Wednesday, November 14, 2007

မစုစုနွေး အဖမ်းခံရသည့်သတင်းများ ပေါ်ထွက်နေ

မဇ္ဈိမသတင်းဌာန

မတရားမှုကို ဖော်ထုတ်တိုက်ပွဲဝင်သူ လူ့အခွင့်အရေး လှုပ်ရှားသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် မစုစုနွေးနှင့် လူငယ် ၂ ဦးတို့ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မြရိပ်ညို ဟိုတယ်အနီး အစိုးရ ဆန့်ကျင်ရေး ပိုစတာကပ်ရန် သွားရောက်စဉ် အာဏာပိုင်များက ဖမ်းဆီးသွားသည် ဟူသည့် သတင်းများ ပေါ်ထွက်နေသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ မစုစုနွေး၏ မိခင်ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဆက်သွယ် မေးမြန်းရာတွင် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ကျနော်တို့လည်း အဲလို ကြားပါတယ်။ ဒါပေမဲ့ ဒီသတင်းနဲ့ ပတ်သက်ပြီး ကျနော်တို့ အတည်ပြုလို့ မရနိုင်ပါဘူး။ ဘယ်သူဘယ်ဝါ အဖမ်းခံရတယ် ဆိုတာလည်း မသိရသေးပါဘူး” ဟု မဇ္ဈိမကို ပြောသည်။
ရန်ကုန်ရှိ လူ့အခွင့်အရေး လှုပ်ရှားသူ ဦးမြင့်အေးကမူ မစုစုနွေးသည် ဖမ်းဆီးမခံရဘဲ ထွက်ပြေး လွတ်မြောက်သွားပြီး အတူပါရှိသူ ကျောင်းသား ၂ ဦးသာ အဖမ်းခံရခြင်း ဖြစ်သည်ဟု ကြားသိရကြောင်းနှင့် အဖမ်းအဆီးသည် ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း ယခုလို ပြောသည်။
“ကျနော် ကြားတာကတော့ မနေ့က ညနေစောင်းမှာ မြရိပ်ညို ဟိုတယ်နား စာသွားကပ်တာ ကျောင်းသားလေး ၂ ယောက် ဖမ်းခံရတယ်လို့ ကြားတယ်။ ဘာစာလည်း ဆိုတာလည်း ကျနော်တို့က ကြားတာပဲဆိုတော့ မသိရပါဘူး။ မစုစုနွေးကတော့ လွတ်သွားတယ်လို့ ပြောတယ်” ဟု ဦးမြင့်အေးက ပြောသည်။
ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီ သတင်းဌာန၏ သတင်းတပုဒ်တွင်မူ မစုစုနွေးနှင့် လူငယ် ၂ ဦးကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့လယ် တနေရာရှိ အာဏာပိုင်များ စိုက်ထူထားသည့် အမေရိကန် ဆန့်ကျင်ရေး ဆိုင်းဘုတ်တခု အောက်တွင် အစိုးရ ဆန့်ကျင်စာ ကပ်ရန်အသွား အာဏာပိုင်များက ဖမ်းဆီးသွားခဲ့သည်ဟု ပါရှိသည်။
မဇ္ဈိမအနေဖြင့် ယခုသတင်းနှင့် ပတ်သက်၍ သီးခြား အတည်ပြုချက် မရနိုင်သေးပါ။

No comments: