Tuesday, November 13, 2007

လူထုခေါင်းဆောင် မကြာခင် လွတ်မြောက်ဖွယ်ရှိ

မဇ္ဈိမသတင်းဌာန

တိုးတက်သည့် လက္ခဏာအဖြစ် ၁၈ နှစ်အတွင်း ၁၂ နှစ်ခန့် အကျဉ်းကျခံခဲ့ရသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မကြာခင်တွင် လွတ်မြောက်လာဖွယ် ရှိသည်ဟု ပါတီပြောခွင့်ရ ပုဂ္ဂိုလ်တဦးက ယနေ့ ပြောဆိုလိုက်သည်။
အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်သိန်းက ဖမ်းဆီးခံထားရသည့် ပါတီခေါင်းဆောင်ကို တွေ့ဆုံဆွေးနွေးပွဲ အစပြု လုပ်ဆောင်ရေး အတွက် ချွင်းချက်များဖြင့် မကြာခင်တွင် လွတ်မြောက်နိုင်သည်ဟု မဇ္ဈိမကို ပြောသည်။
“လတ်တလော အနေအထားက ကောင်းပါတယ်။ အခြေအနေ ကောင်းမှာပါ။ မနေ့က အမ (အောင်ဆန်းစုကြည်) အနေအထား ကောင်းပါတယ်။ မလွတ်သေးပါဘူး။ လွတ်ဖို့ နီးပါပြီ။ အခြေအနေ ကောင်းလာမှာပါ” ဟု သူက ပြောသည်။
“ကျနော့် ဖုန်းကိုတော့ ခင်ဗျားတို့ သိတဲ့အတိုင်းပါပဲ။ ဒီအချိန်မှာ ဒီ့ထက်ပိုပြီး အကျယ် မပြောနိုင်တာကိုတော့ ကျေးဇူးပြုပြီး နားလည်ပေးပါ။ ဒါပေမဲ့ အခြေအနေတွေက ကောင်းပါတယ်” ဟု ဦးမြင့်သိန်းက အစိုးရမှ တယ်လီဖုန်းကို ကြားဖြတ် နားထောင်ဖွယ် ရှိသည့် အခြေအနေကို ပြောသည်။
ပါတီပြောခွင့်ရ ပုဂ္ဂိုလ်၏ ယူဆချက်သည် သောကြာနေ့က ရန်ကုန်ရှိ အစိုးရ ဧည့်ဂေဟာတွင် ပါတီခေါင်းဆောင် ၄ ဦးနှင့် ဒေါ်အောင်ဆန်းကြည်တို့ တွေ့ဆုံပြီး နောက်တရက်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
သူမက စစ်အစိုးရနှင့်အတူ တိုင်းရင်းသားလူမျိုးများရေး ထည့်သွင်းစဉ်းစားသည့် တွေ့ဆုံ ဆွေးနွေးရေး ဖြစ်စဉ်တခု အတွက် အတူတကွ ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူသည်ဟု ပြောဆိုခဲ့ကြောင်း ယမန်နေ့က ဆွေးနွေးပွဲတွင် ပါဝင် တက်ရောက်ခဲ့သူ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလွင်က ပြောသည်။

No comments: