Wednesday, November 21, 2007

ကချင်ပြည်နယ်ရှိ တရုတ်ဖုန်းများကို အာဏာပိုင်များ သိမ်းဆည်းနေ

မျိုးကြီး
ကချင်ပြည်နယ်အတွင်း အများပြည်သူ သုံးစွဲနေကြသည့် တရုတ်ဖုန်းများကို ယမန်နေ့မှ စတင်ကာ ဒေသ အာဏာပိုင်များက လိုက်လံ သိမ်းဆည်းနေပြီ ဖြစ်ကြောင်း သိရသည်။ ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် နေထိုင်ကြသည့် ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တပ်ဖွဲ့ဝင် အရာရှိများ ကိုင်ဆောင်သည့် တရုတ်ဖုန်းများကို ၁၇ ရက်နေ့ ည ၁ဝ နာရီခန့်တွင် စတင်သိမ်းယူခဲ့ပြီး နောက်တရက် (ယမန်နေ့) မှ စတင်ကာ မြစ်ကြီးနား၊ ဗန်းမော်၊ လွယ်ဂျယ်၊ မန်ဝိန်းကြီး၊ နန်ဆန်ယန် စသည့်မြို့များတွင် မြို့ခံများ ကိုင်ဆောင်သည့် ဖုန်းများကိုပါ အာဏာပိုင်များက လိုက်လံ သိမ်းဆည်းနေခြင်း ဖြစ်သည်။ “တရုတ်ဖုန်းတွေ ဘယ်သူတွေဆီမှာ ရှိတယ်ဆိုတာ ရဲက သိပြီးသားလေ။ အဲဒီတော့ စာရင်းရှိတဲ့ အိမ်တွေကို ဝင်ပြီး သိမ်းလိုက်တာပေါ့။ လူတွေကိုတော့ အရေးယူတာ မရှိသေးဘူး။ ပစ္စည်းတွေပဲ သိမ်းသွားကြတာ” ဟု မြစ်ကြီးနား မြို့ခံတဦးက ပြောသည်။မြစ်ကြီးနားနှင့် ဗန်းမော်တွင် အခကြေးငွေယူ၍ သုံးစွဲနေသည့် တရုတ်ဖုန်းဆိုင်များပါ ဖုန်းများ အသိမ်းခံရပြီ ဖြစ်ကြောင်းနှင့် ကေအိုင်အေ ဌာနချုပ် လိုင်ဇာမြို့နှင့် ကပ်လျက်ရှိသည့် လဂျားယန်၊ နားလုံ အစရှိသည့် ကျေးရွာများတွင် ဖုန်းများ သိမ်းယူရန်အတွက် ပြည်နယ်အာဏာပိုင်များက ဒေသအာဏာပိုင်များသို့ အမိန့်စာများ ပေးပြီးသော်လည်း ယခုအချိန်အထိ သိမ်းယူခြင်းများ မရှိသေးကြောင်း ဒေသခံများအဆိုအရ သိရသည်။ မြန်မာပြည်အထက်ပိုင်း ရှမ်းပြည် (မြောက်ပိုင်း) နှင့် ကချင်ပြည်နယ်တို့တွင် တရုတ်ဖုန်းများကိုသာ အဓိကထား သုံးစွဲနေကြသော်လည်း လတ်တလော တရုတ်ဖုန်းသိမ်းမှုသည် ကချင်ပြည်နယ်အတွင်း၌သာ ဖြစ်ပေါ်နေကြောင်းနှင့် ပြည်နယ်အတွင်း အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် အခြားသတင်းများ ပြည်ပ မီဒီယာများတွင် ထွက်ပေါ်နေခြင်းကြောင့် ယခုနည်းဖြင့် အဟန့်အတား ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (အေကေအက်စ်ယူ) ပြောရေးဆိုခွင့်ရှိသူ တဦးက ယခုလို ပြောသည်။“ပြည်နယ်အတွင်းမှာ ကျောင်းသားလှုပ်ရှားမှုတွေ မကြာခဏ ဖြစ်နေတယ်။ ‘သန်းရွေ ... လူသတ်သမား’ တို့၊ ‘ရေကာတာ ... အလိုမရှိ’ တို့၊ ဒီသတင်းတွေက ပြည်ပ မီဒီယာတွေကို ထွက်နေတယ်။ တရုတ်ဖုန်းက ရှမ်းပြည်မှာလည်း သုံးတာပဲ။ မူဆယ်နဲ့ မန်ဝိန်းကြီးဆို ဘာမှ ဝေးတာမှ မဟုတ်ဘဲ။ မူဆယ်မှာ မဖမ်းဘူး။ မန်ဝိန်းကြီးမှာ ဖမ်းတယ်။ ကျနော်ကတော့ အဲဒီလိုပဲ သုံးသပ်တယ်” ဟု သူက ပြောဆိုသည်။ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်နေ့က နအဖ ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ် ခင်အောင်မြင့် မှ မြစ်ကြီးနားသို့ လာရောက်ကာ ကေအိုင်အေ ထိပ်တန်းအရာရှိများကို ခေါ်ယူတွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ဖော် ကျေညာချက်အပေါ် ဆန့်ကျင်ကြောင်း လက်မှတ်ထိုးခိုင်းသည်ကို ငြင်းပယ်သဖြင့် ယခုလို လက်တုံ့ပြန်ခြင်း ဖြစ်နိုင်သည်ဟု ကေအိုင်အိုနှင့် နီးစပ်သူတဦးက ပြောသည်။ “ကေအိုင်အေက အဲဒီဝန်ကြီးကို လက်မှတ် မထိုးနိုင်ဘူးလို့ ပြတ်ပြတ်ကို ပြောလိုက်တာပါ။ လက်မှတ်ထိုးခိုင်းတဲ့ ကိစ္စကို ဘယ်သူ့ကိုမှ မပြောပါနဲ့လို့ အဲဒီဝန်ကြီးကပဲ လာတွေ့တဲ့ ကေအိုင်အို၊ ကေအိုင်အေ အရာရှိတွေကို ပြောတယ်လေ။ ခြိမ်းခြောက်မှု ပုံစံတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ စိတ်ကသိကအောက် ဖြစ်ပါစေဆိုပြီး လုပ်လိုက်တဲ့ ပုံစံပေါ့” ဟု သူက ပြောသည်။ မြစ်ကြီးနားနှင့် ဗန်းမော်ကဲ့သို့ မြို့ကြီးများတွင် တရုတ်ဖုန်းများကို လမ်းဘေးတွင် အခကြေးငွေယူ၍ အများသုံး တယ်လီဖုန်းအဖြစ် ဆိုင်ဖွင့်နေကြသဖြင့် မြန်မာ့ဆက်သွယ်ရေး ဌာနအတွက် ဝင်ငွေ ထိခိုက်သောကြောင့် ယခုလို လိုက်လံ သိမ်းဆည်းခြင်း ဖြစ်နိုင်ကြောင်းလည်း ဒေသခံ အချို့က ခန့်မှန်းနေကြသည်။ “တရုတ်ဖုန်းကိုင်ရတာ အရမ်း အဆင်ပြေတယ်ခင်ဗျ။ ဝယ်ရတာ လွယ်ကူတယ်။ ဈေးနှုန်းကလည်း ဗမာဖုန်းတလုံးကို သိန်း ၃ဝ ဆို၊ တရုတ်ဖုန်းက ဗမာငွေ တသိန်းကျော်ပဲ ကျတယ်။ ဈေးနှုန်းက အဆ ၃ဝ လောက် ကွာတယ်။ ဝန်ဆောင်မှု ကောင်းတယ်ဗျာ။ ဗမာဖုန်းက အသံမကြားရဘူး။ တရုတ်ဖုန်းက ဘာမှ ပြောစရာမလိုဘူးဗျ” ဟု မြစ်ကြီးနား ဒေသခံက ပြောသည်။

No comments: