Monday, November 5, 2007

ရှမ်းပြည်မှာ အိမ်ပေါ်တက်ပြီး တပ်သားသစ် ဆွဲခေါ်နေ

မျိုးကြီး
Monday, 05 November 2007 18:16 - မြန်မာစံတော်ချိန်
ရှမ်းပြည် (မြောက်ပိုင်း) ကျောက်မဲမြို့ အခြေစိုက် နအဖ တပ်သားများသည် မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ဆင်ခြေဖုန်း ရပ်ကွက်များရှိ လူနေအိမ်များသို့ ယခုလဆန်းမှ စတင်ကာ ညအချိန်တွင် ဝင်ရောက် စီးနင်း၍ တပ်သားသစ် စုဆောင်းနေသည်။
ကျောက်မဲမြို့နယ် အတွင်းရှိ ကျေးရွာများနှင့် ဆင်ခြေဖုန်း ရပ်ကွက်များရှိ နေအိမ်များသို့ ညအချိန်မတော်တွင် စစ်သားများက ဝင်ရောက်ကာ အိမ်ထောင်စု တစုလျှင် သားယောက်ျား ၃ ဦး ရှိပါက ၂ ဦးနှင့် ၂ ဦးရှိပါက တဦးကျနှုန်းဖြင့် တပ်သားသစ်အဖြစ် မလိုက်မနေရဟု ဆိုကာ ခေါ်ယူနေခြင်း ဖြစ်သည်။
မိသားစုဝင်များမှ တပ်သားသစ်အဖြစ် ထည့်မပေးလိုပါက ကျပ်ငွေ ၅ သိန်း ပေးဆောင်ရသည်ဟု နိုဝင်ဘာလ ၁ ရက်နေ့က ကျောက်မဲမြို့မှ ထွက်ပြေးလာသူ တရုတ်-မြန်မာ နယ်စပ်ရောက် ရှမ်းလူငယ် တဦးက မဇ္ဈိမကို ယခုလို ပြောသည်။
“အိမ်တွေကို ညအိပ်နေတဲ့အချိန် စစ်တပ်က ဝင်ရှာတယ်။ ညီအကို ၃ ယောက်ရှိရင် ၂ ယောက် ခေါ်တယ်။ ၂ ယောက်ရှိရင် တယောက် ခေါ်တယ်။ မလိုက်ချင်ရင် ငွေ ၅ သိန်း ပေးရတယ်။ ကျနော်တို့ အိမ်ကို ဝင်ရှာတာ ကျနော် နောက်ဖေးတံခါးကနေ ပြေးလာလို့ လွတ်လာတာ။ အခု ဒီဘက်ကို ကျနော်နဲ့အတူ ပြေးလာတာ အားလုံး ၈ ယောက် ရှိတယ်။ အသက်ကတော့ ၁ဂ နှစ်ကနေ ၂၁ နှစ်ကြားထဲ။ အားလုံး လူငယ်တွေ” ဟု သူက ဆိုသည်။
လွန်ခဲ့သည့် ၃ လခန့်ကစတင်ကာ ကျေးရွာတရွာလျှင် လစဉ်တိုင်း စစ်သားသစ် ၃ ဦးနှုန်းကို ရဲတပ်ဖွဲ့ထံ ပို့ဆောင် ပေးရမည်ဟု ကျေးရွာ ရယက ဥက္ကဌများကို စစ်တပ်က ညွှန်ကြားခဲ့သော်လည်း လူပေးနိုင်ခြင်း မရှိသည့်အတွက် ယခုလို စစ်တပ်က ကိုယ်တိုင် လာရောက်ကာ ညအချိန်မတော် နေအိမ်ထဲသို့ ဝင်ရောက်၍ ဖမ်းဆီး ခေါ်ဆောင်နေခြင်း ဖြစ်ပြီး ထွက်ပြေးလာသည့်နေ့က ရပ်ကွက်ထဲမှ လူငယ် ၂ ဦး ခေါ်ဆောင်သွားခံရသည်ဟု သူက ဆက်ပြောသည်။
အလားတူပင် ရှမ်းပြည် (မြောက်ပိုင်း) မိုင်းရှုး၊ တန့်ယန်း မြို့နယ်များမှ တပ်သားသစ် အဖြစ် စုဆောင်း ခံထားရသူ ၁ဝဝ ကျော်ကို လားရှိုးအနီးရှိ လားရှိုး-မိုင်းရူး လမ်းခွဲ ကားလမ်းဘေး စစ်တပ်စခန်း တခုတွင် စုဆောင်းထားပြီး ဗမာစကား မတတ်သော တိုင်းရင်းသား အချို့လည်း ပါဝင်သည်ဟု တန့်ယန်း ဒေသခံများက ပြောသည်။
“မြို့ပေါ်တွေကတော့ မဟုတ်ဘူး။ မိုင်းရှုးဆိုလည်း မှော်ထဲလို နေရာတွေက ရွာပိုင်းတွေက များတယ်။ ခေါ်လာတာပေါ့။ ဗမာလည်း ပါတယ်၊ တောင်ပေါ်တွေက ဘယ်လို ခေါ်လာလည်း မပြောတတ်ဘူး၊ တချို့ရှမ်းတွေ ဗမာစကားတောင် မပြောတတ်တာတွေ ပါတယ်။ လားရှိုး-မိုင်းရှုး လမ်းခွဲမှာ စုထားတယ်” ဟု ဒေသခံတဦးက ပြောသည်။
ယခုအခါ နအဖ တပ်ရင်းတခုသည် တလလျှင် တပ်သားသစ် ၂ ဦးကျ မဖြစ်မနေ စုဆောင်းကြရန် စစ်ရုံးချုပ်မှ ညွှန်ကြားထားပြီး၊ ၄ လပတ်လျှင် ၈ ဦး ပေးပို့နေရကြောင်းနှင့် သတ်မှတ်နှုန်းထားအတိုင်း မစုဆောင်းနိုင်ပါက သက်ဆိုင်ရာ တပ်ရင်းမှူးများကို ပြင်းထန်စွာ ပြစ်တင်ကာ ရာထူးတက်မှု နှောင့်နှေးစေရန်အတွက် နာမည်ကို မင်နီတားခြင်းများ ပြုလုပ်နေကြောင်း စစ်တပ် သတင်းရပ်ကွက် တခုမှ သိရသည်။
“တအား ရှုပ်နေတယ်။ အိမ်ပြန်ချင်လည်း ပြန်လို့ မဖြစ်သေးဘူး။ အိမ်မှာ ယောက်ျား မရှိလို့လည်း မဖြစ်ဘူး။ အခုက စပါးတွေ သိမ်းရတော့မယ်။ သူငယ်ချင်းတွေက မူဆယ်ဘက်မှာ အလုပ် ရှာနေကြတယ်” ဟု ထွက်ပြေးနေသူ ကျောက်မဲ ရှမ်းလူငယ်က ပြောသည်။

No comments: