Wednesday, November 21, 2007

ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ ကိုယ်စားလှယ် တတိယအကြိမ် တွေ့ဆုံ

မဇ္ဈိမသတင်းဌာန

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ ကိုယ်စားလှယ် ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်တို့ ယမန်နေ့က တတိယအကြိမ်မြောက် တွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြား ဆက်သွယ် ဆောင်ရွက်ပေးနေသည့် ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကြည်တို့သည် ယမန်နေ့က ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာ၌ ညနေ ၃ နာရီခန့်က စတင်ကာ ၁ နာရီခန့်ကြာ တတိယ အကြိမ်မြောက် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
“ဦးအောင်ကြည်နဲ့ ဒေါ်စုနဲ့ မနေက တွေ့ခဲ့တာ အမှန်ပါပဲ။ ဘာတွေ ဆွေးနွေးတယ်ဆိုတာ မသိရသေးဘူး။ အစကတည်းကိုက သူတို့ (စစ်အစိုးရ) ကျေညာချက်မှာ အန်အယ်ဒီလို့ မပြောဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ်ပြောတယ်။ သူတို့ ကျေညာချက်အတိုင်း အကောင်အထည် ဖော်တယ်လို့ပဲ မြင်တယ်” ဟု အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို အတည်ပြုပြောဆိုသည်။
နှစ်ဘက်တွေ့ဆုံမှုသည် ယခုလ ၉ ရက်နေ့က အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ၄ ဦးနှင့် တွေ့ဆုံခွင့် ရရှိပြီးနောက် နအဖ စစ်အစိုးရ၏ ကိုယ်စားလှယ်နှင့် ယခုလို ထပ်မံ၍ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ အောက်တိုဘာလ ၂၅ ရက်နှင့် နိုဝင်ဘာလ ၉ ရက်နေ့များတွင်လည်း တွေ့ဆုံခဲ့ကြသော်လည်း တွေ့ဆုံပွဲနှင့် ပတ်သက်သည့် အချက်အလက် အသေးစိတ်ကိုမူ စစ်အစိုးရမှ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါ။
“ကျနော်တို့ နောက်ဆုံးနွေးထားတဲ့ (ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီ ခေါင်းဆောင်များအကြား) ဆွေးနွေးချက်တွေ အများကြီး ရှိပါတယ်။ သဘောတူပြီးသား အချက်တွေလည်း အများကြီး ရှိပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီ ခေါင်းဆောင်များအကြား ယခုလို သဘောတူညီချက်များ ရှိနေလင့်ကစား နအဖ ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ် ခင်အောင်မြင့်သည် ငြိမ်းချမ်းရေး ရယူထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံ မကြာသေးခင်က သွားရောက်၍ ပြီးခဲ့သည့် ၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်ခဲ့သည့် ကျေညာချက်တွင် ပါရှိသည့် တိုင်းရင်းသားများကို သူမမှ ကိုယ်စားပြုမည် ဆိုသည့်အချက်ကို သဘောမတူကြောင်း လိုက်လံ၍ လက်မှတ် ထိုးခိုင်းခဲ့သေးသည်။
ဤကိစ္စနှင့် ပတ်သက်၍ ဦးဉာဏ်ဝင်းက “ငြိမ်းချမ်းရေး လုပ်ထားတဲ့ တိုင်းရင်းသား အဖွဲ့တွေကို လက်မှတ် ထိုးခိုင်းတာကတော့ ဆွေးနွေးပွဲအတွက် ပြင်ဆင်နေတဲ့ ကာလမျိုးမှာ ဒါတွေဟာ မလုပ်ထိုက်ဘူးလို့ မှတ်ချက်ပေးလိုပါတယ်” ဟု ပြောသည်။

No comments: