Tuesday, September 25, 2007

ရန်ကုန်လူထု အုံကြွပြီ

ရန်ကုန်လူထု အုံကြွပြီ

ရန်ကုန် မန္တလေး မော်လမြိုင် ကျောက်ပန်းတောင်း မိုးညှင်း ကလေး မြင်းခြံ တောင်ကုတ်မှာ ဆန္ဒပြပြီ

မြန်မာနိုင်ငံအဝှမ်း ဆန္ဒပြ သံဃာတော် အရေအတွက် ၂ ရာခိုင်နှုန်းပင် မရှိသေးကြောင်း သာသနာရေး ဝန်ကြီးပြော

မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
စက်တင်ဘာလ ၂၅ ရက်၊ ၂၀၀၇ ခုနှစ်။

ရန်ကုန်ဆန္ဒပြ သတင်းများ
4:05 PM
ခွပ်ဒေါင်းအလံ လွင့်ပျံနေတဲ့ ရန်ကုန်လူထု အုံကြွမှု

မြန်မာစံတော်ချိန် နေ့လည် ၃ နာရီ (သတင်းပေးပို့ချိန်)

ခွပ်ဒေါင်းအလံများ လွင့်ပျံနေသော ရန်ကုန် ဆန္ဒပြ လူထုကြီး ဆူးလေ ဘုရားမှသည် ဗိုလ်တထောင် ဘုရားဘက်သို့ ဆက်လက် ချီတက်နေသည်။ သံဃာတော်များက မြို့နယ်အလိုက် လူစုခွဲ စည်းရုံးမှုများလည်း စတင် လုပ်လာသဖြင့် လူအင်အား လျော့နည်းသွားသည်။

“ဒီနေ့ကတော့ အဖွဲ့တွေ စုံတယ်ပေါ့နော်။ ဦးပဉ္ဇင်းတွေ ပါတယ်၊ ဆရာလေးတွေပါတယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ပါတယ်၊ သမဂ္ဂအလံ ခွပ်ဒေါင်းအလံနဲ့ ကျောင်းသားသမဂ္ဂ ပါတယ်။ အခုဟာက ပြီးတော့ မပြီးသေးဘူး။ လမ်းဆက်လျှောက် သွားကြတယ်။ လူစုမခွဲဘူး။ ဆက်သွားနေတာ။ အခု ဗိုလ်တထောင်ဘက် သွားနေကြတယ်။ လူအင်အားကတော့ ၅ သောင်း၊ ၆ သောင်းလောက် ရှိတယ်။ ဒါက ဘုရားကနေ လာတာပေါ့နော်။ ဒီ မြို့ထဲမှာတော့ အများကြီးပဲဗျ။ ဘေးမှာ ဝိုင်းပြီးတော့ အားပေးတာပေါ့။ ဘုန်းကြီးကတော့ ၆ ထောင်၊ ၇ ထောင် အထက်မှာပဲ ရှိတယ်ဗျ။ နည်းတယ်ရယ်တော့ မဟုတ်ဘူးဗျ။ သူ့ကျောင်း သူ့နေရာမှာရှိတဲ့ ပြည်သူတွေကို လှည့်ခေါ်နေကြတယ်လို့ သိထားတယ်။ ဥပမာ အလုံမှာ ရှိတဲ့ အောင်မင်္ဂလာတိုက်က သံဃာတော်တွေက သူတို့နဲ့ လိုက်ပါအောင် လှည့်အော်နေကြတယ်။ လှိုင်သာယာဘက်မှာလည်း ဘုန်းကြီးတွေက လိုက်အော်နေတယ်။ အမိန့်တွေ ထုတ်လို့ လူတွေ မကြောက်အောင် လိုက်ခေါ်နေတာ။ သူ့မြို့နယ်နဲ့သူ လိုက်ပြီးတော့ စည်းရုံးတဲ့ သဘောပေါ့ဗျာ။”

3:35 PM
အနုပညာသည်များ အစုအဖွဲ့က ပြည်သူအများသို့ ဟောပြောနေသည်။

2:55 PM
စစ်အစိုးရက ဆန္ဒပြပွဲများ မဖြစ်ပေါ်ရန် ခြိမ်းခြောက်မှုများ လုပ်ထားသော်လည်း ရန်ကုန်လူထု ဆန္ဒပြပွဲကြီးကား ပိုမို ကြီးမားလာပြီး ရက်ပ်သီချင်း အဆိုတော်များ အပါအဝင် အဆိုတော်များ၊ စာရေးဆရာများ၊ ရုပ်ရှင် အနုပညာသည်များလည်း ဆက်လက် ပါဝင်နေပြီး တိုင်းရင်းသား ခေါင်းဆောင်များနှင့် လူငယ် ခေါင်းဆောင်များကိုလည်း တွေ့ရသည်။

2:40 PM
ရန်ကုန်လူထု အုံကြွပြီ

ဒုတိယနေ့ ဆူးလေတွင် ဆုံမည့် လူထု အုံကြွမှုကြီးတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များလည်း ပါဝင်ပြီး “အရေးတော်ပုံ အောင်ရမည်” ဆိုသော ကြွေးကျော်သံများနှင့် တခဲနက်ညံလျှက် ရှိသည်။ သတင်းယူလျှက်ရှိစဉ်ပင် ကြွေးကျော်သံများ ကြားနေရသည်။

သံဃာ ၅ သောင်းကျော် အထိပင် ရှိနိုင်ပြီး လူထု ၁ သိန်းကျော်မည်ဟု မျက်မြင်သက်သေ အများအပြားက ခန့်မှန်းသော အုံကြွမှုကြီးအနီး လုံခြုံရေးများ မတွေ့ရကြောင်းလည်း သိရသည်။

“၁၃ဝဝ ပြည့်အရေးတော်ပုံ” လိုမျိုး ဖြစ်ပြီဟု အနီးတွင် စောင့်ကြည့်နေသူ တဦးက မဇ္ဈိမသို့ ပြောပြသည်။

2:05 PM
ထောင်ပေါင်းများစွာသော ရန်ကုန် ဆန္ဒပြ သံဃာတော်များနှင့် လူပရိတ်သတ် အများအပြား ရွှေတိဂုံ ဘုရားမှသည် ဆူးလေဘုရားသို့ ချီတက်လျှက်ရှိရာ ယခုအချိန်တွင် အလံပြဘုရား လမ်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

11:40 AM
လုံခြုံရေးတိုးလာမှုနှင့် နှစ်ဘက်စိုးရိမ်မှု

ရန်ကုန်မြို့တွင် စစ်အစိုးရက တပ်အင်အားများ တိုးချထားလိုက်ရာတွင် အာဇာနည်ကုန်း၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုဉ် ကြေးသွန်းဘုရားတို့တွင် ထပ်တိုးတပ်များကို တွေ့မြင်ရသည်။

ဆူးလေဘုရား အနီးတဝိုက်၊ မြို့တော်ခန်းမ ရှေ့များတွင်လည်း စစ်ဝတ်စုံ အပြည့်နှင့် လုံခြုံရေးများ ပိုတိုးလာသည်။

ဆန္ဒပြသူများကို အကြမ်းဖက် နှိမ်နင်းမည်လား ဆိုသော စိုးရိမ်မှုများ ပေါ်နေသလို သံဃာတော်များကို အကြမ်းဖက်လျှင် ပိုမို မီးထိုးပေးလိုက် သလို ဖြစ်မှာ အာဏာပိုင်တို့ စိုးရိမ်နေကြသည်ဟု အစိုးရနှင့် နီးစပ်သူ အသိုင်းအဝိုင်းက ပြောသည်။

လက်ရှိအနေအထားတွင် စစ်အာဏာပိုင်တို့ဘက်မှ ဆန္ဒပြပွဲများမကြီးထွားရန် ဟန့်တားမှုများကို ကြိုးစားလုပ်နေရကြောင်း ရန်ကုန်မြို့ရှိ နိုင်ငံ တကာ အေဂျင်စီ တခုမှ လေ့လာသူ တဦးက ပြောသည်။

11:25 AM
ရန်ကုန်မြို့မှာ ဆန္ဒမပြဖို့ လော်နဲ့အော်

ဆန္ဒမပြရန်နှင့် ဆန္ဒပြလျှင် အရေးယူမည်ဟု ရန်ကုန်မြို့တွင် အသံချဲ့စက်များဖြင့် သက်ဆိုင်ရာ အာဏာပိုင်များက လိုက်လံ အော်လျှက် ရှိသည်။


နိုင်ငံတဝှမ်း ဆန္ဒပြ သတင်းများ
4:40 PM
တောင်ကုတ်- ရခိုင်ပြည်နယ်မှာ ဆန္ဒပြ

“ဒီနေ့ တောင်ကုတ်မှာ မြို့မှာရှိတဲ့ သံဃာတော်တွေပေါ့နော်။ အားလုံး အပါး နှစ်ရာကျော်လောက် ရှိတာပေါ့နော်။ စထွက်တာကတော့ ဖောင်တော်ဦး ဘုရားကနေ စထွက်တာပါ။ ၁ နာရီ လောက်ကနေ စထွက်တယ်။ ပြည်သူတွေကတော့ နှစ်သောင်းခွဲ သုံးသောင်းလောက် ရှိတယ်။ ပြည်သူတွေကတော့ ငါးယောက်တတန်း၊ ဆယ်ယောက်တတန်း တန်းစီပြီးတော့ အဲလို ပုံမှန်လေး တန်းစီပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းပါဘဲ သွားကြပါတယ်။ သီလရှင်အပါးက ၃ဝ ဆယ်လောက် ပါတယ်။” ဟု မြို့ခံတဦးက ပြောသည်။

“သံဃာတော်တွေက မေတ္တာရွတ်ပြီးတော့ မြို့ကို တပတ်ပတ်တယ်။ ဒီဖောင်တော်ဦး ဘုရားမှာဘဲ။ သုံးနာရီ ပတ်ဝန်းကျင်လောက်မှာ လူစု ခွဲလိုက်ကြတယ် ခင်ဗျာ။ ပြည်သူတွေကလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နောက်ကနေ လိုက်ကြပါတယ်။ လုံခြုံရေးက ဘာနှောက်အယှက်မှ မရှိပါဘူး။ ဓါတ်ပုံရိုက်ကြတာက အများကြီး ရှိတယ်။ တချို့က အမှတ်တရတွေ ရိုက်တဲ့ သူတွေလဲ ရှိတာကိုး။ သူတို့ဘက်က ရိုက်တဲ့သူတွေလဲ ရှိတာပေါ့နော်။ ထူးခြားတာတော့ ဘာပြဿနာမှ မရှိဘူး။ အေးအေးချမ်းချမ်းပါဘဲ။” ဟု သူက ပြောသည်။

မန္တလေးတွင် ဆန္ဒပြပြန်

မန္တလေးတိုင်း ဒေသခံတစ်ဦး။ မြန်မာစံတော်ချိန်- ၃နာရီ ၂၅ မိနစ်

မန္တလေးမြို့တွင် သံဃာ ၆ဝဝဝ ခန့်က မေတ္တာသုတ်များ ရွတ်ဆို၍ ယနေ့တွင် ဆက်လက် ဆန္ဒပြကြသည်။

“ကျနော်တို့ အိမ်တော်ယာ ဘုရားပေါ့လေ။ အနောက်ဝန်ကျင်းက တိုက်တွေပေါ့ – မိုးကောင်းတို့၊ စကုတို့ ၊ ချမ်းသာကြီး တောင်မြောက်ပေါ့ဗျာ အဲဒီက သံဃာအားလုံးပေါ့ အားလုံးပေါင်း ၆ဝဝဝ လောက် ရှိမယ်။ ကျနော် အိမ်တော်ယာက စထွက်တာပါ ခင်ဗျာ။” ဟု ဒေသခံ တဦးက ပြောသည်။

“ပြည်သူလူထုကတော့ ကျနော်တို့ဆီက နည်းတယ် ခင်ဗျာ တထောင်ကျော်ကျော်ပဲ ပါတယ် ခင်ဗျာ။” ဟု သူက ထပ်ပြောသည်။

4:20 PM
မိုးညှင်းရဲ့ ပထမဆုံး ဆန္ဒပြပွဲ

မိုးညှင်းမြို့တွင် အနှစ် ၂ဝ အတွင်း ပထမဆုံး အကြိမ်အဖြစ် ဆန္ဒပြပွဲကို ယနေ့ စတင်လိုက်သည်။

ကချင်ပြည်နယ် မိုးညှင်းမြို့ အနောက်ဘက်ရှိ ပညာရောင်ခြည် ကျောင်းတိုက်မှ သံဃာတော်အပါး ၆ဝ ခန့်က ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြခြင်း ဖြစ်ပြီး မီးရထား ဘူတာ၊ အမှတ် (၁) စည်ပင်သာယာဈေး၊ နံယင်းချောင်း ကြိုးတံတား၊ ပြည်သူ့ ဆေးရုံကြီး၊ အမှတ် (၁) အထက်တန်းကျောင်း၊ အမှတ် (၂) အထက်တန်းကျောင်းတို့ကို ဖြတ်ကာ လျောင်းတော်မူ ဘုရားကြီးသို့ သွားရောက်ပြီး ပန်း၊ ဆီမီး ကပ်လှူကြသည်။

အရှေ့ပရိယတ္တိ စာသင်တိုက် ဆရာတော်ကြီးက သံဃာများ ဆန္ဒပြလျှင် ကျောင်းတွင် နေထိုင်ခွင့် မပေးဟု တားမြစ်သော်လည်း သံဃာတော်တပါး လိုက်ပါ ဆန္ဒပြခဲ့သည်။

“ဈေးသူ၊ ဈေးသားတွေရော နောက်က လိုက်တဲ့ ပရိတ်သတ်တွေရော အားလုံး ထောင်ချီပြီး များသွားပါတယ်။ အဲမှာ ရေသန်းဗူးတို့ ဖျော်ရည်ဗူးတွေ ကပ်ကြဆိုတော့ နောက်ဆုံးမှာ သံဃာတွေဟာ အဲဒါတွေကို မယူနိုင်တော့ဘဲ ဒကာ၊ ဒကာမတွေ သယ်ပြီး ယူရတယ်။

ဒီနေ့ကတော့ ပထမဆုံးနေ့ ဆိုတော့ ပြည်သူလူထုက မသိကြဘူးလေ။ မသိကြတဲ့ အတွက်ကြောင့် အဲဒီမှာ လူလိုက်ပါတာ ၄ဝ လောက်သာ ရှိတယ်။” ဟု ဒေသခံ တဦးက မဇ္ဈိမသို့ ပြောပြသည်။

မြင်းခြံမှာ ဆန္ဒပြပွဲ စတင်နေ

မြန်မာစံတော်ချိန် နေ့လည် ၂ နာရီ ၁၅ မိနစ် (သတင်းပေးပို့ချိန်)

မန္တလေးတိုင်း မြင်းခြံမြို့တွင် သံဃာနှင့် ပြည်သူ ဆန္ဒပြပွဲကို ယခုအခါ စတင်နေပြီဖြစ်သည်။

မြို့ခံတဦးက “စပြီး လှည့်နေပါပြီ။ သံဃာက ၃ဝဝ လောက် ရှိနေပါပြီ။ နောက်ထပ်လည်း ပူးပေါင်းလာပါမယ်။ နောက်ကနေ လိုက်တဲ့ ပြည်သူတွေက ၂ဝဝ လောက်တော့ ရှိပါပြီ။ အခုမှစတာ။ ပရိသတ်ကတော့ လမ်းအပြည့်ပေါ့၊ ရေသန့်ဗူး၊ ဖျော်ရည်၊ အားလုံးအပြည့်ပေါ့။ လုံခြုံရေးကတော့ ဘာမှ မလုပ်ပါဘူး” ဟု ပြောသည်။

ကလေးမြို့မှာ လူထု တသောင်းကျော်နှင့် သံဃာတော်များ ပူးပေါင်း ဆန္ဒပြ

မြန်မာစံတော်ချိန် ၂ နာရီ (သတင်းပေးပို့ချိန်)

“နေ့လည် ၁ နာရီမှာ ဘုရားကြီးကနေ စပြီး ကျောင်းသားနဲ့ လူထုပေါင်း ၁ သောင်းလောက် ရှိတယ်။ ဘုန်းကြီးတွေကတော့ ရာဂဏန်း လောက်တော့ ရှိတယ်။ ဘုန်းကြီးနဲ့ လူ ရောပြီး ၅ ယောက်တတန်း စီတယ်။ ဘုန်းကြီးတွေက ဘေးတဘက်တချက်စီမှာ လူတွေက ကြားထဲမှာ၊ လူက ၃ ယောက်၊ ဘုန်းကြီးက ၂ ပါးပေါ့။ ကျောင်းသားတွေက ကောလိပ်က ကျောင်းသားတွေရော၊ ဂျီတီအိုင်က ကျောင်းသားတွေရောပဲ။ အများကြီးပဲ။ ဆန္ဒပြကြတာကတော့ အရင်နေ့က ဆိုင်းဘုတ်တွေပဲ ကိုင်ထားတာ 'ကုန်ဈေးနှုန်း ကျဆင်းရေး'၊ 'ဒေါ်အောင်ဆန်း စုကြည်နဲ့ အဖမ်းခံရတဲ့ လူတွေ လွှတ်ပေးရေး' ပေါ့။ ဘုရားကြီးထဲကနေစပြီး ရေကျော်လမ်း၊ ပင်လုံလမ်းကနေမှ ဘုရားကြီးထဲ ပြန်သွားကြတယ်” ဟု စစ်ကိုင်းတိုင်း ကလေးမြို့ ဒေသခံတဦးက ပြောသည်။

ကလေးမြို့မှာ လူ ၉ ဦးကို အာဏာပိုင်တွေ ဖမ်းဆီး

မြန်မာစံတော်ချိန် နံနက် ၁၂ နာရီခွဲ (သတင်းပေးပို့ချိန်)

စစ်ကိုင်းတိုင်း ကလေးမြို့တွင် ယနေ့နံနက် အစောပိုင်းက နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်သူများဟု ယူဆရသူ အနည်းဆုံး လူ ၄ ဦးကို အာဏာပိုင်များက လာရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“မနက် ၂ နာရီ ၄ဝ လောက်မှာ လာဖမ်းတာရှင့်။ အပြင်ကို ထွက်မကြည့်တော့ လူဘယ်နှစ်ယောက် ပါလာတယ်ဆိုတာ မသိပါဘူး။ အကြောင်းပြချက်မရှိ ခေါ်သွားတာပါ” ဟု ကလေး ဒေသခံတဦးက ပြောသည်။

အခြား ဒေသခံများ အဆိုအရ ဦးဘမြင့်၊ ဦးညိုမြ၊ ဦးမြင့်သိန်းနှင့် ဦးမိုက်ကယ် ဝင်းကျော်တို့ကို ရဲနှင့် ရပ်ကွက် အာဏာပိုင်များမှ လာရောက် ဖမ်းဆီးသည်မှာ သေချာကြောင်းနှင့် နိုင်ငံရေး လှုပ်ရှားမှုများတွင် ဦးဆောင်ဦးရွက် ပြုနိုင်သူများ ဖြစ်သဖြင့် ယခုလို ခေါ်ယူ ထိန်းသိမ်းခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။

1:50 PM
ကျောက်ပန်းတောင်းမှာ ဆန္ဒပြပြီ

မြန်မာစံတော်ချိန် ၁နာရီ ၁ဝမိနစ်။

“လောလောဆယ် သံဃာတော် အပါး ၁ဝဝဝကျော်တယ်။ ၁၅ဝဝ လောက် ရှိမှာပေါ့နော်၊ ဆုတောင်ပြည့် ဘုရားကြီးကနေ စထွက်မယ်။ အဲဒီကနေပြီးတော့ ဈေးကိုပတ်မယ်။ ဈေးကို ပတ်ပြီးတော့ မြို့ပတ်တဲ့ လမ်းတွေလည်း ပါတ်မှာပေါ့ ဒကာကြီး။ သတ်မှတ်ထားတဲ့ အချက် သုံးချက်နဲ့ ဒီမေတ္တာသုတ်တွေ ရွတ်ပြီးတော့ လမ်းလျှောက် ချီတက်ကြမှာပေါ့။ နောက်က လူအင်အားလဲ တော်တော်များတယ် ဒကာကြီး၊ လူအင်အား တသောင်းလောက် ရှိမယ်။ အခုမှ ပြင်ဆင်တုံးပဲ ရှိသေးတယ်။ ထွက်ခါနီး နေပါပြီ။” ဟု ဆန္ဒပြရန် အသင့် စောင့်ဆိုင်းနေသည့် သံဃာတော် တပါးက ပြောသည်။

1:15 PM
မကွေးမြို့ရဲ့ လုံခြုံရေး

“ဘုန်းကြီးကျောင်းတွေမှာတော့ လုံခြုံရေးတွေ ချထားတာ တွေ့တယ်။ အရပ်ဝတ်တွေနဲ့ပဲ။ သူတို့ စောင့်ကြည့်နေတာ ပေါ့လေ။ နယ်ဘက်တော့ ဒီလိုပဲ ရှိတယ်။ စောင့်ကြည့်နေတာကတော့ ရဲတွေပဲ၊ အရပ်ဝတ် အရပ်စားနဲ့ပဲ။ ကြံ့ဖွတ်တွေကတော့ အဲဒီနားကို မကပ်တော့ဘူးဗျာ။ မပါးတော့ဘူး။ ဒီရဲသားတွေပဲ အရပ်ဝတ် အရပ်စားတွေနဲ့ စောင့်ကြည့်နေတယ်။ တကျောင်းမှာ ၂-၃ ယောက်လောက်ပဲ ချထားတယ်။ မကွေးမှာရှိတဲ့ ကျောင်းသားတွေကို ကျောင်းတက်ချိန်မှာ ကျောင်းမှာပဲ ရှိရမယ်၊ ကျောင်းဝတ်စုံနဲ့ အပြင်မှာ မရှိရဘူး ။ မနေ့က စပြီးတော့ ဖြစ်တာ” ဟု မြို့ခံတဦးက ပြောသည်။

12:45 PM
ချောက်မှာ မနေ့က ဆန္ဒပြ

ချောက်မြို့တွင် သီလရှင် အပါး ၃ဝ ခန့်နှင့် သံဃာတော် ၁ ထောင်ကျော် ယမန်နေ့က ဆန္ဒပြခဲ့ကြသည်။

“ဘုန်းကြီး သံဃာတွေကို ရှိခိုးကတော့ပြီးတော့ ကြည်ညိုနေကြတဲ့ လူတွေက သုံးလေးသောင်းလောက် ရှိတယ်။ ဒီသံဃာတွေနဲ့အတူ လိုက်ပါလာတဲ့ သူတွေက သုံးထောင်လောက် ရှိတယ်။ ရေအိုးစဉ်ကနေ ဈေးဘက်၊ ဈေးဘက်ကနေ ကမ်းနားဘက်၊ ကမ်းနားဘက်ကနေ၊ သာသနာ့ ဗိမာန် ၊ အဲဒီကနေပြီးတော့ အရှေ့ငွေတောင်၊ အနောက်ငွေတောင်၊ နောက်ပြီးတော့ အမှတ် (၁) အထက ဘက်ကို သွားတယ်။ ဆုတောင်းမေတ္တာ ပို့တယ်။” ဟု ချောက်မြို့ ဒေသခံတဦးက ပြောပြသည်။

“နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊” “စားဝတ်နေရေး ပြေလည်ရေး၊” “အမျိုးသား ပြန်လည် သင့်မြတ်ရေး” တို့ ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

သပိတ်များကို မှောက်လျှက် ကိုင်ဆောင်ထားသော သံဃာတော်များက ရှေ့ဆုံးတန်းတွင် ချီတက်ခဲ့ကြသည်။

“ပြည်သူတွေက လက်ခုတ်လက်ဝါး တီးပြီးတော့ အားပေးကြတယ်။ တချို့တွေက စိတ်မကောင်း ဖြစ်ပြီးတော့ မျက်ရည်တွေ ကျကြတယ်။ နောက် ရေသန့်ဗူးတွေ၊ လိမ္မော်သီးတွေ၊ ချိုချဉ်တွေ၊ အချိုရည်တွေ လမ်းတစ်လျောက်လုံး လှူကြ၊ ကမ်းကြတယ် ခင်ဗျာ။ အနှောက်အယှက်တော့ မရှိဘူးခင်ဗျား၊ ဒီကြံ့ခိုင် ဖွံ့ဖြိုးရေးက ကလေးတွေကတော့ ဘေးကနေ လိုက်ကြည့်တာတော့ ရှိတယ်။” ဟု ဒေသခံက ပြောသည်။

12:35 PM
၂ ရာခိုင်နှုန်းတောင် မပြည့်

ဆန္ဒပြ သံဃာတော် အရေအတွက်သည် ၂ ရာခိုင်နှုန်းမျှပင် မပြည့်ဘဲ သံဃာတော်များ ဆန္ဒပြခြင်းကြောင့် လူထုက အကြည်ညိုပျက်မှာ ဖြစ်ကြောင်း သာသနာရေးဝန်ကြီး ဗိုလ်မှူးချုပ် သူရမြင့်မောင်က ပြောကြားချက်ကို အစိုးရ သတင်းစာများက ရေးသား ဖော်ပြထားသည်။

ဝန်ကြီးက ပြောကြားရာတွင် ဆန္ဒပြမှုကို ရဟန်းပျိုများ သမဂ္ဂအဖွဲ့မှ ဦးခေမာစာရက ကြိုးကိုင် လုပ်ဆောင်နေပြီး ပြည်ပ မီဒီယာများက မဟုတ်မမှန် လုပ်ကြံ ဝါဒဖြန့်နေခြင်း ဖြစ်သည်ဟု ဆိုသည်။ အမည်မတပ်ဘဲ ပြည်ပနိုင်ငံကြီး တချို့ကလည်း နှောက်ယှက် ဖျက်ဆီးနေခြင်းဟု ပြောဆို ထားသည်။ ပြည်တွင်း ဆူပူမှု ဖန်တီးသူများမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ၊ ဗမာပြည် ကွန်မြူနစ်ပါတီ မြေအောက်ယူဂျီများ၊ အေဘီအက်စ်ဒီအက်ဖ်တို့နှင့် စစ်အစိုးရ ဆန့်ကျင်ရေး အဖွဲ့အားလုံး လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ပြောဆိုထားသည်။

သို့သော် ပခုက္ကူမြို့တွင် သံဃာတော်များကို လုံခြုံရေးများနှင့် စစ်အစိုးရ ကျောထောက်နောက်ခံ လူမိုက်များက ရိုက်နှက် ဆဲရေးခဲ့ခြင်းနှင့် ပတ်သက်၍ ပြောကြားသွားခြင်း မရှိပေ။

ကျောက်ပန်းတောင်းမှာ ဆန္ဒပြဖို့ ပြင်နေပြီ

မြန်မာစံတော်ချိန် ၁၁ နာရီခွဲ (သတင်းပေးပို့ချိန်)

မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့တွင် သံဃာလူထု မကြာမီ စုပေါင်း ဆန္ဒပြရန်အတွက် ယခုအခါ စီစဉ်နေကြောင်း ဒေသခံ တဦး၏ ပြောဆိုချက်အရ သိရသည်။

“ဒီနေ့ ၁၂ နာရီ စမယ်။ လူစုနေပြီ။ ဘုန်းကြီးတွေ သွားဖို့ ပြင်ဆင်နေတယ်။ မကြာတော့ပါဘူး လျှောက်ဖို့။ ဒီနေ့ ဘုန်းကြီးအပါး ၁၅ဝဝ လောက် ရှိတယ်။ လူထုတွေက ဘုန်းကြီးတွေရဲ့နောက်မှာ ၄ ယောက် တတန်း လျှောက်ဖို့ စီစဉ်နေတယ်။ စည်းကမ်းရှိဖို့လည်း ဘုန်းကြီးတွေ ပြောထားပါတယ်။ အခုချိန်ထိတော့ နှောင့်ယှက်တာတော့ မရှိသေးဘူး။ မဝတ ရုံးတောင် အပေါက် ပိတ်ထားတယ်။ ဘုန်းကြီးတွေ ဆွမ်းစားနေတယ်။ ပြီးရင် ဘုရားကို သွားမယ်။ အဲဒီမှာ လူထုတွေ ၁ဝဝဝ လောက် ရောက်နေပြီ။ ဘုန်ကြီးတွေ ရောက်တာနဲ့ စမယ်။ ကျောင်းသားတွေလည်း ပါဝင်တယ်။ လက်ရှိ ကောလိပ် တက်နေတဲ့ ကျောင်းသားတွေ ပါတယ်။ လူထုတွေ အားလုံးက အရမ်းကို တက်ကြွနေတယ်။ ဈေးသည်တွေလည်း ဆိုင်တွေပိတ်ပြီး ပါဝင်လာတယ်။ နောက် ၁ နာရီလောက်ဆို စမယ်”

12:00 PM
ဆန္ဒပြပွဲများတွင် ပူးပေါင်း ပါဝင်မှာစိုး၍ အစိုးရ ရုံးများတွင် ဝန်ထမ်းများကို အပြင် ပေးမထွက်ထားသည်။ သို့သော် အစိုးရရုံးများ ပိတ်ရန် တရား ဝင်အမိန့် ထုတ်ပြန်ခြင်း မရှိသေးပါ။

11:00 AM
သတင်းအမှောင် ထပ်ချရေး စစ်အစိုးရကြိုးပမ်း

စစ်အစိုးရသည် သတင်း စီးဆင်းနေမှုကို ကန့်သတ်နိုင်ရန် ကြိုးပမ်းသောအားဖြင့် အင်တာနက်လိုင်းများ ဖြတ်တောက်လိမ့်မည် ဟူသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ယမန်နေ့ည ကတည်းက ထွက်ပေါ်လာခဲ့သည်။

မြန်မာနိုင်ငံတွင် မြန်မာ တယ်လီပေါ့ (ယခင် ပုဂံ) အင်တာနက် ဆာဗာနှင့် မြန်မာ့စာတိုက်နှင့် ကြေးနန်း ဆက်သွယ်ရေး ဆာဗာ နှစ်ခု ရှိသည့် အနက် မြန်မာ တယ်လီပေါ့ကို ဖြတ်တောက်ဖွယ် ရှိသည်ဟု အစိုးရနှင့် နီးစပ်သော သတင်းရပ်ကွက်များ အရ သိရသည်။

အစောပိုင်းက နိုင်ငံရေး သမားများ၊ တက်ကြွ လှုပ်ရှားသူများ၏ တယ်လီဖုန်းများ ဖြတ်တောက်ကာ သတင်းစီးဆင်းမှု ပိတ်ပစ်ရန် ကြိုးစား ခဲ့သော်လည်း မြန်မာပြည်တွင်း ကြီးထွားလာနေသော ဆန္ဒပြပွဲများ၏ သတင်းများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများမှာ အင်တာနက်တွင် ပလူပျံနေဆဲ ဖြစ်သည်။

ယမန်နေ့က မန္တလေးတွင် နိုင်ငံခြား သတင်းထောက် တဦးကို ကြံ့ခိုင် ဖွံဖြိုးရေးနှင့် စွမ်းအားရှင် လူမိုက်တစုက ရိုက်နှက်ရာ ဆန္ဒပြ သံဃာတော် များ အမြန် တားဆီးနိုင်၍ သက်သာရာ ရသွားခဲ့သည်။

No comments: