Wednesday, November 21, 2007

ကထိန်သင်္ကန်း ကပ်လှူရန် မြင်းခြံ အာဏာပိုင်များ လုပ်ဆောင်နေ

မဇ္ဈိမသတင်းဌာန
မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း မြင်းခြံမြို့တွင် တန်ဆောင်မုန်းလ ကထိန်ပွဲ ကျင်းပရန် ကထိန်သင်္ကန်း မရရှိသေးသည့် ဘုန်းကြီးကျောင်းတိုက်များကို မယက မြို့နယ် အာဏာပိုင်များမှ ဦးဆောင်၍ ကထိန်ကျင်းပရန် အတွက် ကြိုးပမ်းနေကြောင်း သိရသည်။
တန်ဆောင်မုန်းလတိုင်းတွင် မြန်မာ ဗုဒ္ဓဘာသာဝင်များမှ ဘုန်းကြီးကျောင်းများသို့ သွားရောက်ကာ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို သွားရောက် လှူတန်းပြီး ကထိန်ပွဲ ကျင်းပလေ့ ရှိရာတွင် ယခုနှစ်၌ ကထိန်ပွဲအတွက် လှူဖွယ်ပစ္စည်း မရရှိသေးသည့် ကျောင်းတိုက်များသို့ အာဏာပိုင်များက လိုက်လံမေးမြန်း၍ အလှူအတန်းပြုရန် စီစဉ်နေခြင်း ဖြစ်သည်။
“ဦးဇင်တို့ ကျောင်းကတော့ ပုဂ္ဂလိက ကထိန် ရပြီးသွားပြီ။ မရသေးတဲ့ ကျောင်းတွေကိုတော့ မယက က စာရင်း လိုက်တောင်းနေတယ် ကြားတယ်။ မရသေးတဲ့ ကျောင်းတွေကတော့ သူတို့ရဲ့ အလှူအတန်းကို လက်ခံမယ် ထင်ပါတယ်” ဟု မြင်းခြံမြို့ရှိ ကိုးဆောင်တိုက်မှ သံဃာတော်တပါးက မဇ္ဈိမကို မိန့်ကြားသည်။
အာဏာပိုင်များ၏ လှူဒါန်းမှုကို ပတ္တနိကုဇ္ဇန ကံဆောင်ခြင်း ရှိ၊ မရှိနှင့် ပတ်သက်ပြီး “ဦးဇင်းတို့ မြင်းခြံကတော့ ကံဆောင်တာ မရှိခဲ့ဘူး။ ကံဆောင်တယ်ဆိုတာ ဝိနည်းစည်းကမ်းအရ သံဃသမဂ္ဂီဖြစ်မှ ကံမြောက်တယ်။ သံဃသမဂ္ဂီ မဖြစ်ရင် မမြောက်ဘူး။ သံဃာအားလုံး သဘောတူမှ သပိတ်မှောက် ကံမြောက်တယ်။ နိုင်ငံရေးအရတော့ ဦးဇင်းတို့ နားမလည်ပါဘူး” ဟု အဆိုပါ ဦးဇင်းက ဆက်လက် မိန့်ကြားသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ရွှေဝါရောင် တော်လှန်ရေး မြစ်ဖျားခံရာ မကွေးတိုင်း ပခုက္ကူမြို့တွင်မူ အရှေ့တိုက်၌ မြို့မဈေး ဈေးသူဈေးသားများမှ စုပေါင်း၍ ယခုလ ၈ ရက်နေ့တွင် ကထိန်ပွဲ ကျင်းပခဲ့ပြီး အနောက်တိုက်တွင်လည်း ကုန်သည် ပွဲစားကြီးများအသင်းမှ ကထိန်ပွဲ ကျင်းပသွားမည် ဖြစ်ကာ အလယ်တိုက်တွင် ဆရာဝန်တဦးမှ ကထိန်ခင်းမည်ဟု သိရသည်။ သို့သော်လည်း ပခုက္ကူတွင် အာဏာပိုင်များမှ ကထိန်ခင်းရန် ကမ်းလှမ်းသော စာသင်တိုက်ကြီးများ မရှိကြောင်း သိရသည်။
သို့သော်လည်း နှစ်စဉ် ကျင်းပလေ့ရှိသည့် အရှေ့တိုက်အနီး ဖောင်တော်ဦး မြတ်စွာဘုရားပွဲတော် ကျင်းပခွင့်ကို အာဏာပိုင်များက ပိတ်ပင်ခဲ့ကြောင်းနှင့် မြို့တွင်းသို့ ဖောင်တော်ဦး မြတ်စွာဘုရား ဒေသစာရီ ကြွချီမှုကိုလည်း တားမြစ်ခဲ့သဖြင့် နှစ်စဉ်ဆိုသလို အစဉ်အလာ ရှိသည့်အတိုင်း အပူဇော်ခံ မကြွရကြောင်း သိရသည်။
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ ဘုန်းကြီးကျောင်းများတွင် မြို့ခံလူထုက ရပ်ကွက်အလိုက် စုပေါင်း၍ ကထိန်မရရှိသော ကျောင်းများကို စုပေါင်းကထိန် ခင်းကြသည်ဟု ဒေသခံများက ဆိုသည်။
“ဦးဇင်းတို့ ကျောင်းကတော့ လဆန်း ၈ ရက်နေ့က ကထိန်ရပြီးသွားပြီ။ မရသေးတဲ့ ကျောင်းတွေကိုတော့ ရပ်ကွက်အလိုက် စုပေါင်းပြီး ကထိန်ခင်းကြတယ်” ဟု ကျောက်ပန်းတောင်မြို့မှ ကျောင်းထိုင် ဆရာတော်တပါးက မိန့်ကြားသည်။
သပိတ်မှောက် ကံဆောင်မှုနှင့် ပတ်သက်၍ ဆရာတော်က “ဒီကိစ္စကတော့ သံဃာငယ်တွေ လုပ်ထားတဲ့ ကိစ္စပဲ။ ဦးဇင်းအနေနဲ့ ထွေထွေထူးထူး ပြောစရာ မရှိတော့ပါဘူး” ဟု ဆက်လက် မိန့်ကြားသည်။

No comments: