Thursday, September 6, 2007

မြန်မာပြည်မှာ ရေဒီယိုနားထောင်တာ ခောတ်စားနေ

မဇ္ဈိမသတင်းဌာန
စက်တင်ဘာလ ၆ ရက်၊ ၂၀၀၇ ခုနှစ်။
အထွေထွေ အကြပ်အတည်း ဆန္ဒပြပွဲများ ဖြစ်ပေါ်လာပြီးနောက် မြန်မာနိုင်ငံတဝှမ်း နိုင်ငံရေး သတင်းများ စိတ်ဝင်စားမှု အရှိန် တဟုန်ထိုး မြင့်တက်နေကြောင်း မဇ္ဈိမက လိုက်လံ မေးမြန်းသော အင်တာဗျူးများအရ သိရသည်။

ပဲခူးမြို့၊ ပဲခူးတိုင်း (ဦးမြတ်လှ)

၈၈ အရေးအခင်း နောက်ပိုင်းမှာ ပြည်သူတွေက နိုင်ငံရေးထဲမှာ စိတ်ဝင်စားလာတယ်။ အာအက်ဖ်အေတို့၊ နော်ဝေးတို့တွေက မြန်မာနိုင်ငံ အကြောင်းပဲ သီးသန့် ထုတ်လွှင့်တာ ဆိုတော့ ကိုယ့်မြန်မာပြည် အကြောင်း ကိုယ်သိချင်ရင် ကိုယ့်ဗမာပြည်ထဲမှာ မကြားရဘူး။ အဲဒီတော့ နိုင်ငံခြား မီဒီယာတွေကို နားထောင် ကြရတော့တာပေါ့။

ဒီလိုစိတ်ဝင်တစား နားထောင်လာတာကတော့ နိုင်ငံရေးကို စိတ်ဝင်စားလာလို့ပေါ့။ အစတုန်းကလို့ နိုင်ငံရေးဟာ ဒို့နဲ့ မဆိုင်တော့ဘူးရယ်လို့ လူတွေက သိပ်မရှိကြတော့ဘူးလေ။ နိုင်ငံရေးဟာ ဒို့အရေးပဲလို့ သိလာတဲ့ အခါကျတော့ ပိုနားထောင်ချင်လာတာပေါ့။

တောင်ကြီး၊ ရှမ်းပြည်နယ် (ဒေါတ်တာသိန်းငွေ)

တော်တော်များများက ၁ဝ အိမ်မှာ ၈ အိမ်လောက်က ရေဒီယို နားထောင်ကြတယ်။ တခြား နယ်တွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် နားထောင်လာကြတယ်။ လမ်းလျှောက်လည်း ရေဒီယို တလုံးနဲ့ပဲ အပြင်သွားတယ်။ ရေဒီယိုနဲ့ပဲ တော်တော် များများတော့၊ မနက်ပိုင်းပေါ့။ ၆ နာရီ၊ ၇ နာရီ နောက်ပိုင်း အလုပ်သွားကြတယ်။ လမ်းလျှောက်သွားတော့ ရေဒီယို ယူသွားကြတယ်။ ကျနော်လလည်း နေ့တိုင်း နားထောင်တယ်။ အခုဆို ပိုနားထောင်လာတာပေါ့။

မုံရွာ၊ စစ်ကိုင်းတိုင်း (ဒေါတ်တာမြင့်ဝေ)

ရေဒီယိုနားထောင်တာ အခုဆို ပိုများလာတယ်။ ကျနော်လည်း နားထောင် ဖြစ်ပါတယ်။ လိုင်းတွေ အားလုံးကို နားထောင်ပါတယ်။ ကျနော့် ပတ်ဝန်းကျင်လည်း မနက်ပိုင်းဆို ရေဒီယို လေးတွေနဲ့ နားထောင်ကြတယ်။ လမ်းလျှောက်သွားရင်လည်း ရေဒီယိုလေးတွေနဲ့။ လ္ဘက်ရည်ဆိုင် ထိုင်လည်း ရေဒီယိုလေးတွေနဲ့။ မုံရွာ ပတ်ဝန်းကျင်မှာ ပိုနားထောင်လာပါတယ်။

ဖါးကန့်၊ ကချင်ပြည်နယ် (ဒေသခံတဦး)

ဟိုတုန်းကထက်စာရင် ပိုများပါတယ်။ တော်တော်လေး များလာတယ်။ မနက်၊ ည နားထောင်နေကြတယ်။ အာလုံးဟာ အခုဖြစ်နေတဲ့ သတင်းတွေ၊ ကိုယ်ဒေသ သတင်းတွေ သိချင်လို့။ ဘယ်လို ဖြစ်လာမယ်၊ ဘယ်လို ဖြစ်နေပြီ သိချင်ကြတာပေါ့။ အဆက်မပြတ် နားထောင်ပါတယ်။ ကျောင်းသားတွေလည်း ဝယ်နိုင်တဲ့ လူတွေက ဝယ်ပြီး နားထောင်ကြတယ်၊ တချို့က နားထောင်ချင်ရင်လေ မဝယ်နိုင်တော့ နားမထောင်နိုင်ကြဘူး။ ဒါပေမဲ့ နားထောင်နိုင်တဲ့ လူတွေကို ဘယ်လို ဖြစ်နေပြီလည်း သတင်းတွေ မေးကြတယ်။ တယောက်နဲ့ တယောက်ပေါ့နော်။ ပိုပြီး စိတ်ဝင်စားလာကြတယ်။

ကေအိုင်အို ဗိုလ်မှူးတဦး (ကချင်ပြည်နယ်)

ကျနော်တို့ ဘက်မှာတော့ အားလုံးလိုလို နားထောင်ကြတယ်။ အိမ်သာ တက်ရင်တောင် နားထောင်ကြတယ်။ ဘယ်သူတွေ ဖြစ်ဖြစ် မနက်ရော၊ ညပါ ကိုယ်အားတဲ့ အချိန်မှာ နားထောင်ကြတယ်။ အခု မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြဿနာ၊ ဘယ်လို ပြောင်းလဲမှုတွေ။ ဒါတွေ သိချင်လို့ နားထောင်တာပါ။ ကမ္ဘာ့သတင်း တွေလည်းပေါ့။ စစ်တပ်မှာလည်း ရေဒီယိုတော့ အားလုံး နားထောင်ကြတယ်။ တီဗီ (ရုပ်မြင်သံကြား) မရှိဘူးဆိုတော့။ အခုတော့ ပိုပြီး နားထောင်လာတာကို တွေ့ရတယ်။

No comments: