Wednesday, September 12, 2007

ရေစကြို ကုန်သည်များ တောင်းဆိုချက် အာဏာပိုင်ဘက် မတုံ့ပြန်သေး

မဇ္ဈိမသတင်းဌာန
စက်တင်ဘာလ ၁၁ ရက်၊ ၂ဝဝ၇ ခုနှစ်။
စီးပွားရေး လုပ်ငန်းရှင် ၃၆ ဦးက ကုန်တင်ကားခ ဈေးနှုန်း လျှော့ချပေးရန် ရေစကြို မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌနှင့် မော်တော်ယာဉ် ထိန်းသိမ်းရေး ဌာနကို တနင်္ဂနွေနေ့က တောင်းဆိုခဲ့သော်လည်း တစုံတရာ တုံ့ပြန်မှု မရသေးဘဲ ဖြစ်နေသည်။

လောင်စာဆီ ဈေးနှုန်းကို နအဖ စစ်အစိုးရက မြှင့်တင်ပြီးနောက် အာဏာပိုင်များက ရေစကြို-မန္တလေး ကုန်ကားလိုင်းကို ကုန်တင်ခ ၂ ဆ တိုးမြှင့် သတ်မှတ်ကာ ကုန်တင်ကုန်ချ အလုပ်သမားခကိုလည်း ၁ဝ ရာခိုင်နှုန်း နီးပါး မြှင့်တင်လိုက်သဖြင့် စီးပွားရေး လုပ်ငန်းရှင် ၃၆ ဦးက ဈေးနှုန်းများ ပြန်လည် ချပေးရန် အတွက် လက်မှတ်ရေးထိုး၍ တောင်းဆိုခဲ့ခြင်းမရှိ ဖြစ်နေသည်။

“လောင်စာဆီ ဈေးနှုန်း မတက်ခင်က ဖယောင်းဈေး တန်ဆာခက ၇ဝဝ (ကျပ်) ကနေ အခုဆိုရင် ၁ဝဝဝ ဈေးဖြစ်နေပြီ။ ထန်းညက်ဈေးကတော့ တန်ဆာခ တပိဿာကို ၂၅ ကျပ်ထိ တက်တယ်၊ ဘိလပ်မြေ တန်ဆာခကလည်း ၆ဝဝ ကနေ ၈ဝဝ ကို တက်တယ်” ဟု ဖယောင်း ရောင်းဝယ်သူ ဦးကျော်ဌေးက မဇ္ဈိမကို ပြောသည်။

ရေစကြို-မန္တလေး ကုန်ကားလိုင်းမှတဆင့် ရေစကြိုမှ အခြားဒေသများသို့ ပဲအမျိုး၊ ထန်းညက်၊ ထုံးနှင့် ဘိလပ်မြေ စသည့် ကုန်ပစ္စည်းများကို အများဆုံး တင်ပို့ပြီး မန္တလေးမှ ကုန်စုံပစ္စည်း၊ အလှကုန် ပစ္စည်းများကို ဂျပ်ဖာများဖြင့် တင်သွင်းနေသည်။

“ကုန်တင်ကားခနှုန်းကတော့ သိပ်တော့ မတက်ပါဘူး။ အရင် ၁ဝဝ ယူတဲ့ နေရာကနေ ၁၂၅ တိုးယူတာပါပဲ။ ဒါကလည်း ကျနော်တို့ သဘောနဲ့ ကျနော်တို့ တင်တာ မဟုတ်ပါဘူး။ မယက ရုံးက ကျနော်တို့တွေကို အစည်းအဝေး ခေါ်ပြီး ဒီလောက်တော့ တက်ပါ၊ ယာယီ တက်တာပဲလို့ ပြောပါတယ်” ဟု ကုန်ကားပိုင်ရှင် ဦးသိန်းဦး က ပြောသည်။

အကြောင်းတစုံတရာ မထူးခြားသေးသည်ကို ထပ်မံ၍ စောင့်ဆိုင်းသွားဦးမည်ဟု သူတို့က ပြောသည်။

ဒေသခံတဦးက “ကုန်တင်ကားခ ဈေးနှုန်းကတော့ ပြန်ကျနိုင်တဲ့ အနေအထားတော့ ရှိပါတယ်။ ဘာလို့လဲဆိုရင် မန္တလေး ကားလမ်းလည်း ပြီးတော့မှာ၊ ဒီလမ်းဖွင့်ရင်လည်း ပြန်ကျလာနိုင်မယ့် အခြေအနေ ရှိတယ်။ နောက် ၁၄ ရက်၊ ၁၅ ရက်လောက် ရောက်ရင် ပြန်ကျလာနိုင်မယ့် အသံလေးတွေတော့ ကြားနေရတယ်” ဟု ပြောဆိုသည်။

No comments: