Wednesday, October 24, 2007

အမ်အေအိုင် နိုဝင်ဘာလတွင်း ပြန်လည်အသက်ဝင်မည်

သန်းထိုက်ဦး (မဇ္ဈိမသတင်းဌာန)အောက်တိုဘာလ ၂၄ ရက်၊ ၂ဝဝ၇ ခုနှစ်

ရပ်ဆိုင်းထားသည့် မြန်မာ အဲယားဝေး အင်တာနေရှင်နယ် (အမ်အေအိုင်) ၏ ပြည်ပ ခရီးစဉ်များကို နိုဝင်ဘာလအတွင်း ပြန်လည် ပြေးဆွဲနိုင်မည်ဟု အဲယားလိုင်း ဝန်ထမ်းများက ပြောသည်။
အာမခံ ကုမ္ပဏီက ငွေကြေးလျော်ပေးမှု အစီအစဉ်ကို ရပ်ဆိုင်းခဲ့၍ အောက်တိုဘာလ ၁၁ ရက်နေ့ကစပြီး နိုင်ငံပိုင် အမ်အေအိုင်၏ ထိုင်းနိုင်ငံ ဘန်ကောက်နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ပြေးဆွဲသည့် ခရီးများကို ရပ်နားပြီးနောက် ကြိုတင်လက်မှတ် ဖြတ်ထားသူ ခရီးသည် အားလုံးကို ထိုင်းလေကြောင်းလိုင်း တီဂျီသို့ ပြောင်းလွှဲ ပေးခဲ့ရသည်။
“ကျနော်တို့ လေယာဉ် အသစ်ကို စောင့်နေတယ်။ ကျနော်ထင်တာ လာမယ့် နိုဝင်ဘာလ လောက်ဆိုရင် ရနိုင်တယ်။ ဒါပေမဲ့ ကျနော် ရက်ကိုတော့ အတိအကျ ပြောလို့ မရသေးဘူး” ဟု လေကြောင်းလိုင်း တာဝန်ရှိသူ တဦးက ပြောသည်။
“နိုဝင်ဘာလ နောက်ဆုံး နှစ်ပတ်လောက်မှာတော့ မကျော်ဘူးလို့ ထင်တာပဲ” ဟု သူက ထပ်ပြောသည်။
နောက်လာမည့် လေယာဉ်သည် အဲယားဘတ်စ် ဖြစ်ပြီး ခရီးသည် ပိုမို တင်နိုင်မည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင်း စက်တင်ဘာလ အတွင်းက လူထုအုံကြွမှု ဖြစ်ကာ စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းပြီးနောက် လန်ဒန် အခြေစိုက် အာမခံ ကုမ္ပဏီက အာမခံပေးမှု ရပ်ဆိုင်းခဲ့ရာ လေကြောင်းလိုင်း၏ ဘန်ကောက်နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူ ခရီးစဉ်များ ရပ်နားခဲ့ရသည်။

No comments: