Tuesday, November 27, 2007

မိတ္ထီလာ အန်အယ်ဒီက ဒေါ်စု ကျေညာချက်ကို ကြိုဆို

မဇ္ဈိမသတင်းဌာန
အဖမ်းဆီးခံ အန်အယ်ဒီ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပတ်သက်သည့် ကျေညာချက်ကို မိတ္ထီလာမြို့ အန်အယ်ဒီက ကြိုဆိုကာ သူမကိုလည်း ချက်ချင်း လွှတ်ပေးရန် တောင်းဆိုလိုက်သည်။
ယမန်နေ့က ကျင်းပခဲ့သည့် မိတ္ထီလာမြို့နယ် အန်အယ်ဒီ၏ လပတ် အစည်းအဝေးမှ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွင် နအဖ စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့သည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျေညာချက်ကို တညီတညွတ်တည်း ထောက်ခံလိုက်ကြခြင်းဖြစ်သည်။
“ကျမတို့တွေ အစည်းအဝေးမှာ ကိစ္စရပ် အများအပြားကို ဆွေးနွေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျေညာချက်ကို လှိုက်လှိုက်လှဲလှဲ ထောက်ခံပါတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို စတင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေး အကျဉ်းသားတွေကို ချက်ချင်း လွှတ်ပေးဖို့ စစ်အစိုးရကို ထောင်းဆိုပါတယ်” ဟု မိတ္ထီလာမြို့နယ် အန်အယ်ဒီ အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက မဇ္ဈိမကို ပြောသည်။
မိတ္ထီလာ အန်အယ်ဒီက ယခုလို ကမ္ဘာ့နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ပြောဆိုခဲ့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အများအပြားနှင့် စစ်အစိုးရ ကျောထောက်နောက်ခံ အဖွဲ့များက သူမ၏ ကျေညာချက်ကို ဆန့်ကျင်ခဲ့ကြသည်။
ယနေ့ထုတ် နအဖ ၏ မြန်မာ့အလင်း သတင်းစာတွင် ၈၈ မျိုးဆက် ကျောင်းသားများ (ပြည်ထောင်စု မြန်မာနိုင်ငံ)၊ အမျိုးသားညီလာခံ ထောက်ခံရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကြိုဆိုရေး အင်အားစု၊ နိုင်ငံရေး ဘောဂဗေဒ လေ့လာရေး မျိုးဆက်သစ် ကျောင်းတော်သားစု၊ အမျိုးသား နိုင်ငံရေး လူငယ် အန်အယ်ဒီ (မြန်မာနိုင်ငံ) တို့က ဆန့်ကျင်ကြောင်း ပြသခဲ့သည်။
မိတ္ထီလာ အန်အယ်ဒီက နအဖ ဥက္ကဌ မှ ပြီးခဲ့တဲ့ တပတ်ခန့်က ကြံ့ဖွံ့ အစည်းအဝေးတခုတွင် လမ်းပြမြေပုံ ၇ ချက်အတိုင်း ဆက်သွားမည်ဟု အတည်ပြု ပြောဆိုခြင်းကို မိမိတို့အနေဖြင့် လက်မခံနိုင်ကြောင်းနှင့် ဆယ်စုနှစ် နှစ်ခုနီးပါး လုပ်ဆောင်ခဲ့သော်လည်း အောင်မြင်ခြင်း မရှိကြောင်း ပြောသည်။
“နအဖ အနေနဲ့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးရေးကို ပြုလုပ်ချင်တယ် ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံး လွှတ်ပေးသင့်တယ်။ အဲဒီလို မဟုတ်ဘဲ အချုပ်အနှောင်ကြားကနေ တွေ့ဆုံဆွေးနွေးရေး လုပ်မယ်ဆိုရင်တော့ အစစ်အမှန် ပေါ်ပေါက်လာမှာ မဟုတ်ဘူး” ဟု ဒေါ်မြင့်မြင့်အေးက ပြောသည်။
ကျေညာချက်ထဲတွင် ပါရှိသည့် ဒေါ်အောင်ဆန်းစုကြည်မှ တိုင်းရင်းသား လူမျိုးများကို ကိုယ်စားပြုမည် ဆိုသည့်အချက်ကို အပစ်အခတ်ရပ် တိုင်းရင်းသား အဖွဲ့များက ရှုတ်ချလိုက်သည် ဟူသည့် ကျေညာချက်များကို ဆက်တိုက်ဆိုသလို နအဖ သတင်းစာတွင် ဖော်ပြလာခဲ့သည်။
သူတို့က တိုင်းရင်းသား လူမျိုးများကို ကိုယ်စားပြုမည် ဆိုခြင်းသည် သူမဘာသာ ဖော်ပြခြင်းဖြစ်သည်ဟု ဝေဖန်ကြကာ စစ်အစိုးရ၏ လမ်းပြမြေပုံ ၇ ရပ်ကို ထောက်ခံကြသည်ဟု ဆိုသည်။
သို့သော်လည်း အပစ်အခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင်များနှင့် နီးစပ်သည့် သတင်းရပ်ကွက်များကမူ စစ်အစိုးရမှ အတင်းအဓမ္မ နည်းအားဖြင့် ကျေညာချက်များကို ထုတ်ပြန်ခိုင်းခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုကြသည်။

No comments: