Tuesday, November 13, 2007

ကိုသီဟကို တသက်တကျွန်း မချသင့်ဟု ဇနီးသည်နှင့် ရှေ့နေက ပြောဆို

မဇ္ဈိမသတင်းဌာန

လက်ကမ်းစာစောင် ဖြန့်ဝေမှုဖြင့် တသက်တကျွန်း ချမှတ်ခံထားရသည့် မန္တလေးတိုင်း မိတ္ထီလာမြို့ အန်အယ်ဒီ လူငယ် ကိုသီဟကို ပြန်လွှတ်ပေးသင့်ကြောင်း ဇနီးသည်နှင့် အမှုအကျိုးဆောင် ရှေ့နေတို့က ပြောဆို လိုက်ကြသည်။
ပုဒ်မ ၅ဝ၅ (ခ) ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်အောင် ပြုမှုခြင်း၊ လှုံ့ဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပုဒ်မ ၁၂၄ (က) နိုင်ငံတော်ကို ပုန်ကန်မှုတို့ဖြင့် စွပ်စွဲခံထားရသည့် မိတ္ထီလာ အန်အယ်ဒီ လူငယ် ကိုသီဟကို တသက်တကျွန်း ပြစ်ဒဏ် ချမှတ်ခြင်း မပြုသင့်ကြောင်း ဇနီးသည် ဒေါ်သဲသဲနှင့် အကျိုးဆောင်ရှေ့နေ ဦးမြင့်သွင်တို့က ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။
“ကျမအမျိုးသားကို စာရွက်ကလေး တွေ့တာနဲ့ ဘာမှ လက်နက် ကိုင်ဆောင်မှုလည်း မရှိဘဲနဲ့ ဒီလောက်ကြီးထိ ချပစ်တာ။ တကယ့်ကို တရားမဝင်ပါဘူး။ ကျန်တာတော့ မသိပါဘူး၊ ကိုယ်က လူငယ်လည်း လူငယ် ဆိုတော့လေ။ ကျမကတော့ သူ့ကို ဒီလိုချပစ်တာ စိတ်မကောင်းဘူးပေါ့နော်။ ကျမယောက်ျား ဒီလိုဖြစ်တဲ့ အပေါ်မှာ နိုင်ငံနဲ့ လူမျိုး အတွက် လုပ်တာမို့လို့ မညိုညင်ဘူး၊ ဂုဏ်လည်း ယူပါတယ် ပေါ့နော်။ စာရွက် ကလေးအတွက်နဲ့ ဒီလောက်ကြီး ချပစ်တာကိုပဲ စဉ်းစားပြီး စိတ်မကောင်း ဖြစ်မိတယ်” ဟု ဇနီးဖြစ်သူ ဒေါ်သဲသဲ (၂၄ နှစ်) က ပြောဆိုသည်။
အန်အယ်ဒီလူငယ် ကိုသီဟနှင့် ကိုတင်ကိုတို့သည် ကုန်ဈေးနှုန်းနှင့် လောင်စာဆီ ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၇ ရက်နေ့က မန္တလေးမြို့ရှိ မန္တလေးတိုင်း မြို့နယ်ပေါင်းစုံ အစည်းအဝေးမှ အပြန် ‘ကျောင်းသားရှိရင် သမဂ္ဂ ရှိရမယ်၊ ပြည်သူတွေ နိုးထတော့’ ဟူသည့် စာရွက်များကို ဖမ်းဆီးရမိရာမှ စက်တင်ဘာလ ၁၇ ရက်နေ့တွင် အာဏာပိုင်များဘက်မှ ရှေ့နေနှင့် သက်သေများ ခေါ်လာပြီး စစ်ခုံရုံးမှ ကမန်းကတန်း စီရင်ချက် ချခဲ့ခြင်း ဖြစ်သည်။
အမှုအတွက် လိုက်လံ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးမြင့်သွင်က “ဥပဒေဟာ တန်ဖိုး ထားရမယ့် အရာပါ၊ ဥပဒေအရ တကယ်ခိုင်မာတဲ့ အပြစ်ရှိရင် ပြစ်ဒဏ်အရ ခံရမှာပါ၊ နိုင်ငံရေး လုပ်လို့ပါ ဆိုပြီး ဥပဒေနဲ့ နိုင်ထက်စီးနင်း ဖိနှိပ်တာကတော့ မဖြစ်သင့်ပါဘူး။ ဥပမာ ကိုသီဟ အမှုမှာဆိုရင် ဖြစ်ဖြစ်ချင်း ပါဝါတင်ခွင့်၊ အမှုလိုက်ခွင့် မရခဲ့ပါဘူး။ အခုမှ ပြန်ပြီး ပါဝါတင်ခွင့် ပြုတယ်၊ အယူခံ ပြန်ဝင်ရပါမယ်။ သူက စာရွက်ဖြန့်ဝေတဲ့ ၅ဝ၅ (ခ) နဲ့တော့ ကျသင့်တာ မှန်ပေမယ့် ၁၂၄ (က) နဲ့ တသက်တကျွန်း ချထားတာကတော့ လွန်ပါတယ်။ အလွန်အကျွံ သူတို့ချရင် ၅ဝ၅ (ခ)နဲ့ ၂ နှစ် ဒီထက်ပိုပြီး မချသင့်ပါဘူး” ဟု ပြောသည်။
ကိုသီဟသည် တိုင်းရင်းဆေး ပညာဖြင့် အရိုးအထူးကုကာ ဆေးရောင်းချပြီး ဇနီးသည်၊ ယောက္ခမနှင့် ခယ်မ နှစ်ဦးကို ရှာဖွေ စောင့်ရှောက်နေရသူ ဖြစ်ကာ ဇနီးသည် မသဲသဲသည် ယခုအခါ ကိုယ်ဝန် ၆ လ လွယ်ထားရကြောင်း သိရသည်။
မသဲသဲက “အခုထိတော့ သူ့ဆေးဆိုင်ကို ဖွင့်ထားပြီး ဆေးဝယ်ချင်တဲ့ သူတွေကို ဆေးတွေ ရောင်းပေးတာပေါ့နော်။ ဒါပဲ လုပ်နေရတာ။ ကိုသီဟကပဲ ကုတတ်တာလေ။ သူက တိုင်းရင်းဆေး အရိုး အထူးကုတာပါ။ ကျမတို့က ဆေးပေးတာပဲ တတ်တာ။ ရှေ့ဆက် ဘယ်လိုနေရမလဲ ဆိုတာ မသိတော့ပါဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ၉ ရက် (သောကြာနေ့) က အင်းစိန်ထောင်ရှိ ခင်ပွန်းသည်ကို ထောင်ဝင်စာ တွေ့ခဲ့ပြီး ဒုထောင်ပိုင် ကိုလည်း ကိုသီဟ လွတ်မြောက်ရေးအတွက် အကူအညီ တောင်းခံခဲ့သည်ဟု သူက ယခုလို ဆက်ပြောသည်။
“အင်းစိန်ထောင်က ဒုထောင်ပိုင်ကို လှမ်းပြီးတော့ အကူအညီ တောင်းထားပါတယ်။ သူကတော့ ရရင် လုပ်ပေးပါ့မယ်တဲ့။ ကျမကတော့ မျှော်လင့်ထား၊ လုပ်ထားသလို သူ့ကို အမြန်ဆုံး ပြန်လွတ်စေချင်တာပေါ့။ ကိုယ်ဝန်ကလည်း ၆ လထဲမှာဆိုတော့ နောက် ၃ လလောက်ဆိုရင် မွေးမှာဆိုတော့ သူ့ကို အနားမှာ ရှိစေချင်ပါတယ်” ဟု သူက ပြောသည်။
ထောင်ဝင်စာတွေ့သည့် နေ့မှာပင် ကိုသီဟအတွက် ရှေ့နေ ဦးမြင့်သွင်က အယူခံစာ တင်သွင်းခဲ့သည်ဟု သိရသည်။
ယခုအချိန်တွင် အန်အယ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ အကြီးအကဲအကြား ဆက်သွယ် ဆောင်ရွက်ရန်အတွက် ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်ကို ခန့်အပ်ထားပြီး၊ ပြီးခဲ့သည့် ၉ ရက်နေ့ကပင် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီ အလုပ်အမှုဆောင် ၄ ဦးတို့ တွေ့ဆုံခွင့်ရသဖြင့် ကိုသီဟကိုလည်း ပြစ်ဒဏ် လျှော့ပေါ့မှုများ ပြုလုပ်နိုင်သည်ဟု မိတ္ထီလာ အန်အယ်ဒီ အဖွဲ့ဝင်များက ယူဆနေကြသည်။
ရှေ့နေ ဦးမြင့်သွင်ကမူ “ဥပဒေ လမ်းကြောင်းမှာ တရားမျှတတယ်၊ အယုတ်အလတ် မရွေးပါဘူး။ ဆင်းရဲသည် ဖြစ်စေ၊ ချမ်းသာသည် ဖြစ်သည်၊ နိုင်ငံရေးသမား ဖြစ်ဖြစ်၊ အရပ်သမားဖြစ်ဖြစ်၊ အားလုံး မျှမျှတတဘဲ ဖြစ်သင့်ပါတယ်။ နိုင်ငံရေးသမား ဆိုပြီး ဥပဒေကို အလွှဲသုံးစား လုပ်ပြီး ဖိနှိပ်တာတော့ မဖြစ်သင့်ဘူးလို့ ကျနော် ထင်ပါတယ်။ အပြစ်တခု ရှိတယ်ဆိုရင် ဥပဒေရဲ့ အကာအကွယ်ကို ရသင့်ပါတယ်။ သူ့မှာ အပြစ်ရှိလို့ ရှိရင်လည်း ဥပဒေနဲ့ညီတဲ့ မျှတတဲ့ အပြစ်ပဲ ပေးသင့်ပါတယ်။ နိုင်ငံရေး လုပ်တဲ့သူမို့ ဥပဒေကို အလွှဲသုံးစား လုပ်ပြီး ဖိနှိပ်တာမျိုးတော့ မဖြစ်သင့်ဘူး” ဟု ပြောဆိုလိုက်သည်။

No comments: