Tuesday, September 4, 2007

မီဒီယာကို မီဒီယာနဲ့ တိုက်မယ် ဆိုရင် …

ကျော်ထင်
စက်တင်ဘာလ ၄ ရက်၊ ၂ဝဝ၇ ခုနှစ်
ဒီလ ၁ ရက်နေ့ထုတ် မြန်မာ စစ်အစိုးရ သတင်းစာမှာ ပြည်ပ အခြေစိုက် အသံလွှင့်ဌာန တခုက သတင်းမှား ထုတ်တယ် ဆိုတာ ပါလာတော့ ပြန်ကြားရေး ဝန်ကြီးဆိုသူ ပြောပြောနေတဲ့ မီဒီယာကို မီဒီယာနဲ့ တိုက်မယ် ဆိုတဲ့ အချက်ကို သွားသတိရပါတယ်။

မန္တလေးမှာ ဆန္ဒပြတယ် ဆိုတာ တကယ် မဟုတ်ဘူးလို့ သတင်းစာက ပြောပါတယ်။ သတင်းမှာ ပါတဲ့အတိုင်း မန္တလေးမှာ ဆန္ဒမပြကြဘူး ဆိုတဲ့ သတင်းကိုသာ မဟုတ်မှန်ဘူး ဆိုရင် နိုင်ငံအနှံ့ တခြား နေရာတွေမှာ ဒီနေ့အထိ ဆန္ဒပြတာတွေ၊ ဓာတ်ပုံ၊ ဗွီဒီယို မှတ်တမ်းတွေက ပြည်ပ အခြေစိုက်ရော၊ ပြည်တွင်း အခြေစိုက် နိုင်ငံခြား သတင်းဌာနတွေ ထုတ်လွှင့် နေကြတာကိုရော ဟုတ်ပါတယ်လို့ ဝန်ခံနေသလို ဖြစ်နေပါတယ်။

သတင်း မီဒီယာ တခုဟာ ဖြစ်ပျက်နေတဲ့ အခြေအနေပေါ်မှာ ပြည်သူလူထုကို သတင်းမှန်တွေ ထုတ်လွှင့် ရေးသားနိုင်ဖို့ အတွက်ကတော့ ကြိုးစားကြမှာချည်းပါပဲ။ တကယ်လို့ နအဖ စွပ်စွဲလိုက်တဲ့ အဲဒီ ပြည်ပ မီဒီယာထုတ်တဲ့ သတင်းဆိုတာ မှား၊ မမှား ဆိုတာ နားထောင်သူ၊ စာဖတ်သူ၊ ကြည့်ရှုသူကပဲ အကဲဖြတ်သွားမှာပါ။ လိမ်ညာလို့ မရတာကတော့ စစ်အစိုးရထုတ် သတင်းစာတွေထဲက ပြည်သူလို့ အမည်ခံထားတဲ့ ကြေးစား လူမိုက်တွေရဲ့ အကြမ်းပတမ်းလုပ်တဲ့ လုပ်ရပ် အထောက်အထားတွေ ကတော့ ပြည်တွင်းရော၊ ကမ္ဘာအနှံ့ပါ ပြန့်နေပါပြီ။ တကယ်တမ်း မီဒီယာကို မီဒီယာနဲ့ တိုက်ချင်တယ်ဆိုရင် ပြည်တွင်းမှာ မြန်မာ့အလင်း၊ ကြေးမုံဆိုတာ ဘယ်အဆင့်ရှိတယ် ဆိုတာလည်း စာဖတ်သူ ဆန္ဒ၊ သဘောထား အမှန်ကို ကောက်ခံဖို့ လိုပါလိမ့်မယ်။ ပြည်သူတွေ အဲဒီ သတင်းစာကို ဖတ်တယ် ဆိုတာကလည်း စစ်ဗိုလ်တစု ဘယ်လောက်အထိ ဆက်မိုက်နေသလဲ ဆိုတာ သိဖို့လောက်ပါပဲ။ နောက်တခုက သတင်း လွတ်လပ်ခွင့် သဘောကိုလည်း စစ်ဗိုလ်တစု တီးမိခေါက်မိ ရှိဖို့တော့ လိုလိမ့်မယ်။

ခင်မင်ရင်နှီးတဲ့ ပြည်တွင်း မဂ္ဂဇင်း အယ်ဒီတာဟောင်း တယောက် ပြောဖူးပါတယ်။ သူက “ပြန်ကြားရေး ဝန်ကြီး ဗိုလ်ကျော်ဆန်း အနားမှာ မြတ်ခိုင်၊ ဟိန်းလတ်၊ ဒေါက်တာ တင်ထွန်းဦး၊ ကိုကို (စက်မှု တက္ကသိုလ်) တို့လို လူတွေ အခါတော် ပေးနေသမျှ ဒီဝန်ကြီးကတော့ ဖွတ်တက်တာပဲ” တဲ့။ သတင်းမီဒီယာ ဆိုတာ ဖြစ်ရပ်ကို ဖြစ်ရပ်အတိုင်း တင်ပြတယ် ဆိုတာကိုရော ဝန်ကြီးကို အဲဒီ အယ်ဒီတာရှုပ်တွေက ပြောဖူးပါသလား။ မြန်မာနိုင်ငံဟာ တကမ္ဘာလုံးမှာ မီဒီယာ လွတ်လပ်ခွင့် အနည်းဆုံး နိုင်ငံ စာရင်းထဲမှာ ပါနေဆိုတာကိုရော ဘာဖြစ်လို့ မြန်မာ့အလင်းနဲ့ ကြေးမုံတို့က ငြင်းချက် မထုတ်ရတာပါသလဲ။ စာပေစိစစ်ရေး လို့ခေါ်တဲ့ စာပေ ကင်ပေတိုင်အဖွဲ့ ဆိုတာကရော ကျနော်တို့ နိုင်ငံမှာ ဘာဖြစ်လို့ ရှိနေရတာလဲ။ ထို့အတူပဲ ဒါမျိုး ပိတ်ဆို့၊ တားမြစ် ပိတ်ပင်တဲ့ လက်ချိုး ရေတွက်ရမယ့် ထိပ်သီး နိုင်ငံတွေ စာရင်းတွေမှာ ဘာဖြစ်လို့ ဗမာပြည်က ထိပ်တန်း ကျနေရတာလဲ ဆိုတာကိုလည်း ရွှေဉာဏ်တော် စူးရှတဲ့ ဗိုလ်ချုပ် ဆိုသူတွေ စဉ်းစားကြရတော့မှာပါ။

အမှားဆိုတာ ပြောဖန်များလေလေ အမှန်ဖြစ်လာတယ် ဆိုတဲ့ အတွေးအခေါ်ကတော့ သူ့အတိုင်းအတာနဲ့ သူတော့ မှန်မှာပါ၊ ဒါပေမဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းက လက်ခံတဲ့ အမှန်တရား ကတော့ ဘယ်ခေတ် ဘယ်အခါမှ အပြောင်းအလဲ မရှိပါဘူး။ ကိုယ့်ကိုယ်ကို အစိုးရဆိုပြီး ခံယူထားတယ် ဆိုရင်တော့ အခုလို ပွင့်လင်းတဲ့ လူ့ဘောင်ခေတ်ကြီးမှာ မှန်မှန်ကန်ကန် ဝန်ခံဖို့တော့ လိုနေပါပြီ။ ဘယ်ဗျာ … အခုဟာက ‘တသက်လုံး ဖုံးထားသမျှ ကုန်းခါမှ ပေါ်’ ဆိုသလို မန္တလေး ဆန္ဒပြသတင်း တခုသာ မမှန်ဘူးဆိုရင် အဲဒီ သတင်းမှအပ ကျန်တာတွေ အကုန်မှန်တဲ့ သဘော ဖြစ်နေပါပြီ။ ‘ကြည့်လည်း လိမ်ညာကြပါအုံး ဆရာတို့’။ အခုကျမှ သတင်းမီဒီယာ ခေတ်နဲ့အညီ မီဒီယာကို မီဒီယာနဲ့ ပြန်နှက်မှရမယ် ဆိုတာကတော့ ရီစရာကြီးပါ၊ မီဒီယာဆိုတာ ဘာမှန်းလည်းမသိ၊ ခေါင်းညိတ် မီဒီယာသမားတွေက ပေးတဲ့ မဖြစ်စလောက် အကြံဉာဏ်တွေနဲ့သာ ဆက်ပြီး မိုက်နေမယ် ဆိုရင်တော့ စစ်အစိုးရရဲ့ မီဒီယာ အကုန်လုံးနဲ့ လုပ်ရပ်တွေဟာ သမိုင်း မြောင်းပုတ်ထဲက တက်လာတော့မှာ မဟုတ်ပါ။

အခုလို ပွင့်လင်းတဲ့ ကမ္ဘာ့ရွာခေတ်ကို ရောက်နေတဲ့ အချိန်မှာ မီဒီယာကို မီဒီယာနဲ့ တိုက်မယ်လို့ စဉ်းစား ထားရင်တော့ လွတ်လပ်စွာ ပြောဆိုခွင့်ကို သတ္တိရှိရှိရှိနဲ့ ဖွင့်ပေးဖို့ လိုပါလိမ့်မယ်။ တိုက်တယ် ဆိုရင်လည်း အောက်လမ်း မီဒီယာ ပုံစံမျိုးနဲ့သာ ဆက်တိုက်ပါ။ ဒါမှ ခင်ဗျားတို့တွေ ဘယ်အဆင့် ဖြစ်နေပြီ ဆိုတာကို ပြည်သူလူထုရော၊ နိုင်ငံတကာကပါ သိသထက် သိလာမယ်။ နောက်တခုက လွတ်လပ် ပွင့်လင်းတဲ့ မီဒီယာဟာ စစ်အာဏာရှင် စနစ်နဲ့ ဘယ်လိုမှ ဆက်စပ်လို့ မရဘူး ဆိုတာကိုလည်း စစ်ဗိုလ် လူမိုက်တသိုက် သိဖို့ လိုအပ်ပါတယ်။

No comments: