Tuesday, November 27, 2007

လူထုလှုပ်ရှားမှု ပြန်ဖော်ရန် မျိုးဆက်သစ်လူငယ်များ တိုက်တွန်း


မောင်ဒီး
ရွှေဝါရောင် တော်လှန်ရေး ပြန်လည် ဆင်နွှဲရန်အတွက် လူထုလှုပ်ရှားမှု ပထမအဆင့်ကို ဖော်ဆောင်ရန် မျိုးဆက်သစ် လူငယ်များ အစည်းအရုံးက တိုက်တွန်းလိုက်သည်။
မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (Generation Wave) က လူထုလှုပ်ရှားမှု ပထမအဆင့်အဖြစ် ပြည်သူလူထုက ပရိတ်ကြိုးများ၊ သင်္ကန်းစများကို လက်ကောက်ဝတ်နှင့် လည်ပင်းတွင် ချည်နှောင် ဝတ်ဆင်ကြခြင်းဖြင့် ကျဆုံးခဲ့ရသော သံဃာတော်များကို လေးစားဂုဏ်ပြုမှုကို ပြသကြရန် ယနေ့တွင် ကျေညာချက်တရပ် ထုတ်ပြန်ကာ တိုက်တွန်း နှိုးဆော်လိုက်ခြင်း ဖြစ်သည်။
“ကျနော်တို့ကတော့ ပြည်သူတရပ်လုံး လုပ်နိုင်မယ်ထင်တဲ့ အရာလေးတွေ၊ ပြည်သူတရပ်လုံး ပါဝင် ဆင်နွဲနိုင်မယ့် အပြုအမူလေးတွေကို အဓိက စဉ်းစားပြီး လုပ်တာပါ။ ‘ငါ ဒါလုပ်လို့ ပြဿနာမရှိနိုင်ဘူး၊ ငါ ဒါလုပ်လို့ အစိုးရအနေနဲ့ ငါ့ကို နိုင်ငံရေး လုပ်တယ်ဆိုပြီး ဖမ်းဆီးတာမျိုး မရှိနိုင်ဘူး’ ဆိုပြီး ပြည်သူတွေအနေနဲ့ တဖြေးဖြေး ဒီရွှေဝါရောင် တော်လှန်ရေးမှာ ပူးပေါင်း ပါဝင်လာအောင် ကျနော်တို့ အလွယ်ဆုံးနည်းနဲ့ ချလိုက်တာပါ” ဟု မျိုးဆက်သစ် လူငယ် အစည်းအရုံးမှ ကိုကျော်ကျော်က ပြောသည်။
ရွှေဝါရောင် တော်လှန်ရေးနောက်ပိုင်း ပေါက်ဖွားလာသော မျိုးဆက်သစ် လူငယ်အစည်းအရုံးတွင် စာပေဂီတ အနုပညာသည်များ၊ အစိုးရ ဝန်ထမ်းများ၊ ကွန်ပြူတာ ကျွမ်းကျင်သူ လူငယ်များနှင့် ကျောင်းသားလူငယ်များ ပါဝင်ပူးပေါင်း လှုပ်ရှားနေသည်ဟု သိရသည်။
သူတို့၏ ကျေညာချက်ထဲတွင် မြန်မာပြည်၏ အကျပ်အတည်းများ၊ နိုင်ငံရေး ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတကာ ဖိအားများကိုသာ အားကိုးမျှော်လင့် မနေသင့်ဘဲ ပြည်တွင်း၌ တော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားရန် လိုအပ်သည်ဟု ဆက်လက် ရေးသားထားသည်။
“နိုင်ငံတကာရဲ့ ဖိအားတွေကိုတော့ ကျနော်တို့ အနေနဲ့ အများကြီး အားကိုးလို့ မရပါဘူး။ ဒါပေမဲ့ ဒီဖိအားတွေကို ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံ၊ ဘယ်အင်အားစုကပဲ ဖိအားပဲပေးပေး၊ တိုက်တွန်းချက်ပဲ ပေးပေး၊ ကျနော်တို့ ပြည်တွင်းက လူတွေက စစ်အာဏာရှင် အစိုးရကို တွန်းတာ မရှိဘူးဆိုရင် ဘယ်ပြည်ပ အင်အားကပဲ လာဖိဖိ ဒီအာဏာရှင် စနစ်ကြီးက မကျဆုံးသွားနိုင်ပါဘူး။ ပြည်တွင်းရဲ့ တွန်းအားတွေက လိုပါတယ်” ဟု ကိုကျော်ကျော်က ပြောဆိုသည်။
မျိုးဆက်သစ် လူငယ်များ အစည်းအရုံးနှင့် လက်တွဲကာ လှုပ်ရှားမှုများကို ဖော်ဆောင်နေသည့် People Union အဖွဲ့ကလည်း ယခုဖော်ဆောင်မည့် လှုပ်ရှားမှုမှ တစုံတရာ ထိရောက်မှု ရရှိလာနိုင်သည်ဟု ယခုလို ထောက်ခံ ပြောဆိုသည်။
“ကျနော့်အမြင်ကတော့ အဲဒီ အနေအထားမျိုးက ထိရောက်မှုတော့ အနည်းငယ် ရှိသွားလိမ့်မယ်။ အခုအချိန်မှာက သံဃာတွေက ဘယ်လိုဖြစ်နေလဲဆိုတော့ အားငယ်နေတဲ့ သံဃာတွေ ရှိတယ်ဗျ။ သူတို့ စိတ်ထဲမှာ ရှိတာကတော့ ပြည်သူတွေက မပါတော့ဘူး၊ သွေးအေးသွားပြီပေါ့။ အဲလို ဖြစ်နေတဲ့အခါမှာ ပြည်သူအများစုက ဒီလို လုပ်ပြလိုက်ရင် သူတို့လည်း တအားတက်လာလိမ့်မယ်။ တနည်းအားဖြင့် ပြောရရင် ကျနော်တို့ ပြည်သူတွေက သံဃာတော်တွေကို အားပေးလိုက်တဲ့ သဘောမျိုး ဖြစ်သွားလိမ့်မယ်” ဟု People Union အဖွဲ့ဝင်တဦးက ပြောသည်။
နအဖ စစ်တပ်၏ ဆန္ဒပြသံဃာနှင့် လူထုအပေါ် အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးမှုအပေါ် မကျေနပ်ကြသည့် ပြည်သူများက တော်လှန်ရေး နောက်ပိုင်း မျိုးဆက်သစ် လူငယ်များ အစည်းအရုံး Generation Wave)/ People Union, Civilian Community, Freedom fighters စသည့် အစုအဖွဲ့များ ဖွဲ့စည်းကာ အစိုးရ ဆန့်ကျင်ရေး စာရွက်များ ဝေငှခြင်း၊ အစိုးရထုတ် သတင်းစာများကို ဆုတ်ဖြဲ လွှင့်ပစ်ခြင်း၊ လမ်းဘေး အုတ်နံရံများတွင် မှုတ်ဆေးဖြင့် စစ်အစိုးရကို ရှုံချသည့် စာသားများ ရေးသား နေကြသကဲ့သို့ ပြည်သူအချို့ကလည်း ရရာနည်းလမ်းဖြင့် ဆန္ဒထုတ်ဖော် လာခဲ့ကြသည်။
“ဒီရွှေဝါရောင် တော်လှန်ရေး နောက်တကြိမ် ပြန်စဖို့ဆိုတာက ကျနော်တို့ တဖွဲ့ထဲ မဟုတ်ပါဘူး။ ကျနော်တို့အရင် ရှိနေပြီးသား အဖွဲ့တွေ ပေါင်းပြီးတော့ All Groups under one flag ပေါ့နော်၊ သာသနာ့ အလံတော်အောက်မှာ ကျနော်တို့ ရှိသမျှအဖွဲ့တွေ ပေါင်းပြီး ဆင်နွှဲသွားမှာပါ” ဟု ကိုကျော်ကျော်က ပြောဆိုသည်။

No comments: