Monday, September 24, 2007

မြန်မာပြည်ရဲ့ ရွှေဝါရောင်တော်လှန်ရေး စတင်ပြီ၊ အနှစ် ၂ဝ အတွင်း အကြီးမားဆုံး

မြန်မာပြည်ရဲ့ ရွှေဝါရောင်တော်လှန်ရေး စတင်ပြီ၊ အနှစ် ၂ဝ အတွင်း အကြီးမားဆုံး

ခြင်ဆေး အားကိုးဖို့ ပြင်တဲ့ အာဏာရှင်

ရန်ကုန် မန္တလေး နတ်မောက် ဒိုက်ဦး မုံရွာ ကလေး ရေစကြို စစ်တွေ ပခုက္ကူ အောင်လံ ဆင်ဖြူကျွန်း ရေနံချောင်း မိုးကုတ်တို့တွင် ဆန္ဒပြနေပြီ

မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
စက်တင်ဘာလ ၂၄ ရက်၊ ၂၀၀၇ ခုနှစ်။

4:40 PM
လူ ၅ သောင်းကျော် ပါဝင်သော ဆန္ဒပြအဖွဲ့သည် တာမွေမြို့နယ်သို့ ရောက်ရှိနေကြသည်။ “ဒီမိုကရေစီ ရရှိရေး ဒို့အရေး” ဟူသော ကြွေးကြော် သံများ တိုင်သွားကြသည်။

4:10 PM
ဆူးလေဘုရား လမ်းပေါ်တွင် စုရုံး ဆန္ဒပြနေသူ လူသောင်းပေါင်း များစွာသော ဆန္ဒပြ လူထုကြီးသည် ဗိုလ်တထောင် ဘုရားဘက် ရွှေ့သွားနေ သည်။ မျက်မြင်များ အဆိုအရ လူတသိန်းကျော်အထိ ရှိနိုင်မည်ဟု သိရသည်။

4:05 PM
မြန်မာစံတော်ချိန် ၃ နာရီခွဲ

လူ ၅ သောင်းပါ ရန်ကုန်ဆန္ဒပြ စစ်ကြောင်းတခုသည် လှည်းတန်း လမ်းဆုံမှသည် ကမ္ဘာအေး ဘုရားဘက်သို့ ချီတက်သွားနေရာ ပြည်လမ်း ၆ မိုင်ခွဲကို မကြာမီက ဖြတ်သွားကြောင်း လိုက်လံ ကြည့်ရှုနေသူ တဦးက ပြောသည်။

2:45 PM
သမတရုံမှသည် ဆူးလေအထိ ဆူးလေ လမ်းမကြီးပေါ်တွင် ဆန္ဒပြသူများ ပြည့်နှက်နေသည်။ လူပေါင်း ၅ သောင်းခန့် ရှိမည်ဟု မျက်မြင် များက ခန့်မှန်း ပြောကြသည်။ မဇ္ဈိမက သတင်းယူနေချိန်တွင် လူအများ၏ လက်ခုတ်သံများကို ကြားနေရသည်။

2:00 PM
ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ အဖမ်းခံရသည် ဆိုသော သတင်းများ ထွက်ပေါ်နေသော်လည်း မဟုတ်မှန်ကြောင်းနှင့် ရွှေတိဂုံ ဘုရား ဆွမ်းလှူဒါန်းပွဲတွင် ရှိနေပါသည်ဟု နောက်ဆုံးသတင်း ရရှိသည်။

1:50 PM
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်တော့မည်

၁၉၉ဝ ခုနှစ် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ယနေ့ ရန်ကုန် ဆန္ဒပြပွဲတွင် ပါဝင်မည်ဟု နိုင်ငံရေး သတင်းရပ်ကွက်အရ သိရသည်။

အမျိုးသား ဒီမိုကရေစီ ရုံးချုပ်ရှေ့တွင် ဆန္ဒပြ သံဃာများနှင့် လူအများအတွက် ရေ၊ ဆေးများ ဝေငှမှာ ဖြစ်သည်။

ဆူးလေဘုရား အနီး သံဃာတော် တပါးက ငြိမ်းချမ်းရေးဖခင် ဆရာကြီး သခင် ကိုယ်တော်မှိုင်း ပုံများ လမ်းသွား လမ်းလာများကို ဝေငှ နေသည်ကို မဇ္ဈိမ အထောက်တော်များ တွေ့မြင်ကြရသည်။

1:45 PM
သံဃာတော်အပါး ၄ဝဝ ခန့်ရှိသော ဆန္ဒပြ အဖွဲ့ငယ်တခု ရေတာရှည် လမ်းမှသည် ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်သို့ သွားရောက် ပူးပေါင်းနေသည်။

1:40 PM
ရန်ကုန်ဆန္ဒပြပွဲ အဆင်သင့်ဖြစ်

ရန်ကုန်တွင် ဆန္ဒပြ သံဃာများနှင့် လူအများအပြား အဖွဲ့များခွဲကာ စုဝေးလျှက် ရှိသည်။ နေ့လည် ၁ နာရီတွင် စတင်မည့် ဆန္ဒပြပွဲကြီး အတွက် ပြင်ဆင်နေကြခြင်း ဖြစ်သည်။

မဇ္ဈိမအထောက်တော်များက ပေးပို့သော သတင်းအရ မြေနီကုန်းတွင် လူ ၅ဝဝဝ ခန့် စုရုံးနေသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင်လည်း လူ ၅ဝဝဝ ခန့် စုရုံးနေသည်ဟု သိရသည်။

1:00 PM
ရွှေတိဂုံဘုရား အရှေ့ဘက် မုဉ်ဦးတွင် ဆန္ဒပြ သံဃာတော်များကို ဆွမ်းဆက်ကပ် လှုဒါန်းနေခဲ့သည့် ရုပ်ရှင် သရုပ်ဆောင် ကိုကျော်သူကို ရဲများက ဖမ်းဆီးသွားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

12:35 PM
ရုပ်ရှင်မင်းသား ကိုကျော်သူနှင့်အတူ ကိုဇာဂနာ။ စာရေးဆရာ မင်းလူ။ ရုပ်ရှင်ဒါရိုက်တာ။ စာရေးဆရာ မောင်သဏ္ဏ တို့လည်း ပါဝင်ကာ ဆန္ဒပြ သံဃာတော်များအား ဆွမ်းဆက်ကပ် လှုဒါန်းလျှက်ရှိသည်။

11:55 AM
ရုပ်ရှင် သရုပ်ဆောင် ကျော်သူနှင့်အဖွဲ့က ရွှေတိဂုံဘုရား အရှေ့ဘက်မုဉ်တွင် ဆန္ဒပြသူသံဃာတော်များကို ထမင်းထုပ်များ ဝေငှလျှက်ရှိသည်။

ဗဟန်း အထက ၂ မှ ကျောင်းသားများကို နံနက် ၉း၃ဝ နာရီတွင် ကျောင်းလွှတ်ပေးလိုက်ကာ အိမ်သို့ ပြန်ခိုင်းလိုက်သည်။

11:25 AM
ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားလာပြီးနောက် ရန်ကုန်မြို့တွင် အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းအချို့ကို ယနေ့ ပိတ်လိုက်သည်။

11:00 AM
စစ်အာဏာရှင်က အကြမ်းဖက်တော့မှာလား

စစ်အစိုးရက ဆန္ဒပြသူ သံဃာတော်များကို ရက်စက်စွာ နှိမ်နင်းလိမ့်မည် ဆိုသော စိုးရိမ်ချက်များ ထွက်ပေါ်လာနေသည်။ မြန်မာပြည်တွင်း ဆန္ဒပြမှုများ အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်လာနေချိန်တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

မဇ္ဈိမက ရရှိထားသော သတင်းအရ စစ်အစိုးရ အနေဖြင့် လိုအပ်လျှင် မျက်ရည်ယို ဓာတ်ငွေ့သုံး၍ ဖြိုခွဲလိုသော်လည်း မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ဓာတ်ပျက်ပြယ်သွားမှာ ဖြစ်ရာ သုံး၍ မရနိုင်သည့် အခြေအနေကြောင့် အစားထိုး အနေဖြင့် ခြင်ဆေးဖြန်းရည် ပမာဏများများ လိုက်လံ ရှာဖွေလျှက် ရှိသည်။ ရန်ကုန် မြို့တော် စည်ပင်သာယာမှ ခြင်ဆေးရည်များ မှာယူခြင်းများ လုပ်လျှက် ရှိသည်။ ခြင်ဆေး အနံ့ကြောင့် လူစု ကွဲသွားလိမ့်မည်ဟု အာဏာပိုင်များ ယုံကြည်နေသည်။


နိုင်ငံတဝှမ်း ဆန္ဒပြ သတင်းများ
4:50 PM
တောင်တွင်းကြီး ဆန္ဒပြသူများက “ပြည်သူ့ဆန္ဒ ပြည့်ဝ” စေရန် တောင်းဆို

သီလရှင် ၃ဝ နှင့် သံဃာတော် ၁၂ဝ က “ပြည်သူ့ဆန္ဒ ပြည့်ဝပါစေ” စာတမ်းများ ကိုင်ဆောင်ထားသော ဆန္ဒပြပွဲ တခုကို တောင်တွင်းကြီးမြို့တွင် ယနေ့ ပြုလုပ်ခဲ့သည်။

“ပြည်သူလူထုက ငါးထောင်လောက် ပါတယ်။ အချိုရည်၊ ရေသန်းဗူး၊ ကွမ်းတွေကပ်တဲ့ လူတွေလဲ အများကြီး ကပ်ကြတယ်။ ပြည်သူတွေက အမျိုးသမီးတွေ ပိုများတယ်။ ဒီလမ်းဘေးမှာ ဈေးရောင်းတဲ့ အမေအိုကြီးတွေ အစ်မကြီးတွေ ဆိုလို့ရှိရင် အားလုံးက ဦးကုန်းချပြီ ထွက်ကြည့်ကြတယ်။ သီလရှင်တွေကလည်း ပါလာတယ် ဆိုတော့ အကုန်လုံး တစ်မြို့လုံးနီးပါး ကြည်ညိုကြတယ်။” ဟု မျက်မြင်သက်သေ တဦးက ပြောပြသည်။

နေ့လည် ၁ နာရီခွဲမှစတင်ပြီး ၃ နာရီကျော်တွင် ပြီးဆုံးသွားသည့် ဆန္ဒပြပွဲတွင် “ပြည့်သူဆန္ဒ ပြည့်ဝပါစေ” ဆိုသော ပိတ်ဖြူပေါ်တွင် ရေးသားထားသော ဆိုင်းဘုတ်ကြီး တခုကို တိုင်နှစ်ခု ထောင်ပြီး သံဃာတော်များက ရှေ့ဆုံးမှ ချီတက်ခဲ့ကြသည်။

ပြည်တော်ရေးကျောင်း၊ ဆွယ်တော်ပင်၊ ကံတော်မင်းကျောင်း၊ တောင်ဗိမာန်၊ အောင်မြေပုံ၊ မှန်ကျောင်း၊ တိုက်သစ်၊ မင်္ဂလာစေရုံ၊ ငါးဆင့်အရှေ့ အနောက်ကျောင်းများ အပါအဝင် ကျောင်းပေါင်း ၁ဝ ကျောင်းမှ သံဃာတော်များ ပါဝင်သည်ဟု သိရသည်။


ရခိုင်ကျောင်းသားလူငယ်များ တပ်ဦး ကလည်း ကျေညာချက်တခု ထွက်တယ်ဗျ။ စစ်တွေ တက္ကသိုလ် ကျောင်းသားတွေ စုပေါင်းပြီး ထုတ်လိုက်တာဗျ။ အဲဒီ အဖွဲ့ ကလည်း အခု လှုပ်ရှားမှုမှာ တက်တက်ကြွကြွနဲ့ ဆုံးတန်းတိုင်အောင် တိုက်ပွဲ ဝင်သွားမယ်လို့ ရေးထားတယ်ဗျ။ စစ်တွေ တက္ကသိုလ် ကျောင်းသားတွေက စစ်တွေ တက္ကသိုလ် ပရဝုဏ်ထဲမှာ ဖွဲ့လိုက်ပြီ 4:40 PM
စစ်တွေမှာ သံဃာအရပ်သား စုပေါင်းဆန္ဒပြ

မြန်မာစံတော်ချိန် ၃ နာရီ (သတင်းပေးပို့ချိန်)

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ကျောင်းတိုက် ဆရာတော်ကြီးများ၊ သံဃာတော် အပါး ၅ဝဝဝ ဝန်းကျင်၊ သီလရှင် ၅ဝဝ ခန့်နှင့်အတူ မြို့ခံ ပြည်သူ သောင်းပေါင်းများစွာ ချီတက် ဆန္ဒပြနေကြောင်း သိရသည်။

ဒေသခံများ ပြောဆိုချက်ကို တင်ပြ လိုက်ပါသည်။

“ဆရာတော် ဘုရားကြီး အပါး ၃ဝ က ဆရာတော် ဦးဥတ္တမ ပန်းခြံမှာ အရင် ချီတက်တယ်။ ဆရာတော်ကြီးတွေက မဟာမြတ်မုနိ ပုံတော်ရယ်၊ ဆရာတော် ဦးဥတ္တမ ပုံတော်ရယ်ကို ကိုင်ထားတယ်။ ဦးဥတ္တမ ရုပ်ထုအောက်မှာ စုရုံးကြတယ်။ ရုပ်ထုကို ၉ ပတ် ပတ်ပြီး ကတိသစ္စာ ဆိုကြတယ်ဗျ။

အဲဒီအချိန်မှာ သံဃာအပါး ၅ဝဝဝ နဲ့ လူပရိတ်သတ်က ၄-၅ သောင်းကျော်က မြို့ထဲမှာ လှည့်နေတာပေါ့။ အဲဒီကမှတဆင့် ဆရာတော်ကြီးတွေရှိတဲ့ ဦးဥတ္တမ ပန်းခြံရှိရာကို လာပြီး စုကြတယ်။ အလံတွေမှာ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး၊ သုံးပွင့်ဆိုင် ဆွေးနွေးရေး၊ မြန်မာ့အရေးကို ကုလသမဂ္ဂ ဝင်ရောက် ဖြေရှင်းပေးပါ ဆိုတာတွေလည်း ပါတယ်။

အဲဒီကနေ ဆရာတော်ကြီးတွေက အရင်စထွက်တယ်။ နောက်မှာက သံဃာ ၅ဝဝဝ နဲ့ သီလရှင် ၅ဝဝ လိုက်တယ်။ အဲဒီနောက်ကမှ HRDP လူ့အခွင့်အရေး မြှင့်တင်ရေး အဖွဲ့ကလည်း သူ့အဖွဲ့ အနေနဲ့ ထွက်တယ်ဗျ။ သူဆိုရင် ယူအန် အလံလည်း ထောင်ထားတယ်ဗျ။ အဲဒီနောက်မှာမှ ပရိတ်သတ်က သောင်းချီ ပါလာတာ။ အခု အားလုံးပေါင်းပြီး ပယက ရုံးဘက်ကို သွားနေတယ်။ လောလောဆယ် ဘာအနှောင့်အယှက်၊ အတားအဆီးမှ မရှိပါဘူး။ ၈၈ ခုနှစ်ကလိုပဲ ပြန်မြင်လာရတယ်”

“ရခိုင် ကျောင်းသားလူငယ်များ တပ်ဦးကလည်း ကျေညာချက်တခု ထွက်တယ်ဗျ။ စစ်တွေ တက္ကသိုလ် ကျောင်းသားတွေ စုပေါင်းပြီး ထုတ်လိုက်တာဗျ။ အဲဒီ အဖွဲ့ကလည်း အခု လှုပ်ရှားမှုမှာ တက်တက်ကြွကြွနဲ့ ဆုံးတန်းတိုင်အောင် တိုက်ပွဲ ဝင်သွားမယ်လို့ ရေးထားတယ်ဗျ။ စစ်တွေ တက္ကသိုလ် ကျောင်းသားတွေက စစ်တွေ တက္ကသိုလ် ပရဝုဏ်ထဲမှာ ဖွဲ့လိုက်ပြီလို့ ပြောတယ်ဗျ”

4:30 PM
မိုးကုတ်မှာ လူတသိန်းခန့် ဆန္ဒပြ

မိုးကုတ်မြို့တွင် သံဃာတော် ၂၅ဝဝ ခန့်နှင့် လူတသိန်းခန့်ပါရှိသော ဆန္ဒပြမှုကြီးတရပ် ပြုလုပ်လျှက် ရှိသည်။

“ကုန်ဈေးနှုန်း ကျဆင်းရေး ဒို့အရေး”၊ စစ်အစိုးရက “သံဃာတော်များကို တောင်းပန်ရေး”၊ “လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ” ဆိုသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားပြီး မေတ္တာသုတ် ရွတ်ဆိုကာ ညီညီညာညာ ဆန္ဒပြသူများသည် မြို့ကိုပတ်လျှက် ရှိသည်။

“လူငယ်တွေကလည်း သံဃာတွေဘေးကနေ ကာကွယ်ပေးတာပေါ့ရှင့်။ နှစ်ယောက် တစ်တွဲ၊ နှစ်ယောက် တစ်တွဲ။ အနောက်ဘက်ကလည်း အမျိုးသမီး သုံးယောက် တတန်းရှင့်။ မြို့လုံးကျွတ်ပါပဲ။” ဟု မြို့ခံ တဦးက မဇ္ဈိမသို့ ပြောပြသည်။

“ကျနော်တို့ မိုးကုတ် ဖောင်တော်ဦး ဘုရားကနေ စထွက်ပါတယ် ခင်ဗျာ။ ဒီမိုးကုတ် လမ်းမကြီးအတိုင်း ထွက်လာနေတယ် ထွက်လာပြီးတော့ ရုပ်ရှင်ရုံးကနေ ပြီးတော့မှ ၂-၃ မိုင်လောက် ရှိတဲ့နေရာကို ချီတက်ပြီးရင် ပြန်လာမယ် ထင်တယ်။” ဟု ဆန္ဒပြပွဲတွင် ပါဝင်သူ တဦးက ပြောသည်။

4:05 PM
မြစ်ကြီးနားမှာ ဒုတိယနေ့ ဆန္ဒပြပွဲ

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့တွင် ဒုတိယမြောက်နေ့အဖြစ် သံဃာတော် ၁၅ဝ ခန့်က ယနေ့ ဆက်လက် ဆန္ဒပြ နေကြသည်။

ယုဇနရပ်ကွက် ကျောင်းထိုင် ဘုန်းကြီးကျောင်းမှ ယနေ့ နေ့လည် ၁ နာရီခွဲက ဆန္ဒပြသူများ စတင်ထွက်ပြီး ဘူတာလမ်း၊ ဝန်းသိုကျောင်း၊ ဈေးကြီး၊ အောင်ဆန်းလမ်းမှသည် ဆုတောင်းပြည့် စေတီသို့ ချီတက်ခဲ့ကြသည်။

ထို့နောက် ခေတ္တနား၍ အထက (၁) ကျောင်းလမ်း၊ ဆေးရုံလမ်း၊ ရန်ကြီးအောင်ရပ်ကွက် မြို့ဦးကျောင်းဘက် ဆက်လက် ချီတက် သွားကြသည်။

“ပြည်သူတွေကတော့ လမ်းလျောက်ပြီး လိုက်တဲ့ သူကလိုက်၊ စက်ဘီးနဲ့ ဆိုင်ကယ်တွေနဲ့ ဘေးကနေ လက်အုတ်ချီပြီး ကြည့်တဲ့ သူက ကြည့်၊ အားလုံးပေါင်း ထောင်ဂဏန်းတော့ ရှိတယ်။ ပြည်သူတွေဘက်က ရေသန့်ဗူးတွေ လှူကြတယ်။ ရှေ့ဆုံးက သာသနာ့အလံကို ကိုင်ထားတယ်။” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

“အလယ်တပါးကတော့ သပိတ်ကို မှောက်ပြီးတော့ နှစ်ပါးတတွဲ၊ သုံးပါးတတွဲ မေတ္တာသုတ် ရွတ်ပြီးတော့ သွားကြတယ်။ လုံခြုံရေးကတော့ အများကြီးပေါ့။ ဓါတ်ပုံရိုက်တဲ့ သူတွေကရိုက်၊ အရပ်ဝတ်နဲ့လည်း အများကြီးပဲ။ ဒါပေမယ့် အနှောက်အယှက် မရှိပါဘူး” ဟု သူက ဆက်ပြောသည်။

3:35 PM
ရေနံချောင်းတွင် ထပ်မံ ဆန္ဒပြ

ရေနံချောင်းမြို့တွင် သံဃာတော် ၆ဝဝ ကျော်နှင့် လူ တသောင်းကျော်က ဆန္ဒပြကြသည်။

မြတ်စောညီနောင် ဘုရားမှ စတင်ထွက်သော ဆန္ဒပြသူများသည် မယကရုံး ရှေ့တွင် မေတ္တာသုတ် ၉ ခေါက် ရွတ်ဆို ခဲ့ကြသေးသည်။

“လူအုပ်ကြီးကတော့ နောက်ကနေပြီး ပိုစတာတွေ ကိုင်ပြီးတော့ လိုက်တာတော့ ရှိတယ်။ အခု ရန်ကုန်နဲ့ တိုင်ပင်လုပ်ထားတဲ့ တွေ့ဆုံ ဆွေးနွေးရေး ဒို့ အရေး၊ ကုန်းဈေးနှုန်း ကျဆင်းရေး ဒို့ အရေး၊ ဒေါ်အောင်ဆန်း စုကြည်နှင့် အကျဉ်းသားများ လွတ်ပေးရေး ဒို့ အရေး” ဟု မျက်မြင် သက်သေတဦးက ပြောသည်။

ရှမ်းပြည်မှာ တည်ငြိမ်နေသော်လည်း လုံခြုံရေး တင်းကြပ်

မြန်မာစံတော်ချိန် ၂ နာရီ ၂ဝ မိနစ် (သတင်းပေးပို့ချိန်)

ရှမ်းပြည်နယ်တွင် ယေဘူယျအားဖြင့် အေးဆေး တည်ငြိမ်လျက် ရှိပြီး လားရှိုးမြို့တွင် လုံခြုံရေးများ ချထားကြောင်း ဒေသခံ တဦးက ယခုလို ပြောဆိုသည်။

“ရှမ်းပြည်နယ် တဝိုက်မှာတော့ လောလောဆယ် တည်ငြိမ်နေပါတယ်။ ဒါပေမယ်လို့ လားရှိုးမှာတော့ လုံခြုံရေးတွေ အပြည့်ချထားတယ်။ အထူးသဖြင့် လားရှိုး မြို့တော်ခန်းမ ရှေ့မှာ အပြည့် ချထားတယ်။ မူလတန်း၊ အလယ်တန်း ကျောင်းတချို့မှာ အစိုးရ ဆန့်ကျင်စာတွေ လာကြဲချသွားတယ်လို့ ပြောတယ်။ ဒါကြောင့် ကျောင်းသား မိဘတွေကို ကျောင်းဝင်း အတွင်းဝင်ပြီး ကလေးတွေကို ထမင်းဗူးပို့၊ ကျွေးတာတွေကို တားမြစ် ထားတယ်လို့ သိရတယ်။ ကျောင်းတွေ ပိတ်တာတော့ မရှိသေးဘူး။ အားလုံးကလည်း နားစွင့်နေကြတယ်။”

သံဃာသပိတ် ဖြိုခွဲမယ့် ဦးအောင်သောင်းရဲ့ နတ်မောက်ကျောင်းက စတင်ဆန္ဒပြ

နောက်ဆက်တွဲ
(မြန်မာစံတော်ချိန် ၂ နာရီ ၁၅ မိနစ် သတင်းပေးပို့ချက်)

ဒေသခံတဦးက မဇ္ဈိမသို့ ပြောပြချက်

“သံဃာ ၂၅၅ ပါးပေါ့လေ။ နတ်မောက်မြို့မှာ ဘုန်းတော်ကြီးကျောင်း ၉ ကျောင်းရှိတယ်။ နယ်ကျောင်း တကျောင်း အပါအဝင် ကျောင်းတိုက် ၁ဝ ကျောင်းလုံးမှာ ရှိတဲ့ စာသင်သား အားလုံး။ စာသင်တိုက်က ၂ ကျောင်း ရှိတယ်။ ဒီပင်္ကရာ စာသင်တိုက်၊ ဖျောက်ဆိတ်ပင် စာသင်တိုက်။ ကျောင်းတိုက်တွေက တမာပင်မှာ စုတယ်။ ပြီးတော့ မြို့ထဲ လမ်းလျှောက်တယ်။ သာသနာ့ အလံတော် ကိုင်တာတွေ၊ သပိတ် ၃ လုံး မှောက်ပြီး ကိုင်တာတွေက တခြားမြို့တွေနဲ့ အတူတူပါပဲ။ လူထု ပရိသတ်က ၃ဝဝ လောက် ရှိမယ်။ အခုတော့ ပြီးသွားပါပြီ။ မနက် ၆ နာရီခွဲကနေ စတာ ၇ နာရီခွဲမှာ ငြိမ်းချမ်းစွာ ပြီးဆုံးပါတယ်။ အနှောင့်အယှက် မရှိပါဘူး။ ဓာတ်ပုံ ရိုက်တာလောက်ပဲ ရှိတယ်။

ကျနော်တို့ ဒီလို သပိတ်မှောက်တာဟာ မြို့တော် သံဃာ့ နာယကရဲ့ သဘော တူညီချက်အရ မှောက်တာပါ။ သံဃာ့နာယက ဆရာတော်ဟောင်း ဦးဉာဏ်သောဘာသ (သက်တော် ၈၈)၊ လက်ရှိ ဥက္ကဌ၊ ဒုဥက္ကဌနဲ့ အတွင်းရေးမှူးတို့ ဦးစီးပြီးတော့ လုပ်တာ။ ဆရာတော် ဘုရားကြီးက ဘာပြောလဲ ဆိုတော့ “လူတိုင်းလူတိုင်းဟာ သမိုင်းအကြွေး မကျန်အောင် မှောက်ရမယ်၊ အခု မှောက်တာဟာ နတ်မောက်မြို့ ညီညွတ်မှုတင် မဟုတ်ပါဘူး၊ သံဃာ့ ညီညွတ်မှုကို ပြတဲ့အနေနဲ့ မှောက်ရမယ်” ပြောတယ်။ တဖက် အဖွဲ့အစည်းက ဘာပြောပြော၊ လက်တုံ့ ပြန်လာရင်လည်း သီးခံရမယ်လို့ ဆရာတော်ကြီးက မိန့်ကြားတယ်။

နတ်မောက်မြို့ဟာ ဗိုလ်ချုပ်အောင်ဆန်း မွေးတဲ့မြို့ဖြစ်ပြီး ဒီကနေ့ ဆန္ဒပြပွဲမှာ အင်အား အများဆုံး ပါတာက ဝန်ကြီး ဦးအောင်သောင်း ကိုးကွယ်တဲ့ ဒီပင်္ကရာ စာသင်တိုက်ကြီး (နတ်မောက်မြို့မှာ အကြီးဆုံး ဘုန်းကြီးကျောင်း) က ဖြစ်တယ်ဗျ။

------------

ဆင်ဖြူကျွန်းမှာ ဆန္ဒပြ

(မြန်မာစံတော်ချိန် ၂ နာရီ ၁၅ မိနစ် သတင်းပေးပို့ချက်)

“ဆင်ဖြူကျွန်းမှာ မဟာသုတိသာရာမတိုက်၊ မဟာဝိဇယရာမတိုက်က သံဃာတော်အပါး ၁၅ဝ၊ ပရိသတ် ၁ဝဝဝ ကျော်၊ နေ့လည် ၁၂ နာရီခွဲကနေ စမှောက်တယ်။ မြို့လယ် ဆုတောင်းပြည့် ဘုရားမှာ တရားတွေ ရွတ်ကြတယ်။ ကျောက်ဆည် ဘုရားကနေ ရှင်ပင်မုနိ မဟာရန်ဏီ ဘုရားအထိ လျှောက်ကြတယ်။ နေ့လည် ၂ နာရီလောက်မှာ ပြီးတယ်။ အနှောင့်အယှက် မရှိ” ဟု ဒေသခံ တဦးက ပြောသည်။

3:10 PM
အောင်လံမြို့ ဆန္ဒပြ

“သာဝတီသာကျောင်းတိုက်ကနေ သံဃာတော်အပါး ၂ဝဝကျော်လောက်ရှိတယ်။ ပြည်သူတွေ အားလုံးက လိုအပ်တာတွေကို ကူညီ ဆာင်ရွက် ပေးကြပါတယ်။ ဘာလုံခြုံရေး အနှောက်အယှက် ဘာမှမရှိဘူး။ အရှေ့ရော အနောက်ရော အလယ်ရော သာသနာ့ အလံတွေ ကိုင်ပြီးတော့ ညီညီညာညာနဲ့ မေတ္တာပို့တယ်။ ပြည်သူတွေက ဘေးကနေ လက်အုပ်ချီပြီး လှူကြတမ်းကြပါပဲ။ ဖျော်ရည်တို့၊ ရေတို့ လိုက်ကပ်ပေးကြတယ်။ နောက်ကနေ ပြည်သူတွေကတော့ ငါးရာလောက်တော့ ရှိတယ်။ ရေရာတိုင်းမှာ အိမ်ပြင်ကနေ ထွက်ပြီး ကြိုကြတယ်။ နောက်ကနေ တကောက်ကောက် လိုက်နေကြတယ်။ အပြင်ထွက်ပြီး ကြိုနေကြတယ်။ သံဃာတွေက ဗိုလ်ချုပ်လမ်းအတိုင်း လျှောက်ပြီး မကျီးကုန်း ရပ်ကွက်ကိုရောက် မကျီးကုန်းကနေ မြောက်ပိုင်း ပြန်တက်သွားပြီး အခုလောလောဆယ် မြို့မဈေးမှာ ရောက်နေပြီ ပြည်သူတွေအများက အအေးတို့ အချိုရည်တို့နဲ့ လက်အုတ်ချီပြီး ကြည်ညိုကြတယ်။ အခုချိန်ထိတော် ဘာအနောက်အယှက် မရှိသေးဘူး။ ဆက်လျှောက်တုန်း ရှိသေးတယ်။” ဟု လိုက်လံ ကြည့်ရှုနေသူတဦးက မဇ္ဈိမသို့ ပြောပြသည်။

2:55 PM
ရေစကြိုတွင် ဆန္ဒပြ

“တနာရီလောက်က အောင်မြေသာယာ သူဌေးတိုက်ကနေ စထွက်တယ်။ သံဃာ အပါး ၂၅ဝ ရှိမယ် မြို့ပေါ်မှာရှိတဲ့ ကျောင်းတိုက် ၄-၅ တိုက်လောက်က အောင်မြေသာယာ သူဌေးတိုက်ပါမယ်။ မြို့မ အရှေ့အနောက် နှစ်ကျောင်းပါမယ်။ နဂါးရုံ ပါမယ်။ နောက် မစိုးရိမ် ကျောင်းတိုက် အဲဒါတွေပါတယ် ။ တောက်ဘက်အရပ် အားကစားကွင်း ရှိတဲ့ အရပ်ဘက်ကို သွားတယ်။ ဘောလုံးကွင်းနားကနေ ပါတ်ပြီးတော့ အနောက် ကံပွင့်တိုက်ကို သွားတယ်။ ကံပွင်တိုက် ဒီဘက်လမ်းကနေမှ မြောက်အတိုင်း ဗိုလ်ချုပ် အောင်ဆန်း လမ်းဘက်ကနေ မြို့ထဲကို ပြန်ဝင်သွားတယ်။” ဟု ရေစကြိုမြို့ခံ တဦးက ပြောသည်။

“အောင်မြေသာယာ ကျောင်းတိုက်က ပြည်သူတွေ စပြီးတော့ လိုက်ပါလာကြတယ်။ သံဃာတွေက နှစ်ပါးတတွဲ နှစ်ပါးတစ်တွဲ ရှေ့ဆုံး သံဃာမှာ သာသနာ့အလံ ပါတယ။် မေတ္တာပို့ ပရိတ်ရွတ်ပြီးတော့ ဒီအတိုင်းပဲ လျှောက်ကြတယ်။” ဟု သူက ထပ်ပြောသည်။

2:25 PM
ပခုက္ကူမှာ သံဃာတော် ၇ဝဝ ခန့် စတင် လှည့်လည်ပြီ

မြန်မာပြည်တွင် သံဃာတော် အရေအတွက် ဒုတိယ အများဆုံး သီတင်းသုံးရာ မကွေးတိုင်း ပခုက္ကူ မြို့တွင် ယခုအခါ သံဃာတော်များသည် ကျောင်းတိုက်ကြီးများ စုပေါင်းကာ မြို့အတွင်းသို့ စတင်၍ ဆန္ဒပြ လှည့်လည်ရန် တာစူနေပြီ ဖြစ်သည်။

သံဃာတော်တပါးက … “သံဃာတော်တွေကတော့ ထွက်သွားပြီ။ အနောက်တိုက်၊ အလယ်တိုက်၊ ဗောဓိမဏ္ဍိုင် ဆိုပြီးတော့ ထွက်သွားကြပြီ။ အခု ထွက်သွားတဲ့ သံဃာတော် လက်ရှိ အင်အားကတော့ ၇ဝဝ လောက် ရှိတယ်။ အခုကိုပဲ စထွက်ကုန်ကြတာ။ ထုံးစံအတိုင်း ပရိတ် ရွတ်ဖတ်ကြတယ်။ အခု အခြေအနေက တတိုက်နဲ့ တတိုက် လှည့်ဝင်ခေါ်နေတဲ့ အခြေအနေ ပေါ့လေ။ တိုက်ကြီး ၄ တိုက် ဆုံပြီးမှ လူတွေ ပါဝင်မှုကို သိလာရမှာ” ဟု ပြောသည်။

2:20 PM
မန္တလေးမြို့တွင် သံဃာတော် ၃ဝဝဝ ခန့်သည် ချီတက် ဆန္ဒပြလျှက် ရှိပြီး လူထု အများအပြား လိုက်ပါလျှက် ရှိသည်။

2:00 PM
ကလေးမြို့မှာ ရဟန်းနဲ့ ပြည်သူ ပူးတွဲဆန္ဒပြနေပြီ

“ကလေးမြို့မှာ သံဃာတော်တွေက မနက်ပိုင်းက မြို့ထဲမှာ လှည့်ပြီး မေတ္တာသုတ် ရွတ်တယ်။ ပြီးတော့ ဘုရားကြီးမှာ ပြန်လည် စုဝေးနေတာပေါ့။ သံဃာတော်တွေက ၆ဝဝ ကျော်လောက် ရှိနေတယ်။ ကလေး တက္ကသိုလ်က ကျောင်းသားတွေကလည်း စာမေးပွဲတွေလည်း မဖြေကြဘဲနဲ့ ဘုရားကြီးကနေ သံဃာတော်တွေနဲ့ စုပေါင်းတယ်။ အခုနေ့လည်ပိုင်း ၁ နာရီလောက်က စတာပေါ့။ တာဟန်းဘက်ကို သွားကြတာ။ ကျောင်းသားတွေရော၊ ပြည်သူတွေရော အများကြီးပဲ။ လိုက်သွားကြတာ။ ကြွေးကြော် သွားကြတယ်။ “စားဝတ်နေရေး အဆင်ပြေရေး … ဒို့အရေး၊ စစ်အာဏာရှင်စနစ် ပြတ်ကျရေး … ဒို့အရေး” ပေါ့နော်။ အဲဒါမျိုးတွေပါပဲ။ အော်သွားကြတယ်။ ထင်တာတော့ တာဟန်း ကျောင်းဘက်ကို သွားတာ ဖြစ်မယ်။ ပြန်တော့ တပတ် ပြန်ပတ်လာမယ်တဲ့” ဟု ဒေသခံ တဦးက ပြောသည်။

မုံရွာမြို့ အခြေအနေ နောက်ဆက်တွဲ

မြန်မာစံတော်ချိန် ၂ နာရီ (သတင်းပေးပို့ချိန်)

“ရွှေစည်းခုံ ဘုရားမှာ အန်အယ်ဒီကနေ သံဃာတော်တွေကို ဖျော်ရည်၊ ဇင်ဇင်း ဒိုင်ဂျင်း ဆေးကပ်လှူတယ်။ သံဃာတော်ပေါင်း ၂ဝဝဝ ကျော် ရှိတယ်။ ကျောင်းတိုက် သေးသေးလေးတွေကလည်း နည်းနည်းချင်း ထွက်နေကြတာပေါ့နော။ ဈေးသစ်နားမှာ ဆုံတာလေ။ လူထုပရိသတ်ကလည်း အတော်ကို များတယ်၊ အားပေးကြတာ။ ဈေးသစ်နားမှာ 'ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး … ဒို့အရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေး … ဒို့အရေး' အော်ကြတယ်။ ကျန်တဲ့ နေရာမှာတော့ မအော်ပါဘူး။ ဘုရားတွေကို ဝင်ကြတယ်။ အခုတော့ ကျောင်းတိုက်တွေကို ပြန်ကြွ သွားကြပြီ။ အေးအေးဆေးဆေးပဲ ဘာမှ အနှောင့်အယှက် မရှိဘူး။ ဇောတိက၊ ဖုန်းစိုး၊ ပေပင်၊ ရန်ကင်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပေါ့နော်။ အပါး ၇ဝ၊ ၁ဝဝ သံဃာ အုပ်စုတွေလည်း တွေ့ရတယ်။ ဈေးသစ်မှာ သွားဆုံကြတယ်ပေါ့နော်” ဟု ဒေသခံ တဦးက ပြောသည်။

1:55 PM
မုံရွာ ဆန္ဒပြပွဲ စတင်ပြီ

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးမှ နှိုးဆော်ထားသည့် အထွေထွေသပိတ် ဆင်နွှဲရေး သတ်မှတ်ရက်တွင် စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ သံဃာတော် အပါး ၁၅ဝ ခန့်သည် ယနေ့နံနက် ၁၁ နာရီခန့်မှ စတင်ကာ ချီတက် ဆန္ဒပြပြီ ဖြစ်သည်။

“အခု စထွက်နေပြီ။ ဇောတိကနဲ့ ဖုန်းစိုး က တွဲထွက်တာလေ။ ပေပင်ကျောင်းနဲ့ ရန်ကင်းကျောင်းကလည်း သပ်သပ်စီ ထွက်ကုန်ပြီတဲ့။ ဒါကတော့ ကြားတာ။ အရေအတွက်တော့ မသိသေးပါဘူး။ ပြည်သူတွေတော့ မပါသေးဘူးရှင့်။ ဘုန်းကြီးတွေချည်း ပါပဲ။ အားလုံးက မြောက်ဘုရား ရွှေစည်းခုံ ဘက်ကို ကြွသွားကြပါတယ်” ဟု ဒေသခံ အမျိုးသမီး တဦးက ပြောသည်။

1:45 PM
ဒိုက်ဦးမြို့ ဆန္ဒပြ

ပဲခူးတိုင်း ဒိုက်ဦးမြို့တွင် သံဃာတော်အပါး ၄ဝဝ ကျော် ပါဝင်သော ဆန္ဒပြမှု တခု ယနေ့ ထပ်မံ ပြုလုပ်ခဲ့သည်။

“မြို့အဝင်လမ်း ရောက်တဲ့အခါကျတော့ ဒီမြို့ထဲက လူတွေကနေပြီးတော့ ရေသန့်ဗူးတွေ၊ သံဃာတွေရော၊ ပြည်သူတွေရော အားလုံးကို လှူဒါန်းတယ်။ အဲဒီမြို့ အဝင်လမ်းကနေပြီးတော့ အောင်ချမ်းသာ လမ်းကနေ တောက်လျှောက် ဝင်တယ်။ အောင်ချမ်းသာ လမ်းကနေ မြို့ပတ်လမ်း မြို့ပတ်လမ်းက နေပြီးတော့ ရေကျော်လမ်းကနေပြီး ဈေးကိုဝင်တယ်။ ဈေးကနေပြီးတော့ အဲဒီ ကုန်သည်လမ်းက နေပြီးတော့ ဖောင်ဝင်းလမ်းကို ပြန်တက်ပြီးတော့ အဲဒီ ခေမာသီ ကျောင်း ရန်မျိုးအောင် ဘုရားမှာ ပြန်ပြီးတော့ ဆုတောင်း မေတ္တာ ပို့ပြီးတော့ ပြီးသွားတယ်။” ဟု လမ်းလျှောက် ဆန္ဒပြပွဲတွင် ပါဝင်သူ တဦးက မဇ္ဈိမသို့ ပြောပြသည်။

၂ နာရီကျော်ကြာ ဆန္ဒပြပွဲတွင် လိုက်ပါလာသူ ၁ဝဝဝ ခန့် ရှိခဲ့သည်ဟု သူမက ပြောသည်။

“ဈေးထဲဘက် ရောက်လို့ ရှိရင်လည်း ဈေးထဲဘက်က တချို့ ဈေးသည်တွေဆိုရင် ဈေးပန်းကြီးတွေ အကုန် ပစ်ထားခဲ့ပြီး လိုက်လာကြတယ်။ နောက်လမ်းဘေးမှာ ချရောင်းနေတဲ့ ဈေးသည်တွေကလည်း အကုန်လုံး ထားခဲ့ပြီး လိုက်ကြတာပဲ။ လူတွေကလည်း တက်တက်ကြွကြွ လိုက်ပါတယ်။ အားလုံး ဆူဆူညံညံတော့ အလုပ်ရဘူး ဆိုတာ ဆရာတော်တွေက ပြောထားတယ်လေ။ အေးအေးဆေးဆေးပဲ လိုက်ကြဖို့ ပြောတာ အားလုံးပဲ အေးအေးဆေးဆေးပဲ လိုက်ကြတယ်။” ဟု သူမက ပြောသည်။

11:25 AM
နတ်မောက်မြို့တွင် သံဃာတော်များ သပိတ်မှောက်

မကွေးတိုင်း နတ်မောက်မြို့တွင် ဘုန်းကြီးကျောင်း ၉ ကျောင်းမှ သံဃာတော် အပါး ၂၅ဝ ကျော်က ယနေ့ နံနက် ၆ နာရီခွဲမှ စ၍ မြို့တွင်း လှည့်လည် ဆန္ဒပြခဲ့ကြသည်။

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားရာ ဇာတိတွင် သာသနာ့အလံ ကိုင်ဆောင်ကာ သုံးပါးတတန်းစီ တန်းစီထားသော သံဃာတော်များသည် တမာပင်၊ ဈေးရပ်၊ မြို့မတို့ကို ဖြတ်သန်းခဲ့ရာ လူ တရာကျော်က လိုက်ပါခဲ့ကြသည်။

ဆန္ဒပြပွဲတွင် တမာပင် ကျောင်းဆရာတော်က “လူတိုင်းမှာ သမိုင်းအကြွေး မကျန်အောင် လုပ်ရမယ်။ အကြွေးတင်တာ မကောင်းဘူး။” ဟု ထဲ့သွင်း မိန့်ကြားသွားသည်။

No comments: