Sunday, September 16, 2007

ရန်ကုန် မန္တလေးရှိ ဘုန်းကြီးကျောင်းများ အနီးတွင် ရဲများစွာချထား

မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
စက်တင်ဘာလ 16 ရက်၊ ၂၀၀၇ ခုနှစ်။

2:15 PM
ပဲခူးမှာ သံဃာများ ဆွမ်းခံမထွက်ရေး

ဒီ ဆွမ်းခံကြွနေကြပေါ့နော်၊ ဆွမ်းခံကြွနေကြ ကိုယ်တော်တွေကပေါ့နော် ဒီ ၁၇ ရက်နေ့နဲ့ ၁၈ရက်နေ့တွေ၊ အဲဒီရက်နေ့ကိုပေါ့နော်၊ ဒီအိမ်တွေကိုလည်း ဆွမ်းခံမကြွဖို့ နောက်ပြီးလို့ရှိရင် ဒီတန်းဆွမ်း (တန်းစီ၍ ဆွမ်းခံခြင်း) တွေလည်း မကြွဖို့၊ အဲဒါ အာဏာပိုင်တွေက နေပြီးတော့ တားမြစ် ထားတယ်တဲ့။” ဟု ပဲခူး ဒေသခံ တဦးက ပြောသည်။

1:45 PM
ဘုန်းကြီးကျောင်းများအနီး ရဲများစွာ ချထား

ရန်ကုန်၊ မန္တလေး မြို့များရှိ ဘုန်းကြီးကျောင်းများ အနီးတွင် လက်ပတ်အနီ တပ်ဆင်ထားသော ရဲများကို ယနေ့ တွေ့မြင်ကြရသည်ဟု မျက်မြင် သက်သေများက ပြောသည်။

စစ်အစိုးရ အနေဖြင့် သံဃာတော်များကို ဝန်ချ တောင်းပန်ရန် အပါအဝင် တောင်းဆိုထားချက်များကို လိုက်နာခြင်း မရှိလျှင် တနိုင်ငံလုံးမှ ရဟန်း သံဃာများ အနေဖြင့် အာဏာပိုင်များထံမှ အလှုခံခြင်း မပြု၊ တရားဒေသနာ ဟောကြားခြင်း မပြုဘဲ သပိတ်မှောက် ကံဆောင်ရန် သံဃာ့သမဂ္ဂ ၄ ခုက တိုက်တွန်းထားသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ နောက်ဆုံးထား၍ စစ်အစိုးရ အနေဖြင့် တောင်းဆိုထားချက်များ လိုက်နာ လုပ်ဆောင်ရန် သံဃာ အဖွဲ့အစည်းများက ပြောဆိုထားသည်။

------------------------------------------
စက်တင်ဘာလ 14 ရက်၊ ၂၀၀၇ ခုနှစ်။

7:30 PM
မြန်မာနိုင်ငံတွင်း ဆန္ဒပြမှုများသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဖန်တီးမှုများကြောင့် မဟုတ်ဘဲ ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်း မြင့်တက်မှုနှင့် ဆင်းရဲ မွဲတေမှု များကြောင့်သာ ဖြစ်ပြီး လက်ရှိ အာဏာပိုင် အစိုးရတွင် တာဝန်ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ပြောကြားလိုက်သည်။

1:30 PM
ရန်ကုန်က စစ်ကားနဲ့ သပြေပန်း

ရန်ကုန် မြို့တော်ခန်းမအနီး စစ်ထရပ်ကား 6 စီး အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ချထားသည်ကို ယနေ့ နံနက်က တွေ့မြင်ရသည်။ စစ်ကားများ၏ နောက်ကြည့်မှန်များတွင် လတ်လတ်ဆတ်ဆတ် သပြေပန်းများ ချိတ်ဆွဲထားသည်။

ရန်ကုန် မြို့တော်ခန်းမအနီးတွင် 1988 ခုနှစ်၊ 1996 ခုနှစ်များတွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အကြီးအကျယ် ပေါ်ပေါက်ခဲ့သည်။

12:35 PM
အစိုးရ ဆန့်ကျင်ရေး လှုံဆော်စာများ သင်္ကန်းကျွန်းတွင် ဖြန့်ဝေ

ရန်ကုန်တိုင်း သင်္ကန်းကျွန်း မြို့နယ်အတွင်း အမည်မသိ ကျောင်းသားငယ်များက စစ်အစိုးရ ဆန့်ကျင်ရေး လှုံ့ဆော်စာများ ယမန်နေ့က ဖြန့်ဝေခဲ့မှု ရှိသည်ဟု ဒေသခံများ အဆိုအရ သိရသည်။

စံပြဈေး၊ သင်္ကန်းကျွန်း ဘူတာ အနီးတဝိုက်တွင် လက်တဝါးစာခန့် ရှိသောစာများ အဓိက ဖြန့်ဝေမှု ရှိခဲ့ပြီး “နိုင်ငံတော် အနာဂတ် ကျောင်းသား လူငယ်များသို့ ပန်ကြား နိုးဆော်လွှာ” ဟု ခေါင်းစဉ် တပ်ထားသည်။

ကျောင်းသား အဆက်ဆက် မဟုတ်မခံ ပြည်သူဘက်က ရပ်တည် ဆောင်ရွက်ခဲ့သည့် အစဉ်အလာကို ဆက်ထိန်းပြီး နိုင်ငံ၏ “စီးပွားရေး၊ ပညာရေး၊ သာသနာရေး ဖျက်ဆီးနေသည့် အာဏာရှင်များကို တွန်းလှန်ကြစို့” ဟု စာထဲတွင် ပန်ကြားထားသည်ဟု သိရသည်။

သင်္ကန်းကျွန်း မြို့နယ်အတွင်း ကြံ့ခိုင် ဖွံ့ဖြိုးရေး ခေါင်းဆောင်များကလည်း လုံခြုံရေးအတွက် ဆိုကာ တဦးလျှင် ငွေကျပ် တထောင်စီ နေ့တွက်ပေးမည်ဟု လိုက်လံ စည်းရုံးလျှက် ရှိသည်။

-------------------------------------------

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် အချို့ကို ပြန်လွှတ်ပေး
ဂတ်စ်အိုးပေါက်တာမဟုတ် မီးလောင်တာဖြစ်

စက်တင်ဘာလ 13 ရက်၊ ၂၀၀၇ ခုနှစ်။

7:50 PM
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၆ ဦးကို ယနေ့ လွှတ်ပေးသည်ဟု အဖွဲ့ချုပ် တာဝန်ရှိသူ တဦးက ပြောသည်။ အသေးစိတ် စုံစမ်းနေဆဲ ဖြစ်သည်။

3:30 PM
ဧရာဝတီတိုင်း သာပေါင်း မြို့နယ်နေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၂ ဦးကို ဖမ်းဆီးလိုက်ကြောင်း မြို့နယ် ရဲစခန်းမှ ရဲတယောက်က လွန်ခဲ့သည့် ၄ ရက်က လာရောက်ကြောင်း အကြောင်းကြားကြောင်း သိရသည်။ မည်သည့် အတွက်ကြောင်း ဖမ်းဆီးခြင်း ပြောဆိုသွားမှု မရှိဟု သိရသည်။

3:00 PM
ဓာတ်ဆီဆိုင်အနီး မီးလောင်မှု ဖြစ်ပွားပုံနှင့် ပတ်သက်၍ ရှမ်းလမ်း ဓာတ်ဆီဆိုင် ဝန်ထမ်းတဦးက မဇ္ဈိမ သို့ ပြောပြချက်

“ကိုးထပ်ကြီး ဘုရားရှေ့မှာ အောက်ကို သံတိုသံစ ရှာတဲ့ ၅ ယောက်လောက် ရှိတယ်၊ အဲဒီလူတွေက ဖယောင်းတိုင် ထွန်းလိုက်တယ်၊ အဲဒီအခါ အမှိုက်ထဲက ထွက်တဲ့ ဂက်စ်နဲ့ ဒီက ဒီဇယ်ဆီတွေ၊ အငွေ့တွေ ပေါင်းပြီး ဘီးပေါက်တဲ့ အသံ ပေါက်သွားတာပေါ့နော်၊ မိုးကလည်း ရွာထားတော့ ဒီဇယ်တွေ၊ ဓါတ်ဆီတွေကလည်း ရေပေါ် ပေါ်နေတာဆိုတော့ မီးထလောင်တာပေါ့။ သူတို့ထဲက တယောက်ကို ဆေးရုံ တင်လိုက်ရတယ်၊ ကျန်တဲ့လူတွေက ထွက်ပြေး သွားကြတယ်။”

12:35 PM
ဂတ်စ်အိုးပေါက်တာမဟုတ် မီးလောင်တာဖြစ်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဗဟိုလ်လမ်း ဓါတ်ဆီဆိုင် အနီးရှိ မြောင်းတခုတွင် ယနေ့ နံနက် ၉ နာရီခွဲခန့်တွင် လူ ၅ ဦးက ဖယောင်းတိုင်မီး ထွန်းကာ ပစ္စည်းရှာဖွေရာမှ မီးထလောင်သွားခဲ့ပြီး ၂ ဦး မီးလောင်ဒဏ်ရာ ရသွားခဲ့သည်။

“သူတို့မြောင်းထဲမှာ ပစ္စည်းရှာရင်းနဲ့ ဖယောင်းတိုင်နဲ့ ဝင်သွားတာပေါ့။ သူတို့ ၅ ယောက် ဟုတ်တယ်။ အဲဒါက ဓါတ်ဆီဆိုင်ရဲ့ အရှေ့က မြောင်းဆိုတော့ ဓါတ်ဆီဆိုင်က ဓါတ်ဆီတွေ စီးပြီး လာစုနေတာတို့၊ ဒီဇယ် အကျန်တွေ လာစုနေတာ ဆိုတော့ သူတို့က ဖယောင်းတိုင်နဲ့ ဝင်သွားတာ ဆိုတော့ မီးထလောင်တာပေါ့။ ဓါတ်ဆီဆိုင် ကိုတော့ ဘာမှမဖြစ်ဘူး” ဟု ဓါတ်ဆီဆိုင်နှင့် နီးစပ်သော ရန်ကုန် ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းမှ ဆရာတဦးက ပြောသည်။

အဆိုပါ ဖယောင်းတိုင် မီးထွန်းကာ ပစ္စည်းရှာဖွေသည့် လူ ၅ ဦးမှာ မည်သည့်ပစ္စည်း ရှာဖွေခြင်းကို မသိရဘဲ ထို ၅ ဦးမှ မီးလောင်ဒဏ်ရာ ရရှိသွားသူ ၂ ဦးမှာလည်း ဒဏ်ရာ မပြင်းထန်ကြောင်း သိရသည်။

ယခုလို မီးထလောင်ပြီးနောက် ပတ်ဝန်းကျင်တွင် နေထိုင်သူများက ဂက်စ်အိုး (သို့မဟုတ်) ဗုံးပေါက်ကွဲသည် ဟူ၍ ထင်ယောင်ထင်မှား ဖြစ်သွားခဲ့ကြသည်။

“အသေအပျောက်တွေတော့ မကြားပါဘူး၊၊ လူတွေကတော့ အုံနေတာပဲ။ ဗုံးဆိုရင်တော့ ဓါတ်ဆီဆိုင်မှာ ကွဲတာဆိုတော့ မီးတွေ တောက်လောင် နေမှာပေါ့” ဟု ရှမ်းလမ်းတွင် နေထိုင်သူ အိမ်ထောင်ရှင်မ တဦးက ပြောသည်။

No comments: