Tuesday, October 23, 2007

ယနေ့ ဆောင်းပါး ၊သတင်း

စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ခေါ်ယူစစ်ဆေးခံရ
မဇ္ဈိမသတင်းဌာနအောက်တိုဘာလ ၂၃ ရက်၊ ၂ဝဝ၇ ခုနှစ်။
နာရေးကူညီမှုအသင်း (ရန်ကုန်) မှ လူမှုရေး လှုပ်ရှားသူ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ကို အာဏာပိုင်များက ယမန်နေ့က ၄ နာရီကြာ ခေါ်ယူ စစ်ဆေးခဲ့ကာ သံဃာတော်တပါး အကြောင်းကို မေးမြန်းခဲ့သည်။
ပြီးခဲ့သည့် လူထုဆန္ဒ ထုတ်ဖော်ပွဲတွင် အနုပညာရှင် အသိုင်းအဝိုင်းနှင့်အတူ သံဃာတော်များကို ရေချမ်း ကပ်လှူခဲ့သည့် စာရေးဆရာမ သန်းမြင့်အောင်ကို အာဏာပိုင်များက ယမန်နေ့ညနေ ၆ နာရီခွဲခန့်က နေအိမ်မှ ခေါ်ဆောင်သွားပြီ်း ည ၁ဝ နာရီခန့်တွင် ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။
“ပြည်ထဲရေး ဝန်ကြီးဌာနရုံးကို ခေါ်သွားတာ။ မေးစရာလေးတခု ကျန်လို့တဲ့။ မေးတာက သံဃာတော် ၁၅ ပါး ဦးဆောင်တဲ့ ဘုန်းကြီး ၁၅ ပါး ဦးစီးရေး ကော်မတီထဲမှာ စာရေးဆရာ ကံထွန်းသစ်က ဘုန်းကြီးဝတ်နဲ့လေ။ အဲဒီ ဘုန်းကြီးဝတ်နဲ့ ဆရာ ကံထွန်းသစ်ကို ဘယ်ကျောင်းမှာ သီတင်းသုံးလဲ၊ ဘုန်းကြီးနာမည် ဘာလဲဆိုတာ သိချင်လို့ မေးတာတဲ့။” ဟု ဆရာမ၏ မိတ်ဆွေတဦးက ပြောသည်။
“ဆရာမက ဘုန်းကြီး ကံထွန်းသစ်ကိုတော့ သိတယ်။ ဘယ်ကျောင်းကမှန်းတော့ မသိဘူး၊ ဘယ်အဖွဲ့ကမှန်းလည်း မသိဘူးလို့ ဖြေခဲ့တယ်။ဓဟု သူက ထပ်ပြောသည်။
ဆန္ဒပြရာတွင် ပါဝင်ကူညီမှုကြောင့် အသက် ၅၂ နှစ်အရွယ် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်သည် စာရေးဆရာ ဇော်သက်ထွေး၊ မာဂျေ၊ ကိုဦးဆွေ၊ စိမ်းနီ (ပိတောက်ပွင့်သစ် မဂ္ဂဇင်း)၊ တင်သစ် (ပိတောက်ပွင့်သစ် မဂ္ဂဇင်း)၊ ဆရာမကြီး ဒေါ်အမာ၊ ဆရာကြီး ဒဂုံတာရာ ကဗျာဆရာ အောင်ဝေး၊ ကာတွန်း အော်ပီကျယ် အစရှိသည့် စာရေးဆရာများ နည်းတူ စာပေ စီစစ်ရေး၏ ဖြန့်ချီခွင့် ပိတ်ပင်ခြင်း ခံထားရသည်။
အဆိုပါ စာရေးဆရာများနည်းတူ ရုပ်ရှင် သရုပ်ဆောင် ကျော်သူနှင့် ဖိုးဖြူတို့ကိုလည်း သရုပ်ဆောင်လုပ်ငန်း လုပ်ကိုင်ခွင့် ပိတ်ပင် ခံထားရသည်။
ဦးကျော်သူနှင့် ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်တို့သည် ယခုလ ၁ဝ ရက်နေ့တွင် ဖမ်းဆီးခံရပြီး ၁၇ ရက်နေ့တွင် ပြန်လွတ်လာကာ ယခုအခါ လှိုင်သာယာမြို့နယ်ရှိ ပန်းလှိုင်ဆေးရုံတွင် ဆေးကုသနေရဆဲ ဖြစ်သည်။
ဆောင်းပါး
စီးဆင်းလေဦးမှာလား ဧရာဝတီ
အောင်သူငြိမ်းစက်တင်ဘာလ ၂၃ ရက်၊ ၂၀၀၇ ခုနှစ်။
ဧရာဝတီမြစ်ဆုံကို ဆည်ဖို့တော့မည်။ မေခ၊ မေလိခတို့ ဆုံစည်းရာမှ ဧရာဝတီမြစ်ဟု စတင် ပေါ်ပေါက်လာရသည့် မြစ်ဖျားပိုင်းကို ဆည်ဖို့တော့မည် ဖြစ်သည်။ ဆည်မှ ဧရာမ ဆည်ကြီးမျိုး ဖြစ်သည်။ ဆည်ကြီးများ တည်ဆောက်ခဲ့၍ နိုင်ငံအများတွင် ဆိုးကျိုး နစ်နာမှုများ ကြုံခဲ့ကြရသလို ဧရာမ ဆည်ကြီးများ တည်ဆောက်မည် ဆိုလျှင် ကမ္ဘာတလွှားတွင် ပွက်ပွက်ညံ ကန့်ကွက်သံများ ဆူညံ သွားတတ်ကြသည်။
အခုလည်း မြန်မာနိုင်ငံ၏ အသက်သွေးကြောဟု တင်စား ခေါ်ဝေါ်နိုင်သည့် ဧရာဝတီ မြစ်ကြီးကို ဆည်တုတ်မည့် ကိစ္စ ဖြစ်သည်။ ဤကိစ္စကို စိုးရိမ်ပူပန်စွာ အရေးတယူ လေ့လာ တင်ပြလာကြသည့် ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက်ကို မိမိ အလွန် ကျေးဇူးတင်ပါသည်။ သူတို့၏ သုတေသန ပြုချက်များကလည်း ပြည့်စုံ ပီပြင်စွာ စုဆောင်း တင်ပြခဲ့ကြခြင်း ဖြစ်ပြီး၊ အန္တရာယ်ကြားမှ စွန့်စား၍ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ မေးမြန်းခန်းများ ပြုခဲ့ကြသည်မှာ အလွန် ချီးကျူးထိုက်သော ကိစ္စ ဖြစ်ပါသည်။ အလွန် စိုးရိမ်ဖွယ်ကောင်း၍ အမှန်တကယ် သံချောင်းခေါက် တပ်လှန့်ရမည့် ကိစ္စလည်း ဖြစ်ပါသည်။ ဤဧရာဝတီ မြစ်ဆုံဆည်သာမက မေခမြစ်ပေါ်တွင် နောက်ထပ်ဆည် ၇-ခု ထပ်တည်ဆောက်ရန် စစ်အစိုးရက လျာထားချက်များလည်း ရှိနေပါသေးသည်။
သို့သော်လည်း ဤအစီရင်ခံစာအကြောင်း သတင်းအဖြစ် ဖော်ပြကြသူများက ဤသို့ စိုးရိမ်ဖွယ် အကြောင်းကို ခြုံငုံ ဖော်ပြခဲ့သည်ဟု မဆိုနိုင်ပါ။ သတင်း ခေါင်းစဉ်များကို ကြည့်၍ မိမိအလွန် အားမလို အားမရ ဖြစ်လာပါသည်။ ဘီဘီစီ (မြန်မာပိုင်း အစီအစဉ်) က ဤသတင်းကို ဖော်ပြသည် ကြားရပါသည်။ ဧရာဝတီ အွန်လိုင်းတွင် မတွေ့ရသေးပါ။ မဇ္ဈိမ သတင်းဌာန အွန်လိုင်း မြန်မာ စာမျက်နှာက "မြစ်ဆုံရေကာကြောင့် ရွာ ၅ဝ ခန့် ရေမြုပ်မည်ဟု ကချင်အဖွဲ့က ပြောဆို" ဟုသာ သတင်း ခေါင်းစီး ဖော်ပြခဲ့ပါသည်။ ခေတ်ပြိုင် သတင်းစာ အွန်လိုင်း စာမျက်နှာကလည်း "KDNG မှ စံချိန်မှီ စီမံကိန်းများ ဖြစ်စေရန် တရုတ်အား တိုက်တွန်း" ဟု သာ သတင်းခေါင်းစီးရေး ဖော်ပြခဲ့ပါသည်။ ဤဖော်ပြချက်များကို မိမိ မကျေနပ်နိုင်၍ ဤ ဆောင်းပါး ရေးရခြင်း ဖြစ်ပါသည်။
မြန်မာလူ့ယဉ်ကျေးမှု၏ အသက်သွေးကြော
ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အချက်အချာ နေရာများကို ဖြတ်သန်း စီးဆင်းသွားပြီး၊ မြန်မာနိုင်ငံ၏ နှလုံးသည်းပွတ်ဟုပင် ခေါ်နိုင်ပါသည်။ ဧရာဝတီမြစ်က မြန်မာလူထုများအတွက် သောက်သုံးရေ ပေးသလို၊ ဆန်စပါးများ စိုက်ပျိုးရန်အတွက် ရေ၊ နုံးတင်မြေနု၊ သားငါး တောကောင်များ ကျက်စားရာ လွင်ပြင် ဖြစ်ပါသည်။ မြန်မာ့သမိုင်းကို ပြန်ကြည့်လျှင် ဧရာဝတီ နှင့် ကင်းကွာ၍ မရပါ။ ၁၁-ရာစု ပုဂံ အင်ပိုင်ယာမှသည်၊ မြင်စိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် အဆက်ဆက်သော မြန်မာ့ ထီးနန်း အုပ်ချုပ်သူများ လူထုများ မှီခို ရှင်သန်ခဲ့ကြသည်မှာ ဤမြစ်ကြီး ဧရာဝတီပင် ဖြစ်ပါသည်။ တနည်းဆိုရလျှင် ဧရာဝတီသည် မြန်မာ လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုကို ဖွံ့ဖြိုးစေခဲ့သော လွင်ပြင်လည်း ဖြစ်ပါသည်။ မြန်မာများက ဤမြေကို ကာကွယ်ခဲ့ကြပြီး၊ ဤမြေတွင် ကြီးထွားခဲ့ကြပါသည်။ ဤမြစ်နှင့် ဤမြေကို ခုံမင် တပ်မက်ခဲ့ကြပါသည်။ ရှေးအဆိုတော်များ သာမက ခေတ်အဆိုတော်များ ဖြစ်သည့် ခင်ဝမ်း၏ ဧရာဝတီ၊ ထူးအိမ်သင်၏ ဧရာဝတီ၊ စသဖြင့် ဧရာဝတီသည် အနုပညာရှင် တို့၏ အိပ်မက်များကို ဖွားမြင်စေရာလည်း ဖြစ်ပါသည်။
ဧရာဝတီ မြစ်ဝှမ်းက (၄၁၃,၆၇၄) စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး၊ မြန်မာနိုင်ငံ စုစုပေါင်း အကျယ်အဝန်း၏ (၆၁) % ကို လွှမ်းခြုံထားပါသည်။ ဧရာဝတီမြစ်သည် မြစ်ကြောင်းအလျားက (၂,၁၇၀) ကီလိုမီတာနီးပါး ရှည်လျားပြီး၊ တိုင်းပြည်၏ အရေးအကြီးဆုံး ကူးသန်း ရောင်းဝယ်ရေး ရေကြောင်းလမ်းလည်း ဖြစ်သည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသည် လူဦးရေ (၃) သန်းကျော် မှီတင်း နေထိုင်ရာ ဖြစ်ပြီး၊ မြန်မာနိုင်ငံ ဆန်စပါး အထွက်၏ (၆၀%) ကို ဤဒေသက ထုတ်လုပ် ဖြည့်ဆည်း ပေးနေပါသည်။
ထိုမျှမက ဧရာဝတီမြစ်သည် ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ် (UN Environment Programme) နှင့် ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းမှု စောင့်ကြည့်ရေး ဌာန (World Conservation Monitoring Center) တို့က ၎င်း၏ ဇီဝသတ္တ စုံလင်ကြွယ်ဝမှုကြောင့် ဦးစားပေး ထိန်းသိမ်း ထားအပ်သည့် မြစ် (၃၀) စာရင်းတွင် ထည့်သွင်းထားသော မြစ်ကြီးတစင်းလည်း ဖြစ်ပါသည်။ ဧရာဝတီမြစ်တွင် ငါးမျိုးစိတ် (၇၉) မျိုး ရှိနေပြီး ရှားပါးသည့် ဧရာဝတီ လင်းပိုင်ငါးကြီးများလည်း အပါအဝင် ဖြစ်ပါသည်။ ထို့အပြင် ဧရာဝတီ မြစ်ဝှမ်းတလျှောက်၌ ငှက်များအတွက် စားကျက်ဘေးမဲ့မြေ ၄-ခု လည်း တည်ရှိနေပါသေးသည်။
ယခုကိစ္စက ဤမြစ်ကို ဆည်တုတ်မည့် ကိစ္စ ဖြစ်ပါသည်။ စစ်အစိုးသည် ဧရာဝတီမြစ်ပေါ်ရှိ ပင်မဆည်ကြီး အပြင်၊ မြစ်ဆုံမြောက်ဘက်ရှိ အင်မိုင်ခခေါ် (မေခ) မြစ်ပေါ်၌လည်း နောက်ထပ်ဆည် (၇) ခု တည်ဆောက်ရန် လျာထားသော စီမံကိန်းများ ရှိနေပါသေးသည်။ ဧရာဝတီမြစ် စီးဆင်းနိုင်ပါ ဦးတော့မည်လော။
စစ်အစိုးရ သက်ဆိုးရှည်စေမည့် ရင်းနှီးမြှုပ်နှံမှုများ
ဤဆည်တည်ဆောက်ရေး ရင်းနှီးမြှုပ်နှံမှုများကြောင့် စစ်အစိုးရ ဝင်ငွေရကာ သက်ဆိုးရှည် စေပါဦးမည်။ ရင်းနှီးမြှုပ်နှံမှု ပမာဏကို အတိအကျ မသိရသော်လည်း အမေရိကန် ဒေါ်လာ ၃. ၆ ဘီလီယံ ခန့် ရှိမည်ဟု KDNG က ခန့်မှန်းတွက်ချက် ဖော်ပြပါသည်။ ထို့အပြင် ဤဆည်များ တည်ဆောက် ပြီးစီးပါက လျှပ်စစ် ရောင်းချငွေဖြင့် စစ်အစိုးရက တနှစ်လျှင် ဒေါ်လာ သန်း (၅၀၀) ခန့် နှစ်စဉ် ငွေဝင်လမ်း ဖြောင့်နေပါဦးမည်။
(၂၀၀၇) ခုနှစ်၊ မေလ အစိုးရထုတ် မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးတပုဒ်က အောက်ပါအတိုင်း ဖေါ်ပြ ထားပါသည်။
အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လက်အောက်ရှိ၊ ရေအားလျပ်စစ် အကောင်အထည်ဖေါ်ရေး ဌာနနှင့် တရုတ်နိုင်ငံ လျပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (China Power Investment Corporation--CPI) တို့သည် ရေအား လျှပ်စစ်လုပ်ငန်း စီမံချက် (၇) ခု (ဧရာဝတီ မြစ်ဆုံ၌ ၃,၆၀၀- မီဂါဝပ် စီမံချက်၊ ချီဗွေ၌ ၂,၀၀၀-မီဂါဝပ် စီမံချက်၊ ပါရှီး၌ ၁,၆၀၀-မီဂါဝပ် စီမံချက်၊ လာကင်၌ ၁,၄၀၀-မီဂါဝပ် စီမံချက်၊ ဖီဇော၌ ၁,၅၀၀-မီဂါဝပ် စီမံချက်၊ ခေါင်ဂလန်ဖူ၌ ၁,၇၀၀-မီဂါဝပ် စီမံချက်၊ လိုင်ဇာ၌ ၁,၅၆၀-မီဂါဝပ်စီမံချက်) ကို ကချင်ပြည်နယ် အတွင်း၌ တည်ဆောက်သွားမည် ဖြစ်သည်ဟု ဆိုထားပါသည်။ ဆည်အားလုံး တည်ဆောက် ပြီးစီးသွားပါက စုစုပေါင်း မီဂါဝပ် (၁၃,၃၆၀) ကို ထုတ်လွှတ်ပေးနိုင်မည်ဟု မျှော်လင့်ထားပါသည်။ ဤစီမံချက်သည် မြန်မာနိုင်ငံ၌ အကြီးဆုံး ရေအားလျပ်စစ် လုပ်ငန်းဖြစ်ပြီး တိုင်းပြည်၏ အကြီးဆုံး ရေအားလျှပ်စစ် လုပ်ငန်း စီမံချက်ဖြစ်သော ရှမ်းပြည်နယ်ရှိ (၇,၁၀၀) မီဂါဝပ် ထုတ်ပေးနိုင်သည့် တာဆန်းဆည်၏ အင်အား ထက် သာလွန်နေပါသည်။
ဤဆည်များမှ ထွက်လာသော ရေအား လျှပ်စစ်များက မြန်မာပြည်သူလူထု ခံစားရဖွယ် မရှိပါ။ အကြောင်းမှာ ထိုင်းနိုင်ငံရှိ ပညာရှင်တဦး လေ့လာချက်အရ ထိုဆည်များမှ လျှပ်စစ်ကို သယ်ပို့ပေးမည့် ကောင်းကင် ကြိုးတန်းစနစ် မရှိသောကြောင့် ဖြစ်ပါသည်။ ဤလျှပ်စစ်များက တရုတ်နိုင်ငံကို ရောင်းစားရန် သက်သက်သာ ဖြစ်ပါသည်။
စီမံချက်တွင် အဓိက ပါဝင်လုပ်ဆောင်မည့်သူ တဦးဖြစ်သော တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) ၏ အဆိုအရ၊ ယူနန် လျှပ်စစ်ဓါတ်အား ကွန်ရက် ကုမ္ပဏီ (Yunnan Power Grid Company) က မြန်မာနိုင်ငံမှ ထုတ်လွှတ်ပေးမည့် လျှပ်စစ် ဓါတ်အားများကို ယူနန် လျှပ်စစ်ဓါတ်အား ကွန်ရက်စနစ်ဖြင့် တရုတ်နိုင်ငံသို့ ပို့လွှတ်ပေးမည် ဖြစ်သည်။ တရုတ်နိုင်ငံသည် ၎င်း၏ "အနောက်မှအရှေ့သို့ လျှပ်စစ် ဓါတ်အား ပို့လွှတ်ပေးရေး အစီအစဉ်" (West to East Power Transmission Policy) အရ လုပ်နေခြင်း ဖြစ်သည်။ ဤဆည်များ တည်ဆောက်မှုက ဤစီမံချက်၏ အစိတ်အပိုင်းသာ ဖြစ်ပါသည်။
The Voice ဂျာနယ်၏ သတင်းတခုအရ ရေအားလျှပ်စစ် စီမံကိန်းကြီးများကြောင့် တရုပ်နိုင်ငံက FDI ခေါ် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံများအနက် ဆဌမ နေရာယူလာကြောင်း ဖတ်ရပါသည်။ (၂၀၀၅-၆) ဘဏ္ဍာရေး နှစ်တွင် တရုပ်နိုင်ငံက အဆင့် ၉ သာ ရှိခဲ့သော်လည်း၊ ရွှေလီ ရေအားလျှပ်စစ်တွင် တရုတ်နိုင်ငံက ဒေါ်လာ ၂၈၁ သန်း ထပ်မံ မြှုပ်နှံခဲ့သောကြောင့် (၂၀၀၆-၂၀၀၇) တွင် အဆင့် ၆ ဖြစ်လာခဲ့ပါသည်။ ယခု ဧရာဝတီ မြစ်ဆုံဆည် ကိစ္စများ မလာသေးပါ။ (၂၀၀၇) ခု၊ ဖေဖေါ်ဝါရီလ စာရင်းများအရ ရေအားလျှပ်စစ် လုပ်ငန်းက မြန်မာနိုင်ငံ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် (၄၃.၈%) အထိ တက်လာပြီး၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့က ၂၀% သာ ရှိနေပါသည်ဟု ၎င်းဂျာနယ်တွင်ပင် ဖတ်ခဲ့ရပါသည်။
ဆည်ကြီးများ၏ ဆိုးကျိုး
ဖော်ပြခဲ့သည့် ပမာဏ အတိုင်းအတာကို တွက်ကြည့်ပါ။
သစ်တောများ၊ သဘာဝ ပတ်ဝန်းကျင်များ အကြီးအကျယ် ပျက်စီးရပါလိမ့်မည်။ ဆည်တည်ဆောက်သည့် ကန်ထိရိုက်များ အတွက် ငွေတွင်းကြီး ဖြစ်သော်လည်း ဒေသနေ ပြည်သူအများ အိုးအိမ်စွန့်ခွါ ပြောင်းရွှေ့ ကြရပါလိမ့်မည်။ စစ်တပ်များ လုံခြုံရေးအတွက် ပိုမို တိုးမြှင့် ချထားလာသောကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ မုဒိမ်းမှုများ၊ အဓမ္မ လုပ်အားခိုင်းစေမှု၊ အဓမ္မ ရွှေ့ပြောင်းစေမှုများ ပို၍ ကြုံလာရဖွယ် ရှိနေပါသည်။ ဒေသနေ လူများလည်း ဒေသများ ရေလွှမ်းသောကြောင့် နေထိုင်ရေး၊ သွားလာရေး ခက်ခဲကြရမည်။ ရွှေတူးခြင်း၊ အမဲလိုက်၊ ငါးဖမ်းခြင်း စသည့် သက်မွေးဝမ်းကြောင်း လုပ်ငန်းများ ဆုံးရှုံးရခြိမ့်မည်။ မိသားစု အသိုက်အမြုံများ ပြိုကွဲမည်။
ကမ္ဘာ့ ဆည်များကော်မရှင် (World Commission on Dams) ၏ ခန့်မှန်းချက်အရ ကမ္ဘာ တဝှမ်းလုံးတွင် ဆည်များ ဆောက်လုပ်မှုကြောင့် လူဦးရေ သန်း (၄၀) မှ (၈၀) အထိ နေရပ်ရင်း စွန့်ခွါပြောင်းရွှေ့ ခဲ့ကြရကြောင်း ဖော်ပြထားပါသည်။ ဤသို့ ပြောင်းရွှေ့ကြရမှုကြောင့် အမျိုးသမီးများနှင့် ဌာနေ တိုင်းရင်းသား လူမျိုးများမှာ အထူးနစ်နာ ခံစားခဲ့ကြရပါသည်။ ကော်မရှင်၏ ဖော်ပြချက်အရ ရုပ်ပိုင်းဆိုင်ရာအရ ပြောင်းရွှေ့ အခြေချကြရမှုနှင့် သက်မွေးဝမ်းကျောင်း၊ နေထိုင်မှု ဘဝများ ပြောင်းရွှေ့ကြရသောကြောင့် "မြေယာမဲ့များ ဖြစ်ရခြင်း၊ အလုပ်လက်မဲ့များ ဖြစ်ရခြင်း၊ အိမ်ခြေယာမဲ့များ ဖြစ်ရခြင်း၊ ခွဲခြား ဖိနှိပ်ခံရခြင်း၊ စားရေရိက္ခာ မဖူလုံ ဖြစ်ရခြင်း၊ သေနှုန်းမြင့်များခြင်းနှင့် လူအများပိုင် ရင်းမြစ်များ ဆုံးရှုံးရခြင်း၊ လူမှုရေး နှင့် ယဉ်ကျေးမှုအရ ပြန်လည် ထူထောင်နိုင်သော သတ္တိများ ဆုံးရှုံးရခြင်း" တို့ကိုလည်း ဖြစ်ပွားစေပါသည်။ ဖွဲ့စည်း တည်ဆောက်ထားသော လူနေမှုစနစ် ပြိုကွဲရခြင်းနှင့်အတူ စီးပွားရေးအရ စွမ်းအားများ ပျက်စီး ဆုံးရှုံးရခြင်းတို့ကြောင့် "များသောအားဖြင့် ပြန်လည် ပြုပြင်၍ မရနိုင်တော့လောက်အောင် လူနေမှု အဆင့်အတန်း ဆင်းရဲ နိမ့်ကျရခြင်းများ" ကိုလည်း ဖြစ်စေပါသည်။
ဤမျှမကသေးပါ။
မစီးဆင်းပဲနေသော ရေသေကြောင့် ရှစ်ဆိုစတိုမီယေးဆစ် (Schistosomiasis) ခေါ် ကပ်ပါး သံကောင်များ ပိုပေါက်ဖွားနိုင်ခြင်း၊ ပြဒါးဓါတ် စုပုံလာ၍ ပြဒါးဆိပ်သင့်ခြင်း စသည့် ကျန်းမာရေး ပြဿနာများလည်း ရှိနေပါသည်။ ငါးမျိုးစိတ်အချို့ မြစ်ညာ တက်၍ သားမပေါက်နိုင်တော့သောကြောင့် ပျောက်ကွယ်သွားမည်။ လူအများ ပြောင်းရွှေ့ အခြေချရမှုကြောင့် ကျန်းမာရေး ပြဿနာများလည်း ပိုဆိုးလာဖွယ် ရှိနေပါသည်။ မြစ်အောက်ပိုင်းရှိ ရေသွင်း စိုက်ပျိုးခင်းများ၊ နုံးတင်ကျွန်းများ၊ စိုက်ပျိုးရေးနှင့် တံငါလုပ်ငန်း၊ ခရီး ကူးသန်း ရောင်းဝယ်မှု သောက်သုံးရေ ကိစ္စများတွင်လည်း ထိခိုက်မှု အကြီးအကျယ် ရှိလာစေတော့မည် ဖြစ်ပါသည်။ အပေါ်မှ မြစ်ရေဆုတ်ယုတ် အားလျှော့လာသောကြောင့် ပင်လယ်ရေငံ အထက် တက်လာကာ မြေများ ဆားငံဓါတ် ပေါက်ခြင်းလည်း ကြုံကြရပါဦးမည်။ထို့အပြင် ဆည်ကျိုးပေါက်မှုများ အတွက်လည်း အန္တရာယ် ရှိနေပါသည်။ ကချင်ပြည်နယ်၌ပင် ဝါရှောင်ဆည်၊ ကြိမ်ခရမ် ဆည်များ ရေလျှံကျိုးပေါက်ခဲ့ပြီး လူအများ အသက်အိုးအိမ် ဆုံးရှုံးခဲ့ရပါသည်။ ဤသတင်းများကို စစ်အစိုးရက အမှောင်ချ ထားခဲ့ပါသည်။
လူထုကို အသိပေးတိုင်ပင်မှု မရှိခြင်း
ပိုဆိုးသည်မှာ ဤသို့ဆိုးကျိုးများ ခံစားရဖွယ်ရှိသည့် လူထုအများကို အသိပေး အကြောင်းကြားမှု မရှိခြင်းပင် ဖြစ်ပါသည်။ စစ်အစိုးရ ရှိသမျှ ထုတ်ရောင်းစားနေပြီး၊ အိမ်နီးချင်း နိုင်ငံများကလည်း ဘာရရ အမြတ်ထုတ်ဖို့သာ ချောင်းနေကြပါသည်။ လူထုအများက မစားရ ဝမခန်း "သတင်းစာ ကိုင်လျှင်ပင် ဓါတ်လိုက်ရမည့်" ကြွားလုံးများနှင့်သာ ကြုံနေကြရပါသည်။ ဆုံးဖြတ်ချက် ချရာတွင်လည်း ပါဝင်ခွင့်မရှိ။ ဤစီမံချက်များကလည်း လေ့လာနိုင်ခွင့်လည်း မရှိ။ ဒုက္ခ အကြီးအကျယ် ကြုံရ စေမည့် အခြေအနေ ဖြစ်နေလျှင်သော်မှ ကြိုတင် သိထားခွင့် မရှိကြပါ။ အခြား အိမ်နီးချင်း နိုင်ငံများတွင် ဆည်တည်ဆောက်ရေး ကိစ္စများနှင့် လူထုအများက ဆူညံစွာ ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်နေကြသော်လည်း၊ မြန်မာပြည်သူများက မေတ္တာသုတ်ပင် ကျယ်ကျယ် မရွတ်ဝံ့သည့် အခြေအနေ ဖြစ်နေပါသည်။
သံလွင်မြစ်ကို ဆည်တည်သည့် ကိစ္စကို ထောက်ခံလိုခြင်း မဟုတ်ပါ။ သံလွင်နှင့် ဧရာဝတီယှဉ်လျှင် သံလွင်စီးဆင်းရာ တလျှောက်တွင် တောတောင် ပိုများပြီး၊ မြစ်ဝကျွန်းပေါ်သဖွယ် လွင်ပြင်က အနည်းအကျဉ်းသာ ရှိပါသည်။ ဧရာဝတီ မြစ်ကတော့ ဤသို့မဟုတ် မြန်မာနိုင်ငံ အလယ်ကို ဖြတ်စီး၍ သွေးကြောကြီးသဖွယ် ဖြစ်နေသော မြစ်ဖြစ်ပါသည်။ ဆိုးကျိုးများက ပိုများမည်မှာ ပြောဖွယ် မရှိပါ။ ဆင်ခြင်ကြည့်လျှင် ဖြစ်နိုင်ပါသည်။
ဤကိစ္စအတွက် အစီရင်ခံစာ ပြုစု ထုတ်ပြန်ခဲ့သော KDNG ကို ကျေးဇူးတင်ကြောင်း ထပ်ဆိုပါရစေ။ သတင်း မီဒီယာများ အနေဖြင့်လည်း ထိခိုက် နစ်နာရမည့် တန်ဖိုးကို အလေးအနက်ထား၍ ဝိုင်းဝန်း တားဆီးကြပါရန် မီးသံချောင်းလှန့်လိုက် ရပါသည်။
(ဆည်နှင့် ပတ်သက်သော အချက်အလက်များကို KDNG အစီရင်ခံစာမှ ရယူပါသည်။)
အင်တာဗျူး
ဆန္ဒပြတာတွေဟာ ခေတ္တငုပ်သွားတာပါ ကိုဇာဂနာနှင့် ဆက်သွယ်မေးမြန်းချက်
နန်းဒေဝီ (မဇ္ဈိမသတင်းဌာန)အောက်တိုဘာလ ၂၃ ရက်၊ ၂ဝဝ၇ ခုနှစ်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့က နအဖ စစ်အာဏာပိုင်များအပေါ် ပတ္တနိကုဇ္ဇန ကံဆောင်သပိတ် ဆင်နွှဲနေသည့် သံဃာတော်များကို ရန်ကုန်ရှိ ရွှေတိဂုံ ဘုရားတွင် ဆွမ်းကပ်လှူရာ၌ ပါဝင်ခဲ့သဖြင့် နောက်တရက်တွင် ဖမ်းဆီးခံခဲ့ရပြီး ယခုလ ၁၇ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာသူ နိုင်ငံကျော် ဟာသ သရုပ်ဆောင်နှင့် ဒါရိုက်တာ တဦးဖြစ်သူ ဇာဂနာ ခေါ် ကိုသူရ ကို ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ လတ်တလော ကျန်းမာရေး အခြေအနေ။
ဖြေ။ အဆုပ်ပွနေတယ်။ တမံသလင်းပေါ် အိပ်ရတော့ အဆုပ်ပွယောင် ရောဂါ ရလာတယ်။ ဆေးရုံတက်ဖို့ ပြောပေမယ့် ကျနော့်ဟာ ကျနော် ဆေးသောက်ပြီးတော့ ကုတော့မယ် ဆိုပြီးတော့ ဆေးရုံကနေ ကိုယ့်ဟာကိုယ် ဆင်းလာတယ်။
မေး။ အင်းစိန်ထောင်က စစ်ခွေး တိုက်ထဲမှာ ထားတယ်လို့ သိရတယ်။ ဘယ်လို နေရာမျိုးလဲ၊ ပြီးတော့ ဘယ်လိုနေခဲ့ရလဲ။ ဘယ်နှစ်ရက်လောက် နေခဲ့ရလဲ။
ဖြေ။ ပထမဆုံး ကျနော့်ကို ဖမ်းပြီး ခေါ်သွားတာက အင်းစိန် သီးသန့်ထောင် ခေါ်သွားပြီးတော့ အဲဒီနေ့ည တညလုံး ထားပြီးတော့၊ မနက်လည်းကျရော အောင်သပြေ စစ်ကြောရေး စခန်းကို ခေါ်သွားတယ်။ အောင်သပြေ စစ်ကြောရေးမှာ ၃ ညနဲ့  ၄ ရက်ထားတယ်။ ပြီးတော့ အင်းစိန်ထောင်က စစ်ခွေး အချုပ်ခန်းကို ပို့လိုက်တယ်။
မေး။ စစ်ခွေး အချုပ်ခန်းဆိုတာ ဘယ်လိုဟာမျိုးလဲ၊ ဘယ်လောက် အကျယ်အဝန်း ရှိလဲ။
ဖြေ။ စစ်ခွေး အချုပ်ခန်း ဆိုတာကတော့ဗျာ၊ တိုတိုပြောရင်ဗျာ ထောင်ထဲမှာ အပြစ်ဒဏ် ကျနေတဲ့ သူတွေ ရှိတယ်။ အပြစ်ဒဏ် ကျနေတဲ့ လူတွေထဲမှာ ထပ်ပြီးတော့ ထောင်ထဲမှာ အမှုလုပ်တဲ့သူတွေ၊ အချင်းချင်း ပြန်ရိုက်တဲ့ သူတွေ၊ သတ်တဲ့သူတွေ၊ ဆေးသွင်းတဲ့ သူတွေ၊ ယောက်ျားလေး အချင်းချင်း အနိုင်ကျင့်တဲ့သူတွေ၊ အဲလို လူမျိုးတွေရဲ့ ခြေထောက်ကို သံခြေကျင်း ခတ်ပြီးတော့ အဲဒီကို ပို့ရတာ။ အားလုံးနဲ့ အဆက်အသွယ် ဖြတ်ပြီးတော့ တိုက်ထဲ ပိတ်ထားလိုက်တာပေါ့ဗျာ။ အပြင်လည်း ဘာမှ မမြင်ရတော့ဘူး။ မျက်နှာတခုစာ အပေါက်ပဲ ရှိတယ်။ လေဝင်ပေါက်ဆိုလို့ အဲဒီ အပေါက်ပဲ ရှိတယ်။ အကျယ်ဝန်းက ၈ ပေ၊ ၁ဝ ပေ ရှိတယ်။ အထဲမှာ လောင်ပြီးတော့ အေးလည်း တအားအေးတယ်။ တမံသလင်းပေါ်မှာ သစ်သားပြား တခုပဲ ထားတယ်။
နောက်ပြီးတော့ ပထမ ၂ ရက်လောက် လုံးဝ ရေမချိုးရဘူး။ စစ်ခွေးတိုက် ခေါ်တာကလည်း အဲဒီ လုံခြုံရေးအတွက် အင်းခွေး အကောင် ၃ဝ လောက် အစောင့် ချထားတယ်။ အဲဒီထဲမှာ အစားသောက်ကလည်း အတော် စုတ်ပြတ်တယ်။ နေရေးထိုင်ရေး ကလည်း တအား စုတ်ပြတ်တယ်။ လေပေါက်ကလည်း မရှိဘူး။ တမံသလင်းပေါ်၊ သစ်သားပြားပေါ် အိပ်ရတော့ အဆုပ်က အအေးပတ်ပြီးတော့၊ နောက် ကန်တော့ ကန်တော့ အီအီးပါတော့လည်း ကျနော့်ကို ထမင်း သံပုဂံပြားတခု ပေးထားတယ်။ အီအီးတခါပါ၊ ရှူရှူတခါ ပေါက်ဆို သံပုဂံပြား ပြည့်သွားရောဗျာ။ ဆက် ပါလို့ မရတော့ဘူး။ အဲဒီမှာ ၇ ညနဲ့ ၈ ရက်လောက် နေခဲ့ရတယ်။ နောက်တနေ့တော့ ၅ ဆောင် သီးသန့် အဆောင်ကို ပို့လိုက်တယ်။ အဲဒီမှာ မဆိုးပါဘူး။ အဲဒီမှာတော့ တထွာလောက်ရှိတဲ့ ကွပ်ပြစ်တခု ရှိတယ်။ အဲဒီမှာ အိပ်ရတယ်။ ၂ ပေခွဲလောက်ရှိတဲ့ ရေချိုးကန်လေး တခု လုပ်ထားတယ်။
မေး။ တခြားသူတွေနဲ့ရော အတူထားတာ ရှိလား။
ဖြေ။ ကျနော်တယောက်ထဲဗျ။ တကယ့်ကို တယောက်ထဲဗျ။ ဘေးလူ တယောက်မှ မရှိဘူး။ ဘာမှမရှိဘူး။ တယောက်ထဲရယ်။ အလုံပိတ်ထားတယ်။
မေး။ နှိပ်စက် ညှဉ်းပမ်းတာတွေ ရှိလား။
ဖြေ။ အဲဒီမှာ ညှင်းပမ်းလို့ကတော့ သေဖို့ပဲ ရှိတော့တယ်။ အဲဒီမှာ ထားတာကိုက တော်တော်ဆိုးနေပြီ။ နေမမြင်၊ လမမြင်နဲ့ နေရတာဗျ။
မေး။ ထောင်ထဲမှာ ခေါ်ယူ စစ်ဆေး မေးမြန်းတာ ရှိလား။ ဘာတွေမေးလဲ။
ဖြေ။ ရှိတယ်။ အဲဒီထဲမှာ ညလုံးပေါက်၊ ညလုံးပေါက် ခေါ်စစ်တယ်။ ကျနော့်ဆီမှာ သူတို့ မသိတဲ့ဟာတွေ ရှိတယ်ဆိုပြီးတော့ ညလုံးပေါက်ကို မေးတယ်။ ပထမဆုံးနေ့ကဆိုရင် ည ၈ နာရီကနေ မနက် ၆ နာရီအထိ ညလုံးပေါက်ပဲ။ နေ့တိုင်းတော့ မဟုတ်ဘူး။ နောက်ရက်တွေကတော့ ခဏပဲ။ တကယ်စစ်တာက တညပဲ၊ ကျန်တာတွေက အလကား သက်သက်ပဲ။ အိပ်တော့မယ် ဆိုရင် လာခေါ်တယ်၊ အိပ်မရရုံ လောက်ပဲလေ။ အိပ်တော့မယ်ဆိုရင် လာခေါ်တော့တာပဲ။ တခါတလေကျရင် အိပ်နေရင်း ခုံတွေ လာရွှေ့သေးတယ်။ ဘာလုပ်တာမှန်း မသိဘူး။
မေး။ ဘာတွေ အဓိကထား မေးလဲ။
ဖြေ။ ဘာမှကို မမေးတာ။ သူတို့မေးတာ ဘာမှ မသိရလို့။ သူတို့ မေးတာကတော့ သိတယ် မဟုတ်လား။ ဘယ်သူတွေ ပါလဲ၊ ဘယ်ဝါတွေ ပါလဲ။ ကျနော် ပါတာတော့ ကျနော်သိတယ်။ ကျန်တဲ့ လူတွေကို ဂရုကိုမစိုက်လို့ ကျနော် မသိဘူးပေါ့။ ကျနော်နဲ့ ပတ်သက်လို့၊ ကျနော်တို့ အနုပညာနဲ့ ပတ်သက်လို့ ဘယ်သူမှ မလာဘူးလို့ ပြောလိုက်တယ်။ အဲဒါတွေ ကျနော် မသိရလို့ပေါ့နော်။
မေး။ လာဖမ်းတဲ့ ပုံစံလေးကို ပြောပြပါအုံး။
ဖြေ။ ညပိုင်း ၁၂ နာရီ ၂ဝ လောက်မှာ။ လာတုန်းကတော့ သိပ်ရီရတယ်။ “သန်းခေါင်စာရင်း စစ်မယ်” ဆိုပြီးတော့ ပြောတာ။ ကျနော်က “စစ်မနေပါနဲ့ဗျာ။ ခင်ဗျားတို့ လာဖမ်းတာ မဟုတ်လား” ဆိုပြီးတော့ အဝတ်တထည်နဲ့ ဆေးတော့ ယူလာရတယ်။ ကျနော်လည်း ညနေကတည်းက ကိုမောင် (ကျော်သူ) နဲ့ ကိုအောင်ဝေးတို့ ပုန်းမယ့်နေရာ သွားရှာပေးနေတာ။ ကျနော့်အတွက် ဘာမှ မစဉ်းစားနိုင်ဘူး။ အဲဒီတော့ Curfew မတိုင်ခင် ည ၉ နာရီအမီ အိမ်ပြန်လာရသေးတယ်။ လာခေါ်တာက စုစုပေါင်း ၈ ယောက်။ အနောက်ပိုင်း ခရိုင်က ရဲမှူး ဦးစိုးသိန်း၊ ရဲအုပ်က ၃ ယောက်၊ ရိုးရိုး ဒုရဲအုပ်ကတော့ တယောက်။ နောက် စမ်းချောင်း မြို့နယ်က ရဲစခန်းက စခန်းမှူး တယောက်၊ ရဝတ ၂ ယောက်လောက် ပါတယ်။ ဖမ်းဝရမ်း မပါဘူး။
မေး။ အိမ်တွင်းကို ရှာတာဖွေတာ ရှိသေးလား။
ဖြေ။ နှံ့နေအောင်ကို ရှာတာဗျာ။ အခန်းတွင်းကို ရှုပ်ပွနေတာပဲ။ ကွန်ပြူတာတွေ သိမ်းတာ မရှိပါဘူး။ ကျနော့် မိုဘိုင်းတော့ သိမ်းလိုက်တယ်။ သူတို့ ပြန်လာပေးမယ်လို့ ပြောတယ်။
မေး။ ပြန်ထွက်လာတော့ရော လက်မှတ်တွေ၊ ဝန်ခံချက်တွေ ထိုးခဲ့ရသေးလား။
ဖြေ။ အဲဒီဟာက တော်တော် ထူးဆန်းတယ်ဗျ။ ကျနော့်ကို လွှတ်မယ်လို့ မပြောဘူး။ ကျနော့်ကို ထောင်ကနေပြီးတော့ အိမ်ကို ပြန်ရမယ်လို့ မပြောဘူး။ ထောင်ပြောင်းရမယ်လို့ ပြောထားတယ်။ နယ်ထောင် ပြောင်းရမယ် ပြောတယ်။ နယ်ထောင် ပြောင်းရမယ် ဆိုတော့လည်း ပြောင်းပေါ့။ ရောက်ဖူးသည် ရှိအောင်ပေါ့။ ပြီးလည်းပြီးတော့ နယ်ထောင် မဟုတ်ဘဲနဲ့ အပေါက်ဝလည်း ရောက်တော့ အိမ်ပြန်ရမယ်ဆိုပြီးတော့ အိမ်အရောက် ကားနဲ့ ပြန်ပို့တယ်။ အားလုံးပေါင်း ၅ ယောက်။ ရဲမှုးတွေချည်းပဲ။ ကျနော်တောင် ထောင်ပစ္စည်းတွေတောင် ပါလာသေးတယ်။ ကျနော် ပြန်ပေးရအုံးမယ်။ ထောင်အင်္ကျီတွေတောင် ပါလာတယ်။ တခြား ဘာမှမပြောဘူး ခင်ဗျ။ ပြောလို့လည်း ရမှာ မဟုတ်ဘူးလို့ ထင်နေကြပါတယ်။
မေး။ ထောင်က ထွက်ပြီးတော့ရော အနီးကပ် စောင့်ကြည့်တာတွေ ရှိလား။
ဖြေ။ ရှိတာပေါ့။ ကျနော်တို့ ဆီမှာ ၃ မျိုးရှိတယ်။ ထုံးစံအတိုင်း ကြံ့ဖွံ့၊ စွမ်းအားရှင်နဲ့ ရဲတွေပေါ့ဗျာ။ ရဲဆိုတာကလည်း ရဲနဲ့ ရဝတ တွေပေါ့ဗျာ။ အိမ်ရှေ့ တည့်တည့်မှာတော့ မရှိဘူး။ ကျနော်တို့ အိမ်နားမှာ စားသောက်ဆိုင်တို့၊ လ္ဘက်ရည်ဆိုင်တို့ ရှိတယ်။ အဲဒါတွေကိုလည်း ရဝတ တွေက ကျနော့်ကို ကြိုတင် လာပြောထားတာတွေ ရှိတယ်။ သူတို့ကိုလည်း ကျနော် ကြည့်မနေပါဘူး။ နေပါစေ။ သူတို့ ညောင်းတာပေါ့၊ ရပ်နေရတာ။ ကျနော်ကတော့ အပြင်ကို သွားတာပဲဗျ။ လွတ်လွတ်လပ်လပ် ပေါ့ဗျာ။
မေး။ လှုပ်ရှားမှုပိုင်းမှာ ခေါင်းဆောင်ခဲ့ကြတဲ့ ကျောင်းသား၊ ရဟန်း သံယာတွေကို အခုလို ဖမ်းဆီးနေတဲ့ အချိန်မှာ လှုပ်ရှားမှုဟာ ရပ်တန့်သွားပြီ၊ ရပ်တန့်သွားမယ်လို့ ပြောနိုင်သလား။
ဖြေ။ ကျနော် လေ့လာ မိသလောက်တော့ ဒီလှုပ်ရှားမှုတွေက ခဏတော့ လောလောဆယ် အခြေအနေအရ ရပ်သွားတယ်လို့ ကျနော်ပြောတာ မဟုတ်ဘူး။ လောလောဆယ် အခြေအနေအရ ခေတ္တခဏ ငုပ်သွားတယ်လို့ ပြောနိုင်မယ်။ ခဏလေးပဲ ငုပ်သွားတာပါ။ ဒါဟာ ရပ်သွားမှာ မဟုတ်သလို၊ အားလုံး စိတ်ထဲမှာလည်း ရှိနေတယ်။ ပြီးမသွားပါဘူး။ ကျနော်တို့ စိတ်ထဲမှာတင် မကပါဘူး၊ ပြည်သူလူထုတွေ စိတ်ထဲမှာလည်း မပြီးသေးပါဘူး။ သူတို့စိတ်ထဲမှာလည်း အုံ့ပုန်းနဲ့ အနာကြီးတခုလို ဖြစ်ကျန်ရစ် နေသေးပါတယ်။
မေး။ အခုလို တအုံနွေးနွေးနဲ့ အနာကြီးတခုလို ပြည်သူလူထု ရင်မှာ ကျန်ရစ်တော့ ဘယ်လို အထောက်အကူပြုလဲ။
ဖြေ။ အခုလို ဖြစ်နေတာက ကျနော်တို့ တိုင်းပြည်အတွက် တဖက်က ပြန်ပြောရင်တော့ ကောင်းတာလည်း ရှိသလို၊ မကောင်းတာလည်း ရှိတယ်။ ကျနော်ကတော့ ဒါ ကောင်းတယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ သားသမီးတွေ ၁၉ နှစ်အရွယ်တွေ။ ၈၈ ခုနှစ် အကြောင်းပြောရင် သူတို့ကို လိမ်ပြောတယ် ထင်တယ်။ မယုံချင်သလိုလို ဖြစ်နေရင်လည်း ဖြစ်မှာပေါ့နော်။ အခုတော့ သူတို့ လက်တွေ့ မြင်သွားကြပြီ၊ ကြုံသွားကြပြီ။ ကျနော်တို့ မဟုတ်တာ၊ လိမ်ပြောတာ မဟုတ်ကြောင်း သိသွားကြပြီ။ အဲဒီ တခုတော့ ကျနော် တော်တော် သဘောကျတယ်။
မေး။ ဂမ်ဘာရီ ရောက်လာပြီးတဲ့ နောက်ပိုင်း ဒေါ်အောင်ဆန်း စုကြည်နဲ့ နအဖ အကြား ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်လာတယ်။ ဆန္ဒ ဖော်ထုတ်ပွဲတွေ၊ ချီတက်ပွဲတွေ လုပ်နေတယ်။ Curfew တွေ ပြန်ရုပ်ပြီ၊ ၅ ယောက်ထက် ပိုမစုရ ရုပ်လိုက်ပြီ။ ပုံမှန်အတိုင်း ဖြစ်သွားပြီလို့ ပြောလို့ရလား။
ဖြေ။ မရှိသေးဘူး။ ပုံမှန် မဖြစ်နိုင်သေးပါဘူး။ လူတိုင်း စိတ်ထဲမှာ ဒါပဲရှိတယ်။ ပျောက်နိုင်အုံးမှာ မဟုတ်ဘူး။ အခုလည်းပဲ ပြောနေကြတုန်းပဲဗျ။ ဒါတွေက ရုပ်ပြသက်သက် လုပ်နေတာ၊ အရင်တုန်းကလည်းပဲ ထုံးတမ်းစဉ်လာအတိုင်း လုပ်နေတာပဲ။ အမှန်တော့ ပဲများပြီးတော့ ဆက်လုပ်နေတာပါ။ သိပ်ပြီးတော့ ဘာမှ မဖြစ်ပါဘူး။ ဒါကတော့ ရိုးလည်းရိုးနေပါပြီ။ ဒီလိုပဲ လုပ်မှာပဲလေ။ အရင်တုန်းကလည်း ဒီလိုလုပ်ခဲ့တာပဲ။ လောလောဆယ်ကတော့ သူတို့ လုပ်နေတဲ့ဟာတွေ၊ ချီတက်နေတဲ့ ဟာတွေ၊ အခုလည်း လုပ်၊ မကြာခင် လုပ်အုံးမှာ ကြားရအုံးမှာပါ။ ဒါရိုက်တာ မီးပွားတို့ကို ခေါ်ပြီးတော့ ဦးအောင်သောင်း (စက်မှု ၁ ဝန်ကြီး) က သူတို့ရွာမှာ မြင်းခြံ၊ ခရိုင်ဘက်မှာ ပွဲတွေ လုပ်ကြအုံးမှာ။ သူတို့ မြို့နယ် တခုလုံးက ဒီလှုပ်ရှားမှုတွေမှာ မပါဘူးပေါ့ဗျာ။ နောက်တခုက သတင်းစာတို့၊ တီဗီတို့ ဆိုတာ ကျနော်တို့ ပြည်သူပြည်သားအတွက် ထုတ်တာ မဟုတ်ဘူး။ စစ်တပ်အတွက် ထုတ်တာဗျ။ ဘယ်သူမှ စိတ်မဝင်စားဘူး။ ပြည်သူလူထုက ၁ဝဝ မှာ ၁ဝဝ လုံး မယုံဘူး။ အားလုံးက သိနေတာပဲဗျာ။
မေး။ လူထုရဲ့ စိတ်ထဲမှာ တအုံနွေးနွေး ဖြစ်နေသေးတယ် ဆိုရင်၊ နောက်ထပ် လှုပ်ရှားမှု အခြေအနေရော ရှိနိုင်သေးလား။
ဖြေ။ လမ်းပေါ်ထွက်တဲ့ နည်းလမ်း တခုထဲ မဟုတ်ဘဲ၊ တခြား နည်းလမ်းတွေလည်း ရှိပါတယ်။ ဒီအတွက်ကြောင့် နောက်ပုံသဏ္ဍာန် တမျိုးနဲ့ ပြန်ပေါ်လာအုံးမှာပါ။ အများ ပြည်သူတွေရော၊ ကျနော်တို့ရော လိုလားတဲ့ ကိစ္စတခု ဆိုရင်တော့ ပြန်ပေါ်လာစရာ မရှိဘူးလေ။ အားလုံး မလိုလားတဲ့ ပြဿနာတခုကို သူတို့ မွေးလိုက်တယ်ဆိုရင် ပြန်ပေါ်လာအုံးမှာပါ။ ကျနော်ကတော့ သိပ်ပြီးတော့ မစိုးရိမ်ဘူး။ ဒီကိစ္စကတော့ မပြီးသွားသေးဘူး။ အားလုံးရဲ့ စိတ်ထဲမှာ မဖြောက်နိုင်သေးဘူး။ ပြီးခဲ့တဲ့ အတွင်းက လူတွေ အများကြီး၊ အသက်တွေ အများကြီး၊ အသေခံ ဘဝတွေ အများကြီး။ အပျက်ခံပြီးတော့ ပေါ်ချင်တော့ ပေါ်တော့မယ် ထင်တယ်။ သို့သော် နောက်တမျိုး ပေါ်လာပါလိမ့်မယ်။ နောက်တမျိုးကတော့ ဘယ်လိုမျိုး ဖြစ်လာမလဲ ဆိုတာကတော့ ကျနော် ပြောဖို့အတွက် စောပါသေးတယ်။ သို့သော် ပေါ်ဖို့ ရာခိုင်နှုန်းအရ ပြောရင် သေချာသလောက် ရှိတယ်။

No comments: