Wednesday, October 24, 2007

စစ်အစိုးရက ပီညဲရိုးကို လာရောက်ခွင့်ပြု

မဇ္ဈိမသတင်းဌာနအောက်တိုဘာလ ၂၃ ရက်၊ ၂ဝဝ၇ ခုနှစ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲရိုးကို လာမည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန်အတွက် စစ်အစိုးရက တရားဝင် ခွင့်ပြုလိုက်ပြီ ဖြစ်သည်။
မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံသို့ လိပ်မူပြီး သောကြာနေ့က ရေးသား ပေးပို့ခဲ့ရာတွင် မစ္စတာ ပီညဲရိုး အနေဖြင့် နိုဝင်ဘာလ ၁၇ ရက်နေ့ အာဆီယံ အစည်းအဝေး မတိုင်မီ လာရောက် လည်ပတ်ရန် ဖိတ်ခေါ်ထားသည်။
အာဆီယံ ပဋိဉာဉ် စာတမ်း၏ အစိတ်အပိုင်း တခုဖြစ်သည့် လူ့အခွင့်အရေး စောင့်ကြည့် ထိန်းသိမ်းရေး ယန္တရားတခု တည်ထောင်ရေးနှင့် ပတ်သက်၍ အဖွဲ့ဝင် ၁ဝ နိုင်ငံပါ အာဆီယံက ဆွေးနွေးသွားမည့် အချိန်တွင် ကုလ ကိုယ်စားလှယ်ကို ဝင်ခွင့် ပြုလိုက်သည့်စာ ထွက်ပေါ်လာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို နအဖ စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းလိုက်ခြင်းကြောင့် ကမ္ဘာအနှံ့ နအဖ စစ်အစိုးရ ဆန့်ကျင်ရေး ကန့်ကွက်လှုပ်ရှားမှုများ အရှိန်တိုးမြှင့် လုပ်ဆောင်နေသည် နှင့်လည်း တိုက်ဆိုင်နေသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကလည်း နအဖ စစ်အစိုးရကို ယခုလ အစောပိုင်းတွင် ကန့်ကွက် ရှုတ်ချခဲ့သေးသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်၍ တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးနှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ကို တယ်လီဖုန်းဖြင့် စနေနေ့က ဆွေးနွေးခဲ့ပြီ ဖြစ်ကြောင်း အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရ ပုဂ္ဂိုလ် မိုက်ကယ် လီမွန်းတပ်စ်က အတည်ပြု ပြောဆိုသည်။
မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲမှုအတွက် တရုတ်နှင့် အိန္ဒိယ မလုပ်ဆောင်နိုင်ခြင်းကြောင့် နိုင်ငံတကာ ဖိအားပေးမှုများကို ပိုမိုခံခဲ့ရသည်။
အန်အယ်ဒီ ဦးမြင့်သိန်း၏ ထောင်ဝင်စာ ပိတ်ပင်ခံရ
မဇ္ဈိမသတင်းဌာနအောက်တိုဘာလ ၂၃ ရက်၊ ၂ဝဝ၇ ခုနှစ်။
အင်းစိန်ထောင်အတွင်း ထိန်းသိမ်းခံနေရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်သိန်း၏ ကျန်းမာရေး အတွက် ဆေးဝါး ကုသခွင့်နှင့် မိသားစုဝင်များ၏ ထောင်ဝင်စာ ပေးခြင်းအပေါ် ထောင်အာဏာပိုင်များက တားမြစ်ခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ အတွင်း လူထုဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ် အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်သိန်း အဖမ်းခံခဲ့ရပြီးနောက် မိသားစုဝင်များက ထောင်သို့ သွားရောက်ကာ ဆေးဝါးနှင့် ပစ္စည်းအချို့ ပေးပို့ရာတွင် အာဏာပိုင်များက ပိတ်ပင်ခြင်း ဖြစ်သည်။
“သူ အင်းစိန်ထောင်ထဲမှာ ရှိတယ်လို့ ကြားရလို့ ကျမတို့ ထောင်ဝင်စာ ပစ္စည်းတွေ သွားပေးတာ။ ထောင်အာဏာပိုင်တွေက မောင်းထုတ်ပြီးတော့ ဘာပစ္စည်းမှ မပေးခိုင်းဘူး” ဟု ဦးမြင့်သိန်း၏ ဇနီး ဒေါ်ဆွေဆွေသိန်းက မဇ္ဈိမကို ပြောသည်။
အင်းစိန်ထောင်မှ လွတ်မြောက်လာသူများ၏ အဆိုအရ ဦးမြင့်သိန်း၏ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်ဖွယ် အခြေအနေ ရှိနေပြီး ထိန်းသိမ်း ခံထားရစဉ် တလျှောက်လုံး ဆန်ပြုတ်ကိုသာ သောက်သုံးနေရသဖြင့် ကိုယ်အလေးချိန် သိသာစွာ ကျဆင်းသွားသည်။
ဒေါ်ဆွေဆွေသိန်းက “သူ့မှာ အဖမ်းမခံရခင် ၂ လလောက်ကတည်းက အစာအိမ်ရောဂါ ဖြစ်နေလို့ ထမင်းတောင် ကောင်းကောင်း မစားနိုင်ဘူး ဖြစ်နေတာ။ သွေးပေါင်ချိန်တွေလည်း တက်နေတာကြောင့် သူ့အခြေအနေက အရမ်း ဆိုးရွားနေတာမို့ ကျမတို့ အရမ်း စိုးရိမ်နေပါတယ်။ သူ့အတွက် ဆေးဝါးကုသမှုတွေ အမြန်ဆုံး လိုအပ်နေပါပြီ” ဟု ပြောသည်။
စက်တင်ဘာလ ၂၇ ရက်နေ့က ဦးမြင့်သိန်းကို နေအိမ်မှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၂၇၆ ဦး ထိန်းသိမ်း ခံခဲ့ရပြီး ၁၆ ဦးသာ ပြန်လည် လွတ်မြောက် လာသေးသည်ဟု အန်အယ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဟံသာမြင့်က ပြောသည်။

No comments: