Thursday, November 29, 2007

အိန္ဒိယရောက် မြန်မာများ လူထုဒေါ်အမာ မွေးနေ့ဂုဏ်ပြုပွဲ ကျင်းပ

ထိန်လင်း
လူထုဒေါ်အမာ၏ ၉၂ နှစ်မြောက် မွေးနေ့ဂုဏ်ပြုပွဲ တရပ်ကို အိန္ဒိယရောက် မြန်မာနိုင်ငံသားများက နယူးဒေလီရှိ ရှစ်လေးလုံး ကျောင်းတိုက်တွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
မြန်မာပြည်သူအများမှ မိခင်တမျှ ချစ်ခင်မြတ်နိုးရသော လူထုဒေါ်အမာ၏ ၉၂ နှစ်မြောက် မွေးနေ့ အခါသမယတွင် အမေ ဒေါ်အမာသို့ ဂုဏ်ပြုသည့် အစီအစဉ် တရပ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြန်မာစာပေ ဝါသနာရှင်များက စုပေါင်း၍ ရှစ်လေးလုံး ကျောင်းတိုက်တွင် ငါးပါးသီလ ခံယူခြင်းနှင့် မေတ္တာသုတ် နာယူခြင်း ပြုပြီး၊ လှူဖွယ်ပစ္စည်းများကို သံဃာတော် ၃ ပါးသို့ ဆက်ကပ် လှူဒါန်းကာ ရေစက်သွန်းချ အမျှဝေခြင်းဖြင့် ယနေ့နံနက်ပိုင်းတွင် အစပြုခဲ့ကြသည်။
“ငြိမ်းချမ်းရေးမိခင်၊ လွတ်လပ်ရေးမိခင်၊ စာပေလောကရဲ့ မာတာမိခင် ကျေးဇူးရှင် ဒေါ်အမာရဲ့ မွေးနေ့ အခါသမယမှာ အမေ ဒေါ်အမာ အသက်ရှည်၍ အနာမဲ့ကြောင်း မေတ္တာပို့ ဆုတောင်းကြတဲ့ပွဲ ဖြစ်ပါတယ်။ ကျေးဇူးရှိတဲ့သူကို ကျေးဇူးဆပ်တာဟာ မင်္ဂလာတပါးပါ။ အမေ ဒေါ်အမာဟာ လွတ်လပ်ရေး မရခင်ကတည်းက ရှေ့တန်းကနေ ရဲရဲတောက်ပါဝင်ခဲ့တဲ့ သပိတ်မှောက် ကျောင်းသူဖြစ်တယ်။ ပြီးတော့ စာပေနဲ့ ငြိမ်းချမ်းရေးအတွက် သူသိတဲ့ အသိတရားတွေကို အများပြည်သူသိအောင် အလင်းရောင်ပေးခဲ့တဲ့ လူထုရဲ့ မိခင်ဖြစ်တယ်” ဟု ကျောင်းထိုင် ဆရာတော် ဦးပညာဝရက မိန့်ကြားခဲ့သည်။
သံဃာတော် ၃ ပါးကို ဆွမ်းကပ်လှူပြီးနောက် လူထုဒေါ်အမာ၏ စာကောင်းပေမွန်များအပေါ် ဂုဏ်ပြု ချီးကျူးသည့် အခမ်းအနား တရပ်ကို ဆက်လက် ကျင်းပခဲ့ကြသည်။
“ပြည်သူ့ဘက်တော်သား လူထုဒေါ်အမာရဲ့ စာမူတွေကို စစ်အာဏာပိုင်တွေက လှီးဖြတ်ပယ်သတ်နေတာ၊ သူ့စာမူတွေ လွတ်လွတ်လပ်လပ် ထုတ်ဝေခွင့် မရတာတွေဟာ လူ့အခွင့်အရေး ဆုံးရှုံးမှု သရုပ်မှန်ကို ဖော်ပြနေတာပါ။ ကျနော်တို့ အဝေးရောက် သားတွေက အမေ့မွေးနေ့ကို ကျင်းပရတာကလည်း စစ်ဖိနပ်အောက်ကနေ အမေနဲ့အတူ ပြည်သူပြည်သားတွေ အမြန်ဆုံး လွတ်မြောက်အောင် ဆုတောင်းရင်း၊ အမေ အသက်ရာကျော် ရှည်စေဖို့ ဆုတောင်းမေတ္တာ ပို့သတာ၊ အမေ့ကို ဂုဏ်ပြုတာ ဖြစ်ပါတယ်” ဟု အစီအစဉ် ကျင်းပသူတဦး ဖြစ်သည့် ကိုကျော်သူရက ပြောသည်။
စာပေဝါသနာရှင်များဖြစ်သည့် ကျော်ဇောဟန် က ‘အမေလူထု ဒေါ်အမာ၏ ဘဝဖြစ်စဉ်အကျဉ်း’ ကို ဖတ်ကြားပြသလို၊ ထွန်းထွန်း (မုံရွာ) က ရဲဘော်သံချောင်း၏ ‘၉၂ နှစ်ပြည့် မိခင်သို့’၊ မင်းပြည့်စုံ (ယော) က ‘တနေ့’၊ ဂျူလိုင်ကောင်းက ‘အမေမာသို့’၊ ရွှေခြံမြေ မောင်စိမ်းလန်းက ‘အမေဒေါ်အမာသို့’၊ ခိုင်အောင်ကျော် (စစ်တွေ) က ‘အမေ သို့မဟုတ် ငြိမ်းချမ်းရေးမိခင်’ နှင့် အောင်ဟိန်း (မုံရွာ) က ‘အမေ့သား’ ကဗျာတို့ကို ရွတ်ဖတ်ကာ အမေလူထု ဒေါ်အမာကို ဂုဏ်ပြုခဲ့ကြသည်။

No comments: