Wednesday, November 28, 2007

၉၂ နှစ်မြောက် လူထုဒေါ်အမာ မွေးနေ့ ကျင်းပမည်

မဇ္ဈိမသတင်းဌာန
လူထုဒေါ်အမာ၏ ၉၂ နှစ်မြောက် မွေးနေ့ပွဲကို ယခုနှစ်တွင် မန္တလေးရှိ မဟာဂန္ဓာရုံ ကျောင်း၌ ကျင်းပသွားမည် ဖြစ်သည်။
စာနယ်ဇင်း လောကနှင့် မြန်မာပြည်သူများ၏ ချစ်ခင်လေးစားခံရသူ မန္တလေးမြို့မှ စာရေးဆရာမကြီး လူထုဒေါ်အမာ၏ ၉၂ နှစ်မြောက် မွေးနေ့ပွဲကို မန္တလေးတိုင်း အမရပူရမြို့ရှိ မဟာဂန္ဓာရုံ ကျောင်းတိုက်တွင် ယခုလ ၂၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျင်းပမည်ဟု သိရသည်။
“ဖိတ်စာ မဖိတ်ပါဘူး၊ မကမ်းပါဘူး။ ဘုန်းကြီးများ ဆွမ်းကပ်မှာပါ၊ ကျောင်းတိုက်က သံဃာတော် အပါး တထောင်လောက်ကို ဆွမ်းကပ်ပါမယ်။ လူတွေကိုလည်း ထမင်းနဲ့ ဧည့်ခံပါ့မယ်။ လူတွေကိုတော့ ၁ဝ နာရီခွဲလောက်မှာ ခင်ဗျ။ အမှတ်တရ သီးခြား အစီအစဉ်တွေတော့ မရှိပါဘူး” ဟု သားဖြစ်သူ ဦးညို (စာရေးဆရာ ညီပုလေး) က မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက လူကြီးရောဂါဖြင့် မေ့လျော့ခြင်း၊ မောပန်း နွမ်းနယ်ခြင်းများ ဖြစ်ခဲ့ရသော်လည်း ယခုအခါ ပြန်လည် လန်းဆန်းလာကာ အစားအစာလည်း စားနိုင်လာပြီဟု သိရသည်။
“အမေ့ကျန်းမာရေးက ကောင်းပါတယ်။ Wheel Chair နဲ့ သွားတာပါပဲ။ သက်တောင့်သက်သာ ရှိပါတယ်။ ဒီရက်ပိုင်း စားနိုင်ပါတယ်။ ဧည့်သည်များတော့ နဲနဲ မောမယ့်သဘောပဲ ရှိပါတယ်။ သနပ်ခါးလိမ်းတာကတော့ အရင်လိုပါပဲ၊ နေ့တိုင်းပါပဲ။ ကိုယ့်ဖာသာ လိမ်းတာ များပါတယ်” ဟု သူက ပြောသည်။
မွေးနေ့ပွဲများကို ဖိတ်စာနှင့်တကွ ဖိတ်ကြားလေ့ မရှိသော်လည်း နှစ်တိုင်းဆိုသလို ရန်ကုန်၊ မန္တလေး အစရှိသည့် မြို့ကြီးများ အပါအဝင် နယ်မြို့များမှလည်း အမေလူထု ဒေါ်အမာကို ကြည်ညို လေးစားသည့် စာပေ ဝါသနာရှင်များ၊ စာရေးဆရာများနှင့် ဧည့်ပရိသတ်များသည် တက်ရောက် အားပေးလေ့ရှိသလို ယခုအခါ ရန်ကုန် စာပေ အသိုင်းအဝိုင်းမှ စာရေးဆရာအချို့ စတင် ရောက်ရှိနေပြီဟု သိရသည်။
မွေးနေ့ပွဲကျင်းပရေး အစီအစဉ်အတွက် ဒေသအာဏာပိုင်များမှ အနှောင့်အယှက် ပေးခြင်း မရှိကြောင်း ဦးညီပုလေးက ယခုလို ဆက်ပြောသည်။
သူက “နဲနဲပါးပါးလေး သူတို့ဘက်က Report လေး ရချင်တာပေါ့နော်။ အဲဒါမျိုး အမေးအမြန်းလေးတော့ ရှိပါတယ်” ဟု ဆိုသည်။

No comments: