Wednesday, November 21, 2007

ပုသိမ်ထောင်က အကျဉ်းသား ၈ဝ လွတ်မြောက်လာ

မောင်ဒီး

နိုင်ငံရေး အကျဉ်းသားများ ရှိသော်လည်း ပုသိမ်ထောင်မှ သာမန် ရာဇဝတ်သား ၈ဝ ကို အာဏာပိုင်များက ယနေ့ နံနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။
လွတ်မြောက်လာသူများမှာ ချဲထီ လောင်းကစားမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများနှင့် အခြား ရာဇဝတ်မှုများဖြင့် ပြစ်ဒဏ် ချခံရသူများ ပါဝင်သည်။
“၃ နှစ်ကျပြီး တနှစ်လောက်နေပြီးတဲ့ လူတွေကို လွှတ်တာဗျ။ ဒီနေ့မနက် ၉ နာရီ ၁ဝ နာရီလောက်က လွှတ်တာ။ နိုင်ငံရေး အကျဉ်းသား မပါပါဘူး။ မပါဘူးဆိုတာ ကျနော် သိတယ်လေ။ ဘာလို့လည်းဆိုတော့ ဒီမှာ နိုင်ငံရေး အကျဉ်းသားက သိပ်မရှိဘူးလေ။ သူတို့ လွှတ်လာတယ်လို့ ကျနော် မကြားမိဘူးဗျ” ဟု ပုသိမ်မြို့ခံ တဦးက မဇ္ဈိမကို ပြောသည်။
ပုသိမ်ထောင်တွင် နိုင်ငံရေးပြစ်မှုဖြင့် ထောင်ကျနေသူ သံဃာတော် ၁၁ ပါးနှင့် အဖမ်းခံထားရသူ သံဃာတော် ၂ ပါး ရှိနေသည်။
ယခုလ ၁၅ ရက်နေ့က အင်းစိန်ထောင်မှ ကျန်းမာရေး မကောင်းသည့် နိုင်ငံရေး အကျဉ်းသား ၆ ဦး အပါအဝင် အကျဉ်းသား ၇၅ ဦး လွှတ်ပေးခဲ့ပြီး မော်လမြိုင်မြို့နှင့် အခြား နယ်မြို့ အချို့ရှိ ထောင်များမှလည်း ရာဇဝတ်သားများကို ယခုရက်ပိုင်းအတွင်း လွှတ်ပေးနေသည်။
ယခုလို နအဖက အကျဉ်းသားများကို လွှတ်ပေးနေခြင်းသည် အာဆီယံ Charter တွင် လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းရန်အတွက် သဘောတူ လက်မှတ်ထိုးသည့် အပေါ်တွင် မူတည်နိုင်သည်ဟု ယူဆရကြောင်းနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး လူ့အခွင့်အရေး မြှင့်တင်ရေးကို စိတ်ဝင်တစား ရှိသည်ဟု အကြောင်းပြလိုသဖြင့် ဟန်ပြ လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု အတိုက်အခံများက သုံးသပ်ကြသည်။
အကျဉ်းသားများ၏ စာရိတ္တကို ပြုပြင်ပေးရမည့်အစား မြန်မာပြည်တဝှမ်းရှိ အကျဉ်းထောင်များတွင် ကျင့်သုံးနေသည့် ထောင်စည်းကမ်းများကြောင့် အကျဉ်းကျသူများ၏ စာရိတ္တသည် ယခင်ထက်ပင် ပို၍ ပျက်ပြားလာခြင်းကြောင့် ထိုသို့သော အကျဉ်းသားများကို ပြည်လည် လွှတ်ပေးနေခြင်းသည် ရပ်ရွာအတွင်း ဆူပူမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) အေအေပီပီမှ အတွင်းရေးမှူး ဦးတိတ်နိုင်က သုံးသပ်ပြောဆိုသည်။
သူက “မြန်မာနိုင်ငံရဲ့ အကျဉ်းထောင် စနစ်တွေကြောင့် ဥပမာ သူခိုးတယောက်က ဝင်လာတယ်ဆိုရင် သူခိုးကြီး ဖြစ်သွားတယ်။ ဓားပြတယောက်က ဝင်လာရင် ဓားပြကြီး ဖြစ်သွားတယ်ဆိုတဲ့ အခြေအနေမျိုးတွေ အများကြီးပဲ။ အကျဉ်းထောင်ထဲမှာ ကြုံခဲ့ရပါတယ်” ဟု ပြောသည်။

No comments: