Tuesday, November 13, 2007

အမေရိကန် သမတ ရုပ်ပုံကို ညီလာခံ ထောက်ခံပွဲတွင် မီးရှို့

မျိုးကြီး
ရှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့တွင် ကျင်းပခဲ့သည့် နအဖ ညီလာခံ ထောက်ခံပွဲ၌ အမေရိကန် သမတ၏ ဓာတ်ပုံကို အာဏာပိုင်များက မီးရှို့ဖျက်ဆီးပြခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့ ရပ်ကွက် ၁၆ ခုနှင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၃၇ ရွာမှ မလိုက်မနေရ ဆင့်ခေါ်ထားသည့် လူအင်အား တသောင်းခန့်ရှိသော နအဖ ညီလာခံ ထောက်ခံပွဲ တရပ်တွင် ကြံ့ဖွံ့နှင့် ရဲတပ်ဖွဲ့ဝင်များက အမေရိကန် သမတ ဂျော့ဒဗလျူဘုရှ်၏ ရုပ်ပုံကားချပ်ကြီးကို ယနေ့ နံနက်ပိုင်းက မီးရှို့ ဖျက်ဆီးပြခဲ့ခြင်း ဖြစ်သည်။
“ပြည်သူတွေက အမေရိကန်ကို ဆန့်ကျင်နေကြတယ် ဆိုတာမျိုး ဖြစ်အောင် လုပ်တာပါ။ တကယ်က မီးရှို့တဲ့ သူတွေက အရပ်ဝတ်နဲ့ လိုက်လာတဲ့ ရဲတွေ။ ဒီလိုလုပ်ဖို့ အကြံပေးတာက ကြံ့ဖွတ်က ကျော်မြင့်၊ ပန်ဆေး ကျော်မြင့် မဟုတ်ဘူး” ဟု ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။
အမေရိကန်သမတ ဓာတ်ပုံကို မီးရှို့ဆန္ဒပြသည့် အစီအစဉ်ကို နမ့်ခမ်းမြို့ ကြံ့ဖွံ့ ခေါင်းဆောင်တဦး ဖြစ်သည့် ဖရန်စစ် ဟော်တည်ပိုင်ရှင် ဦးကျော်မြင့်က အကြံပေးခဲ့ခြင်း ဖြစ်ပြီး အရပ်ဝတ်နှင့် ရဲတပ်ဖွဲ့ဝင်များက မီးရှို့ပြခဲ့ခြင်း ဖြစ်သည်ဟု အခြား ဒေသခံ တဦးကလည်း ပြောဆိုသည်။
ညီလာခံထောက်ခံပွဲ ဖြစ်မြောက်ရေးအတွက် နမ့်ခမ်း မယက ဥက္ကဌ ဦးတင်နိုင်မှ ဦးဆောင်ကာ ယခုလ ၉ ရက်နေ့က ရယက ဥက္ကဌများနှင့် ပြုလုပ်သည့် အစည်းအဝေးတွင် ရပ်ကွက်နှင့် ကျေးရွာ တခုချင်းစီက လူ ၅ဝဝ မလိုက်မနေရ ညွှန်ကြားခဲ့သည်ဟု နမ့်ခမ်း ရယကနှင့် နီးစပ်သူ တဦးက ပြောသည်။
သူက “တချို့ ရပ်ကွက်တွေက ဥက္ကဌတွေက တင်ပြကြတာပေါ့။ အိမ်ခြေ ၂ဝဝ ပဲ ရှိတယ်ဆိုပြီး။ ‘မရဘူး၊ လူ ၅ဝဝ ပြည့်အောင် လိုက်ရမယ်။ ဒါ အမိန့်ပဲ’ လို့ မယက ဥက္ကဌက ပြန်ပြောတယ်” ဟု ဆက်ပြောသည်၊၊
နမ့်ခမ်းဘောလုံးကွင်းအတွင်း လူများကို စုရုံးစေခဲ့ပြီး ဒေသ အာဏာပိုင်များက စစ်အစိုးရ လိုလားသည့် စာတမ်းပါရှိသော ဆိုင်းဘုတ်များကို တရပ်ကွက်လျှင် ၅ ခုစီ ကိုင်ဆောင်ခိုင်းရင်း နံနက် ၇ နာရီခန့်တွင် ဘောလုံးကွင်းမှ မြို့လယ်ခေါင်ရှိ ပွဲများကျင်းပရာ ပန်ပွဲကွင်းပြင်အထိ လမ်းလျှောက် ချီတက်ခိုင်းခြင်း ဖြစ်သည်ဟု နမ့်ခမ်းမြို့သား ကိုအိုက်မွန်က ပြောပြသည်။
“ဘောလုံးကွင်းနဲ့ ပန်ပွဲက သိပ်မဝေးပါဘူး။ လူတန်းနဲ့လျောက်တော့ ၁ နာရီလောက်ကြာတာပေါ့။ ဆိုင်းဘုတ်တွေက သူတို့ရေးချင်တာ လျှောက်ရေးခဲ့တာပေါ့။ အသံလွှင့် ဌာနတွေကို ရှုတ်ချထားတာတွေ ပါတယ်၊ နိုင်ငံရေး ဦးတည်ချက်တွေ ပါတယ်၊ အစုံ လျှောက်ရေးထားတာ။ ဘယ်သူမှ စိတ်မဝင်စားကြဘူး။ ၈ နာရီခွဲလောက်မှာ ပြီးသွားတယ်” ဟု သူက ပြောသည်။
ဆန္ဒပြ ချီတက်ရာတွင် ရှေ့ဆုံးမှ လိုက်ပါလာသည့် ကြံ့ဖွံ့များက နိုင်ငံရေး ဦးတည်ချက်များကို ကြွေးကြော်သံ တိုင်ပေးခဲ့သော်လည်း တက်ရောက်လာသူများက နောက်မှ လိုက်ဆိုခြင်း မရှိဟု ရယကနှင့် နီးစပ်သူ အပြောအရ သိရသည်။
“ရှေ့ဆုံးကတော့ သူတို့ လူတွေပေါ့။ ဒါပေမဲ့ ယူနီဖောင်းတော့ မဝတ်ခိုင်းဘူး။ အားလုံး သာမန် အရပ်ဝတ်နဲ့ပဲ လိုက်ရတယ်။ အဲဒီ နိုင်ငံရေး ဦးတည်ချက်တွေ တိုင်ပေးတယ်၊ လိုက်မဆိုကြပါဘူး” ဟု သူက ပြောသည်။

No comments: