Tuesday, September 11, 2007

မြန်မာ့အရေး နိုင်ငံတကာ ညီလာခံခေါ်ရန် အီးအန်စီ က ကုလကို တိုက်တွန်း

မဇ္ဈိမသတင်းဌာန
စက်တင်ဘာလ ၁ဝ ရက်၊ ၂ဝဝ၇ ခုနှစ်။
မြန်မာ့အရေး နိုင်ငံတကာ ညီလာခံတရပ် ခေါ်ယူ ကျင်းပရန်အတွက် ENC ခေါ် မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ ကောင်စီက ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးကို ယနေ့တွင် ကျေညာချက် ထုတ်ပြန်ကာ တိုက်တွန်း ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံ အခြေစိုက် ENC ၏ ကြေညာချက်တွင် ကုလသမဂ္ဂနှင့်အတူ ဥရောပသမဂ္ဂ၊ ရုရှား၊ အမေရိကား၊ တရုတ်၊ အိန္ဒိယ အပါအဝင် အိမ်နီးနားချင်းများနှင့် ဒေသတွင်း နိုင်ငံများ ဖြစ်သည့် ဂျပန်၊ အာဆီယံ နိုင်ငံများကိုပါ မြန်မာ့အရေး ဆိုင်ရာ နိုင်ငံတကာ ညီလာခံ ကျင်းပရန် ယနေ့တွင် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ENC ၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လျန်မှုန်းဆာခေါင်း က “မကြာသေးခင်က ဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေ အရပ်ရပ်ဟာ နိုင်ငံတကာ ညီလာခံ တရပ် ခေါ်ဖို့ အင်မတန်မှ လိုအပ်နေတယ် ဆိုတာ ပြသနေပါတယ်” ဟု ပြောဆိုခဲ့ပြီး၊ ယခုလို တောင်းဆိုချက်မျိုးကို အမေရိကန်နိုင်ငံ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနှင့် နယူးယောက်ရှိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အကြံပေး ပုဂ္ဂိုလ် မစ္စတာ ဂန်ဘာရီ ထံကိုလည်း ပြီးခဲ့သည့် ဇွန်လကတည်းက ပေးပို့ ခဲ့သေးသည်ဟု ဆိုသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် မြန်မာ့အရေးကို တရုတ်နှင့် ရုရှားမှ ဗီတို အာဏာသုံးကာ ငြင်းပယ်ခဲ့သော်လည်း ထပ်မံ ဆွေးနွေး သင့်ကြောင်းနှင့် တချိန်ထဲတွင် မြန်မာ့အရေးသည် ကုလသမဂ္ဂ အစည်းအဝေး အစီအစဉ်ထဲတွင် ဆက်ရှိနေသေးကြောင်း ဒေါက်တာ လျန်မှုန်းဆာခေါင်းက ပြောဆိုခဲ့ကာ၊ ဆုံးဖြတ်ချက် ထွက်ပေါ်မလာပါက လုံခြုံရေး ကောင်စီနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်တို့၏ ထောက်ခံချက်ဖြင့် နိုင်ငံတကာ ညီလာခံ တရပ် ခေါ်ဆိုသင့်ကြောင်း ပြောဆိုသည်။

မကြာသေးခင်က မြန်မာပြည်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များအပေါ် အခြေခံကာ နိုင်ငံတကာ ညီလာခံ ခေါ်ဆိုစေလိုသည့် တောင်းဆိုချက်ကို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် လုံခြုံရေး ကောင်စီသို့ မြန်မာ့အရေးကို အမေရိကားနှင့် ဥရောပသမဂ္ဂတို့မှ တင်သွင်းမည့် အစီအစဉ် ရှိပါက အခက်အခဲ ဖြစ်နိုင်သဖြင့် တရုတ်နှင့် ရုရှားကို ဦးစွာ စည်းရုံးသင့်သည်ဟု သူက ပြောသည်။

ENC ဥက္ကဌ စောဘသင် က “မကြာသေးခင်က ဒါဖာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ ကြိုဆိုပါတယ်။ ဒါဖာလောက် မဆိုးရွားသေးဘူး ဆိုရင်တောင် မြန်မာ့ အခြေအနေဟာ ဒါဖာမှာလိုပဲ ဖြစ်နေပါတယ်” ဟု ကျေညာချက်တွင် ထည့်သွင်း ပြောဆိုထားသည်။

မကြာသေးခင်က မြန်မာနိုင်ငံ အရှေ့ပိုင်း ဒေသတခု အတွင်းမှာပင် ကျေးရွာပေါင်း ၃ဝဝဝ ကျော် ဖျက်ဆီး ခံခဲ့ရကြောင်းနှင့် လူပေါင်း သန်းချီကာ အိုးအိမ်မဲ့များ ဖြစ်ပွားနေပြီး ထောင်ပေါင်း ရာချီကာ အိမ်နီးနားချင်း နိုင်ငံများသို့ ထွက်ပြေး ခိုလှုံနေရကြောင်း ENC ၏ ကျေညာချက်တွင် ဖော်ပြထားသည်။ သည့်အပြင် နိုင်ငံရေး အကျဉ်းသားပေါင်း ၁၂ဝဝ ကျော် ဖမ်းဆီး ချုပ်နှောင် ခံထားရသည်ဟု ဆိုသည်။

ENC ကို စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (UNLD - L/A) မှ ၁၁ ပါတီနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် အမျိုးသား ဒီမိုကရက်တစ် တပ်ဦး (NDF) မှ အဖွဲ့ ၈ ဖွဲ့ဖြင့် သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်ရန် တိုင်းရင်းသား လူမျိုးများ အကြား စည်းလုံးရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအတွက် ၂ဝဝ၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သော ENSCC ဟုခေါ်ဆိုသော တိုင်းရင်းသား လူမျိုးများ သွေးစည်း ခိုင်မာရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီကို ၂ဝဝ၄ ခုနှစ် ဇန်နဝါရီလ အတွင်းက ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

No comments: