Sunday, September 23, 2007

ဆန္ဒပြ သံဃာတော်များကို ဒေါ်စု မျက်ရည်ဖြင့် ဖူးမျှော်

ရန်ကုန်ဆန္ဒပြ သတင်းများ
6:15 PM
ဆူးလေဘုရားတွင် ဆန္ဒပြ သံဃာတော်များ အားလုံးက မေတ္တာတရား ရှေ့ထား၍ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ကြရေးသည် သူတို့ အားလုံး၏ ဆန္ဒ ဖြစ်သည်ဟု သဘောတူညီချက် ရခဲ့ကြသည်။

5:50 PM
ဆူးလေ ဘုရားပေါ်တွင် သံဃာတော် ၁၅ ပါးစီ အဖွဲ့များဖွဲ့ကာ မည်သို့ ဆက်လုပ်သွားသင့်သည်ကို ဆက်လက် ဆွေးနွေး ခဲ့ကြသည်။ ဘုရား အရောက်တွင် လူအင်အား ၅ ထောင်ကျော် ရှိခဲ့ပြီး “လက်ခုတ်သံတွေက ဟိန်းနေတာပဲ” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။ ထို့နောက် လူစုခွဲလိုက်ကာ ယနေ့ ဆန္ဒပြပွဲ အဆုံးသတ်လိုက်သည်။

5:20 PM
ဆန္ဒပြသူများကို ဒေါ်အောင်ဆန်းစုကြည် တွေ့မြင်

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ အရောက်တွင် ဆန္ဒပြ သံဃာတော်ပေါင်း ၂ဝဝဝ ကျော် ရှိခဲ့ပြီး ဒေါ်စုကလည်း သံဃာတော်များကို ရှိခိုးဖူးမျှော်ခဲ့သည်။ ဆန္ဒပြ သံဃာတော်များနှင့် လူစုကြီးကို နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်း စုကြည်က ၁၅ မိနစ်ခန့် နေအိမ်ဝင်း အတွင်းမှ ထွက်ကြည့်ခဲ့သည်။

ဆန္ဒပြသူများက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ။” ဟု ဆုတောင်း အော်ဟစ် ခဲ့ကြပြီး ဆက်လက် ချီတက်ခဲ့ကြရာ ယခု ဆူးလေဘုရားသို့ ရောက်ရှိနေပြီဟု သိရသည်။

“ဒေါ်အောင်ဆန်း စုကြည် ထွက်လာတယ်။ အင်္ကျီအဝါလေးနဲ့ အဲဒီမှာ ၁၅ မိနစ်လောက် ဒေါ်အောင်ဆန်း စုကြည်ကို ဒေါ်အောင်ဆန်း စုကြည် ကျန်းမာပါစေ ဆိုပြီးတော့ အော်ပြီးတော့ ဆက်ပြီး လျောက်လာတာ အခု ဆူးလေဘုရားကို ရောက်ပြီး ဘုရားပေါ် တက်သွားကြပြီ။ ဒေါ်အောင်ဆန်း စုကြည် ခြံဝင်းဘက်ကနေပဲ ထွက်လာတာပေါ့။” ဟု မျက်မြင်သက်သေ တဦးက မဇ္ဈိမ သို့ ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ အရောက်တွင် ဆန္ဒပြ သံဃာတော်ပေါင်း ၂ဝဝဝ ကျော် ရှိခဲ့ပြီး ဒေါ်စုကလည်း သံဃာတော်များကို ရှိခိုး ဖူးမျှော်ခဲ့သည်။

“၁၂ နာရီ ကျော်ကျော်လောက်မှာ လှည်းတန်းကနေ တက္ကသိုလ် ရိပ်သာလမ်း ဒေါ်စု အိမ်ရှေ့ကို ဖြတ်တယ်။ ဒေါ်စုက ဘုန်းကြီးတွေကို ထွက်ဖူးမျှော်ခဲ့တယ်။ အထဲကနေပေါ့။ သံဃာထုကတော့ ၂ဝဝဝ ကျော် ရှိတယ်။ လုံခြုံရေးကတော့ ပုံမှန် အရင်အတိုင်းပဲ၊ အားလုံး အေးအေးဆေးဆေးပါပဲ။ လမ်းတွေလည်း ရှင်းထားတာ ထင်တယ်၊ ရှင်းနေတာပဲ။ ကမ္ဘာအေး ဘုရားလမ်းအတိုင်း တောက်လျှောက် လျှောက်လာတာ အခုဆူးလေမှာ ရောက်နေပြီ။ လူထုတွေကတော့ အများကြီးပဲ။ ကျနော်တို့က နောက်မှ ရောက်တာဆိုတော့ အရေအတွက်တော့ သိပ်မှန်းမရဘူး” ဟု လိုက်ပါ အားပေးနေသူ တဦးက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်း စုကြည်သည် မျက်ရည်ကျခဲ့ပြီး သူလည်း မျက်ရည် ကျခဲ့ရကြောင်း သံဃာတော် တပါးက ပြန်လည် ပြောပြသည်။

4:05 PM
ရန်ကုန် ဆန္ဒပြ သံဃာတော်များနှင့် လိုက်လံ အားပေးနေသော လူစုကြီးသည် ဒေါ်အောင်ဆန်း စုကြည် နေအိမ် တည်ရှိရာ တက္ကသိုလ် ရိပ်သာ လမ်းမကြီးပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

3:55 PM
ရန်ကုန် ဆန္ဒပြသံဃာတော်များနှင့် လိုက်လံအားပေးနေသော လူထုကြီး လှည်းတန်းမှာ ရောက်ရှိနေသည်။

ရန်ကုန်ဆန္ဒပြပွဲ

မြန်မာစံတော်ချိန် မွန်းလွဲ ၂း၁၀ မိနစ် မြေနီကုန်းတွင် ဘုန်းကြီးများ လှည်းတန်းသို့ ချီတက်လျက် ရှိသည်။ ဘုန်းကြီးအပါး ၁၀၀၀ ကျော် တော်လှန်ရေး ပန်းခြံဘက်မှ မြေနီကုန်း၊ မြေနီကုန်းဘက်မှ ဟံသာဝတီ အဝိုင်းဘက်သို့ သုံးပါးတတွဲ မေတ္တာသုတ်များ ရွတ်ဆို ချီတက်သွားပါသည်။ ဘေးဘက်မှ လိုက်ပါလာသည့်သူ ငါးရာလောက် ရှိပြီး မြေနီကုန်းတွင် လမ်းများ ပိတ်ဆို့ကုန်ပါသည်။ လမ်းနဘေး ဘုန်းကြီးကျောင်းများနှင့် လမ်းအနီးတွင် ရှိနေသည့် ဘုန်းကြီးများမှလည်း ဝင်ရောက်ပါဝင် ပူးပေါင်းလျက် ရှိသည်။


နိုင်ငံတဝှမ်း ဆန္ဒပြ သတင်းများ
7:00 PM
ကော့မှူးတွင် ဆန္ဒပြ

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင်လည်း ယနေ့ နေ့လည် ၁၂ နာရီခန့်က သံဃာတော် အပါး ၁ဝဝ ခန့်က ဆန္ဒပြခဲ့ကြရာ လူ ၁ဝဝဝ ခန့် လိုက်ပါခဲ့ကြသည်။

6:50 PM
စစ်ကိုင်းမှာ ပထမအကြိမ် သံဃာထု ဆန္ဒပြပွဲ ပြုလုပ်

စစ်ကိုင်းတိုင်း မြို့တော် စစ်ကိုင်းတွင် ယနေ့ ၁၂ နာရီခွဲခန့်မှ စတင်ကာ သံဃာတော် အပါး ၂ဝဝ ခန့်သည် ကံဆောင် သပိတ်မှောက်သည့် အနေဖြင့် မြို့တွင်း၌ လှည့်လည်ကာ ပရိတ် ရွတ်ဖတ်ခဲ့သည်။

မြို့ခံ တဦးက “စစ်ကိုင်းက ဒီနေ့ ထွက်တယ်လေ။ နေ့ခင်းပိုင်းလောက်က သံဃာ ၂ဝဝ ဝန်းကျင်လောက် ရှိတယ်။ စစ်ကိုင်း တောင်ပေါ်ကနေ ဆင်းလာပြီးတော့၊ ဈေးကို ပတ်ပြီးတော့ မြို့နယ်ရုံး ဘက်ကိုသွား၊ အဲဒီကနေမှ တခါ ဒူပါရုံ ဘုရားကနေ မင်းလမ်းတောင်ပေါ်ကို ပြန်ကြွသွားကြတာ။ ပရိတ်တွေ ဘာတွေ ရွတ်ကြတာပေါ့။ အားပေးတဲ့ လူထုကတော့ ရှိပါတယ်။ သူတို့ကတော့ ဆိုင်ကယ်တွေနဲ့၊ လမ်းလျှောက်လည်း လိုက်အားပေးကြတာပေါ့။ အာဏာပိုင် အဖွဲ့အစည်းတွေကလည်း ဘာမှ လုပ်တာတော့ မရှိပါဘူး။ အေးအေးဆေးဆေးနဲ့ ပြီးသွားတာပါပဲ။ ဟိုက ထွက်လာတာတော့ ၁၂ နာရီခွဲလောက်က ဖြစ်မယ်။ ဒီရောက်တာနဲ့ ပြန်တာနဲ့ဆိုတော့ ၃ နာရီခွဲလောက် ရှိမယ်။ အာဏာပိုင်တွေက အရပ်ဝတ်တွေနဲ့တော့ ရှိပါတယ်။ ဒါပေမဲ့ ဘာမှ ဟိုလို လုပ်တာမျိုးတော့ မရှိပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

6:20 PM
မုံရွာသံဃာတော်များ တတိယနေ့မြောက် ဆန္ဒပြ

မုံရွာသံဃာတော် အပါး ၃ဝဝ ခန့်သည် ယနေ့ မွန်းတည့်ချိန်တွင် မြို့တွင်းသို့ လှည့်လည်ကာ ပရိတ်ဖတ် ဆန္ဒပြခဲ့ကြသည်။

“ဒီနေ့ မုံရွာမှာ ထပ်ပြီး ဆန္ဒပြတယ်။ ဘုန်းကြီးကျောင်း တိုက်ငယ်လေးတွေက စုပြီးတော့ ပြတာပါ။ သာသနာ့ အလံကို ကိုင်ပြီးတော့ လမ်းလျှောက်တယ်။ ဘုရားကြီး အရှေ့မုဉ်ကနေ ဝင်ပြီးတော့ ဘုရားကို ဝတ်ပြုကြတယ်။ မြောက်ဘက်မုဉ်ကနေ ရွှေစည်းခုံ ဘုရားဘက် ရှိရာကို ကြွချီ်တယ်။ တချို့ ဘုန်းကြီးတွေကတော့ ဘုရားကို မဝင်ဘဲ ဗိုလ်ချုပ်ကြေးရုပ် လမ်းမကြီးအတိုင်း သာစည် လမ်းဘက်ကို ပရိတ်ရွတ် လမ်းလျှောက်သွားခဲ့တယ်” ဟု မြို့ခံတဦးက ပြောသည်။

နောက်တဦးကတော့ “လူထုတွေကတော့ လမ်းဘေးကနေ ဖူးမျှော်ကြတာပေါ့နော်၊ ကန်တော့ကြတယ်။ အအေးတွေ၊ ဖျော်ရည်တွေ၊ သောက်ရေတွေ ကပ်လှူကြတယ်။ အဲဒီကတဆင့် ပေ ၈ဝ လမ်းဘက်ကို လျှောက်ပြီးတော့ ကျောင်းတိုက်တွေဆီကို ပြန်ကြွသွားတယ်” ဟု ပြောသည်။

ယနေ့ မုံရွာမြို့တွင်း၌ လုံခြုံရေး အခြေအနေသည် တည်ငြိမ် အေးဆေးလျက် ရှိကြောင်း သိရသည်။

6:15 PM
ကွမ်းခြံကုန်းမှာ သံဃာတော်များ ကံဆောင် ဆန္ဒပြ

ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့ရှိ ဘုန်းကြီးကျောင်းစုံမှ သံဃာတော် ၅ဝဝ ခန့်က ယနေ့ နေ့ခင်းတွင် လမ်းလျောက် ဆန္ဒပြခဲ့ကြသည်။

ကျောင်းပေါင်း ၂၂ကျောင်းမှ သံဃာတော်များသည် သာသနာ့ အလံ ၆ ခု ရှေ့တွင် ကိုင်ဆောင်ပြီး ပရိတ်ရွတ်ဆိုကာ မြို့တွင်း လှည့်လည် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

“ပြည်သူလူထုကလည်း အားပေးကြပါတယ် ဘေးကနေပြီးတော့။ သူတို့ အိမ်တွေ အိမ်ရှေ့တွေမှာ ထွက်ပြီးတော့ ရှစ်ခိုးကြတာပေါ့။ အဲဒီမှာ တကာတွေက နောက်ကနေ လိုက်ပါလာကြပါတယ်။ လူတော်တော်များများ လိုက်ပါ လာကြပါတယ်။” ဟု ဆန္ဒပြ သံဃာတော်တပါးက မဇ္ဈိမ သို့ ပြောပြသည်။

“သံဃာ့ တပ်ပေါင်းစုကနေပြီးတော့ ကြေငြာချက် ထုတ်ထားတာ၊ ပခုက္ကု သံဃာတွေ ဓါတ်တိုင်မှာ ရိုက်ပြီးတော့ ဓါတ်တိုင်မှာ ချည်ပြီးတော့ ရိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရက မတောင်းပန်တဲ့ အတွက်ကြောင့် ဦးပဉ္စင်းတို့လည်း ကံဆောင်တယ်လေ။” ဟု ဦးပဉ္ဇင်းက ဆက်ပြောသည်။

သံဃာများကို ဂါရဝပြု အားပေးသူ လူထု အင်အား ၅ ထောင်ကျော် ရှိသည်ဟု ဒေသခံများက ပြောသည်။

4:30 PM
တောင်တွင်းကြီးတွင် သံဃာတော်များ စစ်အာဏာပိုင်များကို သပိတ်မှောက်ကံဆောင် ဆန္ဒပြ

တောင်တွင်းကြီးမြို့တွင် သံဃာတော် ၇ဝ ခန့်နှင့် လူအင်အား ထောင်ပေါင်းများစွာသည် ငြိမ်းချမ်းစွာ လမ်းလျောက် ဆန္ဒပြခဲ့ကြသည်။

နေ့လည် ၁ နာရီခွဲခန့်တွင် သံဃာတော်များသည် သုံးပါးတတန်း စီတန်းကာ ရွှေအင်းတောင် ဘုရားသို့ ရောက်ရှိ ကမ္မဝါဖတ်ပြီး၊ ဘုရား ၃ ပတ်ပတ်ကာ အနောက်ဘက် မုဉ်ဦးမှသည် မြို့ထဲသို့ မေတ္တာသုတ်ရွတ် ချီတက် ခဲ့ကြသည်။

ဗိုလ်ချုပ်လမ်းမှအထွက် ပုလဲလမ်းတွင် ပြည်သူလူထု လက်ခုတ်တီး လိုက်ပါလာခဲ့ကြသည်။

ထို့နောက် ရတနာ ပေါင်းချုပ်လမ်းမှ မကွေးလမ်း၊ ပြည်လမ်း၊ ရွှေမော်တော ဘုရားလမ်း၊ နေရှင်နယ် ကျောင်းလမ်းမှသည် ရွှေအင်းတောင်သို့ ရောက်ခဲ့ကြသည်။

“ဘေးကတစ်ချို့ကလဲ ဓါတ်ပုံတွေ ရိုက်ကြတယ်။ လက်ခုတ်တွေတီး၊ အမေအိုတွေရော၊ ကလေးတွေရော၊ ကျောင်းသားတွေရော တမြို့လုံးနီးပါး ဖြစ်သွားတယ်။ မြို့တစ်မြို့လုံး နီးပါး ပတ်ဖြစ်သွားတယ် ဆိုတော့ ပရိသတ်တွေက သောင်းဂဏန်း ရှိသွားတယ်။” ဟု မျက်မြင်သက်သေ တဦးက မဇ္ဈိမ သို့ ပြောပြသည်။

၁ နာရီ ခွဲခန့်ကြာ ဆန္ဒပြမှုသည် သံဃာတော်များ အနေဖြင့် စစ်အစိုးရ အာဏာပိုင်များနှင့် မိသားစုများကို မပတ်သက်ရေး သပိတ်မှောက် ကံဆောင်ခြင်းကိုလည်း ပြသခဲ့ခြင်း ဖြစ်သည်ဟု ဆန္ဒပြ သံဃာတော် တပါးက ပြောသည်။

3:45 PM
ရေနံချောင်းလည်း ဆန္ဒပြပြန်ပြီ

ရေနံချောင်းမြို့နယ်တွင် သံဃာတော် အပါး ၂ဝဝ ခန့်က ယနေ့ နေ့လည်တွင် မေတ္တာသုတ်များ ရွတ်ဆိုကာ ဆန္ဒပြခဲ့ကြသည်။

နေ့လည် ၁၂ နာရီခွဲခါနီးမှစ၍ သံဃာတော် ၂ ပါးတတွဲ စီတန်းကာ ရွှေကြံဂုံ ရွာသစ်လမ်းမှသည် မြို့လယ်ရှိ ရတနာမြေသူ ဘုရားသို့ ချီတက်ပြီး မိနစ် ၂ဝ ခန့် ဝတ်ပြု ဆုတောင်းခဲ့ကြသည်။ ထို့နောက် ဈေးအရှေ့ဘက် လမ်းမှသည် မြတ်စောညီနောင် ဘုရားသို့ ဆက်လက် ချီတက်ခဲ့ကြကာ မေတ္တာသုတ် ရွတ်ဆို ဘုရားဝတ်ပြုပြီး လူစုခွဲလိုက်ကြသည်။

ဈေးနားသို့ ရောက်သောအခါ လူထုအင်အား ၂ ထောင်ကျော်က ဆရာတော်များကို ဝတ်ပြုရှိခိုး၊ လက်ခုတ်တီး အားပေးကာ ရေသန့်ဗူးများ ကပ်လှုခြင်း ပြုလုပ်ခဲ့ကြသည်။

“လုံခြုံရေး အခြေအနေကတော့ အခု မရက ဥက္ကဌတော့ မပါဘူး။ အတွင်းရေးမှူးတော့ ပါတယ်။ နောက်စခန်းမှူးပါတယ်။ နယ်ထိန်းအားလုံး ပါတယ်။ စရဖ ပါတယ်။ သူတို့ ဆိုင်ကယ်တွေနဲ့ ဘေးကနေ လိုက်ပြီးတော့ ကြည့်တာရှိတယ်။ ဓါတ်ပုံရိုက်တာ ရှိတယ်။ တောက်လျှောက် သတင်းပို့နေတာပေါ့နော်။ ကျန်တဲ့ နှောက်ယှက်မှုကတော့ မပြုဘူး။” ဟု ဆန္ဒပြမှုကို စောင့်ကြည့်ခဲ့သူ ဒေသခံတဦးက ပြောသည်။

3:15 PM
ရန်ကုန်က လာသော အေပီသတင်း တရပ်အရ တနိုင်ငံလုံး၏ သံဃာထက်ဝက်ကျော် နေထိုင်ရာ မန္တလေးတွင် ဆန္ဒပြ သံဃာတော်များ တသောင်းခန့် ရှိနေပြီဟု သိရသည်။

3:10 PM
တောင်တွင်းကြီး ဆန္ဒပြမှု

တောင်တွင်းကြီးတွင် သံဃာတော်အပါး ၁ဝဝ ခန့် စစ်အစိုးရကို ဆန့်ကျင် ဆန္ဒပြလျက် ရှိသည်။

သံဃာတော် ၃ဝဝဝ မန္တလေးမှာ ဆန္ဒထပ်ပြပြန်ပြီ
မြန်မာစံတော်ချိန် ၁ နာရီ၊ မိနစ် ၂ဝ (သတင်းပေးပို့ချက်)

သံဃာတော် အင်အားက ၃ဝဝဝ ပတ်ဝန်းကျင် ရှိတယ်။ လမ်းမှာတော့ ဘာမှ အနှောင့်အယှက် မရှိပါဘူး။ သံဃာတော် တွေ ကိုယ်၌ကိုက ဖုန်းနဲ့ဖြစ်ဖြစ်၊ ကင်မရာနဲ့ ဖြစ်ဖြစ် ဓာတ်ပုံရိုက်တာ ခွင့်မပြုဘူး။ မန္တလေးမြို့ရှိ မစိုးရိမ် ကျောင်းတိုက် တိုက်ဟောင်းနှင့် တိုက်သစ်မှ သံဃာတော် အပါး ၃ဝဝဝ ခန့်သည် ယနေ့ နံနက် ၉ နာရီခန့်မှ စတင်ကာ မန္တလေး မြို့တွင်းသို့ ခြေကျင် လှည့်လည်ကာ ပရိတ် ရွတ်ဖတ်ခြင်းကို ပြုလုပ်ခဲ့သည်။

အခြေအနေ အသေးစိတ်ကို မန္တလေး ဒေသခံတဦး ပြောပြချက်အတိုင်း တင်ပြလိုက်ပါ သည်။

“ဒီကနေ့ မစိုးရိမ် တိုက်သစ်၊ တိုက်ဟောင်းက ထွက်တယ်။ ၃၈ လမ်းအတိုင်း အထက်ကိုတက်တယ်။ နောက်ပြီး ၈၂ လမ်းအတိုင်း မြောက်ဘက်ကို ချီတက်တယ်။ သံဃာ ၅ ပါး တတွဲပေါ့၊ တန်းစီပြီးတော့ မေတ္တာသုတ် ရွတ်တယ်။ အဲဒီကနေမှ ၂၆ ဘီလမ်းအတိုင်း ဈေးချို နာရီစင်ကို ဖြတ်တယ်။ ဈေးချို နာရီစင်ကနေ အိမ်တော်ရာ အနောက်ဘက် လမ်း ၉ဝ လောက်ကျတော့ ကျနော်တို့ တောင်ဘက်ကို ပြန်ချိုးတယ်။ အဲဒီကနေ ပြီးတော့မှ ၃၅ အေလမ်းအတိုင်း ပြန်ချိုးသွားတယ်။ အဲဒီ ၃၅ လမ်းကနေ အရှေ့ဘက်ကို တည့်တည့် ပြန်ကြွလာပြီးတော့မှ မစိုးရိမ် ကျောင်းတိုက်ရှိတဲ့ တောင်ဘက်ကို ပြန်ကြွသွားတယ်။ ၅ ပါးတတွဲစီနဲ့ လျှောက်တယ်။

သံဃာတော် အင်အားက ၃ဝဝဝ ပတ်ဝန်းကျင် ရှိတယ်။ လမ်းမှာတော့ ဘာမှ အနှောင့်အယှက် မရှိပါဘူး။ သံဃာတော်တွေ ကိုယ်၌ကိုက ဖုန်းနဲ့ဖြစ်ဖြစ်၊ ကင်မရာနဲ့ဖြစ်ဖြစ် ဓာတ်ပုံရိုက်တာ ခွင့်မပြုဘူး။

လူထု ပရိသတ်ကတော့ လမ်းတွေ ပိတ်ဆို့သွားမှာ စိုးလို့ လမ်းဘေးကနေ ရပ်ကြည့်ကြပါတယ်။ ပြီးတော့ ပြည်သူတွေက သံဃာတော်တွေ နောက်ကနေ ခြေကျင်နဲ့ ရတနာ စက်ဘီးဆိုင်ထိ လိုက်ခဲ့ကြတယ်။ ပရိသတ်ကတော့ လမ်းအပြည့်ပါပဲ။ အထူးသဖြင့် လူစည်ကားတဲ့နေရာ ဈေးချိုတို့လို နေရာမျိုးကို ဖြတ်တဲ့အခါကျတော့ အကုန် ကြပ်ညှပ်သွားတာပေါ့ဗျာ။ ရေကမ်းတာတော့ အစောပိုင်းမှာ မရှိပေမယ့် အိမ်တော်ရာတို့၊ ၃၅ လမ်းဘက်တို့ကို ရောက်လာတဲ့ အခါကျတော့ သံဃာတော်တွေက လျှောက်လာတာလည်း ကြာပြီဆိုတော့ ရေသန့်ဗူးတွေ ကမ်းပြီးတော့ ရေတိုက်ကြတယ်။

၉ နာရီနောက်ပိုင်းလောက်မှာ စတယ်၊ ၁၂ နာရီခွဲလောက်မှာ ပြီးသွားတယ်။ ၃ နာရီလောက် လျှောက်တာပေါ့။ မိုင်အားဖြင့် ဆိုရင်တော့ ၁ဝ မိုင်လောက် ရှိမယ်။ ဘာမှ အနှောင့်အယှက်တွေ မရှိဘူး။ သံဃာတော်တွေက မေတ္တာသုတ်တွေ ရွတ်ဖတ်ပြီးတော့ ပုံမှန်ပဲ တန်းစီပြီး လျှောက်တယ်။ အရှေ့ဆုံးမှာ သာသနာ့ အလံ ကိုင်ဆောင်ပြီး ချီတက်တယ်။

No comments: