မဇ္ဈိမသတင်းဌာန
စက်တင်ဘာလ ၁၁ ရက်၊ ၂ဝဝ၇ ခုနှစ်။
ရန်ကုန်မြို့ရှိ ထင်ရှားသော နိုင်ငံရေး လှုပ်ရှားသူများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် အချို့၏ လက်ကိုင်ဖုန်းနှင့် အိမ်ဖုန်းလိုင်းများကို အာဏာပိုင်များက ယမန်နေ့က စတင် ပိတ်ပင်လိုက်ပြီ ဖြစ်သည်။
ယမန်နေ့ နေ့လည် ၁၂ နာရီခန့်မှ စတင်ကာ သိမ်ကြီးဈေး ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ဦးစိုးမြင့်ထိန်၊ အိတ်ခ်ျအိုင်ဗီ အရေး လုပ်ဆောင်သူ မဖြူဖြူသင်း၊ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၊ အမျိုးသားရေး ဦးဝင်းနိုင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းနှင့် ဦးဉာဏ်ဝင်းတို့ အပြင် အဖွဲ့ချုပ်ဝင် အချို့နှင့် လူထုဆန္ဒ ထုတ်ဖော်ရာတွင် တက်တက်ကြွကြွ လှုပ်ရှားသူများ၏ ဖုန်းလိုင်းများ ဖြတ်တောက်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။
“ကျနော်တို့က ဟုတ်တာမှန်တာ ပြောနေတာပဲ။ မဟုတ်တာတွေ လျှောက်ပြောနေတာလည်း မဟုတ်ဘဲနဲ့။ သူတို့က အခုလို ပိတ်လိုက်ပြီ ဆိုတော့လည်း ဘာတတ်နိုင်မှာလဲ။ ပြန်ဖွင့်ပေးမယ့် နေ့ကိုပဲ စောင့်ရတော့မှာပေါ့” ဟု အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်သိန်းက ပြောသည်။
သိမ်ကြီးဈေးရှေ့ ဆန္ဒ ထုတ်ဖော်ရာတွင် ပါဝင်သည့် ဦးစိုးမြင့်ထိန်က ယနေ့တွင် ဖုန်းရုံးသို့ သွားရောက်ကာ ဖုန်းလိုင်း ဖြတ်တောက်မှုနှင့် ပတ်သက်၍ မေးမြန်းခဲ့သော်လည်း ဖုန်းရုံး တာဝန်ရှိသူများက တစုံတရာ ဖြေကြားခဲ့ခြင်း မရှိဘဲ မည်သည့်အချိန် ပြန်လည် ဖွင့်ပေးမည်ကိုလည်း ပြောဆိုခဲ့ခြင်း မရှိကြောင်း သိရသည်။
ယခုလို ဖုန်းလိုင်းများကို ဖြတ်တောက်ရခြင်း အကြောင်းအရင်းကို မပြောသော်လည်း ပြည်ပရှိ သတင်းဌာနများနှင့် အကြိမ်ကြိမ် ဆက်သွယ် စကားပြောခြင်းကြောင့် ဖြတ်တောက် ပိတ်ပင်လိုက်ခြင်း ဖြစ်နိုင်သည်ဟု သူတို့က ခန့်မှန်း ပြောဆိုကြသည်။
Tuesday, September 11, 2007
နိုင်ငံရေး လှုပ်ရှားသူများ ဖုန်းလိုင်း ဖြတ်တောက်ခံရ
Posted by Ko Myint Maung at Tuesday, September 11, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment