Tuesday, October 9, 2007

ယနေ့သတင်းပေါင်းစုံ

ရွေးကောက်ပွဲဝင်ရန် ကေအိုင်အို ခြေလှမ်းနေပြီ
မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၉ ရက်၊ ၂ဝဝ၇ ခုနှစ်။
ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ကို အမည်ပြောင်းပြီး နအဖ စစ်အစိုးရမှ ကျင်းပမည့် ရွေးကောက်ပွဲ အသစ်တွင် ဝင်ရောက် ယှဉ်ပြိုင်ရေး အတွက် လာမည့် သီတင်းပတ်အတွင်း ထိပ်သီး အစည်းအဝေး တရပ် ခေါ်ယူ ကျင်းပသွားမည် ဖြစ်သည်။

စစ်အစိုးရ၏ နိုင်ငံရေး လမ်းပြမြေပုံ ၇ ဆင့်အတိုင်း ဆက်လက် လုပ်ဆောင်ရာတွင် ဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲ အသစ်တွင် အကြီးဆုံးသော ကချင် အဖွဲ့အစည်းအနေဖြင့် ပါဝင် ယှဉ်ပြိုင်ရေး အတွက် အဖွဲ့အစည်း အမည်ပြောင်းရန် အောက်တိုဘာလ ၁၅ ရက်နေ့တွင် လိုင်ဇာရှိ ဌာနချုပ်၌ ကေအိုင်အို၏ နိုင်ငံရေး ခေါင်းဆောင်များနှင့် စစ်ဘက် ခေါင်းဆောင်များအကြား ဆွေးနွေးမည် ဖြစ်သည်။

“ဒီအစည်းအဝေးကို ကျနော်လည်း သွားမှာဖြစ်တယ်။ ဘာမှ မစခင်မှာတော့ ကျနော့် အနေနဲ့က ဘာမှ ပြောလို့ မရပါဘူး။ ဒီဟာက တဦးတယောက်နဲ့ လုပ်လို့ရတာ မဟုတ်ပါဘူး။ ဒါကြောင့် ကျနော်တို့ ဗဟိုမှာ အားလုံး စုပေါင်းပြီး ဆုံးဖြတ်မှာ ဖြစ်တယ်” ဟု ကေအိုင်အို ပြောရေးဆိုခွင့် ရှိသူ ဂျိမ်းစ်လွန်းဒေါင် က မဇ္ဈိမကို ပြောသည်။

စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် ကေအိုင်အို၏ လက်အောက်ခံ စစ်တပ်ကို ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ဟု ခေါ်သည်။

ကိုယ်ပိုင် အုပ်ချုပ်ရေး အတွက် ၄၆ နှစ်ခန့် အသုံးပြုခဲ့သော အဖွဲ့အစည်း အမည် အပြောင်းအလဲနှင့် ပတ်သက်၍ ကချင်လူထု နှင့် ကေအိုင်အေ စစ်တပ်အတွင်း သဘောထား ကွဲနိုင်သည်ဟု အမည်မဖော်လိုသူ ကေအိုင်အေ ဗိုလ်မှူးတဦးက ပြောသည်။

“ဒီဟာက ညီလာခံ ထောက်ခံပွဲ တက်ပြီးမှ ဒီလိုမျိုးတွေ ဖြစ်လာတာပါ။ ဘယ်လို ဖြစ်လာမလဲ မသိဘူး။ အစည်းအဝေးကို စောင့်ကြည့်ဖို့ပဲ လိုတယ်။ နာမည်ပြောင်းဖို့ ဆိုတာတော့ မလွယ်ဘူး။ အားလုံးကို ပြောဖို့က ခက်တယ်။ ၁၅ ရက်နေ့မှာ သိရမယ်” ဟု သူက ပြောသည်။

လွန်ခဲ့သည့်လက မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သော နအဖ အမျိုးသား ညီလာခံ ထောက်ခံပွဲသို့ ကေအိုင်အို အတွင်းရေးမှူး ဒေါတ်တာ တူးဂျာနှင့် ဒုဥက္ကဌ ဂေါ်ရီဇော်ဆိုင်းတို့ တက်ရောက်ခဲ့ပြီးနောက် ရွေးကောက်ပွဲ ဝင်ရန် ပြင်ဆင်မှု ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။

“ကချင်လူထုတွေ လက်မခံဘူး ဆိုရင်တော့ ကျနော်တို့ ကေအိုင်အိုလည်း အသိအမှတ် ပြုပေးလို့ မရဘူးပေါ့။ အခြေခံ ဥပဒေ ပေါ်ပြီးမှ ရွေးကောက်ပွဲ ဝင်ရမယ် ဆိုတော့ အဲဒီအချိန်မှ နိုင်ငံရေး ပါတီတွေ ပေါ်ပေါက်လာမယ် ဆိုတော့ အခုအချိန်မှာတော့ မလုပ်သင့်သေးဘူးလို့ ထင်ပါတယ်” ဟု ကချင် ဗိုလ်မှူးက ပြောသည်။

စစ်အစိုးရသည် လမ်းပြမြေပုံ၏ ပထမအဆင့်နှင့် ဒုတိယအဆင့် ညီလာခံနှင့် အခြေခံ ဥပဒေမူကြမ်း ရေးဆွဲထားပြီး ဖြစ်သော်လည်း ကျန်အဆင့်များနှင့် ပတ်သက်၍ အချိန်ဇယား ထုတ်ပြန်ထားခြင်း မရှိသေးပါ။ ရွေးကောက်ပွဲ ကျင်းပရေးသည် စတုတ္တအဆင့် ဖြစ်သည်။

ကေအိုင်အေ သည် ၁၉၉၄ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ရယူခဲ့ကာ ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က စတင်၍ စစ်အစိုးရ ဦးဆောင်သည့် အမျိုးသား ညီလာခံတွင် ပါဝင် တက်ရောက်ခဲ့သည်။

တိုင်းရင်းသား အခွင့်အရေးနှင့် ပတ်သက်၍လည်း ကေအိုင်အို ကိုယ်စားလှယ်များက ညီလာခံတွင် အလေးထား တင်ပြခဲ့သော်လည်း စစ်အစိုးရက တုံ့ပြန်ခြင်း မရှိခဲ့ပေ။

ပြည်ပသတင်းဌာနများကို တိုက်ခိုက်ရန် စစ်အစိုးရ ကြံ့ဖွံ့ကို ညွှန်ကြားထား
မျိုးကြီး (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၉ ရက်၊ ၂ဝဝ၇ ခုနှစ်။
ပြည်ပအခြေစိုက် မြန်မာ သတင်းဌာနများကို မြန်မာပြည်သူများမှ အလေးထားမှုနှင့် ယုံကြည်မှု ကင်းမဲ့စေရန် အတွက် ကြံ့ဖွံ့ အဖွဲ့ဝင်များမှ လုပ်ဆောင်ရန် စစ်အစိုးရက ညွှန်ကြားထားကြောင်း ကြံ့ခိုင် ဖွံ့ဖြိုးရေး အဖွဲ့ဝင်များ အပြောအရ သိရသည်။

မြန်မာနိုင်ငံ တဝှမ်းရှိ နအဖ ဝန်ထမ်းများ၊ အောက်ခြေ အုပ်ချုပ်ရေး အာဏာပိုင်များနှင့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အတွင်းမှာပင် ပြည်ပအခြေစိုက် မြန်မာ ရေဒီယို သတင်းဌာနများ ဖြစ်သည့် VOA, DVB, RFA နှင့် BBC တို့မှ ထုတ်လွင့်သည့် သတင်းများကို အားထား နားထောင်လျက် ရှိသည်ကို ချေဖျက်နိုင်ရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်း ဖြစ်သည်။

“အခုက လက်နက်ကိုင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ ကိုယ်တိုင်က အစိုးရအပေါ် ယုံကြည်မှု မရှိတာတွေ ဖြစ်လာတယ် ထင်တယ်။ အဲဒါကြောင့် ပြည်ပ မီဒီယာတွေက ဆူပူမှု ဖြစ်အောင် သွေးထိုးနေတယ်လို့ ရေဒီယို သတင်းတွေက သတင်းအမှားတွေ လွှင့်နေတယ်ဆိုတာ လိုက်ရှင်းပြနေရတယ်။ မြို့နယ် အာဏာပိုင်တွေကလေ” ဟု မြစ်ကြီးနားမှ ကြံ့ဖွံ့အဖွဲ့ဝင် တဦးက မဇ္ဈိမကို ပြောသည်။

စစ်အစိုးရ အာဘော် နေ့စဉ်ထုတ် သတင်းစာများတွင်လည်း မလိုက်မနေရ ဖိအားပေး ညီလာခံ ထောက်ခံပွဲများနှင့် ဖြစ်ပွားခဲ့သော လူထု ဆန္ဒပြမှုများကို ရှုတ်ချ ပြောဆိုမှုများ အဆက်မပြတ် ဖော်ပြနေပြီး “မိုးလုံးပြည့် မုသာဝါဒီ RFA VOA နှင့် BBC" RFA VOA နှင့် BBC အဖျက်သမားများ သတိထား” RFA VOA နှင့် BBC လေလှိုင်းပေါ်က လူသတ်သမားများ” ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် လပိုင်းအတွင်းက မြို့ကြီး အများအပြားတွင် ဖြစ်ပွားခဲ့သော သံဃာတော်များမှ နအဖ စစ်အာဏာရှင်များကို ပတ္တိနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်သည့် လမ်းလျှောက် ဆန္ဒပြပွဲများ၊ ပြည်သူလူထု ပူးပေါင်း ပါဝင် လှုပ်ရှားမှုများနှင့် အကြမ်းဖက် နှိပ်ကွပ်မှုများ ဖြစ်ပေါ်ပြီးနောက် မြန်မာပြည်တွင်း ရေဒီယိုသတင်း နားထောင်မှုများ အထူးပင် ခောတ်စားနေခဲ့သည်။

မန္တလေး အန်အယ်လ်ဒီ ၃ဝ ကျော် အဖမ်းခံထားရ
သန်းထိုက်ဦး (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၉ ရက်၊ ၂ဝဝ၇ ခုနှစ်။
မြန်မာနိုင်ငံအဝှမ်း ဆန္ဒပြပွဲများ ပေါ်ပေါက်ပြီးနောက် အဖမ်းခံထားရသည့် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၃ဝ ကျော်သွားပြီ ဖြစ်သည်။

တိုင်းစည်းရုံးရေး အဖွဲ့ဝင် ၆ ဦး၊ မြို့နယ် စည်းရုံးရေး အဖွဲ့ဝင် ၂၅ ဦးတို့ အဖမ်းခံရကြောင်း အတည်ပြုချက် ရထားပြီး သူတို့အထဲတွင် အမျိုးသမီး ၅ ဦး ပါဝင်သည်ဟု မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သတင်းရပ်ကွက်က ပြောသည်။

နောက်ဆုံး အဖမ်းခံရသူမှာ အန်အယ်ဒီ တိုင်းအတွင်းရေးမှူး ဦးကံထွန်း ဖြစ်သည်။ အောက်တိုဘာလ ၆ ရက် (စနေနေ့) ည ၁၁ နာရီခွဲခန့်တွင် အာဏာပိုင်များက နေအိမ်သို့ လာရောက် ဖမ်းဆီးသွားသည်။

“အာဏာပိုင်တွေက ကားနဲ့ ရောက်လာပြီး 'ကျနော်တို့နဲ့ အဘ ခဏလိုက်ခဲ့ပါ' ဆိုပြီးတော့ ခေါ်သွားပါတယ်” ဟု သားဖြစ်သူ ဦးကျော်ကျော်မြင့်က မဇ္ဈိမကို ပြောသည်။

လက်ရှိ အချိန်တွင် မန္တလေးမြို့ရှိ ဘုန်းကြီးကျောင်းတိုက်များ ဖြစ်သော မြတောင်၊ မစိုးရိမ်၊ ဘုရားကြီး ကျောင်းတိုက်များတွင် စစ်တပ် အပါအဝင် လုံခြုံရေး အဖွဲ့ဝင်များသည် ပြီးခဲ့သည့် စက်တင်ဘာ လလယ်ခန့်မှ လုံခြုံရေး ယူထားခဲ့ရာ ယနေ့အထိလည်း ဆက်လက် ရှိနေသေးသည်။

သံဃာတော်များနှင့် ပတ်သက်၍ အာဏာပိုင်များဘက်က စိုးရိမ်စရာ အခြေအနေ ရှိနေသေးသည်ဟု ယူဆသဖြင့် လုံခြုံရေးများကို ယခုလို ရုပ်သိမ်းခြင်း မရှိသေးကြောင်း ဒေသခံများက ယုံကြည်နေကြသည်။

ဆောင်းပါး
ပြည်တွင်းနာ
အောင်သူငြိမ်း
အောက်တိုဘာလ ၉ ရက်၊ ၂၀၀၇ ခုနှစ်။
မြန်မာပြည်သူများ အတော်များများတွင် စိတ်ဒဏ်ရာ ရသွားကြသည်။ အမာရွတ် ထင်စေနိုင်လောက်သည့် စိတ်အတွင်း ဒဏ်ရာမျိုး ဖြစ်သည်။ ၁၉၈၈ ခုနှစ် အစုအပြုံလိုက် လူသတ်ပွဲများ၏ ဒဏ်ရာ ဒဏ်ချက်များက သွေးမတိတ်သေး။ ၂၀၀၃ ခုနှစ် ဒီပဲယင်း အစုအပြုံလိုက် လူသတ်ပွဲများ၏ ဒဏ်ရာ ဒဏ်ချက်များက သွေးစိမ်းရှင်ရှင်။ နောက်ထပ် ဒဏ်ရာဒဏ်ချက်များ ရစေခဲ့ပြန်သည်။ ဤတကြိမ်တွင်တော့ အတော် ကုစားရန် ခက်ပါလိမ့်မည်။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးတို့၊ ပြန်လည် သင့်မြတ်ရေးတို့ ပြောနေကြသော်လည်း ဤတကြိမ်တွင်တော့ အစစ်အမှန် ပြန်လည် ပေါင်းစည်းနိုင်ရန် အတော် အချိန်ယူကြရတော့မည် ဖြစ်သလို၊ ပျက်ပြားသွားပြီ ဖြစ်သော ယုံကြည်မှု တည်ဆောက်ရေး အတွက်လည်း နိုင်ငံတခု၊ လူမှု အဖွဲ့အစည်းတခု အနေဖြင့် အတော် ရုန်းကန်ကြိုးပမ်း ကြရပါဦးတော့မည်။

(Trauma) ဟု ဆေးပညာရပ်အားဖြင့် ခေါ်ဆိုကြသော စိတ်တွင်းနာ၊ သို့မဟုတ် စိတ်ဒဏ်ရာသည် လူတဦးချင်းအဖို့ပင် နှစ်ပေါင်းများစွာ ရင်ဆိုင် ရုန်းကန်ကြရသော ပြဿနာ ဖြစ်ပါသည်။ လူတဦး၏ စိတ်တွင်း ဒဏ်ရာများ ကုသနိုင်ရေး အတွက်ပင် နှစ်ပေါင်းများစွာ အချိန်ပေးကြရသည်။ အချို့ ပညာရှင်များက ၇-နှစ်မှ ၁၅-နှစ်တိုင်တိုင် အချိန်ယူကြရသည်ဟု ဆိုကြပါသည်။ ကဗျာဆရာကြီး ဦးတင်မိုးက သူ၏ ကဗျာတပုဒ်တွင် မြန်မာပြည်၏ အခြေအနေနှင့် ပတ်သက်၍ "ပြည်တွင်းနာ" ဟု သုံးနှုံးခဲ့ဖူးသည်ကို ကျနော် မှတ်မိနေပါသည်။ သူက ကပ်သဘော၊ အထွေထွေ အကျပ်အတည်း သဘောကို ပြောသည် ဖြစ်နိုင်ပါသည်။ ကျနော်၏ ယူဆချက်ကတော့ ဤ "ပြည်တွင်းနာ" ဟူသော စကားလုံးတွင်ပင် စိတ်ခံစားချက် သဘောများလည်း ပါဝင်နေသယောင် ထင်မှတ်မိပါတော့သည်။ လူတဦးချင်း၏ စိတ်ဒဏ်ရာများ ပေါင်းစည်းမိသောအခါ၊ ကပ်ဘေးဒုက္ခ၊ အကျပ်အတည်းများ၊ စစ်ကြီးများ၊ အဖျက်အဆီး ဘေးဆိုးကြီးများ ကြုံတွေ့ရသောအခါ လူမှုအဖွဲ့အစည်း တခုလုံး စိတ် ဒဏ်ရာ ခံစားရတတ်ပါသည်။ ကျနော်ကတော့ ၁၉၈၈၊ ၂၀၀၃ ဒီပဲယင်း၊ ၂၀၀၇ သံဃာများ၏ ကံဆောင်ပွဲ ဖြိုခွင်း နှိမ်နင်းမှု များသည် ကျနော်တို့ လူမှုအဖွဲ့ကြီး တခုလုံးအတွက် တခုအပေါ် တခုဆင့်၍ စိတ်ဒဏ်ရာများ အနာဖေး မတက်နိုင်ခင်၊ နောက်ထပ် နာကျဉ် စေပြန်ခဲ့ပြီဟု မြင်နေမိပါတော့သည်။

ဤသို့ စိတ်ဒဏ်ရာ ရစေလောက်အောင် ကြုံရသော အခြေအနေမျိုးတွင် ထိုသူတဦး၏ လုံခြုံမှုနှင့် ပတ်သက်သော ကျနော်တို့၏ ယုံကြည်ထားချက်ကို အခြေခံ ဖောင်ဒေးရှင်းမှ စ၍ ဆွဲလှုပ် ခံလိုက်ရပါသည်။ တနည်းဆိုရသော် ယုံကြည် ထားသောအရာ ကိစ္စများလည်း ပြိုကွဲ ကြေမွ သွားရပါတော့သည်။ ထို့အပြင် စိတ်ဒဏ်ရာရလျှင် လူအများသည် ဤဒဏ်ရာ ပြေပျောက်စေကြောင်း အတွက် နည်းလမ်းများစွာဖြင့် တုံ့ပြန် တတ်ကြပါသည်။ ဥပမာအားဖြင့် - မိမိ စိတ်တွင်း ခံစားချက်ကို ဖြေသိမ့်နိုင်ရေးအတွက် အရက်သောက် ထွက်ပေါက် ရှာကြခြင်းများ၊ အိမ်ပြန်လာသောအခါ မိန်းမရိုက်၍ အိမ်တွင်း အနိုင်ကျင့် နှိပ်စက်မှုများ၊ အခြားနည်းပေါင်းစုံဖြင့် လွဲမှား မူမမှန်စွာ ဖြေရှင်း ကြသည်များလည်း တွေ့ရတတ်ပါသည်။ ဤ တုံ့ပြန်ပုံ လုပ်ငန်းမျိုးကို Coping mechanism ဟု ခေါ်ကြပါသည်။

နိုင်ငံအများတွင်လည်း ဤသို့ လူမှု အဖွဲ့အစည်းကြီး တရပ်လုံး စိတ်ဒဏ်ရာ ရစေသော ဖြစ်ရပ်များ ကြုံခဲ့ကြရဖူးပါသည်။ ဥပမာ- အမေရိကန် ပြည်ထောင်စု ဆိုလျှင် ပြည်တွင်းစစ်၏ သမိုင်းကြောင်းကို ပြော၍ မဆုံးသေးသကဲ့သို့၊ ဒုတိယ ကမ္ဘာစစ် ကို ကြုံခဲ့ရသော မျိုးဆက်များက ရန်-ငါ (အဖြူ သို့မဟုတ် အမဲ) စသည့် အတွေးများနှင့် စစ်အေး တိုက်ပွဲကို ဆက်ခဲ့ကြကြောင်းလည်း လေ့လာသူများက ဆိုကြပါသည်။ ထို့အပြင် စက်တင်ဘာ ၁၁ (September 11) သည် အမေရိကန် လူထု အများအတွက် စိတ်ဒဏ်ရာ အကြီးအကျယ် ရစေခဲ့သော ကိစ္စပင် ဖြစ်သည်။ ဤစက်တင်ဘာ ၁၁ တိုက်ခိုက်မှုကြောင့် နောက်ဆက်တွဲ တုံ့ပြန်လာပုံ ဆိုးကျိုးများကို မိမိတို့ တွေ့ကြုံ ခံစားနေကြရပြီ ဖြစ်ပါသည်။ အမေရိကန် လူထုများ၏ အစွန်းရောက် မျိုးချစ်စိတ်ဓါတ်ကို ပိုမို ပြင်းထန်စေသကဲ့သို့ အခြားသော လူမှု အခွင့်အရေး၊ စစ်၊ ကမ္ဘာ့ ဆက်ဆံရေး မျက်နှာစာများတွင် များစွာ အကျိုး သက်ရောက်စေခဲ့ပါသည်။

အချို့ လူမှု အဖွဲ့အစည်းများတွင်လည်း စိတ်ဒဏ်ရာ ရစေသော ဖြစ်ရပ်များ ကြုံကြရဖူးပါသည်။ နာဇီများ၏ အစုလိုက် အပြုံလိုက် ဂျူးများကို လက်စတုန်း သုတ်သင်မှုသည် လူမှုအဖွဲ့အစည်း တခုလုံးကို ထိခိုက် စေခဲ့သကဲ့သို့၊ ပါလက်စတိုင်း ပြည်သူများ၏ နိုင်ငံမဲ့ တွန်းပို့ ခံရသော အခြေအနေ၊ ဒုက္ခ သံသရာများကလည်း လူမှု အဖွဲ့အစည်းကို ဝါးအစည်းပြေစေ သကဲ့သို့၊ တဖက်တွင်လည်း အစွန်းရောက် အယူအဆများ ထွက်ပေါ်လာစေပါသည်။ အကြမ်းဖက်မှုများ အကြောင်း လေ့လာကြသူများက ထိုလူမှု အဖွဲ့အစည်း၏ ကောက်ယူ မွေးစားထားသော စိတ်ဒဏ်ရာ (chosen trauma) များ အကြောင်းကိုလည်း အကျယ်တဝင့် လေ့လာ ဖူးခဲ့ကြပါသည်။

ယခုတော့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော သံဃာများကို လမ်းမလယ်ခေါင် ရက်ရက်စက်စက် ပစ်ခတ် ချေမှုန်း နေပုံများကို မြင်တွေ့ခဲ့ကြရသည်။ ပြောရမည်ဆိုလျှင် ၂၀၀၇ စက်တင်ဘာလ သံဃာများနှင့် ဆန္ဒပြ ပြည်သူများကို ရက်ရက်စက်စက် ဖြိုခွဲချေမှုန်းမှုသည် မြန်မာနိုင်ငံ၏ စက်တင်ဘာ (၁၁) Burma September 11 ဟု တင်စားလျှင် မမှားနိုင်ပါ။ ထစ်ကနဲရှိ စစ်တပ် အားကိုး၊ လက်နက် အားကိုးဖြင့် ဖိနင်း ချေမှုန်းလိုသည့် အာဏာရှင်များ၏ ဒေါသ၊ အမျက် မာန်မာနများကို မြင်တွေ့လိုက်ကြရသည်။ ထို့အပြင် တဖက်သတ် ပြောဆို ဝါဒ ဖြန့်ချိနေမှုများ ကလည်း၊ ထပ်မံ စော်ကားသကဲ့သို့ ရှိနေစေသည်။ သံဃာများက ဆိုခဲ့သကဲ့သို့ မေတ္တာဓါတ် အားနည်းသည့် အပြုအမူများ၊ ရုန့်ရင်း ကြမ်းတမ်းမှုများ ကလည်း ဆက်လက် သည်းညည်း မခံနိုင်စရာ။ လူအများ၏ ကိုးကွယ် ယုံကြည်မှု ဘာသာရေး အခြေခံကိုပါ ရိုက်ချိုး ကြေမွ စေသကဲ့သို့ ဖြစ်စေခဲ့သည်။

သမိုင်းအရလည်း စိတ်နာကျည်းစရာများက အကြိမ်ကြိမ်၊ ၁၉၆၂ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဖြိုခဲ့သည်။ ဦးသန့် အရေးအခင်းတွင် သွေးချောင်း စီးခဲ့ရသလို၊ ၁၉၇၀ ခုနှစ် အလုပ်သမား ဆန္ဒပြပွဲများကိုလည်း ပစ်ခတ် ချေမှုန်းခဲ့သည်။ ၁၉၈၈၊ ၂၀၀၃၊ ၂၀၀၇ သွေးချောင်း စီးရမှုများက မြန်မာ့ လူ့အဖွဲ့အစည်း အတွက် မမေ့နိုင်စရာ အဖြစ်အပျက်များ ဖြစ်နေသည်။ ထိုထက်ပို၍ ဆိုးသည်မှာ ငြိမ်းချမ်းမှုကို လိုလားသည့်၊ ဗုဒ္ဓဘာသာ ထွန်းကား၊ အလေးအမြတ် ထားသည့် လူမှု အဖွဲ့အစည်းဟု ဂုဏ်ယူနေကြဆဲ ရဟန်း သံဃာများနှင့် သာသနာကို အဆိုးဝါးဆုံး ဖျက်ဆီး ချေမှုန်းလိုက်မှုသည် လူအများအတွက် စိတ်ဒဏ်ရာကို ပို၍ နက်ရှိုင်း လာစေခဲ့တော့သည်။

သံဃာများ၏ ဆန္ဒပြပွဲများကို အကြမ်းဖက် ချေမှုန်းနေစဉ်တွင် ပြည်တွင်းမှ "သဲ" ဟူသော ကလေးမ တဦးနှင့် မိမိ ချက်တင် စကားပြောခွင့် ရနေခဲ့ပါသည်။ သူရော၊ ကျနော်ပါ စိတ်လှုပ်ရှား နေကြ၍ အတော်လည်း စိတ်ထိခိုက် နေကြရပါသည်။ "ပစ်နေပီ။ ပစ်နေပီ။ လုပ်ကြပါဦး" "သေကုန်ကြတော့မှာပဲ" တဖက် မြန်မာပြည်ဖက်မှ သူမ ရိုက်ပို့လိုက်သော စာသားများ ကျနော် ရရှိနေပါသည်။ သူမက ပြင်ပသို့ အဖြစ်အပျက်များကို တတ်နိုင်သမျှ သတင်း ပေးနိုင်ရေးအတွက် ကြိုးစား ကူညီနေသူသာ ဖြစ်ပါသည်။ မိမိနှင့် ယခင်ကလည်း မရင်းနှီး၊ မကျွမ်းဝင်ခဲ့ပါ။ "ပြောပေးကြပါဦး" "ကျမတို့လည်း ဘာမှ မတတ်နိုင်တော့ဘူး" သူမက အဖြစ်အပျက် အသေးစိတ်ကို ပေးပို့နေချိန်တွင် ခံစားချက်ကိုပါ ကျနော် ထဲထဲဝင်ဝင် မြင်နေရပါသည်။
ကျနော်လည်း မည်သို့မျှ မကူညီနိုင်ခဲ့ပါ။ ကျနော့ကိုယ် ကျနော်လည်း ၁၉၈၈ အာဏာသိမ်းမှု အပြီး၊ ရန်ကုန် ဆေးရုံကြီးအနီး ရင်ခွဲရုံရှိ သူငယ်ချင်း အလောင်းနားတွင် နံရံကိုထု၊ မျက်ရည်တွေကျ ငိုယိုနေသော လူငယ်လေး တယောက်ကို ပြန်မြင်ယောင် နေပါသည်။ ထိုသို့ ငိုယိုနေခဲ့သူ လူငယ်ကလေးမှာ ကျနော်ကိုယ်တိုင် ဖြစ်ပါသည်။ ယခုတော့ ငိုယိုနေသူ ကလေးမ တဦး၏ အဖြစ်ကို ကျနော်ကိုယ်တိုင် နောက်ထပ် မြင်တွေ့နေရပါတော့သည်။

ကျနော်တို့၏ စိတ်ဒဏ်ရာများက ပို၍ပို၍ နက်ရှိုင်း လာစေပါသည်။ ကျနော် တယောက်ထဲ မဟုတ်။ ကျနော်တို့ လူမှု အသိုင်း အဝိုင်းကြီးရော၊ နောက်ထပ် မျိုးဆက်သစ် လူငယ်များပါ ထပ်၍ စိတ်ဒဏ်ရာ သင့်ရပြန်ပါပြီ။ ဘယ်တော့များမှ ပြီးနိုင်တော့ မည်နည်း။ မည်သည့်အခါမှ ကျေပျောက် နိုင်ကြပါတော့မည်နည်း။ မျိုးဆက်များ ဆင့်ခဲ့ကြပြီ ဖြစ်သည်။

စစ်အစိုးရကတော့ လူအနည်းစုကလေး၏ အုံကြွမှု၊ ကောက်ရိုးမီးသဖွယ် ပုံဖော်နေပါသည်။ ဒေါ်အောင်ဆန်း စုကြည်ကို တွေ့မည်ဟု အပေါ်စီး မက်လုံး ပေးရုံလောက်ဖြင့် ငြိမ်းအေးသွားတော့မည့် ကိစ္စဟု ထင်နေပုံရပါသည်။ လူမှု အဖွဲ့အစည်း အတွင်း နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေခဲ့သော စိတ်ဒဏ်ရာ အတွင်းကြေကို ဤမျှလောက်ဖြင့် ကျေပျက်စေလိမ့်မည် မဟုတ် ပါ။ ကျနော်တို့၏ ယုံကြည်မှု အခြေခံ တခုလုံး ကိုင်လှုပ် ခံလိုက်ရသော အခြေအနေ၊ ကမ္ဘာ့ ကုန်သွယ်ရေး မျှော်စင်ကြီး ပြိုကျခဲ့ သလို အပြန်အလှန် ယုံကြည်မှုများ ပြိုကွဲ မြေပေါ် ပုံကျသွားရသည့် အခြေအနေကို ကျနော် မြင်နေရပါသည်။ ဤစိတ်ဒဏ်ရာ ဒဏ်ချက်များဖြင့် ကျနော်တို့ လူမှု အဖွဲ့အစည်းကြီးက ကာလအတန်ကြာ ဆက်လက် လျှောက်လှမ်း နေကြရဦးတော့မည် ဖြစ်ပါတော့သည်။

အောက်တိုဘာလ ၂၀၀၇ ခုနှစ်။

ကလေးမြို့ နအဖ ညီလာခံ ထောက်ခံပွဲ ကျင်းပ
မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၈ ရက်၊ ၂ဝဝ၇ ခုနှစ်။
စစ်ကိုင်းတိုင်း ကလေးမြို့တွင် နအဖ ညီလာခံ ထောက်ခံပွဲ အခမ်းအနား တရပ်ကို ယနေ့ နံနက်ပိုင်းက ကျင်းပရာတွင် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ရွာသား အများစုဖြင့် ကျင်းပခဲ့သည်။

မြို့ခံပြည်သူများ အနည်းစု ပါဝင်ကာ အများအားဖြင့် ကလေးမြို့နယ် အတွင်းရှိ ကျေးရွာများမှ ရွာသားများဖြင့် ကျင်းပသည့် လူအင်အား တသောင်းခန့် တက်ရောက်သော နအဖ အမျိုးသား ညီလာခံ ထောက်ခံပွဲ အခမ်းအနား တရပ်ကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ခြင်း ဖြစ်သည်။

ညီလာခံ ထောက်ခံပွဲသို့ ပါဝင် တက်ရောက်သူများ၏ အခြေအနေနှင့် ပတ်သက်ပြီး ဒေသခံ တဦးက ယခုလို မဇ္ဈိမကို ပြောပြသည်။

“ရွာဘက်တွေက လူတွေ များတယ်။ မြို့နယ်တွေမှာတော့ ခေါ်တော့ ခေါ်ပါတယ်။ အတင်းအကျပ်တော့ မဟုတ်ပါဘူး။ လိုက်ရတဲ့ လူတွေကလည်း အကြောင်းကြောင်းတွေကြောင့် ဆယ်အိမ်မှူးတွေနဲ့ မျက်နှာနာတဲ့ လူတွေပဲလေ။ မလိုက်တဲ့ အိမ်တွေကိုလည်း ဘာမှမလုပ်ပါဘူး။ ဒဏ်ရိုက်တာလည်း မရှိပါဘူး။ ရွာကျောင်းက မူလတန်းပြ ဆရာ၊ ဆရာမတွေလည်း ပါတယ်တဲ့။ ကျနော်တို့ ဘာမှတောင် မသိလိုက်ဘူး။ ဒီနေ့ သွားကြပြီး ပြန်လာတဲ့ လူတွေက ပြောပြမှ သိရတာ” ဟု သူက ပြောသည်။

အောင်သစ္စာ ရပ်ကွက်ရှိ အားကစားကွင်းအတွင်း ထောက်ခံပွဲ အခမ်းအနားကို ကျင်းပပြီးနောက် ကလေးမြို့ လမ်းဆုံ၊ ပြည်သူ့ဆေးရုံမှ တဆင့် မြို့အတွင်းသို့ လှည့်လည်ကာ လက်ရှိ အစိုးရကို ထောက်ခံကြောင်း အော်ဟစ်ခဲ့ကြောင်းနှင့် ကလေးမြို့ တက္ကသိုလ် ကျောင်းသူ ကျောင်းသားများကို တက်ရောက်ခွင့် မပြုဘဲ၊ ကလေးမြို့ တောင်ဘက်ရှိ နတ်ချောင်း ကျေးရွာသားများ၊ မြောက်ဘက်ပိုင်းရှိ ကျေးရွာ အများအပြားမှ ရွာသားများ အများဆုံး ပါဝင် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ညီလာခံ ထောက်ခံပွဲ တက်ရောက်သူများကို ဒေသ အာဏာပိုင်များက ဓာတ်ပုံများ ရိုက်ကာ မှတ်တမ်း တင်ခဲ့ကြောင်းနှင့် ချင်းပြည်နယ် မြို့တော် ဟားခါးတွင်လည်း ယနေ့ ကျင်းပမည်ဟု ရည်ရွယ်ထားသော ညီလာခံ ထောက်ခံပွဲသည် အကြီးအကျယ် မိုးရွာသွန်းနေသဖြင့် ရက်ရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။

နအဖ ညီလာခံ ထောက်ခံပွဲကို ကချင်လူငယ်များ ကန့်ကွက်
ဖနီဒါ (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၈ ရက်၊ ၂ဝဝ၇ ခုနှစ်။
နအဖ အမျိုးသား ညီလာခံနှင့် ညီလာခံ ထောက်ခံပွဲသို့ တက်ရောက်သည့် ကေအိုင်အိုကို ဆန့်ကျင်သောအားဖြင့် ကချင် လူငယ်များက ပြီးခဲ့သည့် စနေနေ့က ကချင်ပြည်နယ်ရှိ တရုတ်-မြန်မာ နယ်စပ် တနေရာတွင် ဆန္ဒ ထုတ်ဖော်ပွဲ ကျင်းပခဲ့သည်။

နအဖ အမျိုးသား ညီလာခံနှင့် ညီလာခံ ထောက်ခံပွဲသို့ တက်ရောက်ခဲ့သည့် ကေအိုင်အိုကို ဆန့်ကျင် ဆန္ဒထုတ်ဖော်ပွဲ အစီအစဉ် တရပ်ကို အောက်တိုဘာလ ၆ ရက်နေ့ ညနေပိုင်းတွင် မိုင်ဂျာယန်နှင့် အခြားဒေသများမှ ကချင်လူငယ် ၂ဝဝ ကျော်က ကေအိုင်အို ထိန်းချုပ်ရာ တရုတ်-မြန်မာနယ်စပ် မိုင်ဂျာယန် မြို့တွင်းရှိ လွယ်ဒေါင်းတောင် အရပ်တွင် စုပေါင်း ကျင်းပခဲ့ခြင်း ဖြစ်သည်။

“နအဖ အမျိုးသား ညီလာခံကို ဆန့်ကျင်တယ်။ ကျနော်တို့က စည်းလုံး ညီညွတ်မှုကို ရချင်တယ်။ ကျနော်တို့က အခြေအနေကို ကြည့်ပြီး လိုအပ်ရင် လိုအပ်သလို ပြန်လုပ်ဖို့ အစီအစဉ်တွေတော့ အများကြီး ရှိသေးတယ်” ဟု အစီအစဉ် ဖြစ်မြောက်ရေးအတွက် ဦးဆောင်သူ လူငယ်တဦးက ပြောသည်။

အစီအစဉ်သို့ ကချင်လူငယ် ၂ဝဝ ကျော် တက်ရောက်ကာ ‘မိုင်ဂျာယန်ဒေသရှိ ကချင်လူငယ်များ၏ အသံ’ အမည်ရှိ ကျေညာချက်ကို ဖတ်ကြား တင်သွင်းပြီး တက်ရောက်လာသူများက ထောက်ခံကြောင်း ကြွေးကြော်၍ ဆန္ဒ ထုတ်ဖော်ခဲ့သလို အဆိုပါ ကျေညာချက်ထဲတွင် အချက် ၇ ချက်ကို ရေးသား တောင်းဆိုထားကာ လူငယ်ပေါင်း ၁၈ဝ ကျော်က ထောက်ခံလက်မှတ် ရေးထိုးခဲ့သည်ဟု သိရသည်။

အချက် ၇ ချက်တွင် ‘စစ်မှန်သည့် ဒီမိုကရေစီ နိုင်ငံတော်၊ တန်းတူ အခွင့်အရေး၊ ကချင်လူမျိုးစုများ အားလုံး အမြန် စည်းလုံး ညီညွတ်မှုရရန် လိုလားသလို၊ နအဖ စစ်အစိုးရ၏ အမျိုးသား ညီလာခံ ကြိုဆို ထောက်ခံမှုကို ဆန့်ကျင်သည့်အပြင် ပါဝင် ထောက်ခံနေသည့် ကချင်လူမျိုးများ အားလုံး ထောက်ခံမှုကို မလိုလားကြောင်းနှင့် အမျိုးသား ညီလာခံကို ကြိုဆို ထောက်ခံခြင်းအားဖြင့် ကမ္ဘာ့အမြင်၊ အများအမြင်တွင် ကျရှုံးသွားသည့် ဂုဏ်သိက္ခာကို ပြန်လည် ရုတ်သိမ်းရန်နှင့် အများ၏ ယုံကြည်မှုရရေး ပြုလုပ်ရန် အချိန်ဖြစ်သည်’ဟု ရေးသားထားသည်။

သည့်အတွက် ‘ကေအိုင်အို တည်မြဲရေးနှင့် ကေအိုင်အိုများ၊ ကချင်လူမျိုးများ ကျရှုံးခဲ့ရသည့် ဂုဏ်သိက္ခာကို ပြန်လည် မြှောက်ထူနိုင်ရန် ကချင် ဗဟိုကော်မတီမှ အမြန်ဆုံး အဖြေတခု ထုတ်ပြန် ရှင်းလင်းရန်နှင့် ရှေ့ဆက် ပြုလုပ်သွားမည့် အစီအစဉ်များကို လိုလားကြပါသည်’ ဟု ရေးသားထားသည်။

သည့်အပြင် ‘နအဖ ကို ကုလသမဂ္ဂမှ အမြန်ဆုံး အရေးယူပေးရန်နှင့် နိုင်ငံရေး အကျဉ်းသား နိုင်ငံရေး ခေါင်းဆောင်များ၊ ပြည်သူ၊ ကျောင်းသား ကျောင်းသူများနှင့် သံဃာတော်များကို အမြန်ဆုံး လွှတ်ပေးရန် လိုလားသည်ဟု ဆိုကာ မြန်မာနိုင်ငံနှင့် နိုင်ငံတကာတွင် နေထိုင်သည့် ပြည်သူများ အားလုံးမှ နအဖ ကို ဆန့်ကျင်ရန် အနူးအညွတ် နှိုးဆော်အပ်သည်’ ဟု ဆိုထားကြောင်း ဆန္ဒထုတ်ဖော်ပွဲ တက်ရောက်သူ တဦးက ပြောသည်။

“ကျနော်တို့ ကချင် လူငယ်တွေကလည်း အခု ဖြစ်ပျက်နေတာတွေကို မလိုလားဘူး။ အခု နိုင်ငံရေးကြောင့် ဖမ်းဆီး ထိန်းသိမ်း ခံနေရတာတွေကိုရော မလိုလားဘူး။ နောက်ပြီး သူတို့နဲ့အတူ စိတ်တူကိုယ်တူ လုပ်နေကြောင်း အထိမ်းအမှတ် တခုပါ။ အခုလုပ်တာဟာ အောင်မြင်တယ်လို့ ယူဆပါတယ်။ အားလုံးက စည်းလုံး ညီညွတ်တယ်၊ စိတ်တက်ကြွကြတယ်။ အခု ဖော်ထုတ်တာဟာ သူတို့ရဲ့ ရင်ထဲကနေ ထွက်လာတဲ့ အသံတွေ ဖြစ်တယ်” ဟု ပွဲဖြစ်မြောက်ရေး တာဝန်ရှိသူတဦးက ပြောသည်။

ထို့အပြင် ကချင်လူငယ်များ အားလုံး စည်းလုံး ညီညွတ်မှု ရရှိသည့်အပြင် မြန်မာပြည်တွင်း၌ ယခုလို ကြွေးကြော်သံများ ထုတ်ပြန်လိုက်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကာ လူငယ်များ ရည်မှန်းထားသည့်အတိုင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သဖြင့် သတ္တိရှိရှိ ဆန္ဒထုတ်ပြန်ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ယခုလ ၃ ရက်နေ့က ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ ကချင်လူငယ် ကိုယ်စားလှယ် ၂၆ ဦးနှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) ခေါင်းဆောင်များ ဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ရာတွင် လူငယ်များက ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် ညီလာခံ ထောက်ခံပွဲသို့ ကေအိုင်အို တက်ရောက်ခြင်း အတွက် ဆုံးရှုံးခဲ့သည့် နိုင်ငံရေးကို မည်ကဲ့သို့ ပြန်လည် ရရန်နှင့် ကချင်တိုင်းရင်းသားများကို မည်သို့မည်ပုံ ပြန်လည်စည်းရုံးကာ ရှေ့ဆက်၍ လုပ်ဆောင်သွားမည့် လုပ်ငန်းရပ်များကို ဆွေးနွေး ပြောဆိုရာတွင် ကေအိုင်အို ခေါင်းဆောင်များက တုံ့ပြန်ပြောဆိုခြင်း မရှိခဲ့သေးကြောင်းလည်း သိရသည်။

အင်တာနက် ပြန်ရသော်လည်း နေ့ခင်းဘက် သုံးမရ
မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၈ ရက်၊ ၂ဝဝ၇ ခုနှစ်။
မြန်မာပြည်တွင် အင်တာနက်လိုင်း ပြန်ဖွင့်လိုက်သော်လည်း ညမထွက်ရ အမိန့် ထုတ်ပြန်ထားသည့် ည ၁ဝ နာရီမှ နံနက် ၄ နာရီ အတွင်းသာ သုံးစွဲခွင့် ရရှိသဖြင့် အင်တာနက် သုံးစွဲသူများ အခက် ကြုံနေရသည်။

နအဖ အာဏာပိုင်များက ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့မှ စတင်ကာ အင်တာနက်လိုင်းကို ပြန်လည် ဖွင့်ပေးလိုက်သော်လည်း ညမထွက်ရ အမိန့်မှ သတ်မှတ်ထားသည့် အချိန်အတွင်း၌သာ လိုင်းကို လွှင့်ထားပေးသဖြင့် အင်တာနက် သုံးစွဲလိုသူများသည် နေ့ခင်းအချိန်တွင် သုံးစွဲခွင့် မရသောကြောင့် အခက်အခဲ ကြုံနေရခြင်း ဖြစ်သည်။

“ကာဖျူး အချိန်ကျမှ ရတော့ အပြင်ထွက်သုံးလို့ မရသလို ဆိုင်တွေကလည်း မဖွင့်ဘူးဆိုတော့ အင်တာနက် သုံးချင်တဲ့သူတွေ နေ့ခင်းဘက် သုံးမရတော့ဘူးပေါ့။ ကိုယ့်ဆွေမျိုး အိမ်တွေမှာ လိုင်းချိတ်ထားတယ် ဆိုရင်တော့ သွားသုံးပေါ့။ ဒါပဲရှိတယ်” ဟု ရန်ကုန်မြို့နေ အင်တာနက် သုံးစွဲသူ လူငယ်တဦးက ပြောသည်။

“ဟုတ်တယ်။ အင်တာနက်က ည ၁ဝ နာရီမှ စရတာ။ နေ့ခင်းပိုင်းကို မရပါဘူး” ဟု ရန်ကုန်မြို့မှ အင်တာနက်ဆိုင်မှ ဆိုင်ဝန်ထမ်း တဦးက အတည်ပြု ပြောဆိုသည်။

ယခုလို အပြင်ထွက်မရသည့် ညအချိန်၌သာ အင်တာနက် သုံးစွဲနိုင်သဖြင့် အင်တာနက်ကို အဓိကထား ဖွင့်ထားသော အင်တာနက်ဆိုင် အချို့ကို ပိတ်ထားရကြောင်းနှင့် အင်တာနက်နှင့်အတူ ဂိမ်း Game ကို တွဲဖွင့်ထားသော ဆိုင်များမှာ အင်တာနက် မရသော်လည်း ဂိမ်းဖြင့် အသက်ဆက်နေရကြောင်း သူက ဆက်ပြောသည်။

ရုံးလုပ်ငန်းများ၌လည်း အင်တာနက်ကို အသုံးပြု၍ လုပ်ကိုင်ရမည့် နိုင်ငံခြားသို့ အီးမေးလ်ဖြင့် ဆက်သွယ်မှုနှင့် ကိုယ်ပိုင် Website အင်တာနက် စာမျက်နှာများတွင် အသစ်ဖြည့်လိုသည်များကို ဖြည့်နိုင်ရန် အတွက် ညဆိုင်းဆင်းကာ အလုပ် လုပ်ကိုင်ကြရသည်ဟုလည်း သိရသည်။

မကြာသေးခင်က မြန်မာပြည်တဝှမ်း လူထုဆန္ဒပြပွဲများအတွင်း စစ်တပ်နှင့် လုံထိန်းများ၊ လက်ကိုင်ဒုတ်များ၏ ဆန္ဒပြ ပြည်သူများကို အကြမ်းဖက် နှိမ်နှင်းသည့် ဓာတ်ပုံများ၊ မှတ်တမ်းများကို ပြည်တွင်းမှနေ၍ အင်တာနက်လိုင်းကို အသုံးပြုကာ နိုင်ငံတကာသို့ ဖြန့်ချိခဲ့သဖြင့် အဆိုပါ လမ်းကြောင်းကို ပိတ်သွားစေရန် အတွက် အာဏာပိုင်များက ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းတွင် အင်တာနက်လိုင်းကို ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက သုံးသပ် ပြောဆိုကြသည်။

No comments: