Sunday, September 16, 2007

အထွေထွေ အကျပ်အတည်း ဆန္ဒပြမှု နအဖ တွင်သာ တာဝန်ရှိဟု အန်အယ်လ်ဒီ ပြောကြား

မဇ္ဈိမသတင်းဌာန
စက်တင်ဘာလ ၁၄ ရက်၊ ၂ဝဝ၇ ခုနှစ်။
မြန်မာနိုင်ငံတွင်း ဆန္ဒပြမှုများသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဖန်တီးမှုများကြောင့် မဟုတ်ဘဲ ငွေကြေး ဖောင်းပွမှု၊ ကုန်ဈေးနှုန်း မြင့်တက်မှုနှင့် ဆင်းရဲမွဲတေမှု များကြောင့်သာ ဖြစ်ပြီး လက်ရှိ အာဏာပိုင် အစိုးရတွင် တာဝန်ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ပြောကြားလိုက်သည်။

“အာဏာပိုင်တွေက ကျရောက်လာမယ့် အန္တရာယ်တွေကို ကြိုတင်ကာကွယ်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စိတ်ကောင်း စေတနာနဲ့ ကမ်းလှမ်းချက်တွေကို လျစ်လျူရှုခဲ့တယ်။ အဲလို လျစ်လျူရှူခဲ့လို့ ပြည်သူလူထု အများစုကြီးက ကနေ့အချိန်မှာ စားဝတ်နေရေး အခက်အခဲ၊ သွားရေးလာရေး အခက်အခဲတွေ အထူး ဆိုးဝါးလာတယ်။ အဲဒီတော့ အဲလို ဆိုးဝါးလာတဲ့ အခြေအနေတွေကြောင့် မခံမရပ်နိုင် ဖြစ်တဲ့ ပြည်သူလူထုက ငြိမ်းစွာ ဆန္ဒ ထုတ်ဖော်ခဲ့ကြတယ်” ဟု အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်း က မဇ္ဈိမကို ပြောသည်။

၂ဝဝ၆ ခုနှစ်အတွင်း အဖွဲ့ချုပ်က နအဖ စစ်အစိုးရကို တရားဝင် ဖြစ်လာစေရေး အတွက် ပြည်သူ့လွှတ်တော် တရပ် ဖွဲ့စည်းပေးရန် တောင်းဆိုခဲ့သည်။ ထိုလွှတ်တော်က နအဖ ကို ကြားဖြတ် အစိုးရအဖြစ် အတည်ပြု ပေးမည်ဟု ကမ်းလှမ်းခဲ့ရာ စစ်အစိုးရက ပယ်ချခဲ့သည်။

“အထွေထွေ အကျပ်အတည်း ဟူသော အကြောင်းတရားကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း ဟူသော အကျိုးဆက် ဖြစ်ပေါ်လာသည်ကို ပကတိ အရှိအတိုင်း ဝေဖန် ပိုင်းခြားခြင်း မရှိဘဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဆူပူမှုဖြစ်အောင် ဖန်တီးသလိုလို အခြေအမြစ် မရှိဘဲ နိုင်ငံရေး လှည့်ကွက်အဖြစ် စွပ်စွဲလာတယ်” ဟု ယနေ့ ထုတ်ပြန်သော အဖွဲ့ချုပ်၏ ယနေ့ညနေက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့နောက် တိုင်းပြည်၏ ပြဿနာများကို တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး တည်ဆောက်ရန်လည်း တောင်းဆို လိုက်သည်။

နအဖ စစ်အစိုးရ ဆန္ဒပြမှုများကို အဖွဲ့ချုပ်က ဖန်တီးသည်ဟုဆိုကာ ဖျက်သိမ်း ပစ်သည်အထိ အရေးယူ ဆောင်ရွက်သွားမည်ဟု သတိပေး ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် အန်အယ်လ်ဒီ ရုံးချုပ်ရှိ တခုတည်းသော တယ်လီဖုန်းလိုင်းကိုလည်း ဖြတ်တောက် ထားလိုက်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ၈၂ ရာခိုင်နှုန်းကျော် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာ လွှဲပြောင်းပေးရန် ငြင်းဆိုထားသည်။

No comments: