Friday, September 28, 2007

ယနေ့သတင်းပေါင်းစုံ

ရန်ကုန်မှာ ဆန္ဒပြပြန်ပြီ

လေတပ်လေယာဉ်များ အရေးပေါ်ပျံ

နယ်တပ်များ ရန်ကုန်ဆင်းပြီ

မန္တလေး သပိတ်ဖြိုခွဲရေး ယားယံဆေးတွေ သုံးတော့မှာလား

ဗိုလ်ချုပ် သန်းရွှေ မိသားစု လာအိုရောက်နေ

မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
စက်တင်ဘာလ ၂၈ ရက်၊ ၂၀၀၇ ခုနှစ်။

ရန်ကုန်တပ်ဆုတ်မှု မဖြစ်နိုင်
မြန်မာစံတော်ချိန် ၁၃း၃၅ (သတင်းလွှင့်တင်ချိန်)

“သူတို့က မြောက်ဥက္ကလာပ မယ်လမုဘုရားကို ဝင်စီးထားတယ်။ ဘုရားရှေ့မှာ ဂျစ်ကားတစ်စီး ရပ်ထားတယ်။ အထဲမှာက စွမ်းအားရှင်တွေ ရှိတယ်။ ပြည်သူတွေကို အဝင်မခံပဲနဲ့ သူတို့ ပိတ်ထားတာပေါ့လေ။ လူတွေလဲ မရှိဘူး။ စစ်ကား ၄စီးလောက် ရှိတယ်။ ကားပေါ်မှာ စုထားတယ် ဖြစ်လိမ့်မယ်၊ တပ်ဆုတ်တာ မဖြစ်နိုင်ဘူး။ ထပ်တိုးတာ ဖြစ်ပါလိမ့်မယ်။ တပ်ရွှေ့ဖို့ အတွက်ကို တပ်ရွှေ့တယ် ဆိုတာက လူတွေရှိတဲ့ နေရာတွေကိုလေ။ သူတို့က လူတွေရှိတဲ့ ဘက်ကို လိုက်ဖို့အတွက် ရွှေ့တာ ဖြစ်မှာပါ။” ဟု စောင့်ကြည့် လေ့လာနေသူ တဦးက ပြောသည်။

“အခု လောလောဆယ် လုံထိန်းကား ၁စီး၊ စစ်ကား ၃စီး၊ ဂျစ်ကား၁စီး၊ စစ်ကားနောက်ထပ် သူတို့အခု မြို့ထဲကို သွားနေတယ်။ နောက်ထပ် လုံးထိန်းကား ၁ စီး၊ အင်အား တော်တော်များတယ်” ဟု သူက ထပ်ပြောသည်၊

သိမ်ကြီးဈေး ရှေ့တွင် ဆန္ဒပြသူများသည် စစ်တပ်က လမ်းနှစ်ဖက် ပိတ်ဆို့လိုက်ပြီးနောက် လူစု ခွဲလိုက်ကြသည်။

မန္တလေး တပ်မ ၃၃ အခြေအနေ
မြန်မာစံတော်ချိန် ၁၃း၂၀ (သတင်းလွှင့်တင်ချိန်)

ဒေသခံတဦး၏ အမြင်

“မန္တလေးမြို့ တခုလုံး လှည့်နေတာ။ တိုင်းမှူးကိုယ်တိုင် လှည့်တဲ့ကား ကားတန်းရှိတယ် ၁ဝ စီးလောက် ကျော်မယ် ထင်တယ်။ မောင်းသွားတယ်။ မောင်းသွားပြီးတော့ ၈၄ လမ်းမှာ ခဏ ရပ်ထားပြီးတော့ အဲဒီမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ မေတ္တာရပ်ခံပြီးတော့ မထွက်ဖို့ ပြောတယ် ထင်တာပဲ။”

မြတောင်နှင့် မစိုးရိမ် ကျောင်းတိုက်များကို တိုင်းမှူးက သွားရောက် မေတ္တာရပ်ခံခြင်း ဖြစ်သည်။

“အဲဒီတပ်တွေက ၃၃ တပ် တွေ ပါတယ်။ နောက်တခါ မီးသတ်ကားတွေ အဲဒီ ဘုန်းကြီးကျောင်းတွေမှာလဲ စစ်တပ်တွေ ချထားတယ်တဲ့။ အဲဒီ ကျောင်းက တပ်တွေကလည်း ကြည့်ရတာ တရုတ်တပ်လိုလို ဝတပ်လိုလို အဲဒီမှာ စခန်းချထားတယ် ပြောတယ်။ အပြင်က ကြည့်ရတာ ၃ဝဝ ပတ်ဝန်းကျင်လောက် ရှိလိမ့်မယ်တဲ့”

“၈၄ လမ်းအတိုင်း မောင်းထွက်သွားတာပဲ။ ၁ဝ စီကျော်မယ် ၁ဝ စီး ၁၂ စီးလောက် ရှိမယ်။”

နအဖ အောက်ခြေယန္တယား ပြိုလဲစပြုနေ
သတင်းပေးပို့ချိန် မနက် ၁၁ နာရီ။

“ယရက ရုံးတွေဆို ပိတ်ထားတယ်။ မဖွင့်တော့ဘူး။ ညကနေ စတာပေါ့ဗျာ။ ရှောင်တဲ့ကောင်တွေ ရှောင်ကုန်ပြီ။ မရက အဆင့်ထိကို ဖြစ်နေပြီ။ ခရိုင်အဆင့် ထိကို ရောက်နေပြီ။ အောက်ခြေတွေ ပြိုနေပြီ။ ကိုယ့်အိမ်မှာ ကိုယ်မနေရဲတဲ့ ဘဝ ရောက်နေပြီ။ ရပ်ကွက်တွေရဲ့ လက်ရှိ အနေအထားပေါ့ဗျာ” ဟု တာမွေ ဒေသခံ တဦးမှ ပြောပြသည်။

စစ်အစိုးရသည် အင်တာနက်လိုင်းများကို ယနေ့နံနက်မှစ၍ ဖြတ်တောက်ထားသည်။

လေတပ်လေယဉ်များ အရေးပေါ်ပျံ
မြန်မာစံတော်ချိန် ၁၂း၃၀ (သတင်းလွှင့်တင်ချိန်)

မတ္ထီလာ လေတပ်မှ လေယာဉ်များ ပျံတက်သွားသည်။ တပ်မ ၃၃ နှင့် တပ်မ ၉၉ အတွင်း ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားလျှက်ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

နယ်တပ်များ ရန်ကုန်ဆင်းပြီ
မြန်မာစံတော်ချိန် ၁၂း၁၅ (သတင်းလွှင့်တင်ချိန်)

အလယ်ပိုင်းတိုင်းနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်များ ရန်ကုန်သို့ ဆင်းသွားသည်ဟု စစ်တပ် သတင်းရပ်ကွက်က ပြောသည်။ စစ်တပ်အတွင်း ကွဲပြဲမှုများ ရှိနေသည် ဆိုသော သတင်းများ ဆက်တိုက် ထွက်ပေါ်လာသည်။

ရန်ကုန်ဆန္ဒပြ သတင်းများ
မြောက်ဥက္ကလာထဲက စစ်ကားတွေ ထွက်သွားပြီ
မြန်မာစံတော်ချိန် နေ့လည် ၂ နာရီ (သတင်းရယူချိန်)

ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့ရှိ မယ်လမုဘုရား အနီးတွင် နာရီပိုင်းမှ တပ်စွဲထားသည့် စစ်ကား ၁၇ စီးသည် ယခုအခါ ရန်ကုန် မြို့တွင်းသို့ ကမ္ဘာအေး ဘုရားလမ်းတိုင်း ပြန်လည် ထွက်ခွါသွားပြီ ဖြစ်ကြောင်း သိရသည်။

မျက်မြင်တွေ့ရှိသူတဦးက …

“အန်တီတို့ ရပ်ကွက်ထိပ်မှာ စစ်သားတွေ ရောက်နေတယ် ပြောတော့ သွားကြည့်လိုက်တဲ့ အခါကျတော့ စစ်ကား ၁၇ စီးကို မယ်လမု ဘုရားထိပ်မှာ တွေ့လိုက်တယ်။ အဲဒီနားကနေ နေ့ခင်း တနာရီခွဲလောက်မှာ ရန်ကုန်ဘက်ကို တက်သွားတယ်။ ကမ္ဘာအေး ဘုရားလမ်းအတိုင်း တက်သွားတာ။ အပေါ်မှာ အမိုးပါတယ်၊ ဘေးမှာ သံကိုင်းတွေ ထောင်ထားတဲ့ ထရပ်ကားတွေပေါ့နော်။ စစ်ကားတစီးကို စစ်သားက ၃-၄ဝ လောက်ပါတယ်။ လက်ပတ်တွေကို မမြင်လိုက်ရဘူး။ ကားအားလုံးက ဒါမျိုးကားတွေချည်းပဲ။ နောက်ထပ် စစ်သားကတော့ ဘယ်သူမှ မကျန်ရစ်ဘူး။ စစ်သားတွေ ကွဲတယ်လို့ သိုးသိုးသဲ့သဲ့ ပြောကြတယ်။ ဒါပေမဲ့ အတည် ပြုလို့ မရဘူးပေါ့ သားရယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ ဒီမှာ လာနေတယ် ဆိုတာကလည်း လာနေတယ်ပဲ ရှိတယ်။ ဘာမှလည်း မဟုတ်ဘူး။ ပစ်တာခတ်တာ၊ ဖမ်းတာဆီးတာ မရှိဘူး။ လာပြီး ကားတွေရပ်နေတဲ့ သဘောပဲ။

မနက် ၉ နာရီခွဲ၊ ၁ဝ နာရီ ပတ်ဝန်းကျင် လောက်ကတည်းက မယ်လမု ဘုရားနားမှာ ရပ်နေတာလေ။ အဲလောက်ကတည်းက ရောက်ခဲ့တာ။ ဘယ်စစ်သားမှ ချန်မနေရစ်ဘူး။ အကုန် ထွက်သွားတာ။ အကုန်လုံး အေးအေးဆေးဆေးပဲ။ ဆန္ဒပြတာတွေလည်း မရှိဘူး။

သူတို့ ရပ်နေတဲ့ မယ်လမု ဘုရားနားမှာက ဘုန်းကြီးကျောင်း တကျောင်းရှိတယ်။ အန်တီတို့ ရပ်ကွက်က ထင်တာက ဘုန်းကြီးကျောင်းကိုများ လာတာလားပေါ့နော်။ ဒါပေမဲ့ ဘုန်းကြီးကျောင်းကို ဘာမှ အန္တရာယ် ပေးမသွားပါဘူး။ နောက်တော့ ကမ္ဘာအေး ဘုရားလမ်းအတိုင်း ရန်ကုန်ဘက်ကို တက်သွားတာပါ” ဟု ပြောသည်။

မြန်မာစံတော်ချိန် ၁၄း၃၅ (သတင်းလွှင့်တင်ချိန်)
“လူတွေက အခုအချိန် ပန်းဆိုးတန်း လမ်းတလျှောက် အော်နေပါတယ်။ ကြွေးကျော်သံတွေနဲ့ ကြွေးကျော်ပြီး အော်နေတာပေါ့နော်။ ပန်းဆိုးတန်း လမ်းထောင့်မှာ သူတို့ ဟိုဘက်က ကြည့်နေတယ်။ လူတွေကတော့ အော်လိုက်ပြေးလိုက် အော်လိုက်ပြေးလိုက်ပေါ့နော် လုပ်နေကြတယ်။ အခုလူအင်အား တသောင်းလောက် ဖြစ်လာပြီ။ အသင့်စောင့်နေတဲ့ လူတွေကတော့ တိုးလာတာ မရှိသေးဘူး။ ဒါပေမဲ့ ကျနော်တို့ ကြောက်ရတာက နောက်ကနေ သူတို့ ပိတ်ပစ်လိုက်တာလေ။” ဟု ဆန္ဒပြမှုတွင် ပါဝင်သူ တဦးက မဇ္ဈိမသို့ ပြောသည်။

မြန်မာစံတော်ချိန် ၁၄း၃၀ (သတင်းလွှင့်တင်ချိန်)
ရန်ကုန်မြို့ ၂၇ လမ်းတွင် ကျောင်းသားများ ယူလာသော ခွပ်ဒေါင်းအလံ တခုကို ရဲများက ယနေ့ အစောပိုင်းက သိမ်းဆည်းလိုက်သည်။

မြန်မာစံတော်ချိန် ၁၄း၁၅ (သတင်းလွှင့်တင်ချိန်)
ပန်းဆိုးတန်း လမ်းတလျှောက် ဆန္ဒပြသူ ၁ သောင်းကျော် ရှိလာပြီ ဖြစ်သည်။ ကျောင်းသားများ ဦးဆောင်ပြီး ဆက်လက်၍လည်း ကြွေးကျော် အော်ဟစ်လျှက် ရှိသည်။ စစ်သားများက ၂၄ လမ်းထိပ်တွင် အကာအရံ အတားအဆီးများဖြင့် စောင့်လျှက်ရှိသည်။ စစ်သားများ အရှေ့ ထပ်တိုးမှု မရှိသေးပါ။

လူမစုရ အမိန့်ကို ၃ ရက်မြောက် အာခံပြန်
မြန်မာစံတော်ချိန် ၁၄း၁၀ (သတင်းလွှင့်တင်ချိန်)

ပန်းဆိုးတန်းတွင် ဆန္ဒပြနေသူ ၁၀၀၀ ကျော်က စတင် ဆန္ဒပြနေပြီး လမ်းကြားများမှလည်း ပူးပေါင်းမည့်သူများ လာရောက် နေကြသည်။

“ပြည်သူ့ဆန္ဒ အောင်ရမည်။ ပြည်သူ့ဆန္ဒ အောင်ရမည်” ဟူသော ကြွေးကျော်သံများ ဟစ်အော်လျှက် ရှိသည်။

ဆူးလေမှာ ဆုံတယ်
မြန်မာစံတော်ချိန် ၁၄း၀၀ (သတင်းလွှင့်တင်ချိန်)

သမတ ရုပ်ရှင်ရုံ ရှေ့ဘက်တွင် လူ ၁၅ဝဝ ကျော် ဆန္ဒပြရန် အသင့် စောင့်ဆိုင်း နေကြသလို စစ်တပ်ကလည်း ဆူးလေဘုရား ပတ်ဝန်းကျင်တွင် စောင့်ဆိုင်း နေကြသည်။

မြန်မာစံတော်ချိန် ၁၃း၅၀ (သတင်းလွှင့်တင်ချိန်)
မြောက်ဥက္ကလာပ မယ်လမုဘုရားအနီး တပ်မနှစ်တပ် တဖက်နှင့်တဖက် ပစ်ခတ်နေသည် ဆိုခြင်းအပေါ် မဇ္ဈိမ အထောက်တော်က လေ့လာ စုံစမ်းပြီး ပြန်ဖြေကြားရာတွင်

“တပ်နှစ်တပ် ပစ်နေတယ်ဆိုတာ မဖြစ်နိုင်ဘူး။ အခုချထားတာက တပ်မ ၇၇ တွေကြီးဘဲလေ။ သူတို့က အသားမဲမဲ တကယ့် ဝါရင့်တွေ ဖြစ်တယ်။ လူတွေကို သူတို့ စောင့်နေတာလေ။ တောင်ဥက္ကလာနဲ့ မြောက်ဥက္ကလာကို စောင့်နေတယ်။ မနေ့က ငွေကြရံမှာလဲ တော်တော် ဖြစ်သွားတယ် ဆိုတော့ သူတို့က အဲဒီ နေရာတွေမှာ ထွက်လာမှာဘဲ ဆိုပြီး စောင့်နေတယ်။ အခုတော့ မြို့ထဲ၊ ဆူးလေဘက်ကို ပြန်ဆင်းနေတယ်။”

သိမ်ကြီးဈေးမှာ ပြောက်ကျား ဆန္ဒပြမှု
မြန်မာစံတော်ချိန် ၁၃း၄၅ (သတင်းလွှင့်တင်ချိန်)

“စောစောကတော့ ဆန္ဒပြတဲ့ အုပ်စုကတော့ ၅ထောင် ပတ်ဝန်းကျင် ရှိတယ်။ အဲဒီ သိမ်ကြီးဈေးနားမှာ ပိတ်မိနေလို့ ကြားတယ်။ သူတို့က အခုပြန်ပြီး ခြေရာဖျောက်သွားပြီဗျာ။ နောက်ဘယ်နေရာ ပြန်စုမှာလဲတော့ မသိဘူး။ ဟိုဘက်ထိပ်မှာက မမြင်ရဘူး။ ဒီဘက်ထိပ်မှာက စစ်ကား၃စီးနဲ့ ရင်ဘောင်တန်းပြီး ပိတ်ထားတယ်။ အင်အားက စစ်သား တရာလောက် ရှိတယ်။”

ရန်ကုန်အခြေအနေ
မြန်မာစံတော်ချိန် ၁၁း၃၅ (သတင်းလွှင့်တင်ချိန်)

စစ်ကား ၃ စီးနှင့် လုံထိန်းကား ၂ စီး မြေနီကုန်းကို ဖြတ်၍ လှည်တန်းဘက်သို့ မောင်းနှင်သွားသည်။

ရန်ကုန်အခင်းအကျင်း
မြန်မာစံတော်ချိန် ၁၁း၃၀ (သတင်းလွှင့်တင်ချိန်)

“ပြည်သူတွေအများက ဒီကောင်တွေကို ဖြတ်ကို ဖြတ်ရမယ် ဆိုပြီး နောက်ပြီး ဒီနေ့ ဒီလိုမျိုး အချိန်ဟာ နောင်ရမှာ မဟုတ်ဘူး။ ဒီပွဲကို ပြတ်အောင် လုပ်ရမယ်၊ သူတို့ဖာသာ တစ်ယောက်နဲ့တစ်ယောက် ပြောနေကြတယ်။ လူတွေက မခံနိုင်ကြတော့ဘူး။ ရပ်ကွက်ထဲက လူတွေရော ပါတယ်။ နောက်ပြီး ဘယ်က လာတာမှန်း မသိဘူး လူတွေကလေ အများကြီးဘဲ ပြောနေကြတယ်။ ဒီနေ့ဆိုရင်လည်း ချမှာပဲတဲ့လေ။” ဟု မဇ္ဈိမ အထောက်တော် တဦးက ပြောပြသည်။

တာမွေအမှတ် ၃ အထကနှင့် အမှတ် ၄ အထက ကျောင်းဝင်းများအတွင်း ပြောက်ကျား ဝတ်စုံဝတ် လုံထိန်း ၃ဝ ကျော် စောင့်ဆိုင်းနေကြသည်။

အစိုးရ ကျောင်းများ အားလုံး ဖွင့်ထားသော်လည်း ကျောင်းမတက်သူ များ၍ ခြောက်ကပ်နေသည်။

စစ်ကားများ ကင်းလှည့်လျှက် ရှိပြီး ကျောက်တံတား ရဲစခန်း ပတ်ပတ်လည်တွင် သံဆူးကြိုးများ ကာရံထားသည်ကတော့ ထူးခြားမှု ဖြစ်သည်။ စခန်းအတွင်း ရဲနှင့် စစ်သားများ ယခင်နေ့ကထက် ပိုလာသလို ဆူးလေတွင်လည်း စစ်သား၊ ရဲ၊ လုံထိန်းများ ပိုမို ချထားသည်။


နိုင်ငံတဝှမ်း ဆန္ဒပြ သတင်းများ
မြင်းခြံမြို့ ယမန်နေ့ အခြေအနေ
မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီ ၁၅ မိနစ် (သတင်းပေးပို့ချိန်)

ကြံ့ဖွံ့အဖွဲ့များမှ မြင်းခြံမြို့အတွင်း လှည့်လည် ကြွေးကြော်မှုများ ပြုလုပ်ခဲ့သဖြင့် သံဃာတော်များကလည်း သတ်မှတ်ထားသည့် အစီအစဉ် အတိုင်း မဟုတ်ဘဲ ရုတ်တရက် ကံဆောင်သပိတ်ကို ယမန်နေ့က ဆင်နွှဲခဲ့သည်။

ဒေသခံ တဦးက … “သူတို့ အင်အားက ၁၅ဝ လောက် ရှိပါတယ်။ ဘုန်းကြီးတွေကို တန်ပြန်သပိတ် ဆင်နွှဲတာပေါ့။ အရေးတော်ပုံ သုံးပါးကိုလည်း ကြွေးကြော်ကြတယ်။ ဘုန်းကြီးတွေက နားရက် သတ်မှတ်လိုက်လို့ နားတာ။ အခုလို သူတို့ လုပ်လာတော့ ဘုန်းကြီးတွေလည်း ထလုပ်တာ။ အပါး ၃ဝဝ ကနေ ၅ဝဝ ဖြစ်လာတယ်။ ပြည်သူလည်း ၂ဝဝဝ လောက် ဖြစ်သွားတယ်။ ဘုန်းကြီးတွေရဲ့ ရှေ့ကနေ ကြံ့ဖွတ် အဖွဲ့တွေ ခဏတော့ လှည့်လည်ကြတယ် လို့ ဆက်ပြောသည်။

ကြံ့ဖွံ့ အဖွဲ့တွင် ပါဝင်ခဲ့ကြသူများသည် နယ်ဒေသများမှ ခေါ်ယူလာခြင်း ဖြစ်သည်ဟု သူက ယခုလို ဆက်ပြောသည်။

“ဒီမြို့ကတော့ မဟုတ်ဘူးပေါ့။ ရွာတွေကနေ ခေါ်လာတာ။ နည်းအမျိုးမျိုးနဲ့ပေါ့။ တချို့ကို အစည်းအဝေး ရှိလို့ဆိုပြီး တချို့ကိုတော့ မလိုက်ရင် ပိုက်ဆံ ကျပ် ၂ဝဝဝ ပေးရမယ် ဆိုပြီး အတင်း အဓမ္မ ခေါ်လာတာ” ဟု ပြောသည်။ တောရွာများမှ ခေါ်လာခြင်း ဖြစ်ကြောင်းနှင့် အချို့သည် လမ်းခုလတ်မှပင် ပြန်သွားကြကြောင်း သူက ဆက်ပြောသည်။

သည့်အပြင် သံဃာတော်များ ကြွချီ ဆန္ဒပြလာသည်နှင့်အမျှ ကြံ့ဖွံ့များလည်း ပြန်လည် ငြိမ်သက်သွားကြောင်းနှင့် သံဃာတော်များ ပြီးဆုံးချိန်လောက်တွင် သူတို့သည် ခေတ္တခဏ စည်တန်း လှည့်လည်ကာ ညနေ ၅ နာရီခန့်တွင် ပြီးဆုံးခဲ့ကြောင်း ပြောသည်။

မြန်မာစံတော်ချိန် ၁၃း၁၀ (သတင်းလွှင့်တင်ချိန်)
သပိတ်အိုင် ဆရာတော် ဦးဥာဏိသရ အပါအဝင် ဆရာတော်ကြီးများကို စစ်အစိုးရက ဖမ်းထားသည်။

ထိုင်းမှာ ဆန္ဒပြ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာများနှင့် ထိုင်းဘုန်းကြီးများ၊ ထိုင်းတက္ကသိုလ် ကျောင်းသား စုစုပေါင်း ၁ဝဝဝ ခန့်က မြန်မာသံရုံးရှေ့တွင် ယနေ့ နံနက်က ကန့်ကွက် ဆန္ဒပြကြသည်။

မန္တလေး သပိတ်ဖြိုခွဲရေး ယားယံဆေးတွေ သုံးတော့မှာလား
မြန်မာစံတော်ချိန် နံနက် ၁၁ နာရီ (သတင်းရယူချိန်)

ရန်ကုန်မြို့ကဲ့သို့ ဆန္ဒပြသူများအပေါ် အကြမ်းဖက် ကိုင်တွယ်မှု နည်းပါးသည့် မန္တလေးမြို့ သပိတ်တိုက်ပွဲကို အာဏာပိုင်များဘက်က ယားယံဆေးများ သုံးကာ ဖြိုခွဲမည် ဟူသော သတင်းများ မန္တလေးမြို့တွင် ပေါ်ထွက်နေသည်။

ဒေသခံတဦး ပြောဆိုချက် …

“ကြားနေရတာကတော့ ဒီမှာ မီးသတ်ကားတွေလည်း ပါလာတယ်လေ။ ကြားနေရတာက ရေထဲမှာ ယားစေတဲ့ ဟာလေးတွေ ထည့်ထားတယ် ပြောတယ်။ ရေထဲမှာလေ၊ လိုအပ်လို့ ရေနဲ့ထိုးရင် ယားယံသွားအောင်လို့ပေါ့။ မနေ့က မီးခိုးဗုံး ကျတော့လည်း အဲလိုပဲ ယားတယ်။ ကိုယ်တော်တပါးဆိုရင် လူးလိမ့်နေရတယ် ပြောတယ်။ ဘေးကနေ ဝိုင်း စောင့်ရှောက်ပေးရတယ်။ ကိုယ်တိုင် မဖြစ်ပါဘူး။ ဒါပေမဲ့ ပါတယ်ဆိုတာ ကြားတယ်။

ဒါပေမဲ့ တတ်နိုင်သလောက် ထိန်းထိန်းသိမ်းသိမ်း ရှိပါတယ်။ မနေ့ကလည်းပဲ ရိုက်နှက်တာတော့ရှိတယ်။ ရိုက်နှက်တယ် ဆိုတာကလည်း ခဲနဲ့ ပေါက်ကြတာကို မခံနိုင်တဲ့သူတွေက လုပ်တာ။ မနေ့တုန်းက လူအုပ်ကလည်း အရမ်းများတယ်ဗျ။ ရန်ကုန် သတင်းလည်း ကြားထားတော့၊ ဘုန်းကြီးတွေကိုလည်း သနားတော့ ဝိုင်းကြတာပေါ့နော။ အဲလိုပုံစံတော့ ရှိနေတယ်။ လူတွေက အကြောက်အလန့်တော့ မရှိဘူး။ ဖြစ်တဲ့နေရာကို ပြုံလာကြတယ်။ မန္တလေးက ဆိုင်ကယ်မြို့ ဖြစ်သွားတဲ့အခါကျတော့ ဆိုင်ကယ်တွေ၊ ဆိုင်ကယ်တွေဆိုရင် 'ဝေါ' 'ဝေါ' နဲ့ အချိန်မီ ရောက်လာကြတယ်။ ဆိုင်ကယ်တွေနဲ့ လမ်းကြီးကို ပြည့်ညပ်သွားတာပေါ့နော။

မြတောင်ဆိုရင် အရင်တုန်းက ၃၅ လမ်းဘက်က ပိတ်တဲ့ဟာ၊ အခုတော့ ၃၆ လမ်းဘက်ပါ တော်တော်လေး တိုးချထားတယ်။ အရင်က တဘက် ဖွင့်ထားတယ်၊ အခုတော့ အဲဒီဘက်ကိုပါ ချထားတယ်။ ဈေးချိုဘက်ကတော့ ပုံမှန်ပါပဲ။ မရှိတာကလည်း ကားတွေ သွားလာနေရတာကိုး။ မန်းမြို့ဈေးမှာတော့ ချထားတယ်။ ၃၈၊ ၃၉ ကြားလောက် သွားကျတာပေါ့။ ၈၄ လမ်းဘက်၊ ဘုရားကြီးဘက်လမ်းကို ဖြတ်ရတဲ့နေရာ။ အဲဒီလမ်းကိုတော့ ပုံမှန်ပဲ တပ်ချထားတယ်။ မနေ့ကဆိုရင် ညနေပိုင်းကျတော့ သူက ဖွင့်ပေးလိုက်ပါတယ်။ မဖွင့်ခင်တော့ ဒိုင်းတွေနဲ့ ကာထားတယ်။ စစ်ကြောင်း ပြန်သွားပြီဆိုမှ ဖွင့်ပေးလိုက်တယ်။ ဒီမှာက ကာဖျူးက ည ၉ နာရီကနေ မနက် ၅ နာရီအထိလေ။ ဒီမှာတော့ ထိန်းထိန်းသိမ်းသိမ်း လုပ်နေတဲ့ သဘောပဲ။

အခုဟာက ကျောင်းတိုက်ကြီးတွေက ထွက်မရတဲ့ အခါကျတော့ ဟိုနားဒီနား စုပြီးတော့မှ မထင်မှတ်တဲ့ တနေရာကနေ စုထွက်တတ်တယ် ပေါ့ဗျာ။ အဲဒီ အနေအထားမျိုးပေါ့။

အဓိက ကတော့ မစ္စတာ ဂန်ဘာရီ ဒီအပေါ်မှာ ဘယ်လောက် ဂရုစိုက်သလဲ ဆိုတဲ့အပေါ် မူတည်မှာပဲ။ လောလောဆယ်ကိုလေ။ ယူအန်ကလည်း သိပ်အားကိုးရတာ မဟုတ်ဘူး။ သဘောလောက်လေးပဲ လုပ်နေတယ်။ တခါလာလည်း ရှုတ်ချတယ်၊ တိုက်တွန်းတယ် ဒါမျိုးလေးပဲ လာဖျောင့်ဖျနေတာ။ သံတမန် သဘောတွေ လောက်နဲ့ကတော့ သိပ်မတိုးဘူးပေါ့နော။ အဲဒီတော့ ရန်ကုန်လို အထိအခိုက် သိပ်မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်း ရတော့တာပေါ့”

-----------------------------------------------

ဗိုလ်ချုပ် သန်းရွှေ မိသားစု လာအိုရောက်နေ

မဇ္ဈိမ သတင်းဌာန
စက်တင်ဘာလ ၂၇ ရက်၊ ၂၀၀၇ ခုနှစ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစုများ နိုင်ငံခြားသို့ ထွက်ပြေးသည် ဆိုသော ကောလာဟလများ မြန်မာလူထု အကြား ရေပန်းစားနေချိန် ဦးတေဇပိုင် အဲယား ပုဂံ လေယာဉ် တစီးကို လာအိုနိုင်ငံ ဗီယင်ကျင်းတွင် ရပ်နားထားသည်ဟု တွေ့မြင်ခဲ့ရသူများက မဇ္ဈိမ သို့ အကြောင်းကြားခဲ့ သည်။

ထပ်မံ စုံစမ်းသိရှိရသည်မှာ ယနေ့ညနေ လာအို စံတော်ချိန် ညနေ ၆ နာရီတွင် ဗီယန်ကျင်း လေဆိပ်သို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု၏ လူယုံတော် စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇပိုင် အဲယားပုဂံ လေယာဉ် ဆိုက်ရောက်ခဲ့ပြီး ခရီးသည် ၈ ဦး ပါရှိသည်ဟု သိရသည်။

စစ်အစိုးရနှင့် နီးစပ်သည့် သတင်းရပ်ကွက် တခုက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီးနှင့် မိသားစုဝင် အရင်းအချာများ ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ဗိုလ်ချုပ်မှူးကြီး မိသားစုသည် အလည်အပတ် သဘောမျိုး သွားရောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

No comments: