Tuesday, September 11, 2007

မြန်မာအရေး ကုလလုံခြုံရေးကောင်စီ ဖြေရှင်းရမည် ဟု ဥရောပပါလီမန် ဆုံးဖြတ်

မဇ္ဈိမသတင်းဌာန
စက်တင်ဘာလ ၁ဝ ရက်၊ ၂ဝဝ၇ ခုနှစ်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် မြန်မာ့အရေးကို တရားဝင် ဝင်ရောက် ဖြေရှင်းရေး အတွက် ဥရောပ သမဂ္ဂသည် အဖွဲ့ဝင် နိုင်ငံများအတွင်း မဲခွဲ ဆုံးဖြတ်ရာတွင် ကန့်ကွဲမဲ မရှိဘဲ၊ စုစုပေါင်း ၆၆ မဲဖြင့် တညီတညွတ်တည်း ထောက်ခံလိုက်ပြီ ဖြစ်သည်။

စက်တင်ဘာလ ၆ ရက်နေ့တွင် ကျင်းပသည့် အီးယူ၏ ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံအတွင်း လတ်တလော ဖြစ်ပွားနေသည့် အကျပ်အတည်းနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အရေးပေါ် အစည်းအဝေး ခေါ်ယူသင့်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံအတွင်း လောင်စာဆီ ဈေးနှုန်း အဆမတန် တိုးမြင့်လာမှုကြောင့် မြန်မာပြည်သူများက ရက်အတန်ကြာ ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ရာတွင် နအဖ စစ်အစိုးရက တဖက်သတ် ဖမ်းဆီးမှုများ ပြုလုပ်လာပြီး နောက်ပိုင်းတွင် အီးယူ၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ မြန်မာ စစ်အစိုးရ၏ အမြော်အမြင် နည်းပါးမှုနှင့် စီးပွားရေး စီမံကိန်းများကို ကန့်ကွက် ရှုတ်ချသွားသည်။ မြန်မာနိုင်ငံအတွင်း သဘာဝ သယံဇာတ စွမ်းအင် မြောက်မြားစွာ ထွက်ရှိသော်လည်း လူဦးရေ ၉ဝ ရာခိုင်နှုန်းသည် မရှိ ဆင်းရဲသားများ ဖြစ်နေသည်ဟု ဆိုသည်။

“လူဆိုး လူယုတ်မာတွေကို အနိုင်ယူဖို့အတွက် လူကောင်းတွေက ဘာမှမလုပ်ဘဲ ဒီအတိုင်း ကြည့်နေတော့မှာလား ... စစ်အစိုးရက ပြည်သူလူထုတွေကို အလွန် ရက်စက် ယုတ်မာနေပေမယ့်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းက အနည်းငယ်ပဲ ကူညီနေတယ်။ ဒီ မကောင်းဆိုးဝါးတွေ အာဏာ ဆက်တည်ဖို့ ကျနော်တို့ ဘယ်အထိ ခွင့်ပြုနိုင်မှာလဲ” ဟု ဝန်ကြီး အီမွတ်ဘတ်ခ်ျ က ပြောသည်။

နအဖ က ဦးဆောင် ရေးဆွဲသည့် အခြေခံ ဥပဒေ လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ယုံကြည် လက်ခံနိုင်မည့် အနေအထား မရှိဟု ပြောဆိုပြီး၊ ငြိမ်းချမ်းစွာ ဆန္ဒ ပြနေသူများကို နအဖ ကျောထောက်နောက်ခံ အရပ်သားများ၊ ကြံ့ဖွတ်အဖွဲ့နှင့် စွမ်းအားရှင်များ၏ တိုက်ခိုက်မှုများကို EU က ကန့်ကွက် ရှုတ်ချလိုက်သည်။

တရားမဝင်သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲရေးကို ရပ်တန်းကရပ်ပြီး၊ အန်အယ်ဒီ အပါအဝင် နိုင်ငံရေး ပါတီများနှင့် အခြား အဖွဲ့အစည်းများမှ ကိုယ်စားလှယ် အားလုံး ပါဝင်သော ညီလာခံကို အစားထိုး ကျင်းပရမည်ဟု ဆုံးဖြတ်ချက်၌ ပါရှိသည်။

နအဖနှင့် စီးပွားရေး ပူးပေါင်း လုပ်ဆောင်နေကြသည့် တရုတ်၊ ရုရှားနှင့် အိန္ဒိယ က ၎င်းတို့၏ စီးပွားရေး အရှိန်အဝါကို အသုံးပြု၍ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး လှုံ့ဆော်ပေးရန် အတွက် တိုက်တွန်းခဲ့သည်။ အကယ်၍ စီးပွားရေး လုပ်ငန်းများက လူ့အခွင့်အရေးများ ကျူးလွန်မှု ဆက်နွယ်နေလျှင် လက်ရှိ စီးပွားရေး လုပ်ငန်းများကို ဆိုင်းငံ့ရန် ဆုံးဖြတ်ချက်၌ တောင်းဆို ထားသေးသည်။

သို့သော်လည်း စစ်အစိုးရက ရည်ရွယ်ချက် ချမှတ်ပြီး လုပ်ဆောင်နေမှုများကို ကူညီ ထောက်ပံ့ ပေးခြင်းအားဖြင့် မြန်မာနိုင်ငံကို စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများနှင့် အထီးကျန်စေသည့် လုပ်ရပ်များက အောင်မြင်မှုကို မရစေရဟု EU က ပြောဆိုသည်။ ထို့ကြောင့် ယင်း မဟာဗျူဟာများဖြင့် ပြင်ဆင် လုပ်ကိုင်ရန်လည်း တိုက်တွန်းသည်။

“မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်းထဲကို ပြန်ခေါ်လာနိုင်ဖို့ အတွက် ထိရောက်တဲ့ ပေါ်လစီနဲ့ပဲ ရည်ရွယ်သင့်တယ်။ စစ်အစိုးရ စိတ်ပါဝင်စားမှုတွေကို စောင့်ကြည့်ပြီး အများဆန္ဒအတိုင်း လိုအပ်နေမှုတွေကို လုပ်ဆောင်ရမယ်။ သီးသန့် ထားလိုက်ခြင်းက ပြည်သူလူထုကို ပိုပြီး ဒုက္ခ ရာက်စေတယ်” ဟု ဥရောပသမဂ္ဂ ကော်မရှင်နာ ဗီဗိန်းရီဒင်း က ပြောသွားသည်။

ထို့အပြင် ဥရောပ ကော်မရှင်က အစိုးရ၏ ပြုမူ ဆောင်ရွက်ချက်များက ပြည်သူများကို သာမက ဒေသတွင်းနှင့် နိုင်ငံတကာ လုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်စေသည်ဟုလည်း သတိပေးထားသည်။

ပထဝီ နိုင်ငံရေး အကျိုးအမြတ်ထက် လူ့အခွင့်အရေးကို အစဉ်အမြဲ ဦးစားပေး လုပ်ဆောင်ရမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။EU ၏ ဆုံးဖြတ်ချက်တွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး ချက်ချင်း လွတ်ပေးရန်အတွက် တောင်းဆို လိုက်သေးသည်။

No comments: