Wednesday, September 26, 2007

ယနေ့သတင်းပေါင်းစုံ

သွေးစွန်းသော ဥပုသ်နေ့

အနည်းဆုံး လူ ၃ သိန်းကျော် ယနေ့ ဆန္ဒပြ၊ စစ်အစိုးရ တားမြစ်မိန့် ထုတ်သော်လည်း ပိုမိုကြီးထွား

မန္တလေးမြို့တွင် မိုးပေါ် သေနတ် ၃ ချက် ထောင်ပစ်

ရွှေတိဂုံဘုရားအနီး သံဃာတော်များကို မျက်ရည်ယိုဗုံးဖြင့် ဖြိုခွဲ-ရိုက်နှက်

ရန်ကုန် မန္တလေး ပဲခူး ပခုက္ကူ ကျောက်ပန်းတောင်း စစ်တွေ တောင်တွင်းကြီး မိုးညှင်း မြင်းခြံ မုံရွာမှာ ဆန္ဒဆက်ပြနေပြီ

ရွှေဂုံတိုင်ဘုရားအနီး ဘာဖြစ်ခဲ့လဲ
မြန်မာစံတော်ချိန် ညနေ ၅ နာရီ (သတင်းပေးပို့ချိန်)

ရန်ကုန်မြို့ ရွှေဂုံတိုင်ဘုရား အနီးတွင် သံဃာလူထု ဆန္ဒပြပွဲကြီး တခု ယနေ့ နေ့လည် ၂ နာရီခန့်က ဖြစ်ပွားခဲ့ရာတွင် စစ်ကား ၄ စီးနှင့် ထောက်လှမ်းရေးများ စီးလာသည့် ဆိုင်ကယ်များကို မီးရှို့ခဲ့ကြောင်း သိရသည်။

“ရွှေဂုံတိုင်အနား ရောက်တော့ လူက ၅ သိန်းလောက် စုနေတာကိုး။ အဲဒီအချိန်မှာ ဘုန်းကြီးတွေနဲ့ အရင်ဖြစ်တယ်။ သေနတ်ဒင်တွေနဲ့ ရိုက်တယ်။ စစ်တပ်က ကြမ်းလာတော့ ကျောင်းသားတွေ၊ လူထု၊ ဘုန်းကြီးတွေက စစ်ကား ၄ စီးကို မီးရှို့ပစ်တယ်။ ထောက်လှမ်းရေးတွေပဲ ရန်ကုန်မှာ ဆိုင်ကယ်စီးလို့ ရတယ်။ အဲဒီ ဆိုင်ကယ် ၅ စီး မီးရှို့ပစ်တယ်။ ပြီးရင် မြို့တော်ခန်းမဘက်ကို တက်လာတယ်။ အဲဒီ လူထုက ၅ သိန်းလောက် ရှိမယ်။ လူထုတွေက စစ်သားတွေ ရှိတဲ့ ဘက်ကိုသွားပြီး 'ပစ်ပါ' လို့ ရင်ဘတ်ကို ဖွင့်ပြီးပြောတော့ သူတို့က မိုးပေါ်ထောင်ပြီး ပစ်တယ်။ အဲဒါ ၂ နာရီ ကျော်လောက်မှာ ဖြစ်တာ။ မြို့တော် ခန်းမကနေ ဗိုလ်တထောင်ဘက်ကို သွားတယ်” ဟု မျက်မြင် တွေ့ရှိသူ တဦးက ပြောသည်။

ရန်ကုန်ဆန္ဒပြပွဲ နောက်ဆက်တွဲ
မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၁၅ မိနစ် (သတင်းပေးပို့ချိန်)

ပြည်သူ သိန်းပေါင်းများစွာနှင့် သံဃာတော်များ ဆန္ဒပြပွဲ ဖြစ်ပွားခဲ့သည့် ရန်ကုန်မြို့ရှိ အရပ်ဒေသ ၃ ခုမှ အခြေအနေကို လေ့လာ နေသူများနှင့် ဆက်သွယ် မေးမြန်းထားသည်။

ရွှေတိဂုံ

“ရွှေတိဂုံဘုရား အရှေ့ဘက်မုဉ်ဝမှာ ဘုန်းကြီးတွေက တခါး မဖွင့်ပေးရင်လည်း ဒီမှာပဲရပ်ပြီး မေတ္တာသုတ် ရွတ်မယ် ဆိုပြီး ထရပ်ပြီး ရွတ်ကြတာ။ အဲဒါကို စစ်သားတွေက နံပါတ်တုတ်တွေနဲ့ ရိုက်တယ်။ ခြေထောက်တွေနဲ့ ကန်တယ်။ အနာကို ခြေထောက်နဲ့ နင်းတယ်ဗျာ။ ဘုန်းကြီး တပါးတော့ ပျံလွန်တော်မူတယ် ကြားတယ်။ သိပ်တော့ မသေချာဘူး။ အသက်ကြီးကြီး ဘုန်းကြီးတပါး ပါတယ်။ ကျနော်တော့ သူလို့ ထင်တယ်ဗျာ။ အရိုက်ခံရတာ တွေ့တယ်။ အသက်က ၈ဝ ကျော်လောက် ရှိမယ်။ သာမန်ပါဗျာ။ ပိတ်ထားတဲ့ တံခါးကို ဖွင့်ခိုင်းတာကို သူတို့က ရိုက်တာဗျာ။ ဖမ်းသွားတာကတော့ လူနဲ့ဘုန်းကြီး ၅ ဦးပေါ့။ ဖမ်းသွားတဲ့ ဘုန်းကြီး ၂ ပါးရဲ့ သင်္ကန်းတွေကို ချွတ်ပြီး မီးရှို့တယ်တဲ့ဗျာ။ သာသနာ့ အလံကိုဗျာ၊ ခြေထောက်နဲ့ နင်းကြတယ်ဗျာ။ တော်တော် မိုက်ရိုင်းကြတယ်ဗျာ။ ဒဏ်ရာ ရတာကတော့ လူရော၊ ဘုန်းကြီးရော ၁၂ ဦးလို့တော့ ကြားတယ်။ ရေတာရှည် လမ်းဘက်ကနေလည်း မျက်ရည်ယို ဗုံးတွေ လှမ်းခွဲလိုက်နဲ့ အာဇာနည် ကုန်းဘက်ကလည်း လှည့်ခွဲလိုက်နဲ့ဗျာ။ လေးဘက်လေးတန် လူတွေ အုံနေတာတွေကို လှည့်ပတ်ပြီး ခွဲနေတာ။ ၃ နာရီ ကျော်ကျော်လောက်မှာတော့ လူစုကွဲနေကြပြီ”

ဆူးလေ

“ဆူးလေလမ်းမှာ ဘေးတဖက်တချက်မှာ လုံထိန်းတွေ၊ အလယ်မှာ စစ်သားတွေပေါ့ဗျာ။ ရင်ဘောင်တန်းပြီး ကာထားကြတယ်။ အင်အားများတယ်ဗျာ။ သေနတ်တွေလည်း အဆင်သင့်ပဲ ကိုင်ထားကြတယ်။ မိုးပေါ်ကို ထောင်ပစ်လိုက်တာ လမ်းဘေးနားက ဆိုင်းဘုတ်ပိုက်လုံးကို ထိသွားတာ ဖုန်းရုံးထဲက လူတယောက် ဒဏ်ရာရတယ်။ စင်သွားတာပေါ့ဗျာ။ မှန်တွေလည်း ကွဲသွားတယ်။ ဘေးလမ်းက ဈေးဆိုင်တွေလည်း အကုန်လုံး ပိတ်ကုန်တယ်။ ကားတွေလည်း အားလုံး ဘလော့ခ် ဖြစ်ကုန်တယ်ဗျာ။ ဘုန်းကြီးတွေတော့ နည်းတယ်ဗျာ။ လူတွေပဲ များတာ။ သောင်းဂဏန်းလောက် ပေါ့ဗျာ။ ဘုန်းကြီးတွေက ရသလောက် အပါး ၄ဝ၊ ၅ဝ နဲ့လည်း ချီတက်ကြတာ။

စံပြရုပ်ရှင်ရုံ

“စံပြ ရုပ်ရှင်ရုံနား ကုန်းတံတားမှာ ဟောပြောပွဲ လုပ်နေတာ။ ဘုန်းကြီးတွေက အခု ရွှေတိဂုံမှာ အရိုက်ခံရတဲ့ အကြောင်းတွေကို ပြန်ပြောပြနေတာ ခွပ်ဒေါင်းအလံ ၂ ခု ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း ပုံတွေလည်း ပါတယ်။ ကိုင်ထားတာ။ ကျနော်တို့ကတော့ ပြန်အကြမ်းမဖက်ပါဘူး။ အခုတော့ လုံခြုံရေး ဘာမှ မရှိတော့ဘူး။ ဒီကို အလာမှာတုန်းက ဗိုလ်ချုပ်လမ်းဘက်မှာ စစ်ကား ၃ စီးနဲ့ ကျနော်တို့ ထိပ်တိုက်တွေ့တာ။ သူတို့က လမ်းပိတ်တယ်ဗျာ။ ဦးပဉ္ဇင်းတွေကတော့ ရှောင်တယ်ဗျာ။ ဘာမှတော့ အထိအခိုက် မရှိပါဘူး။ သူတို့ အင်အားကတော့ များတယ်။ လက်နက်တွေနဲ့ ကားအပြည့်ပဲ။ စစ်ဒေသမှူးလား၊ တိုင်းမှူးလားတော့ မသိဘူး၊ ပါတယ်ဗျာ။ လူအင်အားကတော့ သောင်းဂဏန်းလောက် ရှိတယ်ဗျာ”

(မြန်မာစံတော်ချိန် ၅း၄၅)
စစ်သားများ ဆူးလေဘုရား မီးပွိုင့်နှင့် အနော်ရထာ လမ်းဆုံတွင် ရင်ဘောင်တန်းလျှက် သေနတ်ကိုင် စောင့်ဆိုင်း နေကြသည်။

(မြန်မာစံတော်ချိန် ၅း၃ဝ)
ရန်ကုန်တွင် ဆန္ဒပြလူထုကြီး လူစုခွဲလိုက်ပြီ ဖြစ်သည်။

ရွှေတိဂုံ ဘုရားအနီး ဆန္ဒပြ သံဃာတော်များကို ရဲများက ရိုက်နှက်၍ သံဃာ ၃ ပါး ဆေးရုံ ရောက်ရှိခဲ့သည်ဟု ရန်ကုန် ဆေးရုံကြီးမှ ဆရာဝန် တဦး အပြောအရ သိရသည်။

ဆူးလေအနီး အမျိုးသမီးတဦး သေနတ်ထိမှန်
(မြန်မာစံတော်ချိန် ၅းဝဝ)

ဆူးလေဘုရား အနီး မိုးပေါ်ထောင်ပစ် လူစုခွဲရုံတင်မကဘဲ လူအုပ်ကြားထဲသို့ သေနတ်တချက် ပစ်ထဲ့၍ အမျိုးသမီး တဦး သေနတ် ထိမှန် သွားသည်။

အသက် ၄၅ နှစ်အရွယ် ရွှေပြည်သာမြို့နယ်နေ အမျိုးသမီးတဦးကို သွေးသံရဲရဲဖြင့် ရှိနေပြီး အနားမှ လူအများက ဆေးရုံပို့ရန် ပြင်ဆင် နေကြသည်ကို မဇ္ဈိမ အထောက်တော်က တွေ့မြင်ခဲ့ရသည်။

သူမသည် ရွှေပြည်သာ မြို့နယ်မှ ဖြစ်ကြောင်းနှင့် ခင်ပွန်းအမည် ကိုအောင်စိုးဟု သိရသည်။

(မြန်မာစံတော်ချိန် ၄း၃၀)
ဗိုလ်ချုပ် လမ်းပေါ်တွင် စစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင် နေခဲ့ကြသော လူထုကြီးမှာ လူစုခွဲလိုက်ပြီ ဖြစ်သည်။

(မြန်မာစံတော်ချိန် ၄း၂၅)
မဇ္ဈိမက စုံစမ်းသိရှိရသော ရွှေတိဂုံဘုရားအနီး သံဃာတော်များ ဦးဆောင်သော ဆန္ဒပြသူများကို ဖြိုခွင်းရာတွင် ဦးဆောင် ကွပ်ကဲသူများမှာ (၁) ဗိုလ်ချုပ် ကျော်ဆန်း (ပြန်ကြားရေး ဝန်ကြီး)၊ ဗိုလ်မှူးကြီး တင့်ဆန်း၊ အမှတ် ၁၆ ခြေလျင် တပ်ရင်း ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ရဲဇော်ဇော် တို့ ပါဝင်သည်။

ဖိနပ်၊ အမှိုက်တို့နဲ့ အပစ်ခံရတဲ့ စစ်တပ်
(မြန်မာစံတော်ချိန် ၄း၁၅)

ဗိုလ်ချုပ်လမ်းပေါ် စစ်တပ်နှင့် ဆန္ဒပြ လူထုကြီး ရင်ဆိုင်မှုအပြီး ဆန္ဒပြ လူထုကြီးက တဖြည်းဖြည်း ပိုမိုရှေ့တိုးလာသည်တွင် စစ်ကား ၃ စီးပါ စစ်တပ်သည် နောက်သို့ တဖြည်းဖြည်း ဆုတ်သွားရာ ပန်းဆိုးတန်း ဂုံးကျော် တံတားကြီး အောက်ဘက် ရောက်သွားခဲ့သည်။ တံတားပေါ်မှ ကြည့်ရှုနေသော လူအုပ်စုကြီးကလည်း စစ်သားများပေါ်သို့ စီးလာသော ဖိနပ်များ၊ အမှိုက်များဖြင့် ပစ်လိုက်ကြသည်။

လုံထိန်းများလက်မှ သံဃာများကို စမ်းချောင်းလူထု ပြန်လု
(မြန်မာစံတော်ချိန် ၄း၀၀)

ရန်ကုန်တွင် လုံထိန်းက သံဃာတော်များကို လုံထိန်းက ကားပေါ် ဆွဲတင် ဖမ်းဆီးမှုကို မခံရပ်နိုင်သော ဒေသခံ လူထုက လုံထိန်းများကို ဝင်ရိုက်သဖြင့် လုံထိန်းများ ဆုတ်ပြေးခဲ့ကြရသည်။

ဗားကရာတိုက်၊ ဥယာဉ်တိုက်၊ ရှင်ဥတ္တမတိုက်၊ ဇေယျဝတီကျောင်း၊ အောင်မင်္ဂလာ ကျောင်းများမှ သံဃာတော်များ ချီတက်လာရာ ယနေ့နေ့လည် ၁ နာရီခန့်တွင် စမ်းချောင်း ဗားကရာလမ်းနှင့် ဗဟိုလမ်းထောင့် အမှတ် ၆၁ ဓာတ်ဆီဆိုင် အနီးတွင် လမ်းပိတ်ကာ လုံထိန်းက ဖမ်းဆီးပြီး ကားပေါ်တင်ရာ စမ်းချောင်းလူထုက ရရာလက်နက် ဆွဲကိုင်ပြီး လုံထိန်းများကို ဝင်ရိုက်သဖြင့် လုံထိန်းများ ဗဟိုလမ်းအတိုင်း အာရှတော်ဝင်ေ ဆးခန်းအထိ ဆုတ်သွားတော့သည်။

ထို့နောက် လမ်းပွင့်သွားသဖြင့် သံဃာတော်များ ဆက်လက် တက်သွားနိုင်ခြင်း ဖြစ်သည်။

(မြန်မာစံတော်ချိန် ၃း၅၅)
အဝါရောင်လည်စီးများ ဝတ်ဆင်ထားသော စစ်သား အယောက် ၃ဝ ခန့်ကို တပ်မှူးတယောက်က ဦးဆောင်၍ ဗိုလ်ချုပ်လမ်းအတိုင်း လျှောက်လာနေကြသည်။ သူတို့နောက်မှ စစ်ကား ၃ စီးကလည်း လိုက်ပါလာနေသည်။ ထိုအုပ်စု ၃၆ လမ်းထိပ်သို့ ရောက်ရှိနေပြီး ဆန္ဒပြ လူထုကြီးကလည်း သူတို့နှင့် နီးသထက် နီးလာနေသည်။ ဆန္ဒပြလူထုကြီးက တရွေ့ရွေ့ ရှေ့တိုးလာနေခြင်း ဖြစ်သည်။

မြန်မာ စံတော်ချိန် (၃း၃၀)
“ဗဟန်းမှာ ရဲတွေက သိပ်ရိုင်းတယ်။ ဘုန်းကြီးတွေကို ကန်တယ်၊ ခေါင်းတွေကို ရိုက်တယ်။ လမ်းပေါ်မှာ လဲနေတဲ့ ဘုန်းကြီးတွေကို တက်နင်းတယ်။” ဟု ရွှေတိဂုံဘုရား အနီး ရဲများက ဆန္ဒပြ သံဃာများကို ဖြိုခွင်းပုံကို ရည်ညွန်းလျက် ရန်ကုန် ဒေသခံတဦးက မဇ္ဈိမသို့ ပြောပြသည်။

သက်တော်ကြီးဆရာတော်တပါးဦးဆောင်ကာ ဆူးလေသို့ ဆန္ဒပြစစ်ကြောင်းကြီး တခုချီလာနေ

ရွှေတိဂုံစစ်ကြောင်း ပစ်လည်း မပြေးတော့၊ မေတ္တာသုတ် ရွတ်ဆိုကာ ကြံ့ကြံ့ခံ
မြန်မာ စံတော်ချိန် (၃း၁၅)

စစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင်နေရသော ဆူးလေဘုရားအနီးမှ ဆန္ဒပြ လူထုကြီးထံသို့ လူသောင်းပေါင်းများစွာ ရှိသော နောက်ထပ် ဆန္ဒပြ စစ်ကြောင်းတခု လာရောက် ပူးပေါင်းနေသည်။

ခွပ်ဒေါင်း အလံများလည်း တလူလူ လွင့်ပျံနေပြီး နိုင်ငံတော် သီချင်းများ သီဆိုနေသော စစ်ကြောင်းကြီးကို သက်တော်ကြီး ဘုန်းတော်ကြီး တပါးက ဦးဆောင်ကာ မှန်မှန် ချီတက်လာနေသည်။

ရွှေတိဂုံဘုရား အနီးတွင် စစ်တပ်က ရိုက်နှက် ဖြိုခွင်းသော်လည်း ခဏတာ လူစုခွဲပြီး မပြေးဘဲ မေတ္တာသုတ်များ ရွတ်ဆိုကာ ကြံကြံ့ခံ ရင်ဆိုင်လျက် ရှိသည်။

မြန်မာစံတော်ချိန် နေ့လည် ၃နာရီ ၀၀ မိနစ်
ဆူးလေတွင် သံဃာများ ဦးဆောင်သော ဆန္ဒပြ လူအုပ်စုကြီး လူစုခွဲရန် မိုးပေါ် သေနတ် ထောင်ပစ်ချက်များ ထပ်မံ ထွက်ပေါ်လာနေသလို စစ်ကား ၁ဝ စီးထက်မနည်း ရောက်ရှိနေပြီ ဖြစ်သည်။

ဆူးလေအနီးတွင် စစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင်နေရသော ဆန္ဒပြ လူထုကြီးသည် တိတ်ဆိတ်စွာဖြင့် စောင့်ဆိုင်းလျှက် ရှိပြီး ဘေးမှ ရပ်ကြည့် နေသူ လူအများ ဆန္ဒပြသူများဖြင့် ပိုမို ပူးပေါင်း လာနေကြသည်။

မြန်မာစံတော်ချိန် နေ့လည် ၂ နာရီ ၃၀ မိနစ်
ရန်ကုန် ကမ်းနားလမ်းဘက်တွင်လည်း ကားလမ်းများကို လုံခြုံရေးများက ပိတ်လိုက်သည်။ အင်တာနက်ကိုလည်း အမြန်နှုန်း ပိုမို လျော့ချ လိုက်ရာ အင်တာနက် ကဖီးဆိုင် အတော်များများ ယနေ့ ပိတ်ပစ် လိုက်ရသည်။

သံဃာတော်များက ရှေ့ဆုံးမှ ဦးဆောင်၊ စစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင်နေရ
မြန်မာစံတော်ချိန် နေ့လည် ၂ နာရီ ၃၀ မိနစ်

ဆန္ဒပြလူထုကြီးကို သံဃာတော်များက ရှေ့ဆုံးတန်းမှ ဦးဆောင်တန်းစီကာ ဆူးလေဘုရားကို နောက်ခံလျှက် ဖြိုခွင်းမည့်ဟန်အသင့်ရှိသော စစ်တပ်ကို မျက်နှာချင်းဆိုင်နေသည်။

ဆူးလေဘုရားအနီး ဘားလမ်းနှင့်မြို့တော်ခန်းမရှေ့ ဆန္ဒပြလူထု ပိတ်မိနေပြီး စစ်ကားများလည်း ဗိုလ်ချုပ်ဈေးသို့ နောက်ထပ် ရောက်လာ သည်။

သတင်းပေးပို့သောအချိန်တွင် နောက်ထပ် စစ်ကားများ ရောက်ရှိလာနေသည်။

မြန်မာစံတော်ချိန် ၂ နာရီ ၂၀ မိနစ်။

ဆူးလေအနားတွင် သေနတ် မိုးပေါ်ထောင်ပစ်များ ကြားနေရကြောင်း မဇ္ဈိမ အထောက်တော်က ပြောပြသည်။ ဘားလမ်းမှာ (၂) ချက်နှင့် မြို့တော်ခန်းမရှေ့ ၂ ချက်ရှိသွားပြီ ဖြစ်ကြောင်း သတင်းပေးပို့ချိန်တွင် ရေးသားထားသည်။

ဆန္ဒပြသံဃာတော်များကို လူထုကြီးက ဆက်လက် ချီတက်နေကြပြီး။ “ကမ္ဘာ မကျေဘူး” အမျိုးသား သီချင်းနှင့် “ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး” ဆိုကာ ကြွေးကျော် အော်ဟစ်နေကြသည်။

ရွှေတိဂုံတွင် လုံခြုံရေးများ ရိုက်နှက်၍ အနည်းဆုံး သံဃာတော် ၄ ပါး ဒဏ်ရာ ရသွားသည်ဟု ထွက်ပြေးလာသူများက ပြောကြသည်။

မြန်မာစံတော်ချိန် ၂ နာရီ ၁၅ မိနစ်။

“ရွှေတိဂုံမှာ သေနတ်ပစ်လို့ ဒီဘက်ကို ပြေးလာတာ တွေ့လိုက်တယ်။ သေနတ်ကြီးနဲ့ ပစ်တယ်။ လူတွေတချို့ မဟာဗန္ဓုလမ်းဘက်ကို ပြေးလာတာ တွေ့တယ်။ အခု လောလောဆယ် လူအုပ်ကြီးရော၊ သံဃာတွေရော တသောင်းကျော်လောက်က ရွေတိဂုံဘုရားကနေ တာမွေ ပလာဇာဘက် ရောက်နေပြီ ဆင်းလာပြီလို့ ပြောတယ်။” ဟု မျက်မြင်သက်သေ တဦးက မဇ္ဈိမ သို့ ပြောပြသည်။

မျက်ရည်ယိုဗုံးဖြင့် ပစ်ခွဲ
မြန်မာစံတော်ချိန် ၂ နာရီ ၁၀ မိနစ်။

ရန်ကုန်မြို့ ရွှေတိဂုံဘုရား အနီး လုံထိန်းများက မျက်ရည်ယိုဗုံး ၄ လုံးကို သံဃာထုတွင်း ပစ်သွင်းလိုက်သလို ရိုက်နှက်မှုများလည်း လုပ်နေ ခဲ့သည်။ “လူသတ်သမား၊ လူသတ်သမားတွေ” ဟု ဆန္ဒပြသူ တဦးက အော်ရင်း ပြေးသွားသည်။

ဒေသခံ သတင်းထောက် တဦးလည်း အရိုက်ခံလိုက်ရသည်။

မြောက်ဒဂုံအခြေအနေ
မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီ
ရန်ကုန်တိုင်း မြောက်ဒဂုံမြို့တွင် စစ်ကားများ ဖြတ်သန်း သွားလာနေကြောင်းနှင့် ဆန္ဒပြပွဲတွင် ပူးပေါင်း ပါဝင်ခြင်း မပြုရန် အာဏာပိုင်များက လိုက်လံ ဆော်သြနေကြောင်း သိရသည်။

ဒေသခံတဦးက “အနောက်ပိုင်း ဒဂုံကောလိပ်ကျောင်းကပါ။ ကျောင်းသားတွေ ပါဝင်ဖို့ ပြောတယ်။ ဒါပေမဲ့ ဆရာတွေက အတင်းတားတယ်။ မသွားနဲ့တဲ့၊ ကျောင်းထုတ်မယ်လို့ ပြောတယ်။ ဒါပေမဲ့ အားလုံးက ကျောင်းမတက်ဘဲ ကိုယ်နည်း ကိုယ်လမ်းနဲ့ သွားကြပြီ။ ဒီနေ့က စစ်ကားတွေကို ချထားတယ်၊ ပိုများလာတယ်။ အခုပဲ အိမ်ရှေ့မှာ စစ်ကားတစီး ဖြတ်သွားတယ်။ များတယ်။ လိုက်ပတ်နေတယ်။ ဒီနေ့က မာရှယ်လော ထုတ်ထားတယ်။ ၉ နာရီ ကစပြီး မထွက်ရတဲ့။ မနက်၊ ည ၈ နာရီမှာ လိုက်အော်တယ်။ ပုဒ်မ ၁၄၄ နဲ့ အရေးယူမယ်တဲ့။ ဆိုက်ကားသမားတွေလည်း မရဘူး။ စောစောသိမ်း ဆိုပြီးလည်း ပါတယ်။ ပြောတယ်၊ ပြည်ပ အဖျက်သမားတွေက အခုလို လုပ်တယ် ဆိုပြီးလည်း အော်ပြောတယ်။ ကားမှာ ရပ်ကွက် လူကြီးတွေလည်း ပါတယ်။ ထူးဆန်းတာက ဘုန်းကြီး နှစ်ပါးလည်း ပါတယ်။ လိုက်အော်တဲ့ နေရာမှာပေါ့။ အားမပေးကြရန် လို့လည်း ပါတယ်” ဟု ပြောသည်။

ရွှေတိဂုံတွင် လုံခြုံရေးတင်းကျပ်
မြန်မာစံတော်ချိန် နေ့လည် ၁၁ နာရီ ၄၅ မိနစ် (သတင်းပေးပို့ချိန်)

ရန်ကုန်မြို့ ရွှေတိဂုံအနီးတွင် လက်နက်ကိုင် စစ်သားများ လုံခြုံရေးများ တင်းကျပ်စွာ ချထားနေသော်လည်း သံဃာတော်နှင့် ပြည်သူများလည်း အင်အားကြီးမားစွာ ရောက်ရှိနေပြီ ဖြစ်သည်။

“ရွှေတိဂုံ အဝင်ဝ တံခါးတွေ အားလုံးကို ပိတ်ထားတယ်။ အခု သံဆူးကြိုးတွေ ထပ်တပ်နေတယ်။ လုံခြုံရေး အရမ်းကို တင်းကျပ်ထားတယ်။ တချို့ ဘုန်းကြီးတွေတော့ ဘုရားပေါ် ရောက်နေတာတွေလည်း ရှိတယ်။ စောရောက်ထားတဲ့ ဘုန်းကြီးတွေပေါ့။ လူတွေလည်း ရှိတယ်။ လှမ်းတော့ မြင်နေရတယ်။ ဘယ်လောက် ရှိမလဲတော့ မခန်းမှန်းတတ်ဘူး။ ကျနော်က အခုမှ ရောက်သွားတာ။ အောက်မှာတော့ လူက သောင်းဂဏန်းလောက် ရှိနေတယ်။ ဘုန်းကြီးတွေကတော့ ၅ဝဝ၊ ၆ဝဝ လောက်ရှိမယ်။ အားလုံး စောင့်နေတာ။ စောင့်နေတဲ့ အစောင့်တွေက စစ်သားတွေ။ လက်နက်တွေလည်း ကိုင်ထားတယ်။ အင်အား များတယ်။ မခန့်မှန်းနိုင်ဘူး။ တပ်မ နံပါတ်က ၇၇။ အပေါ်မှာလည်း အများကြီး ရှိနေမှာပဲ။ လုံခြုံရေး အရမ်း တင်းနေတယ်ဗျာ” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

12:10 AM
မြေနီကုန်းမှ ရွှေတိဂုံဘုရားသို့ သွားရာ လမ်းများ ပိတ်လိုက်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး အလွန် လင့်ခ်လမ်းထောင့်တွင် လက်နက်ကိုင် လုံထိန်းများ ချထားသည်ကို တွေ့ရသည်။

သို့သော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်ရှေ့တွင် ဆန္ဒပြမည့်သူများ ရောက်ရှိနေကြပြီ ဖြစ်သည်။

11:15 AM
ဆန္ဒပြဦးမှာ

စစ်အစိုးရက ကန့်သတ်မိန့် ထုတ်ထားသော်လည်း သံဃာတော်များနှင့် လူထုက ဆန္ဒပြကြဦးမှာ ဖြစ်သည်ဟု လှုပ်ရှား တတ်ကြွသူများက ပြောနေကြသည်။

ရန်ကုန်မြို့တွင် စတင် လူစုဝေးမှုများ ပြုလုပ်နေကြသည်ဟုလည်း သတင်းများရရှိသည်။

ဖမ်းဆီးမှုရှိခဲ့

နိုင်ငံကျော် ဟာသ သရုပ်ဆောင် ကိုဇာဂနာကို ယမန်နေ့ညက နေအိမ်တွင် အာဏာပိုင်များက လာရောက် ဖမ်းဆီးသွားခဲ့သည်။

နေအိမ်သို့ ည ၁ နာရီခန့်က ဝင်ရောက် ရှာဖွေပြီး ဓာတ်ပုံများ၊ တယ်လီဖုန်းတို့ကို သိမ်းဆည်းကာ ဖမ်းဆီးခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ဆူပူမှုများ ဖြစ်လာလျှင် မြန်မာနိုင်ငံ ထိုင်းသံရုံးများ ဝန်ထမ်းများကို ထိုင်းနိုင်ငံကို အမြန် ပြန်ခေါ်ရန် ထိုင်းနိုင်ငံက စီစဉ်ထားသည်။

ဝန်ကြီးများ ရုံးအနီး ရဲ ၁၅ဝ ခန့်ကို လုံခြုံရေး ချထားသည်။

11:00 AM
ရန်ကုန် မန္တလေးတွင် ညမထွက်ရအမိန့်ထုတ်

ရန်ကုန်နှင့် မန္တလေးမြို့များတွင် ညမထွက်ရ အမိန့် ထုတ်ပြန်ထားပြီးနောက် လုံခြုံရေးများ တိုးချဲ့ ချထားလိုက်ကာ နောက်ထပ် ဆန္ဒပြမှုကြီးများ မဖြစ်ရန် စစ်အစိုးရက ကြိုးစားနေသည်။

နိုင်ငံပိုင် မီဒီယာများမှ တရားဝင် ကြေညာခြင်း မရှိဘဲ ရပ်ကွက်များသို့ လှည်လည်ကာ လော်စပီကာဖြင့် လိုက်လံအော်ရာတွင် ည ၉ နာရီမှ နံနက် ၅ နာရီအထိ အပြင်မထွက်ရန် ပါရှိသည်။

ထို့အပြင် လူ ၅ ယောက်ထက် ပိုမစုရဟုလည်း ပါရှိသည်။ ကာဖျူး အမိန့်သည် ရက် ၆ဝ သက်ရောက်မှု ရှိမည်ဟု ကြေညာချက်တွင် ပါရှိသည်။

လုံခြုံရေးတိုးချထား

ရွှေတိဂုံဘုရားနှင့် အနီးတွင် လုံခြုံရေးများတိုးမြှင့်ထားရာ အရှေ့ဘက်မုဉ်တွင် စစ်ကားတစီး၊ အလယ်ပစ္စယံ အတက်မုဉ်ကို လူတဦး ဝင်ရရုံသာ ဖွင့်ထားပြီး ရဲသားတဦး၊ ကြေးသွန်းဘုရားရှေ့မှာ (police) ဟု ရေးထားသော ရဲ ၁ဝဝ နီးပါး လမ်းကို ရင်ဘောင်တန်း ပိတ်ထားသည်။

ရဲအရာရှိများက လမ်းဘေးဆိုင်များကို “မင်းတို့ဆိုင်တွေ ချက်ချင်းပိတ်စမ်း” ဟု အော်ဟစ် ပိတ်ခိုင်းနေသည်။ အာဇာနည် ကုန်းနားတွင် စစ်ကား နှစ်စီး ရပ်ထားပြီး လင့်ခ်လမ်းအထွက် ယနေ့ လပြည့်နေ့ ဖြစ်သော်လည်း လုံခြုံရေးများ တင်းကြပ်နေသောကြောင့် ဘုရားဖူးသူ နည်းသွားသည်။

မန္တလေးမြို့ ဘုရားကြီးအနီး တပ်မ ၉၉ တံဆိပ်တတ်ထားသော စစ်သားနှင့် ရဲ ၃ဝဝ ကျော် ရှိနေသည်။

သက်ရောက်မှုများ

ရန်ကုန်ရှိ ပုဂ္ဂလိက စာသင်ကျောင်း အများစု ရက်ရှည် ကျောင်းပိတ်ရက် သတ်မှတ်လိုက်သည်။

ဥပုဉ်နေ့ ဖြစ်၍ အစိုးရ စာသင်ကျောင်းများ ယနေ့ပိတ်ပြီး အစိုးရရုံးများကတော့ ဆက်လက် ဖွင့်လျှက် ရှိသည်။ သို့သော် အရေးပေါ်လျှင် ပင်မ ရုံးတခါးများကို ပိတ်ထားရန် ညွှန်ကြားထားသည်။

ပုဂ္ဂလိက ကုမ္ပဏီအချို့ ရုံးပိတ်လိုက်ပြီး အများစုကတော့ ဆက်လက် ဖွင့်ထားသည်။ သို့သော် အရေးပေါ်လျှင် စောစွာပြန်ခွင့် ပြုထားသည်။

စစ်အစိုးရ ကြိုတင် စီမံမှုတချို့

တားမြစ်မှုများ လုပ်နေသော်လည်း သံဃာတော်များ ဦးစီးသော ဆန္ဒပြမှုများကိုလည်း စစ်အစိုးရက မျှော်မှန်းထားပြီး အကြမ်းဖက် ဖျက်စီးမှု လုပ်သည်ဟု လူထုက မြင်စေရန် လုပ်ကြံမှုလည်း ရှိနေသည်ဟု သတင်းရပ်ကွက် တခုက ပြောသည်။

အကယ်၍ ထိုသတင်း မှန်ကန်လျှင် အစီအစဉ် တခုတွင် တာမွေမြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (မယက) ရုံးကို စစ်အစိုးရလူများက ဦးဆောင်ဖျက်စီးပြီး လိုက်လံ ဖျက်စီးသူများလာလျှင် စစ်တပ်က ဝင်ပစ်ရန် ဖြစ်သည်။


နိုင်ငံတဝှမ်း ဆန္ဒပြ သတင်းများ
မန္တလေး ဆန္ဒပြပွဲ နောက်ဆက်တွဲ
မြန်မာစံတော်ချိန် ၅ နာရီ (သတင်းပေးပို့ချိန်)

သံဃာထု အများဆုံး သီတင်းသုံးရာ မန္တလေးမြို့တွင် ဆန္ဒပြ သံဃာများနှင့် ပြည်သူများကို စစ်တပ်မှ သေနတ် ပစ်ဖောက်၍ ခြောက်လှန့်ခြင်းနှင့် မျက်ရည်ယိုဗုံး ဖောက်ခွဲကာ လူစုခွဲခြင်းများ ပြုလုပ်ခဲ့သည်ဟု ဒေသခံ တဦးက ယခုလို ပြောသည်။

“ဟုတ်တယ်၊ ပစ်ပါတယ်။ တည့်တည့်တော့ မဟုတ်ဘူး။ မိုးပေါ် ထောင်ဖောက်တာ ဟုတ်တယ်။ မျက်ရည်ယို ဗုံးတွေကို လူအုပ်ကြား ဝင်ပစ်တာလည်း တွေ့တယ်။ နောက်ကနေ တပ်က ကားတွေနဲ့ အုံလိုက်ကျင်းနဲ့ကို လိုက်ပစ်တယ်။ အားလုံး ပြေးရတာပေါ့ဗျာ။ ပထမတော့ နောက်ကပစ်တော့ ဟန်မပျက် ရှေ့ချီတက်သေးတယ်။ ဘုန်းဘုန်းတွေကတော့ မျက်နှာကို ရေစွတ်ပြီးတော့ ရှေ့ဆက် ချီတက်တာပေါ့ဗျာ။ နောက်တော့ အုံလိုက် ကျင်းလိုက်နဲ့ကို ကား ၇ စီးနဲ့ လိုက်ပစ်တာ တွေ့တယ်ခင်ဗျ။ လူအုပ်က ပျက်ပြီး ပြေးလာတဲ့ အချိန်ဆိုရင်တော့ ၃ဝဝဝ ကျော်တယ် ခင်ဗျ။ လူတွေကတော့ ၃၆၊ ၃၇ လမ်းထဲတွေကို ထွက်ပြေးရတယ်။ ဘေးထွက်ပြေးရတာပေါ့ဗျာ။ ၃၅ လမ်းနဲ့ လမ်း ၈ဝ ထောင့်မှာပါ ခင်ဗျ။ သံဃာတန်းက သူတို့ ၃၅ လမ်းမှာရှိတဲ့ သူတို့ ကွပ်ကဲရေးရုံး ရောက်တာနဲ့ ဟိုက စပစ်တော့တာပဲ ခင်ဗျ၊ ပစ်တယ် ဆိုတာကလည်း မိုးထောင်ပစ်တဲ့ သဘောပါပဲ။ ဒါပေမယ်လို့  ထိနိုင်တယ်ဗျ။ လူအုပ်ကြားတွေကိုလည်း ပစ်တယ်၊ လဲကျသွားပြီး ကျန်ခဲ့တာတော့ မရှိဘူးခင်ဗျ”

အခြား ဒေသခံ တဦးကလည်း လက်ရှိ အခြေအနေနှင့် ပတ်သက်ပြီး သူ့သဘောကို ယခုလို ပြောဆိုလာသည်။

“လက်နက်ဆိုလို့ အပ်တို တချောင်းတောင် မပါတဲ့ သံယာတော်တွေနဲ့ ပြည်သူလူထုကို အကြမ်းဖက် ဖြိုခွဲနေတဲ့အတွက် ကျနော်တို့ လူထုတွေရဲ့ အမြင်ကတော့ ကုလသမဂ္ဂကနေ ဦးဆောင်ပြီးတော့ ညွန့်ပေါင်းတပ်တွေနဲ့ ဒီအစိုးရကို စစ်ရေးအရ ဖြေရှင်း ပေးသင့်ပြီလို့ မြင်နေပါပြီဗျာ။ တကယ်လို့ ကုလသမဂ္ဂကနေ အစောတလျင် မဆောင်ရွက်နိုင်ဘူးဆိုရင် အမေရိကန် အနေနဲ့ အီရတ်ကို ဝင်တိုက်သလိုမျိုး၊ မြန်မာပြည်ကို ဒီအစိုးရကို ဝင်တိုက်ရင်လည်း ကျနော်တို့ မကြိုဆိုစရာ ဘာမှ မရှိပါဘူး ခင်ဗျာ”

ပခုက္ကူ ဆန္ဒပြပွဲ နောက်ဆက်တွဲ
မြန်မာစံတော်ချိန် ညနေ ၅ နာရီ (သတင်းပေးပို့ချိန်)

သံဃာတော်တပါး၏ ပြောဆိုချက် …

“ဒီမှာတော့ အေးအေးဆေးဆေး ပြီးသွားတယ်။ တော်တော်ကြီးကို ဖြစ်တယ်၊ လူတွေလည်း အတော်ပါတယ်။ ဦးပဉ္ဇင်းတို့ အေးအေးချမ်းချမ်း မေတ္တာပို့ကြတယ်။ ကျောင်းတိုက် အားလုံး၊ တမြို့လုံးပါပဲ။ သံဃာ ၂ဝဝဝ ကျော်။ လူလည်း တော်တော်များများကို ပါတယ်။ ကျောင်းသားတွေလည်း ပါတယ်။ ကျောင်းသားကလည်း စာဖြေ အပြီးပေါ့။ ၃-၄ဝဝ လောက်ရှိတယ်။ ဒီနေ့ နောက်ဆုံး ဖြေပြီးတဲ့ ကျောင်းသားတွေပေါ့။ တချို့ ဒုတိယနှစ်တွေ၊ တတိယနှစ်တွေက။ အရပ်သားတွေလည်း အများကြီး။ အလယ်ကြားတွေထဲက ထည့်ထားတယ်။ ကိုယ်တော်တွေက အလယ်မှာ ၅ နေရာလောက် ပေးထားတာပေါ့။ ကိုယ်တော်တွေ ၂ဝဝ လောက်က ကြားထဲမှာ နေ၊ ကြားထဲမှာ နေပေါ့နော်။ ရှေ့ဆုံးက သံဃာ၊ နောက် လူလာ၊ သံဃာ စသဖြင့်ပေါ့နော်။ ရှေ့ဆုံးနဲ့ နောက်ဆုံးမှာ သံဃာနဲ့ ဖွင့်တယ်၊ ပိတ်တယ်။ ရှေ့ပိတ်၊ နောက်ပိတ် သံဃာနဲ့ပိတ်တယ်။ အလယ်တွေမှာလည်း ဖောက်ပြီး နေရာယူ တန်းတယ်။ ကွက်ကျားချထားတာ။ ဒို့အရေးတွေ အော်မှာလည်း စိုးတယ်။ ပြီးတော့ ဝင်နှောင့်ယှက်ရင်လည်းပဲ ကိုယ်တော်တွေနဲ့ ရောနေတယ် ဆိုတော့ လုပ်ရခက်သွားမယ်။

ပရိတ်ရွတ်တယ်၊ မေတ္တာပို့တယ်။ အဓိဋ္ဌာန်ရွတ်တယ်။ ဦးဇင်းတို့ လုပ်နေတဲ့ ကံဟာ မြတ်စွာဘုရားရဲ့ ဓမ္မစက် အစစ်ဖြစ်တယ်။ မြတ်စွာဘုရား ဟောကြားထားတဲ့အတိုင်း ဟုတ်တယ်။ ပြီးတော့ အခု ဦးဇင်းတို့ အခုလုပ်နေတဲ့ သံဃာတွေဟာလည်း ဘုရားသားတော် အစစ်တွေ ဟုတ်တယ်။ အဲလို မှန်ကန်တဲ့စကားကို ပြောရတဲ့ အတွက်ကြောင့် ဦးဇင်းတို့ကို နှောင့်ယှက်တဲ့သူ အားလုံးကို သာသနာတော်ရဲ့ ဒဏ်ပေါ့၊ ပတ္တနိကုဇ္ဇန ကံကြောင့်ပေါ့၊ နောက် နတ်ကောင်း နတ်မြတ်တွေကြောင့် သူတို့တွေ … ရင်ဆိုင် ခံစားရပါစေလို့ အဓိဋ္ဌာန် ပြုတာပေါ့။ ၄ နာရီခွဲလောက်မှာ အားလုံး ပြီးသွားပါတယ်”။

(မြန်မာစံတော်ချိန် ၅း၄၅)
မန္တလေးမြို့ မြတောင်ကျောင်းတိုက် အနီး သေနတ်မိုးပေါ် ထောင်ပစ်မှု ၃ ချက် အနည်းဆုံး ရှိခဲ့သည်။ ဆန္ဒပြသူများ အနက်မှ ဒဏ်ရာရသူများ ရှိသည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေသည်။

မန္တလေးတွင် သံဃာတော်များ ဆန္ဒပြ
(မြန်မာစံတော်ချိန် ၄းဝဝ)

မန္တလေးမြို့တွင်လည်း သံဃာတော်များနှင့် စစ်သားများ ထိပ်တိုက် တွေ့ခဲ့ကြသည်။

လူ ၅ ယောက်ထက် ပိုမစုရ အမိန့် ထုတ်ထားသော်လည်း တောင်းဆိုချက်များ မလိုက်လျောမချင်း ဆက်လက် ဆန္ဒပြမည်ဟု ကြေညာခဲ့သည့် အတိုင်း သံဃာတော်များက ယနေ့ နေ့လည် ၁ နာရီခန့်တွင် စတင် ဆန္ဒပြကြသည်။

“လမ်း ၈ဝ၊ ၂၆ လမ်း နောက်နားမှာ စစ်သားတွေက အယောက် ၃-၄ ဆယ်က သေနတ်တွေ ချိန်ပြီးမှ နေတဲ့အပေါ်မှာ သံဃာတွေက ဆက်သွားလို့ မရတော့ဘဲနဲ့ ညာဘက်ကို လမ်း ၈ဝ အတိုင်းနောက်ကို ပြန်ဆုတ်သွားကြတယ်။ အခုတော့ သူတို့ ဘုရားကြီးကျောင်း ဘက်ကို ပြန်ပြီးမှ ဆုတ်တဲ့ သဘောမျိုး ဖြစ်သွားတယ်လေ” ဟု ဒေသခံ တဦး ပြောသည်။

“၂၆ လမ်း အတိုင်း သွားလို့ မရတော့ပဲနဲ့ လမ်း ၈ဝ ဆယ် ဘက်ကို တောင်ဘက်ကို ကွေ့ပြီးမှ အဲဒါကို ဘုရားကြီးဘက်ကိုတော့ အခု ပြန်လှည့် သွားကြပြီပေါ့လေ” ဟု သူက ဆက်ပြောသည်။

မန္တလေးမြို့ နေရာအချို့တွင် သဲအိတ်များ ချထားပြီး သေနတ်ကိုင် စစ်သားများ ပိုမို ချထားခဲ့သော်လည်း သံဃာတော်များက မေတ္တာသုတ် ရွတ်ဆိုပြီး ဆန္ဒပြ နေကြဆဲ ဖြစ်သည်။

“ပြည်သူတွေက တော်တော်လေး လမ်းလျှောက် ဆန္ဒပြကြပါတယ်။ ဒီလမ်းချို လမ်းထောင့်တွေမှာ ဆိုရင် ဘုန်းကြီးတွေကို ကန်တော့တာတို့၊ လက်ခုပ်တီးပြီးတော့ အားပေးတာတော့ ရှိပါတယ်။” ဟု ဆန္ဒပြပွဲတွင် ပါဝင်သူတဦးက ပြောသည်။

ယနေ့ နံနက်ကလည်း မစိုးရိမ် တိုက်သစ်၊ တိုက်ဟောင်းများမှ သံဃာတော်များကို စစ်သားများက ၈၄ လမ်းထောင့်တွင် တားမြစ်ရာမှ တင်းမာမှု တခု ခေတ္တ ဖြစ်ပွားခဲ့သေးသည်။

မုံရွာဆန္ဒပြပွဲ နောက်ဆက်တွဲ
မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၅ဝ မိနစ် (သတင်းပေးပို့ချိန်)

ဒေသခံတဦး ပြောဆိုချက် …

“ဇောတိကရယ်၊ ရန်ကင်းရယ်၊ ပေပင် ကျောင်းတိုက်ရယ်၊ ၃ ကျောင်း ပေါင်းထွက်တာပေါ့။ သံဃာ အင်အားက ၆ဝဝ၊ ၇ဝဝ လောက် ရှိတာပေါ့။ မနေ့ကထက်တောင် လူပိုများလာတယ်။ အေးအေးဆေးဆေးပဲ။ ခုနကပဲ ကျောင်းတိုက်တွေထဲ ပြန်ဝင်သွားပြီ။ စတာက နေ့လည် ၁၂ ကျော် လောက်မှာ စတယ်။

“လူက အရမ်း များတယ်ဗျ၊ ၃-၄ သောင်းလောက် ရှိမယ်။ သံဃာတော်တွေက အရှေ့ကနေ မေတ္တာသုတ် ရွတ်တယ်။ နောက်ကနေတော့ ပြည်သူလူထုတွေ လိုက်ပြီး မေတ္တာသုတ် လိုက်ရွတ်တယ်။ သံဃာတော်တွေကလည်း ရှေ့ဆုံးကနေ ဆိုင်းဘုတ်တွေ ကိုင်ပြီးတော့ 'စားဝတ်နေရေး ပြေလည်ရေး'၊ 'နိုင်ငံရေး အကျဉ်းသားများ လွတ်ပေးရေး'၊ အဲဒီစာတမ်းတွေ ကိုင်ပြီးတော့ လိုက်လာတယ်။ လုံခြုံရေးတော့ ဘာမှ မထူးသေးဘူး ခင်ဗျ။ အားလုံးက အရပ်ဝတ်နဲ့ပဲ လိုက်လာတယ်”

မြင်းခြံမှာ ဆက်လက်ဆန္ဒပြ
(မြန်မာစံတော်ချိန် ၃း၃ဝ)

မန္တလေးတိုင်း မြင်းခြံမြို့နယ်တွင် ယနေ့ ဆက်လက် ဆန္ဒပြခဲ့ကြသည်။

ကိုးဆောင်ကျောင်းမှ သံဃာတော်အပါး ၃ဝဝဝ ခန့်က ငြိမ်းချမ်းစွာ ဆန္ဒပြကြခြင်း ဖြစ်ပြီး ပြည်သူလူထု တသောင်းကျော်က လိုက်ပါခဲ့ကြသည်။

ကိုးဆောင်မှသည် လမ်းမတော် အမှတ် ၆၊ အမှတ် ၁ဝ၊ ဘုရားလမ်း၊ ဗိုလ်ချုပ်လမ်းသို့ ချီတက်ခဲ့ပြီးနောက် ပြန်လှည့်ခဲ့ကြခြင်း ဖြစ်သည်။

စစ်တွေ နောက်ဆက်တွဲ
မြန်မာစံတော်ချိန် ညနေ ၃ နာရီ (သတင်းပေးပို့ချိန်)

ရခိုင်ပြည်နယ် စစ်တွေတွင် သံဃာတော်နှင့် ပြည်သူများ စုပေါင်း ဆန္ဒပြပွဲကို စတင်လိုက်ပြီ ဖြစ်သော်လည်း ယခုအချိန်အထိ အင်အားစု အားလုံး တနေရာတည်းတွင် မဆုံဆည်းမိသေးကြောင်းနှင့် တွေ့မြင်လိုက်ရသည့် ဆန္ဒပြ အုပ်စုတခုတွင်မူ သံဃာအင်အား ၄ဝဝဝ ကျော်နှင့် ပြည်သူ နှစ်သောင်းကျော် ရှိကြောင်း ဒေသခံတဦးက ပြောသည်။

ဒေသခံတဦးပြောဆိုချက် …

“သံဃာအပါး ၄ ထောင်၊ ၅ ထောင်လောက်ပါတယ်။ ဘုရားကြီးကနေ စထွက်တယ်။ ဘုရားကြီးမှာ သံဃာတွေ အကုန်လုံး ဝင်ပြီးတော့ အဓိဋ္ဌာန်ပြုတယ်။ အသက်ပင်သေသေ လုပ်စရာရှိတာ ဆက်လုပ်မယ် ဆိုပြီး အဓိဋ္ဌာန် ပြုကြတာပါ။ နောက်ကနေ လိုက်တဲ့လူထုက နှစ်သောင်းကျော် ရှိတယ်။ အခုကို နောက်တဖွဲ့ လာနေတယ်။ အားလုံး မပေါင်းမိသေးဘူးပေါ့နော်။ ဘုရားကြီးကနေ မင်းဘကြီး လမ်းအတိုင်း သွားတယ်၊ သင်္ဘောဆိပ်ဘက်ကနေ ပတ်လာတယ်၊ လမ်းမကြီးအတိုင်း လာတယ်၊ အခု ကျောင်းတဲလမ်းဘက် ချိုးသွားတယ်။

စစ်တပ်တော့ ချထားတယ်ဗျ။ လုံခြုံရေးကတော့ မြို့တော် ခန်းမရယ်၊ ပယက ရုံးရယ်၊ ပြည်နယ် တရားရုံးရယ်ကို ချထားတယ်။ နေ့လည် ၁၁ နာရီခွဲလောက်ကမှ စစ်ကား ၁၅ စီးလောက်နဲ့ စစ်သားတွေကို လိုက်ချတာဗျ။ စစ်သားတွေကိုတော့ အထဲမှာ ဝှက်ထားတယ်ဗျ။ ရုံးတွေထဲမှာ နေကြတယ်”

စစ်တွေမြို့မှာ ဆန္ဒပြ

မြန်မာ စံတော်ချိန် (၂း၁၅)
ဒေသခံတဦးက တယ်လီဖုန်းမှတဆင့်ပြောပြချက်

“ဘုရားကြီးဘက်ကို ထွက်တာပါ ခင်ဗျာ။ လူဦးရေ တော်တော် များပါတယ်။ မွတ်ဆလင် ဘာသာတွေလည်း ပါပါတယ်။ သံဃာတော်တွေ ကတော့ ထောင်ကျော်လောက်တော့ ရှိမှာပါ။ ပြည်သူလူထုကတော့ မပြောတတ်ပါ အများကြီးပါပဲ။ အခုလက်ရှိတော့ ဘုရားကြီးကနေ လျှောက် လာတာပါ။ ကြွေးကြော်သံတွေတော့ အများကြီးပဲ။

“ကုန်ဈေးနှုန်း တခုပဲ အော်တယ် ထင်တယ် နောက် အမြဲတမ်းပဲ အော်နေကြတယ်။ ဆိုင်းဘုတ်တွေ ကိုင်ဆောင်တာကတော့ ရှိတော့ ရှိပါတယ်။ ၁ နာရီခွဲလောက်က စပြီးတော့ ထွက်တာပါ ထွက်နေပါပြီ။ အခုတော့ ဘုရားကြီးဘက်ကို သွားနေပါပြီ။ လမ်းတလျှောက် လာနေပါတယ်။”

“လုံခြုံရေးတွေတော့ မတားပါဘူး။ သူတို့ ရုံးဘက်တွေတော့ လုံခြုံရေးတွေ ရှိနေပါတယ်။ စစ်တပ်ပါ ခင်ဗျာ ကားနှစ်စီး လူဦးရေတော့ ရှိပါတယ် ကားနှစ်စီးဆိုတော့ ၅ဝ-၆ဝ လောက်တော့ ရှိမှာပါ။ မယက ရုံးမှာပဲ ရှိမှာပါ။”

မြင်းခြံမှာလည်း ဆန္ဒပြနေပြီ
မြန်မာစံတော်ချိန် နေ့လည် ၁ နာရီ ၄၅ မိနစ် (သတင်းပေးပို့ချိန်)

“အခြေအနေက ကောင်းတယ်။ သံဃာတွေက များတယ်။ နောက်ထပ်လည်း လာနေတာပဲ။ သံဃာတွေက ဝေးတယ်လေ။ အခုလာနေတာကိုက ၅ဝဝ လောက်ရှိနေပါပြီ။ မနေ့ကလည်း သံဃာ ၅ဝဝ လောက် ပါဝင်သွားတယ်။ ဒီနေ့တော့ ၇ဝဝ ၊ ၈ဝဝ လောက် ရောက်လာတယ်။ နောက်က လိုက်တဲ့ ပြည်သူတွေကတော့ သောင်းချီ ရှိပါတယ်။ အန်အယ်ဒီ ပါတီဝင် တချို့နဲ့ ဝန်ထမ်းတချို့ တယောက်ချင်းပါတာ ရှိတယ်။ အုပ်စုလိုက်တော့ မဟုတ်ဘူးပေါ့” ဟု ဒေသခံ တဦးက ပြောသည်။

ယမန်နေ့က ပြုလုပ်သည့် ဆန္ဒပြပွဲတွင် ရဲဝန်ထမ်း ဦးရေ ၂ဝ ခန့်လည်း ဆန္ဒပြပွဲတွင် ပူးပေါင်း ပါဝင်ခဲ့သည်ဟု သိရသည်။

မုံရွာတွင် ဆန္ဒထပ်ပြနေပြီ
မြန်မာစံတော်ချိန် နေ့လည် ၂ နာရီ (သတင်းပေးပို့ချိန်)

စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ ဇောတိက စာသင်တိုက်မှ သံဃာတော် အပါး ၂ဝဝ ကျော်သည် ယနေ့ နေ့လည် ၁ နာရီမှ စတင်ကာ ဆန္ဒပြလျက် ရှိသည်။ ကျောင်းတိုက်ရှေ့ရှိ ကျောက္ကာလမ်းတလျှောက် မေတ္တာသုတ်များ ရွတ်ဖတ်ပြီး၊ ပေ ၈ဝ လမ်းအတိုင်း ချီတက် လမ်းလျှောက်နေသည်။ ယခုအချိန်တွင် ဒေသခံ လူထု ၁ဝဝ ကျော်ကလည်း နောက်မှ လိုက်ပါလာသည်။ လုံခြုံရေး အခြေအနေသည် တင်းမာမှု မရှိသေးသော်လည်း မြို့နေရာ အနှံ့တွင် ယူနီဖောင်းဝတ် ရဲများ စောင့်ကြပ် ကြည့်ရှုနေကြောင်း မြို့ခံတဦးက ပြောသည်။

ပခုက္ကူမှာ ဆန္ဒပြ
မြန်မာစံတော်ချိန် ၁နာရီ ၄၇ မိနစ်။

“အခုထွက်ဖို့ ပြင်နေပါပြီ။ ပြည်သူကတော့ မသိဘူး။ သံဃာကတော့ များပါတယ်။ ခန့်မှန်ခြေ ၁ဝဝဝ လောက် ရှိသွားပြီ။ အရှေ့တိုက်နဲ့ အနောက်တိုက် ပေါင်းပြီးတော့ ထွက်မယ်လို့ ပြောလို့ရမယ်လေ။ ခါတိုင်းလို ပုံမှန်ပါပဲ။ အခု စထွက်နေပြီ။ လုံခြုံရေးကတော့ ဦးပဉ္ဇင်းတို့က သိပ်တောင် သတိမထားမိဘူး။” ဟု ဦးပဉ္ဇင်းတပါးက ပြောသည်။

တောင်တွင်းကြီး အန်အယ်ဒီ ပါတီဝင် နှစ်ဦး အဖမ်းခံရ
မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီ (သတင်းပေးပို့ချိန်)

မန္တလေးတိုင်း တောင်တွင်းကြီးမြို့၊ မကွေးတိုင်း မကွေးနှင့် နတ်မောက်မြို့များရှိ အန်အယ်ဒီ ခေါင်းဆောင် အနည်းဆုံး ၄ ဦးကို အာဏာပိုင်များက ယမန်နေ့ ညပိုင်းတွင် လာရောက် ဖမ်းဆီးခဲ့သည်ဟု ဒေသခံများ အဆိုအရ သိရသည်။

“တောင်တွင်းကြီးက အန်အယ်ဒီ အဖွဲ့ဝင် ၂ ဦး ဖမ်းသွားတယ်။ မြို့နယ်မှူး ကိုစတီးကို ည ၁၂ နာရီလောက်မှာ လာပြီး ဖမ်းသွားတယ်။ နောက်ပြီးတော့ ချောင်းနက် (၂) ရွာက ရဲအဖွဲ့နဲ့ တောင်တွင်းကြီး မြို့နယ်မှူး၊ ဆယ်အိမ်မှူးတွေ အင်အား ၁၁ ယောက်လောက်က ကိုဘလေးကိုရော လာဖမ်းတဲ့ အချိန်တုန်းက ဧည့်စာရင်း စစ်ချင်လို့ပါလို့ လာပြောတယ်။ သူတို့က ခဏပါဆိုပြီး ခေါ်သွားတယ်။ ၂ ဦးစလုံး ဖြစ်စဉ်လည်း အတူတူပဲ။ ဖမ်းတဲ့ အဖွဲ့ကလည်း တဖွဲ့တည်းပဲ။ တောင်တွင်းကြီးက မြို့နယ်မှူး ကိုယ်တိုင် ဦးစီးပြီးတော့ ဖမ်းတယ်ပေါ့နော်”

“နတ်မောက်က အန်အယ်ဒီ မြို့နယ်စည်း ဦးဌေးဝင်းကိုလည်းပဲ မနက် ၁ နာရီမှာ ဖမ်းသွားတယ်။ နောက် မကွေးက ဦးမြင့်ဦး အဖမ်းခံရတယ်။ သူတို့တွေက အခု လှုပ်ရှားမှုထဲမှာ တိုက်ရိုက်တော့ မပါဝင်တဲ့ သူတွေပေါ့နော်။ သူတို့ အားလုံးကို ညတွင်းချင်းမှာပဲ မကွေးမြို့ အမှတ် ၁ ရဲစခန်းမှာ ပို့လိုက်တယ်။ အခုလေ အမှတ် ၁ ရဲစခန်းမှာ ရှိတယ်လို့ ကြားတယ်”

မြန်မာစံတော်ချိန် (၁း၄၅)
မိုးညှင်းမှာ သံဃာတော် ၁၁ ပါးအဖမ်းခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် သံဃာတော် အနည်းဆုံး ၁၁ ပါးကို အာဏာပိုင်များက ယမန်နေ့ည ၁ဝ နာရီခန့်တွင် တပြိုင်တည်းလိုလို ဖမ်းဆီးသွားခဲ့သည်။

ပျော်ဘွယ်ကျောင်းမှ ဦးစာတိုးနှင့် ဦးပေါက်၊ သုံးတောင်ကျောင်းမှ ဦးသီဟရာန၊ လင်္ကာရကျောင်းမှ ဦးလောပါတ၊ တပ်ကုန်းကျောင်းမှ ဦးဥတ္တရနှင့် ဦးသိက္ခာနှင့် နတ်ကြီးကုန်းကျောင်းမှ သံဃာငါးပါးတို့ ဖြစ်ကြသည်။

ပဲခူးမြို့အခြေအနေ
မြန်မာစံတော်ချိန် (၁ဝး၂၅)

“ပဲခူးတိုင်းမှာတော့ လုံခြုံရေးတွေ ချထားတာ အများကြီးပဲ။ ပဲခူးမှာတော့ ဘာမှမဖြစ်ဘူး။ ကားသုံးစင်းနဲ့ ရန်ကုန်ဘက်က ရောက်လာတယ်။ ရောက်လာပြီးတော့ စောင့်နေတယ်။ ဒီမနက် ၉နာရီ ၁ဝနာရီလောက်က စောင့်ချနေတယ်။ စစ်တပ်နဲ့ လုံထိန်းတွေ ပါတယ်တဲ့။

မန္တလေးမှာလည်း လုံခြုံရေး တင်းကျပ်

မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီ ၄၅ မိနစ် (သတင်းပေးပို့ချိန်)

သံဃာတော် အများဆုံး သီတင်းသုံးရာ မြန်မာပြည် အလယ်ပိုင်း မန္တလေးမြို့တွင် စစ်တပ်၊ ရဲ၊ လုံထိန်းနှင့် စွမ်းအားရှင်များဖြင့် လုံခြုံရေး တင်းကျပ်စွာ ချထားနေပြီး ယခုအထိ ဆန္ဒပြပွဲများ ဖြစ်ပေါ်ခြင်း မရှိသေးကြောင်း သိရသည်။

ဒေသခံတဦးက “ဒီနေ့တော့ သံဃာတော်တွေ ထွက်နိုင်မယ် မထင်ဘူးဗျ။ သံဆူးကြိုးတွေ ချထားတယ်၊ လုံထိန်း ချထားတယ်၊ စစ်တပ် ချထားတယ်၊ စွမ်းအားရှင်တွေရောပေါ့။ ဘုရား၊ ဘုန်းကြီးကျောင်းနဲ့ အနီးတဝိုက်မှာ စစ်တပ်တွေ ချထားတယ်။ တနေရာ၊ တနေရာ အနည်းဆုံး ၁ဝ ယောက်၊ ၁၅ ယောက် ရှိတယ်။ ရဲ ၁၅ ယောက်၊ တပ် ၅ ယောက်လောက် ရှိတယ်။ အဓိက ကျတဲ့နေရာတွေ ဈေးချို အနောက်ဘက်၊ အိမ်တော်ရာ ဘုရားကြီးတဝိုက်၊ နာမည်ကြီးတဲ့၊ သံဃာများတဲ့ ဘုန်းကြီးကျောင်း ပတ်ဝန်းကျင် အကုန်ချထားတယ်။ လက်နက် ကိုယ်စီနဲ့” ဟု ပြောသည်။

ကျောက်ပန်းတောင်းမှာ ဆန္ဒပြပြီ

မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီ (သတင်းပေးပို့ချိန်)

မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့တွင် သံဃာနှင့် ပြည်သူများ စုပေါင်း၍ ယနေ့ နေ့လည်တွင် ဆန္ဒပြနေပြီ ဖြစ်သည်။

“ဘုန်းကြီး ၁၅ဝဝ အပါး ရှိတယ်။ မယ်သီလ ၂ဝဝ အနည်းဆုံး ရှိတယ်။ လူထုတွေက ၃ဝဝဝဝ လောက် ရှိတယ်။ ရေသန့်ဗူးတွေ၊ ဖျော်ရည်တွေ လာလှူတာ၊ ရှုတ်ယှက်ကို ခတ်နေတယ်။ အဲလောက်ထိ ဖြစ်နေပြီ။ ကျောင်းတိုက်တွေမှာ ဘုန်းကြီးတွေအတွက် ဆေးခန်းလည်း ဖွင့်လိုက်တယ်။ လူထုတွေ လုပ်တာနော်။ ဆရာဝန်တွေ အခမဲ့နဲ့ လုပ်ပေးနေတယ်။ ကျောက်ပန်းတောင်းမှာ တခါမှ မဖြစ်ဘူးတဲ့ လှူတန်းမှုတွေနဲ့ လူထုတွေ ပါဝင်မှုဟာ အရမ်းကို ဖြစ်နေတယ်။ ၄ တိုက်စလုံး ပါလာတယ်။ ကျနော်တို့ မကြာခင် စတော့မှာပါ။ လူထုတွေတော့ စောင့်နေတယ်။ ကျောင်းသားတွေလည်း ကျောင်းမတက်ကြဘူး။ ကျောင်းမပိတ်ပါဘူး။ ပါဝင်လာတယ်။ အရမ်းကို အားရစရာပါ။ နှောင့်ယှက်မှုတော့ မရှိသေးပါဘူး။ နှောင့်ယှက်ရင်လည်း ဘယ်ရတော့မှာလဲ။ ဘုန်းကြီးတွေဘက်က လူထုတွေကို အသက်ပေးပြီး ကာကွယ်မယ်လို့ လူငယ်တွေ ပြောကြတယ်” ဟု မြို့ခံတဦးက ပြောသည်။

No comments: