Monday, November 5, 2007

မြန်မာ့ အင်တာနက်လိုင်း ပြတ်သွားပြန်ပြီ

မဇ္ဈိမသတင်းဌာန
Thursday, 01 November 2007 16:18 - မြန်မာစံတော်ချိန်
မြန်မာပြည်သားများ အတွက် နိုင်ငံတကာနှင့် ဆက်သွယ်ရာ လမ်းကြောင်းတခု ဖြစ်သည့် အင်တာနက်လိုင်းမှာ ယနေ့ မနက်ပိုင်းမှ စတင်ကာ ပြန်လည် ပြတ်တောက်သွားပြန်သည်။
ပြီးခဲ့သည့် လနှောင်းပိုင်းမှ စတင်ကာ ပြတ်တလှည့် လာတလှည့် ဖြစ်နေပြီး၊ လာပြန်သည့် အခါတွင် လိုင်းပြေးနှုန်း နှေးကွေးနေလေ့ ရှိသော အင်တာနက်လိုင်းသည် ယနေ့နံနက် ၈ နာရီခန့်မှ စတင်ကာ ပြန်လည် ပြတ်တောက် သွားပြန်သဖြင့် သုံးစွဲသူများ စောင့်ဆိုင်း နေကြရပြန်သည်။
စက်မှုနည်းပညာ ချို့ယွင်းချက်ကြောင့် ပြတ်တောက် သွားရခြင်း ဖြစ်ကာ မည်သည့် အချိန်တွင် ပြန်လည် ကောင်းမွန်မည်ကို မသိရသေးကြောင်း မြန်မာ တယ်လီပို့က ပြောဆိုသည်။
“အင်တာနက်က Oversea Gateway ဒေါင်းနေလို့ရှင့်။ ဘယ်တော့လောက် ပြန်ရမလဲ ဆိုတာ မသိရသေးဘူး။ ဒီမနက်က စဒေါင်းသွားတာ ဆိုတော့လေ။” ဟု ဝန်ထမ်းတဦးက မဇ္ဈိမ သို့ ပြောသည်။
အောက်တိုဘာနှင့် စက်တင်ဘာလ ဆန္ဒပြ ကာလအတွင်း စစ်အစိုးရ၏ အကြမ်းဖက်မှု ဓါတ်ပုံ မှတ်တမ်းများ၊ သတင်း အချက်အလက်များ အင်တာနက်မှတဆင့် ကမ္ဘာအနှံ့ ပြန့်နှံ့သွားခဲ့သည်ကြောင့် ယခုအခါ ကြိုတင်ပိတ်ဆို့မှု လုပ်လာခြင်း ဖြစ်သည်ဟု ယူဆ နေသူများလည်း ရှိသည်။
“ကျနော် ထင်တာကတော့ သူတို့ အစီအစဉ် တခုခုရှိလို့ ကြိုပြီး ဖြတ်ထားတာ နေမှာပေါ့။ အရင်တုန်းကတော့ ဘာမှ မလုပ်ထားတော့ ဓါတ်ပုံတွေ ဘာတွေ အပြင်ကို ထွက်ကုန်တာလေ။ ကျနော်ကတော့ အဲလိုပဲ ယူဆတာပဲ။ ပခုက္ကူမှာ မနေ့က ဖြစ်တယ် မဟုတ်လား၊ ဒီနေ့လည်း ပြန်ဖြစ်တယ်ဆိုရင် ဖြိုတာတွေ လုပ်ချင်လို့ အင်တာနက်လိုင်းကို ဖြတ်ထားတာ နေမှာပေါ့” ဟု အင်တာနက်သုံးသူ လူငယ်တဦးက တယ်လီဖုန်းမှတဆင့် ပြောသည်။
အင်တာနက်လိုင်း ပြတ်တောက်သွားသဖြင့် ပြည်တွင်းတွင် သုံးစွဲသူများအတွက် အခက်အခဲများ ကြုံတွေ့နေရသည်။
“အခက်အခဲ ကတော့ဗျာ၊ မိသားစုဝင်တွေ နိုင်ငံခြား ရောက်နေတာတွေ ရှိမယ်ဗျာ။ သူတို့နဲ့ အဆက်အသွယ် ပြတ်တာပေါ့။ ဒါကတော့ အဲလောက်ကြီး မဟုတ်ပါဘူး။ နောက်ပြီး နိုင်ငံခြား ထွက်ချင်တဲ့ လူတွေအတွက် Online D (Departure) Form ရှိတယ်ဗျ။ သူတို့က အဲဒါကို အွန်လိုင်းမှာပဲ ဖြည့်ရတာ ဆိုတော့ ဒုက္ခ ရောက်တာပေါ့” ဟု အခြား လူငယ်တဦးက ပြောသည်။

No comments: