Thursday, November 29, 2007

ပြစ်မှုကြွေးကို ... ??? (ဆောင်းပါး)

ဆောင်းပါး
ကလိုစေးထူး
လူမိုက်တွေရဲ့ လက်သုံးစကားလားတော့ မသိ …။ အရပ်ထဲမှာ ပြောကြတာကို ကျနော် ကြားဖူးတာ တခုရှိပါတယ်။ အဲဒါကတော့ `ထောင်အပြင် တန်းမရှိ´ တဲ့။
ယောက်ျားတွေအတွက် ထောင်ဆိုတာ အဆိုးဆုံး…၊ မိန်းမတွေအတွက်တော့ `တန်း´ ဆိုတာက အဆိုးဆုံး။ ဒီတော့ ယောက်ျားတယောက်အဖို့ ထောင်ကျသွားပြီးမှတော့ ဘာများထူးအုံးမှာလဲ ဆိုတဲ့ သဘောသဘာဝကို ပြောချင်တာ ထင်ရဲ့။ ဒါပေမယ့် ….။
***
၁၉၉၂ ခုနှစ်မှာ မြန်မာစစ်တပ်ဟာ ကရင်ပြည်နယ်အနှံ့ ထိုးစစ်တွေ တရစပ် ဆင်ခဲ့ပါတယ်။ အဲဒီ နှစ်ကုန်ပိုင်းမှာပဲ ကာကွယ်ရေး ဦးစီးချုပ် အပြောင်းအလဲ ဖြစ်ခဲ့ပြီးနောက်မှာတော့ ထိုးစစ်တွေကို ငြိမ်းချမ်းရေး အလို့ငှာ အကြောင်းပြပြီး ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။
အဲဒီထိုးစစ်တွေရဲ့ တန်ဆာခံ ဖြစ်ခဲ့ရတဲ့ အရပ်သား ပြည်သူတွေရဲ့ ပေါ်တာအဖြစ် အသုံးချ ခံခဲ့ရတာတွေကို ကျနော့်ကိုယ်တွေ့နဲ့ ယှဉ်ပြီး အတန်အသင့် ရေးခဲ့ပြီးပါပြီ။
အလျဉ်းသင့်တုန်း တင်ပြချင်တာ တခုရှိပါတယ်။ မြန်မာစစ်တပ်တွေ ရှေ့တန်း စစ်ဆင်ရေး ထွက်ကြတဲ့ အခါ ဘာဖြစ်လို့ သူတို့ဝန်စည်တွေကို သူတို့ မသယ်ဘဲ အရပ်သား ပြည်သူတွေကို အသယ်ခိုင်းရပါသလဲ ဆိုတာပါ။ ကျနော် မြင်မိသလောက် တင်ပြရရင်- (၁) လက်နက်ကြီး/ လက်နက်ငယ် များရဲ့ ကျည်များကို သူတို့ချည်းသက်သက် သယ်ယူရန် မတတ်နိုင်ခြင်း။ (၂) စားရေ ရိက္ခာများကို သူတို့ချည်းသက်သက် သယ်ယူရန် မတတ်နိုင်ခြင်း။ (၃) တပ်တွင်း အခွင့်ထူးခံ အရာရှိကြီးငယ်များရဲ့ ၀န်စည် စလယ်များကို အခြားအဆင့် စစ်သည်များက သယ်ယူရန် မတတ်နိုင်ခြင်း။
အဲဒီအချက်တွေအပြင် ပိုဆိုးတာတခုကတော့ သူတို့မှာ ပါလာတဲ့ ဒုတိယကမ္ဘာစစ် လက်ထက်ကတည်းက မြေပုံက လက်ရှိမြေပြင် အနေအထားနဲ့ ကွာဟနေလို့ အသုံးမတည့်လှတာကြောင့် နယ်မြေကျွမ်းကျင်တဲ့ ဒေသခံ တယောက်ယောက်ကို လမ်းပြ အလို့ငှာ အသုံးချခြင်းပါ။ အဲဒီလမ်းပြတွေက အသက် အန္တရာယ်နဲ့လဲ ပိုနီးစပ်ပါတယ်။ ရှေ့ဆုံးက သွားရတဲ့အပြင် မြေမြုပ်မိုင်း အန္တရာယ်ကလဲ ရှိပါသေးတယ်။
၁၉၉၅ ခုနှစ် နောက်ပိုင်းမှာ အရပ်ထဲက ပြည်သူတွေကို ပေါ်တာအဖြစ် အသုံးချတာ အတော်ကြီးကို နည်းသွားခဲ့ပါတယ်။ အိုင်အယ်လ်အို အဖွဲ့ရဲ့ ဖိအားကြောင့် ရပ်ကွက်/ ကျေးရွာ ရအဖ ရုံးတွေမှာဆိုရင်လဲ `အတင်းအကျပ် လုပ်အားပေး ဆင့်ခေါ် စေခိုင်းမှု´ နဲ့ ပတ်သက်တဲ့ အမိန့်စာလေးတွေကို ဟိုတစ ဒီတစ တွေ့လာရပါတယ်။ အဲဒီတုန်းကတော့ ဟုတ်တုတ်တုတ်တော့ ရှိလာပြီလားလို့ ထင်မိသား။ သို့သော်…။
၁၉၉၇ ခုနှစ်မှာ ကရင်ပြည်နယ် အနှံ့အပြားမှာ ထိုးစစ်တွေ ထပ်မံ ပြုလုပ်ပြန်ပါတယ်။ ကျနော်တို့ မြို့ကလေးမှာဆိုရင် ဘောလုံးကွင်းထဲမှာလဲ စစ်ကားတွေ အပြည့်၊ မြို့ထဲ လမ်းမပေါ်မှာလဲ စစ်ကားတွေ အစီအရီနဲ့ တမြို့လုံး အစိမ်းရောင်တွေနဲ့ အုံ့မှိုင်းနေခဲ့ပါတယ်။ ကရင်အကိုကြီး တယောက်ရဲ့ အဲဒါနဲ့ ပတ်သက်လို့ ပြောစကားကို အခုထိ မှတ်မိနေပါသေးတယ်။ `ရဲဘော်တွေ များတာတော့ လက်ကုန်ပဲဟေ့၊ ရဲဘော်စစ်ကြောင်းက ခေါင်းက ရှေ့တန်းရောက်ပေမယ့် အမြီးက တို့မြို့မှာ ရှိတုန်း..´ …တဲ့။
***
`ကျနော်တို့ကို ဒီအိမ်ဝင်းမှာ တည်းခွင့်ပြုပါ´
တည်းခွင့်ပြုပါ သာ ပြောတယ်။ အိမ်ဝိုင်းထဲကို ရောက်နှင့်နေကြပြီ ဖြစ်တဲ့ အစိမ်းရောင် လူတစုကို မေမေက ဘာမှ မတတ်နိုင်တဲ့ဟန်နဲ့ မေးအသာ ဆတ်ပြလိုက်ပါတယ်။ တပ်မနဲ့ ချီပြီး များပြားလှတဲ့ စစ်သားတွေ ရောက်နေတာကြောင့် နယ်ခံတပ်ရင်းမှာ နေရာ မဆန့်ပေလို့လားတော့ မသိ..။ ကျနော်တို့ မြို့လေးရဲ့ စစ်တပ်နဲ့ အနီးဆုံး ရပ်ကွက်က အိမ်တော်တော်များများမှာ အခုလိုပဲ စစ်သားတွေ ဟိုတစု ဒီတစု ၀င်တည်းကြပါတယ်။ တညတန်သည်၊ နှစ်ညတန်သည် တည်းပြီးရင်တော့ ရှေ့တန်း ထွက်ကြပါတယ်။
`ကျနော်တို့ အိမ်အောက်မှာပဲ အိပ်ကြမှာပါ´
ခေါင်းဆောင် ဖြစ်ဟန်တူသူ သုံးရစ်နဲ့ ပုဂ္ဂိုလ်က ပြောပြောဆိုဆိုနဲ့ ပါလာတဲ့ သူ့လူတွေကို ခြံထောင့်မှာ နေရာ ချထားပေးပါတယ်။ တဆက်တည်းမှာ သူ့တပည့်တွေကို `ကင်းချဟေ့´ လို့ အမိန့်ပါ တခါတည်း ပေးလိုက်တော့ ကျနော်တို့ အိမ်ဝင်းလေးလဲ နေရင်းထိုင်ရင်းနဲ့ အစောင့်နဲ့ ဘာနဲ့ လုံခြုံရေးအပြည့် ဖြစ်သွားသလိုလို…။ အဲဒီမှာတင် သတိထားမိတာကတော့….။
မီးသတ်ဝတ်စုံအရောင် အင်္ကျီအပြာ၊ ဘောင်းဘီအပြာနဲ့ လူတချို့..။ မျက်နှာထားတွေကလဲ စိုးရွံ့နေသလိုလို မျက်နှာငယ်လေးတွေနဲ့ ..။ နောက်တော့မှ သိရတာက အဲဒါ `ထောင်သားတွေ´ တဲ့..။
***
စစ်တပ်အကြီးအကဲ အုပ်ချုပ်သူများရဲ့ ရွှေဉာဏ်တော် စူးရောက်ချက်လားပဲ ပြောရမလား မသိ..။ အရပ်ထဲက ပြည်သူတွေကို လူမြင်သူမြင် ပေါ်တာဆွဲဖို့ အခြေအနေ မပေးတော့တဲ့ အခါမှာ သူတို့ရဲ့ ၀န်စည်တွေကို သယ်ပိုးသမားအဖြစ် အသုံးချဖို့ သူတို့ မျက်စိကျတာကတော့ ထောင်တွေထဲမှာ အပြစ်ဒဏ် ကျခံနေရတဲ့ အကျဉ်းသားတွေပါ။
`၀န်ဆောင် တပ်ရင်း´ လို့ အမည်ပေးပြီးတော့ ရဲဘက်စခန်းအချို့က အကျဉ်းသားတွေကို ပေါ်တာအလို့ငှာ အသုံးချတဲ့ စနစ်ကို (ကျနော်တွေ့ရှိ မှတ်သားမိသလောက်) အဲဒီနှစ်မှာ စတင် အသုံးပြုခဲ့ပါတယ်။ အစ ပထမပိုင်းမှာတော့ သူတို့ အများဆုံး အသုံးပြုလေ့ရှိတဲ့ အကျဉ်းသား အမျိုးအစားကတော့ စစ်ပြေးမှု၊ စစ်စည်းကမ်း ဖောက်ဖျက်မှု အစသဖြင့် ပြစ်မှုတွေနဲ့ စစ်တပ်မှ ထုတ်ပယ်ရန် အလို့ငှာ အရပ်ထောင် အချခံရတဲ့ အကျဉ်းသားတွေပါ။
စကားချပ်။ (စစ်သားတွေကို ထောင်ဒဏ် အပြစ်ပေးနည်း နှစ်နည်း ရှိပါတယ်။ စစ်ထောင်နဲ့ အရပ်ထောင်ပါ။ စစ်ထောင်ကတော့ စစ်တပ်မှ နှုတ်ထွက်စရာ မလိုပါဘူး။ အများဆုံး စစ်ထောင် အပြစ်ဒဏ်ကလဲ တနှစ်အထိသာ ချလေ့ ရှိပါတယ်။ အရပ်ထောင်ကတော့ စစ်တပ်ကနေပါ ထုတ်ပယ်တဲ့ အပြစ်ဒဏ် ကျူးလွန်ရင် ပေးတဲ့ အပြစ်ဒဏ်ပါ။ နှစ်မျိုးလုံးကို စစ်ခုံရုံးကနေ အမိန့်ချတာပါ။)
စစ်ဆင်ရေး ပမာဏက ကြီးလွန်းတော့ နောက်ပိုင်းမှာ စစ်ပြေး အကျဉ်းသားတွေနဲ့တင် မလုံလောက်တော့ပါဘူး။ အဲဒီမှာ တဆင့်တက်ပြီး လွတ်ရက်စေ့ နှစ်ရှည် အကျဉ်းသားတွေကို အသုံးချပြန်ပါတယ်။ ကျနော်တို့ အိမ်မှာ လာတည်းသွားကြတဲ့ စစ်သားတွေနဲ့ အတူ ပါလာတဲ့ အကျဉ်းသား ပေါ်တာ တယောက်ကို စပ်စုကြည့်မိတော့ သူက လူသတ်မှုနဲ့ ထောင်ဒဏ် ဆယ့်သုံးနှစ် ကျခဲ့တာ ထောင်ထဲမှာ ဆယ်နှစ်နေခဲ့ပြီးပါပြီတဲ့။ ကျန်တဲ့ သုံးနှစ်ကို အခု ပေါ်တာအဖြစ် လိုက်ရင် ပြန်ရောက်တာနဲ့ ထောင်ကနေ လွှတ်ပေးမယ်ဆိုလို့ စွန့်စားတဲ့ အနေနဲ့ လိုက်ခဲ့တာလို့ ပြောပါတယ်။ သူ့စိတ်ထင် တခေါက်ကို အလွန်ဆုံးကြာလှ လေးငါးလပေါ့လို့ ထင်ခဲ့မိပါတယ်တဲ့။
စစ်ပြေး အကျဉ်းသားတွေကိုတော့ စစ်သား လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိပြီးသားမို့လို့ အသုံးချတယ်လို့ သုံးသပ်မိပါတယ်။ ဒါပေမယ့် အရာရှိ ဘ၀ကနေ အရပ်ထောင် ကျသွားတဲ့ အကျဉ်းသား ပေါ်တာတွေတော့ မတွေ့ခဲ့ရပါဘူး။ အခြားအဆင့်ကနေ ထောင်ကျတဲ့ စစ်သားဟောင်း အကျဉ်းသားတွေပဲ ပါလာတာ တွေ့ပါတယ်။
`၀န်ဆောင်တပ်သားများ´ လို့ ခေါ်ဝေါ်တဲ့ အဲဒီ အကျဉ်းသားတွေရဲ့ အသက် တန်ကြေးဟာ ရှေ့တန်း စစ်မြေပြင်ကို ထွက်လိုက်တာနဲ့ ဖက်ရွက် တခုလောက်တောင် တန်ဖိုး မရှိတော့ပါဘူး။ ခန္ဓာနဲ့ဝန် မျှသည် မမျှသည်ကိုလဲ လူသားချင်း စာနာတဲ့ အသိနဲ့ စစ်သားတွေက သူတို့ အတွက် ထည့်တွက်လေ့ မရှိပါဘူး။ ထွက်ပြေးရင်လဲ အသေသာ ပစ်သတ်လေ့ ရှိပါတယ်။ သေသွားတော့လဲ ခွေးသေတကောင်လောက်တောင် တန်ဖိုးမထား ပစ်စလတ်ခတ် ပစ်ထားလိုက်တာပါပဲ။ `ခွေးကမှ ချက်စားလို့ ရသေးလို့ မင်းတို့ထက် အဖိုးတန်သေးတယ်´ လို့ စစ်သားတယောက်က ပြောတယ်လို့ အကျဉ်းသား ပေါ်တာကြီး တယောက် ရင်ဖွင့်ခဲ့ဖူးပါတယ်။
တပ်ရင်းက ရှေ့တန်းကို ထွက်ကြတဲ့ အခါ အရာရှိ လုပ်သူတွေက ပစ္စတိုလေး ခါးချိတ်လို့ ဘာဝန်စည်စလယ်မှ မပါ၊ အိုက်တင် အခန့်သား၊ တပ်မှူးဆိုရင် တုတ်ကောက်လေး တထောက်ထောက်နဲ့ ဟန်ပါပါ သွားနိုင်ပေမယ့် သူတို့ရဲ့ ၀န်စည်စလယ်တွေကို ၀န်တင်လားများသဖွယ် မနိုင့်တနိုင် ထမ်းပိုး လိုက်ပါသွားရတဲ့ အကျဉ်းသား ပေါ်တာတွေရဲ့ ပုံရိပ်က ရင်ဆို့စရာ ကောင်းလှပါတယ်။ ဘယ်နှယောက် ရှေ့တန်း စစ်မြေပြင်မှာ သေဆုံးပြီး၊ ဘယ်နှယောက် အသက်မသေဘဲ လျှောလျှောရှူရှူနဲ့ နောက်တန်းကို ပြန်ရောက်တယ်၊ လွတ်မြောက်ခွင့်ရတယ် ဆိုတာကတော့ တွက်ချက်ဖို့ အတော်လေးကို ခဲယဉ်းတဲ့ ပုစ္ဆာတခုပါပဲ။
`ဘယ်တော့ ပြန်ရမယ်ထင်လဲ´
အိမ်မှာလာတည်းတဲ့ အကျဉ်းသား ပေါ်တာတယောက်ကို လူလစ်တုန်း အဲဒီမေးခွန်းကို တိုးတိုးတိတ်တိတ် မေးကြည့်လိုက်တော့ သူ့မျက်လုံးမှာ မျက်ရည်တွေ စို့ခနဲ တက်လာပါတယ်။ ဟိုးအဝေးကြီးကို ခပ်ငေးငေး ကြည့်ရင်း မျက်ရည်တွေ ပေါက်ခနဲ ကျလာတယ်။ ပြီးတော့ တိုးဖွဖွနဲ့ တခွန်းတည်း ပြန်ဖြေပါတယ်။
`မသိသေးဘူး´ … တဲ့။ ဒါပေမယ့် ကျနော်လဲ သူ့ကို ဘာမှ အကူအညီ မပေးနိုင်ခဲ့ပါဘူး..။
တကယ်တော့ တပ်ရင်းတရင်းရဲ့ စစ်ဆင်ရေး ကာလဟာ များသောအားဖြင့် ခြောက်လခန့်သာ ကြာမြင့်လေ့ ရှိပေမယ့် လှုပ်ရှား သွားလာနေတဲ့ အဲဒီ ခြောက်လအတွင်း ၀န်စည်တွေကို ထမ်းပိုးပြီး ဖြတ်သန်းရမယ့် အကျဉ်းသား ပေါ်တာတွေရဲ့ ၀ဋ်ဒုက္ခကို ခြောက်ရက်တာမျှသာ ပေါ်တာငရဲခံဖူးတဲ့ ကျနော့် ကိုယ်တွေ့နဲ့ ယှဉ်ပြီး ကိုယ်ချင်းစာမိလှပါတယ်။ လူ့ခန္ဓာကိုယ်က ရှိသမျှ အားအင် အကုန်လုံးကို ထုတ်ယူ ပစ်နိုင်လောက်အောင် ပင်ပန်းနွမ်းနယ်လှပြီး ကိုယ့်အသက်ကိုလဲ တန်ဖိုးထားခြင်း တစက်ကလေးမှ မခံရတဲ့အထဲ တပ်ရင်းတရင်းက နောက်တန်းပြန်နားတဲ့ အခါ နောက်ထပ်ရှေ့တန်း တာဝန်ထမ်းဆောင်မယ့် တပ်ရင်းအတွက် အဲဒီ အကျဉ်းသားတွေကို ထပ်မံ လွှဲပြောင်းလို့ ထပ်ခါတလဲလဲ ခိုင်းစေကြပြန်တော့ စစ်သားတွေကမှ ခြောက်လတခါ နားရတယ်၊ သူတို့ ခမျာမှာတော့ စစ်ဆင်ရေးကြီး မပြီးမချင်း ၀န်စည်တွေကို ထပ်တလဲလဲ ထမ်းပိုးနေရသလို ဖြစ်နေပါတယ်။
***
မုတ္တမ-ရန်ကုန် ကားလမ်းဘေးက ဇင်းကျိုက် အနီးမှာ ကျောက်ထု ရဲဘက် အကျဉ်းစခန်း တခုကို ခရီးသွားရတိုင်း ဖြတ်သွားခဲ့ရဖူးပါတယ်။ အဲဒီလို ဖြတ်သန်းရတိုင်းမှာ ဟိုးခပ်ဝေးဝေးက အဖြူရောင် ၀တ်စုံ ပေညစ်ညစ်နဲ့ ပင်ပန်းကြီးစွာ ကျောက်ထုနေတဲ့ အကျဉ်းသားတွေရဲ့ ဒီမှာဘက် လမ်းဘေးအနီးက ဆိုင်းဘုတ်လေးမှာ ရေးထားတဲ့ စာတန်းကို ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ အဲဒါကတော့..
`ပြစ်မှုကြွေးကို ချွေးဖြင့်ဆပ်မည်´ …တဲ့။
လူ့ဘောင် လောကကြီးမှာ အကြောင်း အမျိုးမျိုးကြောင့် ရာဇ၀တ်ပြစ်မှုတွေ ကျူးလွန်ပြီးလို့ အဲဒီအပြစ်အတွက် ထိုက်တန်တဲ့ ပြစ်မှုကို ခံယူရတယ် ဆိုတာက ဓမ္မတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ အပြစ်ဒဏ်အတွက် မြန်မာနိုင်ငံက ပေါ်တာ အကျဉ်းသားတွေ ပေးဆပ်နေရတဲ့ ပြစ်ဒဏ်ကတော့ ကြီးမားလွန်းလှပါတယ်။ ဒီအခြေအနေကို ပပျောက်ဖို့ ဘယ်လိုလုပ်ရပါ့၊ အင်မတန်လဲ စဉ်းစားရခက်ပါတယ်။ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ ဆိုတဲ့ မေးခွန်းကတော့ မေးစရာတောင် လိုတော့မယ်တောင် မထင်ပါ။
ဒါကြောင့်…
ပြစ်မှုကြွေးကို ချွေးနဲ့တင်မက၊ သွေး၊ အသက်နဲ့ပါ ပေးဆပ်နေရတဲ့ ပေါ်တာ အကျဉ်းသားစနစ် မြန်မာပြည်ကနေ လွင့်ပျောက်ပါစေလို့ ဆုတောင်းရုံသာ တတ်နိုင်ရင်း….။
ကလိုစေးထူ

No comments: