Tuesday, September 25, 2007

စစ်ကိုင်းတိုင်း မြို့တော်တွင် သံဃာများ ဆန္ဒပြပြန်ပြီ။မုံရွာမှာဘုန်းကြီးများဆန္ဒပြ။တောင်ကုတ်ဆန္ဒပြ။ မိုးကုတ်မြို့တွင် လူထု တသိန်းကျော် ထပ်မံဆန္ဒပြ

စစ်ကိုင်းတိုင်း မြို့တော်တွင် သံဃာများ ဆန္ဒပြပြန်ပြီ

မြန်မာစံတော်ချိန် ညနေ ၄ နာရီ (သတင်းပေးပို့ချိန်)

စစ်ကိုင်းတိုင်း မြို့တော် စစ်ကိုင်းတွင် သံဃာ ၁၅ဝ ခန့်သည် ယနေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် ဆန္ဒပြ ခဲ့ပြန်သည်။

“သံဃာတော်တွေ စုစုပေါင်း ၁၅ဝ ရှိပါတယ်။ ပိတ်ချင်းမြောင် ဘုရားမှာ စုတယ်။ အဲဒီကနေ ၁ နာရီလောက် ထွက်လာတယ်။ အဲဒီ ဓမ္မရုံကနေ ထွက်ပြီးတော့ စစ်ကိုင်းမြို့တွင်း လမ်းအတိုင်း၊ ၄ လမ်းအတိုင်း သွားပြီးတော့ ရုံးလမ်းအတိုင်း သွားတယ်။ ရုံးလမ်းက စစ်ဖက်ဆိုင်ရာ လုံခြုံရေးတို့၊ မြို့နယ် မယက ရုံးတို့ ရှိတဲ့နေရာ ရှေ့လမ်းအတိုင်း သွားပြီးတော့၊ ဓမ္မရုံ ဘုရားမှာ ခဏနားတယ်။ အမောဖြေပြီးတော့ ပရိတ်ရွတ်တယ်။ လမ်းတလျှောက်လုံး အဲလိုပဲ ပရိတ်ရွတ်သွားတယ်။ ဒီမှာတော့ နောက်လိုက်လူ နဲတယ်။ လူအင်အား ၅ဝ လောက် ရှိတယ်။ လိုက်ကြည့်တဲ့ သူတွေထဲမှာ ထောက်လှမ်းရေး၊ ရဲတွေက နောက်က လိုက်ကြည့်နေတယ်” ဟု စစ်ကိုင်း ဒေသခံက ပြောသည်။

မုံရွာမှာလည်း သံဃာအပါး ၃ဝဝ ကျော်နဲ့ ပြည်သူတွေ ဆန္ဒပြ

မြန်မာစံတော်ချိန် ၄ နာရီ (သတင်းပေးပို့ချိန်)

စစ်ကိုင်းတိုင်း မုံရွာမြို့တွင်လည်း သံဃာနှင့် ပြည်သူ စုစုပေါင်း ၂ဝဝဝ ကျော်သည် ယနေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် ဆန္ဒပြခဲ့ကြသည်။

“ပညာရောင်ခြည် ၂ ကျောင်းပေါင်းက သံဃာတော်ပေါင်း ၃ဝဝ ကျော်လောက် ရှိတာ။ မြို့ခံတွေက နောက်ကတော့ လိုက်တာပဲ။ ဆုတောင်းပြည့်ရယ်၊ ရွှေစည်းခုံရယ် ဝင်ပြီးတော့ ပရိတ်ရွတ်တယ်။ ပြီးတော့ ကြေးရုပ်ကို ပတ်ပြီးတော့ ကျောင်းတိုက်တွေကို ပြန်ဝင်သွားတယ်။ နောက်က လူထုတွေကတော့ 'ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း၊ ငြိမ်းချမ်းကြပါစေ' ကဗျာရွတ်တယ်လေ။ သံဃာတော်နဲ့ လူထုပေါင်း ၂ဝဝဝ ကနေ ၃ဝဝဝ လောက်ရှိတယ်။ ရဲ၊ အထူး ရဲသတင်း တပ်ဖွဲ့၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေးတွေကလည်း လိုက်မရှုပ်ဘူး။ လိုက်တော့ ကြည့်နေတာပဲ ရှိတယ်။ ဖမ်းတာတွေ မရှိသေးပါဘူး” ဟု မုံရွာသား တဦးက ပြောသည်။

မိုးကုတ်မြို့တွင် လူထု တသိန်းကျော် ထပ်မံဆန္ဒပြ

မြန်မာစံတော်ချိန် ၃နာရီ ၅ဝ မိနစ် –

မိုးကုတ်မြို့တွင် သံဃာတော် ၃ဝဝဝ ကျော်နှင့် ပြည်သူလူထု တသိန်းကျော် ယနေ့ ထပ်မံဆန္ဒပြရာ ယနေ့အတွက် အကြီးမားဆုံး ဆန္ဒပြမှု တခုဖြစ်လာသည်။

“မနေ့ကထက်ပဲ နည်းနည်း လျော့ပါမယ်ရှင့် ၃ဝဝဝ ဝန်းကျင်လောက်တော့ အနည်းဆုံး ရှိမယ်ထင်တယ်။ ပြည်သူတွေကတော့ အကုန်လုံးနီနီး ပြန်လိုက်သွားတယ်ရှင့် ဒီကလည်း ကားတွေ ဆိုင်ကယ်တွေနဲ့ပေါ့ မနေ့ကလည်း သူတို့ အနောက်ပိုင်းက သူတို့ တမြို့လုံး နီနီး ဒီကို ဆင်းခဲ့တာလေ ဆင်းခဲ့ပြီး မိုးကုတ်ကနေတခါ မိုးကုတ်က ပြည်သူလူထုကလည်း အကုန်လုံး ပြန်ပါသွားတယ်။” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

ယမန်နေ့ကကဲ့သို့ပင် သံဃာတော်များအား စစ်အစိုးက ဝန်ချ တောင်းပန်ရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး စသည့် တောင်းဆိုချက် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး သံဃာရော လူထုပါ မေတ္တာသုတ်များ ရွတ်ဆို ငြိမ်းချမ်းစွာ ဆန္ဒပြကြခြင်း ဖြစ်သည်။

4:40 PM
တောင်ကုတ်- ရခိုင်ပြည်နယ်မှာ ဆန္ဒပြ

“ဒီနေ့ တောင်ကုတ်မှာ မြို့မှာရှိတဲ့ သံဃာတော်တွေပေါ့နော်။ အားလုံး အပါး နှစ်ရာကျော်လောက် ရှိတာပေါ့နော်။ စထွက်တာကတော့ ဖောင်တော်ဦး ဘုရားကနေ စထွက်တာပါ။ ၁ နာရီ လောက်ကနေ စထွက်တယ်။ ပြည်သူတွေကတော့ နှစ်သောင်းခွဲ သုံးသောင်းလောက် ရှိတယ်။ ပြည်သူတွေကတော့ ငါးယောက်တတန်း၊ ဆယ်ယောက်တတန်း တန်းစီပြီးတော့ အဲလို ပုံမှန်လေး တန်းစီပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းပါဘဲ သွားကြပါတယ်။ သီလရှင်အပါးက ၃ဝ ဆယ်လောက် ပါတယ်။” ဟု မြို့ခံတဦးက ပြောသည်။

“သံဃာတော်တွေက မေတ္တာရွတ်ပြီးတော့ မြို့ကို တပတ်ပတ်တယ်။ ဒီဖောင်တော်ဦး ဘုရားမှာဘဲ။ သုံးနာရီ ပတ်ဝန်းကျင်လောက်မှာ လူစု ခွဲလိုက်ကြတယ် ခင်ဗျာ။ ပြည်သူတွေကလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နောက်ကနေ လိုက်ကြပါတယ်။ လုံခြုံရေးက ဘာနှောက်အယှက်မှ မရှိပါဘူး။ ဓါတ်ပုံရိုက်ကြတာက အများကြီး ရှိတယ်။ တချို့က အမှတ်တရတွေ ရိုက်တဲ့ သူတွေလဲ ရှိတာကိုး။ သူတို့ဘက်က ရိုက်တဲ့သူတွေလဲ ရှိတာပေါ့နော်။ ထူးခြားတာတော့ ဘာပြဿနာမှ မရှိဘူး။ အေးအေးချမ်းချမ်းပါဘဲ။” ဟု သူက ပြောသည်။

မန္တလေးတွင် ဆန္ဒပြပြန်

မန္တလေးတိုင်း ဒေသခံတစ်ဦး။ မြန်မာစံတော်ချိန်- ၃နာရီ ၂၅ မိနစ်

မန္တလေးမြို့တွင် သံဃာ ၆ဝဝဝ ခန့်က မေတ္တာသုတ်များ ရွတ်ဆို၍ ယနေ့တွင် ဆက်လက် ဆန္ဒပြကြသည်။

“ကျနော်တို့ အိမ်တော်ယာ ဘုရားပေါ့လေ။ အနောက်ဝန်ကျင်းက တိုက်တွေပေါ့ – မိုးကောင်းတို့၊ စကုတို့ ၊ ချမ်းသာကြီး တောင်မြောက်ပေါ့ဗျာ အဲဒီက သံဃာအားလုံးပေါ့ အားလုံးပေါင်း ၆ဝဝဝ လောက် ရှိမယ်။ ကျနော် အိမ်တော်ယာက စထွက်တာပါ ခင်ဗျာ။” ဟု ဒေသခံ တဦးက ပြောသည်။

“ပြည်သူလူထုကတော့ ကျနော်တို့ဆီက နည်းတယ် ခင်ဗျာ တထောင်ကျော်ကျော်ပဲ ပါတယ် ခင်ဗျာ။” ဟု သူက ထပ်ပြောသည်။

4:20 PM
မိုးညှင်းရဲ့ ပထမဆုံး ဆန္ဒပြပွဲ

မိုးညှင်းမြို့တွင် အနှစ် ၂ဝ အတွင်း ပထမဆုံး အကြိမ်အဖြစ် ဆန္ဒပြပွဲကို ယနေ့ စတင်လိုက်သည်။

ကချင်ပြည်နယ် မိုးညှင်းမြို့ အနောက်ဘက်ရှိ ပညာရောင်ခြည် ကျောင်းတိုက်မှ သံဃာတော်အပါး ၆ဝ ခန့်က ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြခြင်း ဖြစ်ပြီး မီးရထား ဘူတာ၊ အမှတ် (၁) စည်ပင်သာယာဈေး၊ နံယင်းချောင်း ကြိုးတံတား၊ ပြည်သူ့ ဆေးရုံကြီး၊ အမှတ် (၁) အထက်တန်းကျောင်း၊ အမှတ် (၂) အထက်တန်းကျောင်းတို့ကို ဖြတ်ကာ လျောင်းတော်မူ ဘုရားကြီးသို့ သွားရောက်ပြီး ပန်း၊ ဆီမီး ကပ်လှူကြသည်။

အရှေ့ပရိယတ္တိ စာသင်တိုက် ဆရာတော်ကြီးက သံဃာများ ဆန္ဒပြလျှင် ကျောင်းတွင် နေထိုင်ခွင့် မပေးဟု တားမြစ်သော်လည်း သံဃာတော်တပါး လိုက်ပါ ဆန္ဒပြခဲ့သည်။

“ဈေးသူ၊ ဈေးသားတွေရော နောက်က လိုက်တဲ့ ပရိတ်သတ်တွေရော အားလုံး ထောင်ချီပြီး များသွားပါတယ်။ အဲမှာ ရေသန်းဗူးတို့ ဖျော်ရည်ဗူးတွေ ကပ်ကြဆိုတော့ နောက်ဆုံးမှာ သံဃာတွေဟာ အဲဒါတွေကို မယူနိုင်တော့ဘဲ ဒကာ၊ ဒကာမတွေ သယ်ပြီး ယူရတယ်။

ဒီနေ့ကတော့ ပထမဆုံးနေ့ ဆိုတော့ ပြည်သူလူထုက မသိကြဘူးလေ။ မသိကြတဲ့ အတွက်ကြောင့် အဲဒီမှာ လူလိုက်ပါတာ ၄ဝ လောက်သာ ရှိတယ်။” ဟု ဒေသခံ တဦးက မဇ္ဈိမသို့ ပြောပြသည်။

No comments: