ တိုင်းရင်းသား အဖွဲ့အစည်း နာမည်တွေ သုံးပြီး ဒေါ်စုရဲ့ ကျေညာချက်ကို ‘လက်မခံပါဘူး၊ ကန့်ကွက်ပါတယ်’ ဆိုပြီး သေးသိမ်သွားအောင် အတင်းထလုပ်တော့တာပဲ။ အရင်ကတည်းက အလုပ် ဖြစ်ချင်တာမှ မဟုတ်တာ။ ကတ်ဖဲ့ယပ်ဖဲ့လုပ်ဖို့ အကွက်ရှာနေတာလေ။ ခြုံပုတ်ထဲမှာ ပုန်းပြီး နအဖ က တနေ့မှာ သူတို့ကို လူရာသွင်းနိုးနဲ့ စိတ်ကူးတွေယဉ်ပြီး အကွက်ချောင်းနေတဲ့ (မဆလ) တစညတို့၊ စိုးလင်းတို့၊ အေးလွင်တို့ကတော့ စိတ်ပါလက်ပါ ဆွမ်းကြီးဝင်လောင်းတဲ့ အကဲဆုံး အဖွဲ့တွေပေါ့။ သူတို့ကို ဘယ်သူကမှ မယုံတာလည်း အပြစ်မပြောနဲ့။ ယောင်တောင်ပေါင်တောင်နဲ့ ဘာလုပ်တဲ့ ကောင်တွေမှန်း ဘယ်သူမှမသိ။ အမျိုးသား ညီလာခံမှာလည်း မပါရ၊ အခြေခံဥပဒေ ရေးဆွဲရေးမှာဆို ပိုဝေးသေး။ ဆင့်ဟိုဒင်း ခွေးမျှော်အဖွဲ့တွေပါ။
မျက်နှာပြောင်ရတာလောက်တော့ ဗိုလ်ချုပ်ကြီးတွေအတွက် မဆန်းပါဘူး။ ၁၉၉ဝ ရွေးကောက်ပွဲ ပြီးစကလည်း အကြောက်လွန်ပြီး ဘယ်သူတွေ ဘာပြောပြော လွှတ်တော် ခေါ်မပေးဘဲ တောင်ပြောမြောက်ပြောနဲ့ စောင်ခြုံထဲက မထွက်တမ်း အရှက်ကွဲ ခံနေခဲ့ပြီးပြီ။ ပြည်သူတွေမှာတော့ စိတ်မောလူမော၊ ရယ်လည်း ရယ်ချင်၊ ငိုလည်း ငိုချင်။ ဗိုလ်ချုပ်ကြီးတွေ ကြောက်နေတာမှန်း သိသားပဲ။ သူတို့ သတ္တိရှိအောင် အရင် လုပ်ရအုံးမယ်ပေါ့။ ဘယ်လိုလုပ်ရပါ့။
အခုလည်း ၁ နှစ်၊ ၂ နှစ် သားကလေးတွေလို ‘တော်တယ်ဟေ့၊ သတ္တိရှိတယ်ဟေ့၊ ဒေါ်စုနဲ့ ဆွေးနွေးလိုက် ဆွေးနွေးလိုက်၊ ဘာမှ မကြောက်နဲ့’ လို့ တကမ္ဘာလုံးက ဝိုင်းဝန်းပြီး ဖျောင်းဖျပြောနေကြရတာပဲ။ ဒုတ်ပြတဲ့သူက ပြ၊ မုန့်ပြတဲ့သူက ပြပေမယ့် သူတို့က မလှုပ်ဘူး။ ကြောက်နေရှာတာကိုး။
တူမလေးတယောက်က ပြောဘူးတယ်။ ‘ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းဇိမ်တွေကို အသက်ပေး ကာကွယ်မယ့် ရဲရဲတောက် သတ္တိခဲ တပ်မတော်သားတွေလို့ ပြောပြောနေတာ ဘယ်လို ယုံရမှာလဲ’ တဲ့။ ကြည့်ပါအုံး။ သူတို့ နေနေတဲ့ နေရာကို တိုင်းသူပြည်သား မိန်းမကလေးတွေ၊ လူကြီးတွေ နေ့တိုင်း သွားလာနေကြတဲ့ ရန်ကုန်မြို့လယ်ခေါင် အလံပြဘုရား လမ်းမပေါ်က စစ်ရုံးကြီးမှာ အုပ်တံတိုင်း မြင့်မြင့်ကြီးခတ်ပြီး ပြည်သူတွေရှိရာ အပြင်ဘက်ကို သေနတ်နဲ့ပစ်ဖို့ အပေါက်တွေ ဖောက်ပြီး အစောင့်အရှောက် လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ်နဲ့ လုံလုံခြုံခြုံ နေနေကြတာပဲ။ အနားမှာရှိတဲ့ မြန်မာနိုင်ငံရဲ့ အထင်ကရ ရွှေတိဂုံ စေတီတော်ကြီးမှ အားမနာ။ မြို့လယ်ခေါင် ပြည်သူတွေကြားမှာ ခံကတုပ် ကျင်းတွေတူးပြီး နေနေတဲ့သူတွေက ပြည်သူကို ဘယ်လိုဘယ်ပုံ ကာကွယ်ကြမှာလည်း အခုထိ မစဉ်းစားမိသေးဘူးလားတဲ့။
ဘာတတ်နိုင်မှာလဲ။ ကျနော်တို့ သားသမီးပဲ၊ ကျနော်တို့ ပြည်သူတွေထဲက မွေးဖွားလာတဲ့ မြန်မာ့ တပ်မတော်သားတွေပဲ။ တောင်းစုတ်ပလုံးစုတ်လည်း မဟုတ်၊ ပြစ်ပယ်လို့လည်း မရ။
ဆုံးမရတာလည်း စကားတွေထပ်နေလို့ ဂျာအေး ... သူ့အမေရိုက်နေပြီ။ ယူအန် (ကုလ)၊ အီးယူ (ဥရောပသမဂ္ဂ)၊ အာဆီယံ (အရှေ့တောင်အာရှ အသင်း) တို့လည်း သိရသလောက် လက်လန်နေပြီ။ မြန်မာတွေ ဒီလိုအစိုးရမျိုးရတာ ‘ဒင်းတို့ထိုက်နဲ့ ဒင်းတို့ကံ၊ ဒို့အချိန် အလကားကုန်တယ်’ လို့ ဆိုချင်နေကြပြီ။ မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေ ကြောက်တတ်တာနဲ့ တိုင်းသူပြည်သားတွေ ဒုက္ခရောက်လှပါပြီ ခင်ဗျာ။
ကိုင်း - တိုင်းပြည် ကောင်းရာကောင်းကြောင်းအတွက် ဆုတောင်းလိုက်ကြရအောင်။ စစ်ဗိုလ်ချုပ်ကြီးများ သတ္တိလေးတွေ မွေးနိုင်ကြပါစေ။
ရန်ကုန်သား

No comments: