Monday, October 15, 2007

ငွေကြာယံရဲ့ အိပ်မက်ဆိုး

စက်တင်ဘာ ၂၆ ရက် ၂၀၀၇ ခုနှစ်
တောင်ဥက္ကလာပ မြို့နယ်
ငွေကြာယံကျောင်းတိုက်

ည ၁၀နာရီ…..

(ဦးသုဒ္ဒရ)
ပြီးခဲ့တဲ့ ၂ ရက်လုံးလုံး ကောင်းကောင်းမကျိန်းစက်ရသေးတာရယ် ဆွမ်းလှုနေကျတကာကြီးတွေထဲက ကိုကျော်သူ နဲ့ ကိုသူရ ကိုအဖမ်းခံလိုက်ရတာမို့
တနေ့လုံး ဆွမ်းမဘုန်းပေးလိုက်ရတာရယ် တောက်လျှောက်မိုးမိထားတဲ့ဒါဏ်တွေရယ်ပေါင်းပြီး
ကျုပ်နဲ့တခြားကိုယ်တော်တွေတော်တော်များများတော့အဖျားတက်နေကြပြီလေ

ဒါကြောင့်မနက်ကဆရာတော်ကြီးကတော့ ဖျားနာနေတဲ့ကိုယ်တော်တွေမလိုက်ကြဖို့ပြောသား
ကျုပ်ကလဲမကျေနပ်လွန်းလို့ နယ်ကနေဒီထိ ရောက်အောင်လာခဲ့ပြီးမှ ဖျားတာလေးကြောင့်နဲ့တော့ နားရမှာက ကျုပ်တို့ကိုလက်ခံထားတဲ့ ဆရာတော်ကိုအားနာပါ့ဗျာ
ဒီနေ့တော့ကျုပ်တို့ ပင်ပန်းဆင်းရဲခံရကျိုးနပ်တယ်လို့ပြောရမှာဘဲ လူထုကြီးလဲ တစတစနဲ့ပါလာတယ်လေ ကျုပ်တို့ကိုလဲမျက်ရေလည်ရွဲနဲ့ ထိုင်ထိုင်ပြီးရှိခိုးကြတာဆိုတာ
ငယ်ဖြူဘုန်းကြီးကျုပ်တောင်မျက်ရေမထိန်းနှိုင်တဲ့အထိ
ကျောင်းသားတကာလေးတွေကလဲ ကျုပ်တို့ကိုလက်ချင်းဆက်လို့ စောင့်ရှောက်ပေးကြရှာပါရဲ့
ဘုန်းကြီးကတိပေးပါတယ်တကာ တကာမတို့ရယ်
ဒီ မသမာတဲ့အစိုးရ သံဃာကိုနှိပ်စက်ရဲတဲ့အစိုးရကို ဘုန်းကြီးတို့တစ်သက်ခွင့်မလွှတ်ဘူး
ဆွမ်းရှင်တွေရဲ့စားဝတ်နေရေး ပြဿနာတွေကိုလဲ ဘုန်းကြီးတို့ကြည့်မနေရက်ဘူး
ဒီတော့ဒီလူယုတ်မာတွေကသတ်မယ်ဆိုလဲ ဘုန်းကြီးတို့ဘဲအရင်အသက်ပေးသွားမယ်
အရိုးတွေတောင်လိုပုံမှ ဒီအရေးတော်ပုံ အောင်မယ်ဆိုရင်
ဘုန်းကြီးတို့အရိုးတွေဟာ အောက်ဆုံးမှာဘဲရှိနေစေရမယ်

ဒီလိုနဲ့ ညဥ့်နက်လာတာနဲ့အမျှ အဖျားကလဲပိုပြင်းလာတာနဲ့ အစောပိုင်းက မကွေးကကိုယ်တော်တစ်ပါးလာပေးသွားတဲ့ ကော်ဖီနဲ့ငန်းဆေးကိုအမြန်သောက်ပြီး လဲစရာအပိုလဲမရှိတော့လို့ မခြောက်တခြောက်သင်္ဃန်းနဲ့ဘဲ ကြိုးစားပြီးကျိန်းလိုက်ရတယ်။

ည ၂ နာရီခန့် အချိန်…..

တစ်မှေးလေးရရုံရှိသေး ၀ုန်းကနဲ အပြင်ကကြားလိုက်ရတဲ့အသံကြောင့်
ရုတ်တရက်လန့်နိုးသွားတယ် ကမန်းကတန်းမီးထဖွင့်တော့လဲ မီးကမလာတော့ဘူးလေ
ဘေးကကိုယ်တော်တွေလဲ ဘာဖြစ်နေမှန်းမသိတော့ အမှောင်ကြီးထဲ အထိတ်တလန့်နဲ့ပေါ့ဗျာ
ပထမဆုံးတော့ မှန်ကွဲသံတွေတခွမ်းခွမ်း စကြားရတယ် နောက်တော့ကျုပ်တို့ဘက်က ပြူတင်းမှန်တွေကိုပါခဲတွေလာထိတယ် တုတ်တွေနဲ့လိုက်ရိုက်ခွဲနေတဲ့ အသံတွေလဲကြားနေရတယ် ဒီမှာတင် ဘေးကကျောင်းဆောင်က ကိုယ်တော်တွေရဲ့ ကြောက်လန့်တကြားအော်ဟစ်သံတွေကို ကြားရတော့တာဘဲ

“ ကယ်ကြပါဦးကိုယ်တော်တို့ ဒီမှာဘုန်းကြီးတွေကိုဝိုင်းရိုက်နေကြပါတယ် “
“ အား အောင်မယ်လေး မလုပ်ကြပါနဲ့ မလုပ်ကြပါနဲ့ “
“ ရပ်ကွက်ထဲကတကာတွေကို ပြောပေးကြပါဦး “
“ မင်းတို့ မမိုက်ရိုင်းကြနဲ့နော် “

အဲဒိလိုအသံတွေချက်ချင်းပွက်လောရိုက်သွားတဲ့အချိန်မှာဘဲ ကျုပ်တို့အဆောင်ထဲမှာလဲ နောက်ဘေးပေါက်ပြေးတဲ့ကိုယ်တော်ကပြေး ခုတင်အောက်ဝင်ပုန်းတဲ့ကိုယ်တော်ကပုန်းနဲ့ပေါ့
ဒီအချိန်မှာဘဲ အရှေ့တံခါးမကြီး လဲဝုန်းကနဲပွင့်သွားပြီးတော့
“ နောက်ဘက်ကိုလိုက်ကြ နောက်ကပြေးနေကြတယ် အပြင်မထွက်စေနဲ့ တကောင်မှမလွတ်စေနဲ့ “ လို့အော်ပြီး လူတအုပ်ကြီးဝင်ရောက်လာတယ်

ပြီးတော့ဗျာ ဘာပြောကောင်းမလဲ လက်နှိပ်ဓါတ်မီးတွေထိုးပြီး မြင်မြင်ရာကို ရိုက်တော့တာဘဲ
ကိုရင်ငယ်လေးတွေ ၀ါတော် ရင့်နေတဲ့ သက်ကြီးရွယ်အိုဘုန်းကြီးတွေလဲ မရှောင်ဘူးဗျာ
သူတို့ကိုင်ထားတာတွေက သစ်ကိုင်းတုတ်တွေရော ၀ါးရင်းတုတ်တွေ သံတုတ်တွေရော စုံလို့
ဘုန်းကြီးတွေမလဲ အမှောင်ကြီးထဲ ရုတ်တရက်ဆိုတော့ အလဲလဲအပြိုပြိုပေါ့
သွေးပျက်မတတ်အော်သံတွေကြားထဲ တခွပ်ခွပ်နဲ့ ရိုက်သံတွေကလဲ နားနဲ့တောင်မဆန့်အောင်ဘဲဗျာ တချို့ကိုရင်ငယ်လေးတွေကလဲ
“ မလုပ်ပါနဲ့ဗျာ ကြောက်ပါပြီဗျာ “ လို့ငိုယိုအော်ဟစ်ရင်း အသံတွေရပ်ရပ်သွားတာကြားရတယ်
တခွပ်ခွပ်ရိုက်သံတွေကတော့မရပ်သွားတဲ့အပြင်ပိုတောင်များလာသေးတယ်

ကျုပ်လဲနောက်ဖေးကနေရအောင်ပြေးမယ်ဆိုပြီး ခြုံထားတဲ့စောင်တစ်ထည်ကိုဆွဲ ခေါင်းကိုလုံအောင်ကာ ကိုယ်ပေါ်ကို တဘုန်းဘုန်းနဲ့ကျလာတဲ့ ဒုတ်ချက်တွေအောင့်ခံပြီး အတင်းကိုရုန်းပြေးပါသေးတယ် ဒါပေမယ့်ဆွမ်းမ၀တာနဲ့ ဖျားနေတာနဲ့ ဘယ်ပြေးနှိုင်မလဲဗျာ
ကျောင်းဘေးအကွေ့ ရောက်တယ်ဆိုရင်ဘဲ ကျုပ်မျက်နှာမှာဖျောင်းကနဲဖြစ်ပြီး ပစ်လဲသွားတယ် လဲရာကမော့အကြည့်မှာတော့ ကျုပ်ရဲ့ဘယ်ဘက်မျက်လုံးတည့်တည့်ကို တုတ်တစ်ချောင်းလိုအရာတစ်ခုခု အရှိန်ပြင်းပြင်းနဲ့ ၀င်လာတာကိုနောက်ဆုံးတွေ့လိုက်ရပြီး အားလုံးမှောင်အတိကျသွားတော့တာဘဲ။

(နာရီအနည်းငယ်ခန့်အကြာ…..)

ကျုပ်လန့်နိုးလာတယ် အာခေါင်တွေလဲခြောက်ကပ်နေတယ် တံတွေးတောင်မျိုချလို့မရဘူး ခေါင်းထဲမှာလဲ တစစ်စစ်နဲ့ ထုံကျင်ကိုက်ခဲနေတယ် မျက်လုံးလဲဖွင့်လို့မရဘူး
အဆိုးဆုံးက ဘယ်ဘက်မျက်နှာတစ်ခြမ်းလုံး ထူပိန်းနေအောင်နာကျင်နေတယ်
တကိုယ်လုံးကအကြောတွေလဲသေနေသလိုဘဲ ဘာမှလှုပ်လို့မရတော့ဘူး ဒါနဲ့ အတင်းကြိုးစားပြီးမျက်လုံးဖွင့်ကြည့်တော့မှ တစ်ခုသတိထားမိတယ်
ကျုပ်ရဲ့ဘယ်ဘက်မျက်လုံး ပေါက်ထွက်သွားပြီ မျက်တောင်ခတ်ရင်မျက်လုံးရဲ့ ပိန်ရှုံ့ကျန်နေတဲ့ မျက်အိမ်ကိုသွားထိမိတယ် ရက်စက်လိုက်ကြတာဗျာ

ကျုပ်ကိုယ်ပေါ်မှာလဲ လူတွေအများကြီးပိနေတယ် ဒီအထဲကတိုးတိုးညည်းညူသံတွေလဲကြားနေရတယ်
နောက်ပြီးလူတွေကိုဆွဲဆွဲချသွားတာကိုသိနေတယ် တဖြည်းဖြည်းပေါ့လာတယ်လေ
ဘေးကအသံတွေလဲနားထဲစကြားလာရတယ်

“ ဗိုလ်ကြီး ဒီဘက်မှာအရှင်တွေ များတယ် “
“ ရှင်နေသေးရင်လဲ ရှင်းပစ်လိုက်ကွာ “
“ ဘာမှမကျန်စေနဲ့ “

ဘုရားဘုရား ဒါတကယ်မဟုတ်ပါစေနဲ့ အိပ်မက်ဆိုးဘဲဖြစ်ပါစေလို့ ဆုတောင်းနေမိတယ်
ဆုတောင်းမပြည့်ပါဘူး ဘာလို့လဲဆိုတော့ ကျုပ်ရဲ့ကိုယ်ပေါ်တည့်တည့်ကနေ

“ မလုပ်ပါနဲ့ အကိုတို့ရယ် ကျွန်မအသက်ကိုချမ်းသာပေးကြပါ “
“ ကျွန်မမှာ ကိုယ်ဝန်ကြီးနဲ့ပါ မရက်စက်ကြပါနဲ့ ရှင် “ လို့ကြားလိုက်တယ် တဆက်ထဲဘဲ

“ ဒီကောင်မကိုအရင်ရှင်းပစ်ဟေ့ “ ဆိုတဲ့အသံရဲ့နောက်မှာ

“ အား အား “ ဆိုပြီး နာနာကျင်ကျင် ညည်းညူသံနဲ့အတူ ကျုပ်ကိုယ်ပေါ်မှာလဲ လှုပ်ခတ်သွားတာကိုခံစားလိုက်ရပါတယ် နောက်ထပ်လဲဘာအသံမှမကြားရတော့ဘူး
ပြီးတော့ စူးရှပြင်းထန်တဲ့ ညှော်နံ့တွေကိုလဲသတိထားမိလာတယ်
ဟာ ဒါဆိုရင်…..
မဖြစ်နှိုင်ပါဘူး ….. လုံးဝမဖြစ်နှိုင်ဘူး….. ဒီလောက်တော့လုပ်ရက်ကြမယ်မထင်ပါဘူး…..
မြန်မာတွေဘဲဗျာ….. ဗုဒ္ဓဘာသာတွေဘဲလေ…..

တွေးလို့တောင်မဆုံးသေးဘူး ကျုပ်အလှည့်ရောက်လာပါရောဗျာ

“ ဒီကတုံးကလဲ မသေနှိုင်သေးပါလား “ လို့တစ်ယောက်ကပြောသံကြားတယ်

“ ဆွဲသာထည့်လိုက်ကွာ “ လို့လဲပြောတယ်

ပြီးတော့ကျုပ်ကို ခြေနှစ်ဘက် လက်နှစ်ဘက်ဆီ ကနေဆောင့်ဆွဲလိုက်ကြတယ်
တကိုယ်လုံးစူးကနဲဖြစ်အောင် နာကျင်သွားတယ်ဗျာ
ပြီးတော့ဘုန်းကနဲပစ်တင်လိုက်တဲ့အခါ မီးဖိုပေါ်က ဒယ်အိုးပေါ်ကို ရောက်သွားသလိုဘဲ
လက်တွေခြေတွေကအသားတွေ ရှဲကနဲမြည်သွားတယ်
ကျုပ်လဲနာကျင်လွန်းလို့ အားကနဲ တချက်အသံထွက်လာတယ် ရယ်သံတစ်ချို့သဲ့သဲ့ကြားတယ်

ကျုပ်ကိုတွန်းထဲ့လိုက်ပြီးဂျိန်းကနဲ တံခါးမပိတ်လိုက်ခင်မှာ နောက်ဆုံးတစ်ခုတော့သေချာမြင်လိုက်တာရှိတယ်
ကျုပ်ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ မျက်နှာတော်ကို
မီးတောက်ကြီးတွေကြားထဲမှာ သေချာကိုတွေ့လိုက်ရပါတယ်

( ဖြစ်ရပ်မှန်များအပေါ် အခြေခံ၍ စိတ်ကူးပုံဖေါ်ထားပါသည်
အကြောင်းအချက်မကိုက်ညီပါက ခွှင့်လွှတ်ပေးကြပါရန် တောင်းပန်ပါသည်)

မျိုးချစ်

ဆောင်းပါး
ပြည်တွင်းနာ
အောင်သူငြိမ်း
အောက်တိုဘာလ ၉ ရက်၊ ၂၀၀၇ ခုနှစ်။

မြန်မာပြည်သူများ အတော်များများတွင် စိတ်ဒဏ်ရာ ရသွားကြသည်။ အမာရွတ် ထင်စေနိုင်လောက်သည့် စိတ်အတွင်း ဒဏ်ရာမျိုး ဖြစ်သည်။ ၁၉၈၈ ခုနှစ် အစုအပြုံလိုက် လူသတ်ပွဲများ၏ ဒဏ်ရာ ဒဏ်ချက်များက သွေးမတိတ်သေး။ ၂၀၀၃ ခုနှစ် ဒီပဲယင်း အစုအပြုံလိုက် လူသတ်ပွဲများ၏ ဒဏ်ရာ ဒဏ်ချက်များက သွေးစိမ်းရှင်ရှင်။ နောက်ထပ် ဒဏ်ရာဒဏ်ချက်များ ရစေခဲ့ပြန်သည်။ ဤတကြိမ်တွင်တော့ အတော် ကုစားရန် ခက်ပါလိမ့်မည်။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးတို့၊ ပြန်လည် သင့်မြတ်ရေးတို့ ပြောနေကြသော်လည်း ဤတကြိမ်တွင်တော့ အစစ်အမှန် ပြန်လည် ပေါင်းစည်းနိုင်ရန် အတော် အချိန်ယူကြရတော့မည် ဖြစ်သလို၊ ပျက်ပြားသွားပြီ ဖြစ်သော ယုံကြည်မှု တည်ဆောက်ရေး အတွက်လည်း နိုင်ငံတခု၊ လူမှု အဖွဲ့အစည်းတခု အနေဖြင့် အတော် ရုန်းကန်ကြိုးပမ်း ကြရပါဦးတော့မည်။

(Trauma) ဟု ဆေးပညာရပ်အားဖြင့် ခေါ်ဆိုကြသော စိတ်တွင်းနာ၊ သို့မဟုတ် စိတ်ဒဏ်ရာသည် လူတဦးချင်းအဖို့ပင် နှစ်ပေါင်းများစွာ ရင်ဆိုင် ရုန်းကန်ကြရသော ပြဿနာ ဖြစ်ပါသည်။ လူတဦး၏ စိတ်တွင်း ဒဏ်ရာများ ကုသနိုင်ရေး အတွက်ပင် နှစ်ပေါင်းများစွာ အချိန်ပေးကြရသည်။ အချို့ ပညာရှင်များက ၇-နှစ်မှ ၁၅-နှစ်တိုင်တိုင် အချိန်ယူကြရသည်ဟု ဆိုကြပါသည်။ ကဗျာဆရာကြီး ဦးတင်မိုးက သူ၏ ကဗျာတပုဒ်တွင် မြန်မာပြည်၏ အခြေအနေနှင့် ပတ်သက်၍ "ပြည်တွင်းနာ" ဟု သုံးနှုံးခဲ့ဖူးသည်ကို ကျနော် မှတ်မိနေပါသည်။ သူက ကပ်သဘော၊ အထွေထွေ အကျပ်အတည်း သဘောကို ပြောသည် ဖြစ်နိုင်ပါသည်။ ကျနော်၏ ယူဆချက်ကတော့ ဤ "ပြည်တွင်းနာ" ဟူသော စကားလုံးတွင်ပင် စိတ်ခံစားချက် သဘောများလည်း ပါဝင်နေသယောင် ထင်မှတ်မိပါတော့သည်။ လူတဦးချင်း၏ စိတ်ဒဏ်ရာများ ပေါင်းစည်းမိသောအခါ၊ ကပ်ဘေးဒုက္ခ၊ အကျပ်အတည်းများ၊ စစ်ကြီးများ၊ အဖျက်အဆီး ဘေးဆိုးကြီးများ ကြုံတွေ့ရသောအခါ လူမှုအဖွဲ့အစည်း တခုလုံး စိတ် ဒဏ်ရာ ခံစားရတတ်ပါသည်။ ကျနော်ကတော့ ၁၉၈၈၊ ၂၀၀၃ ဒီပဲယင်း၊ ၂၀၀၇ သံဃာများ၏ ကံဆောင်ပွဲ ဖြိုခွင်း နှိမ်နင်းမှု များသည် ကျနော်တို့ လူမှုအဖွဲ့ကြီး တခုလုံးအတွက် တခုအပေါ် တခုဆင့်၍ စိတ်ဒဏ်ရာများ အနာဖေး မတက်နိုင်ခင်၊ နောက်ထပ် နာကျဉ် စေပြန်ခဲ့ပြီဟု မြင်နေမိပါတော့သည်။

ဤသို့ စိတ်ဒဏ်ရာ ရစေလောက်အောင် ကြုံရသော အခြေအနေမျိုးတွင် ထိုသူတဦး၏ လုံခြုံမှုနှင့် ပတ်သက်သော ကျနော်တို့၏ ယုံကြည်ထားချက်ကို အခြေခံ ဖောင်ဒေးရှင်းမှ စ၍ ဆွဲလှုပ် ခံလိုက်ရပါသည်။ တနည်းဆိုရသော် ယုံကြည် ထားသောအရာ ကိစ္စများလည်း ပြိုကွဲ ကြေမွ သွားရပါတော့သည်။ ထို့အပြင် စိတ်ဒဏ်ရာရလျှင် လူအများသည် ဤဒဏ်ရာ ပြေပျောက်စေကြောင်း အတွက် နည်းလမ်းများစွာဖြင့် တုံ့ပြန် တတ်ကြပါသည်။ ဥပမာအားဖြင့် - မိမိ စိတ်တွင်း ခံစားချက်ကို ဖြေသိမ့်နိုင်ရေးအတွက် အရက်သောက် ထွက်ပေါက် ရှာကြခြင်းများ၊ အိမ်ပြန်လာသောအခါ မိန်းမရိုက်၍ အိမ်တွင်း အနိုင်ကျင့် နှိပ်စက်မှုများ၊ အခြားနည်းပေါင်းစုံဖြင့် လွဲမှား မူမမှန်စွာ ဖြေရှင်း ကြသည်များလည်း တွေ့ရတတ်ပါသည်။ ဤ တုံ့ပြန်ပုံ လုပ်ငန်းမျိုးကို Coping mechanism ဟု ခေါ်ကြပါသည်။

နိုင်ငံအများတွင်လည်း ဤသို့ လူမှု အဖွဲ့အစည်းကြီး တရပ်လုံး စိတ်ဒဏ်ရာ ရစေသော ဖြစ်ရပ်များ ကြုံခဲ့ကြရဖူးပါသည်။ ဥပမာ- အမေရိကန် ပြည်ထောင်စု ဆိုလျှင် ပြည်တွင်းစစ်၏ သမိုင်းကြောင်းကို ပြော၍ မဆုံးသေးသကဲ့သို့၊ ဒုတိယ ကမ္ဘာစစ် ကို ကြုံခဲ့ရသော မျိုးဆက်များက ရန်-ငါ (အဖြူ သို့မဟုတ် အမဲ) စသည့် အတွေးများနှင့် စစ်အေး တိုက်ပွဲကို ဆက်ခဲ့ကြကြောင်းလည်း လေ့လာသူများက ဆိုကြပါသည်။ ထို့အပြင် စက်တင်ဘာ ၁၁ (September 11) သည် အမေရိကန် လူထု အများအတွက် စိတ်ဒဏ်ရာ အကြီးအကျယ် ရစေခဲ့သော ကိစ္စပင် ဖြစ်သည်။ ဤစက်တင်ဘာ ၁၁ တိုက်ခိုက်မှုကြောင့် နောက်ဆက်တွဲ တုံ့ပြန်လာပုံ ဆိုးကျိုးများကို မိမိတို့ တွေ့ကြုံ ခံစားနေကြရပြီ ဖြစ်ပါသည်။ အမေရိကန် လူထုများ၏ အစွန်းရောက် မျိုးချစ်စိတ်ဓါတ်ကို ပိုမို ပြင်းထန်စေသကဲ့သို့ အခြားသော လူမှု အခွင့်အရေး၊ စစ်၊ ကမ္ဘာ့ ဆက်ဆံရေး မျက်နှာစာများတွင် များစွာ အကျိုး သက်ရောက်စေခဲ့ပါသည်။

အချို့ လူမှု အဖွဲ့အစည်းများတွင်လည်း စိတ်ဒဏ်ရာ ရစေသော ဖြစ်ရပ်များ ကြုံကြရဖူးပါသည်။ နာဇီများ၏ အစုလိုက် အပြုံလိုက် ဂျူးများကို လက်စတုန်း သုတ်သင်မှုသည် လူမှုအဖွဲ့အစည်း တခုလုံးကို ထိခိုက် စေခဲ့သကဲ့သို့၊ ပါလက်စတိုင်း ပြည်သူများ၏ နိုင်ငံမဲ့ တွန်းပို့ ခံရသော အခြေအနေ၊ ဒုက္ခ သံသရာများကလည်း လူမှု အဖွဲ့အစည်းကို ဝါးအစည်းပြေစေ သကဲ့သို့၊ တဖက်တွင်လည်း အစွန်းရောက် အယူအဆများ ထွက်ပေါ်လာစေပါသည်။ အကြမ်းဖက်မှုများ အကြောင်း လေ့လာကြသူများက ထိုလူမှု အဖွဲ့အစည်း၏ ကောက်ယူ မွေးစားထားသော စိတ်ဒဏ်ရာ (chosen trauma) များ အကြောင်းကိုလည်း အကျယ်တဝင့် လေ့လာ ဖူးခဲ့ကြပါသည်။

ယခုတော့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော သံဃာများကို လမ်းမလယ်ခေါင် ရက်ရက်စက်စက် ပစ်ခတ် ချေမှုန်း နေပုံများကို မြင်တွေ့ခဲ့ကြရသည်။ ပြောရမည်ဆိုလျှင် ၂၀၀၇ စက်တင်ဘာလ သံဃာများနှင့် ဆန္ဒပြ ပြည်သူများကို ရက်ရက်စက်စက် ဖြိုခွဲချေမှုန်းမှုသည် မြန်မာနိုင်ငံ၏ စက်တင်ဘာ (၁၁) Burma September 11 ဟု တင်စားလျှင် မမှားနိုင်ပါ။ ထစ်ကနဲရှိ စစ်တပ် အားကိုး၊ လက်နက် အားကိုးဖြင့် ဖိနင်း ချေမှုန်းလိုသည့် အာဏာရှင်များ၏ ဒေါသ၊ အမျက် မာန်မာနများကို မြင်တွေ့လိုက်ကြရသည်။ ထို့အပြင် တဖက်သတ် ပြောဆို ဝါဒ ဖြန့်ချိနေမှုများ ကလည်း၊ ထပ်မံ စော်ကားသကဲ့သို့ ရှိနေစေသည်။ သံဃာများက ဆိုခဲ့သကဲ့သို့ မေတ္တာဓါတ် အားနည်းသည့် အပြုအမူများ၊ ရုန့်ရင်း ကြမ်းတမ်းမှုများ ကလည်း ဆက်လက် သည်းညည်း မခံနိုင်စရာ။ လူအများ၏ ကိုးကွယ် ယုံကြည်မှု ဘာသာရေး အခြေခံကိုပါ ရိုက်ချိုး ကြေမွ စေသကဲ့သို့ ဖြစ်စေခဲ့သည်။

သမိုင်းအရလည်း စိတ်နာကျည်းစရာများက အကြိမ်ကြိမ်၊ ၁၉၆၂ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဖြိုခဲ့သည်။ ဦးသန့် အရေးအခင်းတွင် သွေးချောင်း စီးခဲ့ရသလို၊ ၁၉၇၀ ခုနှစ် အလုပ်သမား ဆန္ဒပြပွဲများကိုလည်း ပစ်ခတ် ချေမှုန်းခဲ့သည်။ ၁၉၈၈၊ ၂၀၀၃၊ ၂၀၀၇ သွေးချောင်း စီးရမှုများက မြန်မာ့ လူ့အဖွဲ့အစည်း အတွက် မမေ့နိုင်စရာ အဖြစ်အပျက်များ ဖြစ်နေသည်။ ထိုထက်ပို၍ ဆိုးသည်မှာ ငြိမ်းချမ်းမှုကို လိုလားသည့်၊ ဗုဒ္ဓဘာသာ ထွန်းကား၊ အလေးအမြတ် ထားသည့် လူမှု အဖွဲ့အစည်းဟု ဂုဏ်ယူနေကြဆဲ ရဟန်း သံဃာများနှင့် သာသနာကို အဆိုးဝါးဆုံး ဖျက်ဆီး ချေမှုန်းလိုက်မှုသည် လူအများအတွက် စိတ်ဒဏ်ရာကို ပို၍ နက်ရှိုင်း လာစေခဲ့တော့သည်။

သံဃာများ၏ ဆန္ဒပြပွဲများကို အကြမ်းဖက် ချေမှုန်းနေစဉ်တွင် ပြည်တွင်းမှ "သဲ" ဟူသော ကလေးမ တဦးနှင့် မိမိ ချက်တင် စကားပြောခွင့် ရနေခဲ့ပါသည်။ သူရော၊ ကျနော်ပါ စိတ်လှုပ်ရှား နေကြ၍ အတော်လည်း စိတ်ထိခိုက် နေကြရပါသည်။ "ပစ်နေပီ။ ပစ်နေပီ။ လုပ်ကြပါဦး" "သေကုန်ကြတော့မှာပဲ" တဖက် မြန်မာပြည်ဖက်မှ သူမ ရိုက်ပို့လိုက်သော စာသားများ ကျနော် ရရှိနေပါသည်။ သူမက ပြင်ပသို့ အဖြစ်အပျက်များကို တတ်နိုင်သမျှ သတင်း ပေးနိုင်ရေးအတွက် ကြိုးစား ကူညီနေသူသာ ဖြစ်ပါသည်။ မိမိနှင့် ယခင်ကလည်း မရင်းနှီး၊ မကျွမ်းဝင်ခဲ့ပါ။ "ပြောပေးကြပါဦး" "ကျမတို့လည်း ဘာမှ မတတ်နိုင်တော့ဘူး" သူမက အဖြစ်အပျက် အသေးစိတ်ကို ပေးပို့နေချိန်တွင် ခံစားချက်ကိုပါ ကျနော် ထဲထဲဝင်ဝင် မြင်နေရပါသည်။
ကျနော်လည်း မည်သို့မျှ မကူညီနိုင်ခဲ့ပါ။ ကျနော့ကိုယ် ကျနော်လည်း ၁၉၈၈ အာဏာသိမ်းမှု အပြီး၊ ရန်ကုန် ဆေးရုံကြီးအနီး ရင်ခွဲရုံရှိ သူငယ်ချင်း အလောင်းနားတွင် နံရံကိုထု၊ မျက်ရည်တွေကျ ငိုယိုနေသော လူငယ်လေး တယောက်ကို ပြန်မြင်ယောင် နေပါသည်။ ထိုသို့ ငိုယိုနေခဲ့သူ လူငယ်ကလေးမှာ ကျနော်ကိုယ်တိုင် ဖြစ်ပါသည်။ ယခုတော့ ငိုယိုနေသူ ကလေးမ တဦး၏ အဖြစ်ကို ကျနော်ကိုယ်တိုင် နောက်ထပ် မြင်တွေ့နေရပါတော့သည်။

ကျနော်တို့၏ စိတ်ဒဏ်ရာများက ပို၍ပို၍ နက်ရှိုင်း လာစေပါသည်။ ကျနော် တယောက်ထဲ မဟုတ်။ ကျနော်တို့ လူမှု အသိုင်း အဝိုင်းကြီးရော၊ နောက်ထပ် မျိုးဆက်သစ် လူငယ်များပါ ထပ်၍ စိတ်ဒဏ်ရာ သင့်ရပြန်ပါပြီ။ ဘယ်တော့များမှ ပြီးနိုင်တော့ မည်နည်း။ မည်သည့်အခါမှ ကျေပျောက် နိုင်ကြပါတော့မည်နည်း။ မျိုးဆက်များ ဆင့်ခဲ့ကြပြီ ဖြစ်သည်။

စစ်အစိုးရကတော့ လူအနည်းစုကလေး၏ အုံကြွမှု၊ ကောက်ရိုးမီးသဖွယ် ပုံဖော်နေပါသည်။ ဒေါ်အောင်ဆန်း စုကြည်ကို တွေ့မည်ဟု အပေါ်စီး မက်လုံး ပေးရုံလောက်ဖြင့် ငြိမ်းအေးသွားတော့မည့် ကိစ္စဟု ထင်နေပုံရပါသည်။ လူမှု အဖွဲ့အစည်း အတွင်း နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေခဲ့သော စိတ်ဒဏ်ရာ အတွင်းကြေကို ဤမျှလောက်ဖြင့် ကျေပျက်စေလိမ့်မည် မဟုတ် ပါ။ ကျနော်တို့၏ ယုံကြည်မှု အခြေခံ တခုလုံး ကိုင်လှုပ် ခံလိုက်ရသော အခြေအနေ၊ ကမ္ဘာ့ ကုန်သွယ်ရေး မျှော်စင်ကြီး ပြိုကျခဲ့ သလို အပြန်အလှန် ယုံကြည်မှုများ ပြိုကွဲ မြေပေါ် ပုံကျသွားရသည့် အခြေအနေကို ကျနော် မြင်နေရပါသည်။ ဤစိတ်ဒဏ်ရာ ဒဏ်ချက်များဖြင့် ကျနော်တို့ လူမှု အဖွဲ့အစည်းကြီးက ကာလအတန်ကြာ ဆက်လက် လျှောက်လှမ်း နေကြရဦးတော့မည် ဖြစ်ပါတော့သည်။

အောက်တိုဘာလ ၂၀၀၇ ခုနှစ်။

နအဖရဲ့  မီဒီယာကို မီဒီယာနှင့်တိုက်ခြင်းအကြောင်း။

နအဖသည် သတင်းအတုအယောင်များအား ဖန်တီးကာ သတင်းဌာနများသို့  ပေးပို့ နေခြင်း၊ ပြည်ပသတင်းဌာနများအား ပြည်သူလူထုမှ သတင်းယုံကြည်မှုလျှော့ပါးစေရန် ဆောက်ရွက်နေခြင်းတို့ မှာ အခုအချိန်အခါမှ စတင်ခြင်း မဟုတ်ကြောင်း အားလုံးအသိပင်ဖြစ်သည်။

၎င်းတို့ ၏ သတင်းအတုဖန်တီးသုံးစွဲခြင်းနည်းလမ်းအားလည်း တစ်ဘက်မှလည်း ပြန်လည် အသုံးချရာတွင် သတင်းလိမ်များ၊ လုပ်ကြံဖန်းတီးထားသော သတင်းများ၊ အကွက်ဆင်ကာရိုက်ကူးထားသည့် ဓါတ်ပုံများ၊ ကလောင်နာမည်လိမ်များဖြင့် ၄င်းတို့ ပိုင်သတင်းစာများ၊ မီဒီယာများတွင်ရေးသားဖေါ်ပြနေသည်မှာလည်း အများအသိပင် ဖြစ်သည်။


ဥပမာအားဖြင့် - အတုအယောင်အမျိုးသား ညီလာခံအား ကြိုဆိုထောက်ခံပွဲများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ်အား ဆန့် ကျင်ပွဲများ၊ ဒီမိုကရေစီတိုက်ပွဲဝင် အင်အားစုများအား စွပ်စွဲပြောကြားချက်များအား ၄င်းတို့ ပိုင် သတင်းစာများ၊ ရေဒီယိုများ၊ တီဗွီများနှင့် အင်တာနက်များတွင် လိမ်လည်လှည့်ဖျား ပြောဆိုနေကြသည်မှာလည်း အထူးအဆန်းမဟုတ်ပေ။ လူတိုင်းအသိပင်ဖြစ်သည်။

ယုတ်စွအဆုံး ညစ်ညမ်းသောစကားလုံးများဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပင်လျှင် အမျိုးသမီးသိက္ခာထိခိုက်စေသော စကားလုံးများသုံးစွဲကာ ရေးသားပြောဆိုခဲ့သည်မှာလည်း မြန်မာပြည်သူများသာ မက နိုင်ငံတကာကပါ သိရှိခဲ့သည်။

လတ်တလောကာလအတွင်း မြန်မာပြည်တွင်းတွင် အမှန်တကယ် ဖြစ်ပျက်ခဲ့သော ဖြစ်ပျက်နေသော ပြည်သူလူထု၏ ငြိမ်းချမ်းစွာဆန္ဒပြကြသည့် လုပ်ဆောင်မှုများအား၊ ကမ္ဘာ့ပြည်သူများသိရှိစေရန် မိနစ်ပိုင်းအတွင်း နည်းလမ်းပေါင်းစုံဖြင့် မြန်ဆန်မှန်ကန်စွာဖေါ်ပြနိုင်ခဲ့ကြသည့် မြန်မာ့ရေဒီယိုများဖြစ်ကြသည့် ဘီဘီစီ၊ ဒီဗွီဘီ၊ အာအက်ဖ်အေ၊ ဗွီအိုအေများ၊ ဒီမိုကရေစီချစ်မြတ်နိုးသော မြန်မာပြည်သူများ၏ အင်တာနက်ဝက်ဆိုဒ်များ၊ ဘလော့များရဲ့  စွမ်းဆောင်နိုင်ချက်များနှင့် အရေးပါထိရောက်မှုကို တွေ့ မြင်လာသောအခါတွင် နအဖသည် ထိတ်လန့် တုန်လှုပ်ကာ အလျှင်အမြန်ဖျက်ဆီးရန်အတွက် စီမံဆောင်ရွက်လာသည်။

ဘလော့ဂါများ၏ သတင်းမှန်ထုတ်လွင့်နိုင်မှုအား တန်ပြန်တိုက်ခိုက်ရန်အတွက် နအဖမှလည်း ဘလော့များပြုလုပ်ကာ ၄င်းတို့ မူဝါဒအမှားများအား ရေးသားခြင်းပြုလုပ်ရုံသာမက၊ အခြားသောဘလော့များတွင် နာမည်အတုအမျိုးမျိုးဖြင့် ၀င်ရောက်ရေးသားကာ ညစ်ညမ်းစကားလုံများသုံးစွဲခြင်း၊ မကောင်းသောဓါတ်ပုံများပေးပို့ ခြင်း၊ ဗိုင်းရပ်စ်များထည့်သွင်းခြင်း၊ အခြားသူများ၏ အီမေးများ ဖိုရမ်များ ၀က်ဆိုဒ်များအား ခိုးဝင်ကြည့်ရှုခြင်းပြုရုံသာမက ဖျက်ဆီးခြင်းများ ပြုလုပ်သည်။

ဘလော့များ၏ စီဘောက်များတွင် ၀င်ရောက်ဆဲဆိုခြင်း၊ ရန်တိုက်ပေးခြင်း၊
သတင်းအမှားပေးပို့ ခြင်း၊ သတင်းမှန်လမ်းကြောင်းအား အာရုံလွှဲ ပြစ်
ခြင်း၊ နာမည်အတုများဖြင့် ၀င်ရောက်နှောင့်ယှက်ရုံမက အခြားသူများ၏အမည်များ အီးမေးလိပ်စာများအား ယူသုံးကာ ပုံမှားရိုက်ရေးသားခြင်း၊ ထိုသူများအား သိက္ခာကျစေရန် ရိုင်းစိုင်းစွာ ပြောဆိုနေကြသည်မှာ တွေ့ မြင်နေရသည်။

ဘလော့ဂါများဘက်မှလည်း ပြည်သူလူထုကို အတတ်နိုင်ဆုံး ကာကွယ်ပေးနိုင်ရန်အတွက် နအဖ၏ လုပ်ကြံဖန်တီးမှုများအား ကြိုတင်ဖေါ်ထုတ်နိုင်ခဲ့သည်။ ဥပမာတစ်ခုပြရလျှင် -
သြဂတ်စတင်းကျောင်းမှ ကျောင်းအုပ်များအား ဖိအားပေးပြီး ကျောင်းသူကျောင်းသားများအား ကျောင်းမတက်မနေရ ခိုင်းစေကာ ကျောင်းသားများ ငြိမ်းချမ်းစွာ စာသင်ခန်းထဲတွင် စာသင်ကြားလျက်ရှိကြောင်း လုပ်ကြံဖန်တီးကာ သတင်းလန်ကြုတ်အဖြစ် ဖန်တီးမည်ဟု ဘလော့ဂါများ သိရသောကြောင့် ချက်ချင်းဖေါ်ထုတ်နိုင်ကာ နအဖ၏ ကလိမ်ကျစ်လုပ်ဆောင်မှုအား ကျောင်းသူကျောင်းသားများအား အချိန်မီ သတိပေးနိုင်ခဲ့သည်။ လူထုဆန္ဒပြသူများ လုံခြုံရေးအတွက်လည်း နအဖ၏ လှုပ်ရှားမှုခြေလှမ်းများနှင့် အကြမ်းဖက်နှိမ်နင်းမည့် ပြင်ဆင်မှုများကို ဖေါ်ထုတ်ကာ ပြည်သူလူထုထံ ကြိုတင်သတိပေး နိုင်ခဲ့သည်။

ထို့ ကြောင့်နအဖသည် ပြည်သူလူထုနှင့် ဘလော့များ၊ သတင်းဌာနများ ချိတ်ဆက်ပြီး သတင်းပိုင်းဆိုင်ရာများ မလုပ်ဆောင်နိုင်ရန်အတွက် အင်တာနက်သုံးစွဲမှုများရပ်ဆိုင်းခြင်း၊ အင်တာနက်အမြန်နှူံးအား လျှော့ချခြင်း၊ အချိန်ုပြည့် နောက်ကွယ်မှ စောင့်ကြည့်ခြင်း၊ လွတ်လပ်စွာအင်တာနက်သုံးစွဲမှုအား ကန့် သတ်ချုပ်ခြယ်ခြင်းတို့ ကို ပြုလုပ်ရုံသာမက နောက်ဆုံးတွင် အင်တာနက်သုံးစွဲသူ ပြည်သူများအား ဖမ်းဆီးစစ်ဆေးထောင်ချသည်အထိ ကျူးကျူးလွန်လွန် လုပ်ဆောင်လာခဲ့သည်။

ယခု ရက်ပိုင်းအတွင်းတွင် နအဖသည် သတင်းမှားများပေးပို့ ခြင်းနည်းလမ်းအား လုပ်ကြံဖန်တီးထားသော ဓါတ်ပုံအတုများကို အသုံးပြုပြီး၊ သတင်းဌာနများနှင့် ဘလော့ဂါများ အီးမေးလ်သို့  ပေးပို့ ကာ လုပ်ကြံဖန်တီးတိုက်ခိုက်လျက်ရှိသည်။ နအဖ၏ အဓိကရည်ရွယ်ချက်မှာ သတင်းမှန်များအား ယုံကြည်မှုလျှော့ပါးစေရန်ဖြစ်သည်။ မှန်မှန်ကန်ကန်သတင်းပေးပို့ သူများအပေါ် ယုံကြည်မှုနည်းပါးစေရန်နှင့် သတင်းတင်ပြသူများအပေါ်ယုံကြည်မှုမရှိစေရန် နအဖမှ လုပ်ကြံဖန်တီးလျက်ရှိသည်။

သတင်းအမှားများပေးပို့ ရာတွင် ဥပမာအားဖြင့် လူထုဆန္ဒပြမှု အရှိန်အဟုန်ကောင်းနေစဉ်အတွင်း တပ်မ (၃၃)မှ ပြည်သူ့ ဘက်ပူးပေါင်းကာ စစ်တပ်ခြင်း အပြန်အလှန်တိုက်ခိုက်မှု ဖြစ်ပွားနေသည့် သတင်းမှားအား၎င်း၊ သန်းရွှေနှင့် မောင်အေး သဘောထားကွဲလွဲနေကာ မောင်အေးမှ အာဏာသိမ်းကြောင်းသတင်းမှားအား၎င်း၊ စိုးဝင်း စင်္ကာပူတွင် သေဆုံးသွားကြောင်းသတင်းမှားအား၎င်း၊ ကုလကိုယ်စားလှယ်ရောက်ခါနီးအချိန်တွင် ပြည်သူများ မိမိတို့ အိမ်အတွင်းနေပြီး မေတ္တာပို့ ဆုတောင်းခြင်းများပြုလုပ်သင့်ကြောင်း စာအား၎င်း၊ ရဟန်းဘုန်းဘုန်းတို့ မှ လက်နက်ကိုင်အဖွဲ့ များနှင့် ပူးပေါင်းကာ လက်နက်ကိုင်တိုက်တော့မည်ဟု၎င်း - စသဖြင့် လုပ်ကြံဖန်တီးကာ သတင်းမှားများ ထုတ်လွင့်ပေးပို့ ခဲ့သည်။

အထူးသဖြင့် ဓါတ်ပုံများ ပြသခြင်း ပေးပို့ ခြင်းဖြင့်လည်း ပြည်သူအများ ထင်ယောင်ထင်မှား ဖြစ်စေရန်နှင့် ငြိမ်းချမ်းစွာဆန္ဒပြနေသူများအား သိက္ခာကျစေရန် လုပ်ဆောင်ခဲ့သည်။ ၀ါးလုံးရှည်ကိုင်ကာပြနေသည့် ဘုန်းကြီးအတုဓါတ်ပုံများအား၎င်း၊ ကြံ့ ဖွတ်ကားအား အုတ်ခဲဖြင့် လှမ်းထုနေသောဓါတ်ပုံများအား၎င်း နအဖဘက်တော်သားများဘက်မှ စတင် ထုတ်လွင့်ခဲ့သည်။

လတ်တလောတိုက်ခိုက်မှုအနေဖြင့် ကားနှင့် ကြိတ်သတ်သည့် သတင်းပုံအား ရှေးဦးစွာ အီးမေးလ်မှတစ်ဆင့် နစ်နေမန်းနှင့် မျိုးချစ်သို့  လွန်ခဲ့သောရက်အနည်းငယ်က ပေးပို့ လာခဲ့သည်။ စာထဲတွင် ရန်ကုန်က ပုံဟုသာ ပြောဆိုခဲ့သည်။ ဓါတ်ပုံရရခြင်း သေချာစွာ ပုံကြီးချဲ့  ကြည့်ရှူခဲ့ရာတွင် ကားနံပါတ်အား သိသိသာသာမမြင်နိုင်စေရန်အတွက် ၀ါးတားတားလုပ်ထားပြီး၊ ဓါတ်ပုံ၏ resolution အား လျှော့ချထားခဲ့သည်ကို သတိထားမိပြီး ဖြစ်သည်။ ကားဘီးတာရာတွင် သွေးများပေကြံမှုမရှိသည်ကိုလည်း သတိထားပြီးဖြစ်သည်။
ထို့  ကြောင့် ၄င်းဓါတ်ပုံများအား အီးမေးလ်မှ ရရခြင်းမတင်ဘဲ မည်သို့ မည်ပုံ အင်တာနက်ပေါ်သို့ တစ်ဆင့်ရောက်ရှိလာကာ သတင်းတင်သူများအပေါ် ပြန်လည်ရှုတ်ချတိုက်ခိုက်မည်ကို စောင့်ကြည့် နေခဲ့သည်။ မှန်ကန်သော သတင်းဌာနများနှင့်

ဘလော့ဂါများမှ သိလျှင်သိခြင်း ၄င်းဓါတ်ပုံအား ပြန်လည်ပယ်ဖျုက်လိုက်သည်။ သို့ သော် သတိမမူမိသောသူများမှ အင်တာနက်ပေါ်တွင်၎င်း၊ စာစောင်များတွင်၎င်း မှားယွင်းစွာ ဆက်လက်ဖေါ်ပြမိလျက်ရှိသည်။

သို့ သော် ယခုကဲ့သို့  နအဖ၏ ယုတ်မာသော မီဒီယာတိုက်ခိုက်မှုအား အများပြည်သူ ထင်ထင်ရှားရှား သိသိသာသာ သိစေရန်နှင့် နအဖဘက်တော်သားများအား ဖေါ်ထုတ်ရန်အတွက် နစ်နေမန်းမှ မိမိ၏ ဘလော့ပေါ်သို့ တင်ပြခဲ့သော်လည်း ပြည်သူများအနေဖြင့် ပိုမိုအထင်မှားနိုင်မည် ဖြစ်သောကြောင့် ဓါတ်ပုံအတုများအား ပြန်လည်ပယ်ဖျက်လိုက်ပါသည်။ နစ်နေမန်းအား သတိပေးအကြောင်းကြားလာသူ မိတ်ဆွေများအားလုံးအား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

နစ်နေမန်းနှင့် အခြားသော မိတ်ဆွေဘလော့ဂါအား သတင်းမှားများတင်သူအဖြစ် ဖိုရမ်များတွင် နအဖဘက်တော်သားများဘက်မှ လုပ်ကြံပြောဆိုနေခြင်းအား လွန်ခဲ့သောလကတည်းက တွေ့ မြင်နေရပေသည်။ သို့ သော် ပြည်သူများအနေဖြင့် နအဖ၏ကေက်ကျစ်သောပြောဆိုမှု သွေးထိုးမှု ပုံမှားရိုက်မှုများကို သိနေကြသဖြင့် ပြန်လည်တုန့် ပြန်ပြောဆိုသောအခါတွင် အဆိုပါ နအဖလက်ပါးစေများ နောက်ဆုတ်သွားကြပေသည်။

ထို့ ကြောင့် နအဖ ပြန်ကြားရေးဝန်ကြီးမှ ပြောဆိုခဲ့သည့် မီဒီယာအား မီဒီယာနှင့်တိုက်မည်ဟုပြောကြားခဲ့ခြင်းမှာ စစ်မှန်သောမီဒီယာအား ၄င်းတို့ ၏ ကောက်ကျစ်သော မီဒီယာဖြင့် တိုက်ခြင်းပင် ဖြစ်သည်။ ၄င်းတို့ ကိုယ်ကျိုးအတွက် အသုံးချသောမီဒီယာမှာ ကလိမ်ကကျစ်နည်းသုံးကာ အထူးယုတ်ညံ့ရိုင်းစိုင်းသည့် လိမ်လည်လှည့်ဖြားမှုအခြေခံသော မီဒီယာပင်ဖြစ်ပေသည်။ စစ်မှန်သော မီဒီယာတန်ဖိုးများ အလွဲသုံးစားပြုလုပ်ခြင်းနှင့် သိက္ခာမဲ့စွာ အသုံးချခြင်းပင် ဖြစ်သည်။

နအဖပြန်ကြားရေးဝန်ကြီး၏ ယခုလို ပြောကြားမှု မတိုင်ခင်ကပင် နအဖအား အင်တာနက်ရန်သူ (Enemy of Internet) အဖြစ် နိုင်ငံတကာက သတ်မှတ်ထားသည်မှာ နှစ်အတန်ကြာပြီးဖြစ်သည်။

ထို့ ကြောင့် ကျွန်ုပ်တို့  သတင်းဌာနများ၊ ဖိုရမ်ကြီးကြပ်သူများ၊ အီးမေးအုပ်စုပိုင်ရှင်များ၊ ဘလော့ဂါများအနေဖြင့် စုစည်းညီညွတ်စွာဖြင့် အင်တာနက်ရန်သူ (သို့ ) မီဒီယာရန်သူ

နအဖနှင့် ၄င်းတို့ ၏ လက်ပါးစေများအား သတိကြီးစွာထားပြီး ဆန့် ကျင်တိုက်ထုတ်ကြရမည် ဖြစ်ပေသည်။

မည်သို့ ပင် နအဖမှ ယုတ်မာကောက်ကျစ်သောနည်းလမ်းများဖြင့် တိုက်ခိုက်စေကာမူ ကျွန်ုပ်တို့ အနေဖြင့် ပြည်သူများ၏ စစ်မှန်သော သတင်းတင်ပြမှုများအား လေးစားယုံကြည်စွာဖြင့် ဆက်လက်တင်ပြသွားမည်ဖြစ်သည်။ ပြည်သူများ၏ သတင်းအစစ်အမှန်နှင့် နအဖ၏ အတုအယောင်လုပ်ကြံသတင်းများအား ကျွန်ုပ်တို့ မှ ခွဲခြားသိရှိနိုင်ပါသဖြင်၊့ ပြည်သူများရော ကျန်ုပ်တို့ ပါ ပိုမိုစည်းလုံးစွာ စစ်မှန်သော မီဒီယာလုပ်ငန်းများ၊ သတင်းအကြောင်းအရာများအား ဆက်လက်ပူးတွဲလုပ်ဆောင်သွားမည် ဖြစ်ပါသည်။

နစ်နေမန်း။

ခင်ဗျားတို့ ကို စိန်ခေါ်တယ်
(၁)
ကျွန်မအပျိုမ.. လှပါသည်
ကျွန်မ.. တက္ကသိုလ်ကျောင်းသူ
ဖြူသည်.. နုသည်
အခုအခံမပါ.. ကျွန်မခန္ဒာကိုယ်
ရှိုက်ကြီးဖိုငယ်.. အသွယ်သွယ်။

ကျွန်မအသက်
သပြေခက်ကျော်.. ရေတက်သော်
တစ်ကိုးရှစ်ရှစ်.. တော်လှန်ခေတ်မှာ
တစ်တစ်ရစ်ရစ်.. တစ်ဆယ့်ရှစ်။

ကျွန်မတို့ တက္ကသိုလ်
အို ဘာကိုထောက်.. ကြောက်ရမှာလဲ
တိုက်ပွဲ.. တိုက်ပွဲ ရဲရဲတောက်ပ..
ရဲတောက်မဟာ ကျွန်မ.. ကျွန်မ..
လက်နက်မချ ကျောင်းသားသမဂ္ဂဖွဲ့ ကြ။

(၂)
၁၉၈၈ မတ်လ
ဖက်ဆစ်အစိုးရ..ထောင်ထဲညမှာ
ကျွန်မ..အပျိုမ..ကျဆုံးရသည်
ကျွန်မ..ခုခံ မတွန်းလှန်နိုင်
မတန်အားယုတ်.. ကြိုးနှင့်တုတ်ပြီး
လှုပ်မရ.. ရုံးမရ
မရ.. မရ.. အို.. မရတော့
ကျွန်မ..ရေတိမ်နစ်ခဲ့ရပြီ။

ကျွန်မနှုတ်ခမ်း..ဖက်ဆစ်နမ်းကြ
ကျွန်မရင်အုံ..ဖက်ဆစ် ငုံကြ
ကျွန်မ …တွင်း.. ဖက်ဆစ် ….ကြ
ဖက်ဆစ်မုဒိန်း.. လုံထိန်း လုံထိန်း
နတ်စိမ်းပူးဝင်.. အရှင်လတ်လတ်
ခေတ်သေနတ်နဲ့  အငတ်မပြေ
ကျွန်မအပျိုရည်..ကိုသောက်
တစ်ယောက် နှစ်ယောက် သုံးလေးယောက်မက
ကျွန်မသေလောက်ပါပြီရှင်ရဲ့ ။

(၃)
ဒါပေမယ့်လေ
ကျွန်မ မသေ..မျက်ရည်မကျ
ကျွန်မမရေတိမ် ..သားအိမ်ညစ်လည်း
ကျွန်မချစ်သည့် တော်လှန်ရေး
ကျွန်မ မြတ်နိုးသည့် ဒီမိုကရေစီ။

ဟယ်… ဖက်ဆစ်အစိုးရ
ငါ့သွေးသားကို ..နင်ဝါးမြိုသည်
နင့်ကို ငါ ဘယ်တော့မကျေ

ဟယ်… အစိုးရ
ငါ့အပျိုရည်..နင်ဖျက်ချွေသည်
ရာဇ၀င် မကျေ.. မကျေ.. မကျေ။

ဟေ့… အစိုးရအမွေ နောက်လိုက်ခွေးတပ်..
လုံထိန်းတပ်တို့  သတ္တိရှိရင် လာစမ်းပါစေ…

သေနတ်တစ်ကမ်း.. သွေးခင်းလမ်းမှာ
ငြိမ်းချမ်းရေး အပျိုမ
မြန်မာပန်းပွင့်.. မုဒိန်းကျင့်ခံရ

နင် အစိုးရ. အပြုတ်ချမယ်
လုံးဝ.. ငါတို့ ဒူးမထောက်
လုံးဝ.. ငါတို့ ဒူးမထောက်။

(၁၉၈၈ခုနှစ် မတ်လအရေးအခင်းတွင် မဆလ လုံထိန်းတပ်တို့ ၏ ဖမ်းဆီးခြင်းကို ခံရပြီး၊ ထောင်တွင်းတွင် အဓမ္မမုဒိန်းကျင့်ခံခဲ့ရသော ရန်ုကုန်စက်မှုတက္ကသိုလ်ကျောင်းသူတစ်ဦး၏ ရင်တွင်းခံစားချက်။) ...

Burma Saffron’s Revolution: Bye Bye, General

ပြည်တွင်းထဲက သူငယ်ချင်းတစ်ယောက်က သူ မြင်တဲ့ အတိုင်း ရေးထားတာလေးပါ။ အားလုံးကို ဖတ်ရအောင် ပြန်ဝေမျှလိုက်ပါတယ်။
.......................................................................
ဆန္ဒပြမှုတွေ ရပ်တန့်သွားပေမယ့်၊ ဆန္ဒပြမှုတွေ ဆက်ရှိမနေတော့ ပေမယ့်၊ ဒီအရေးတော်ပုံဟာ ရပ်တန့်ပြီး ဆုံးသွားတာ မဟုတ်ပါဘူး။ ဗမာအစိုးရက သူတို့တွေဟာ တိုင်းပြည်ကို ငြိမ်သက်အောင် (နဂိုအတိုင်း ပြန်ဖြစ်အောင်) ထိမ်းသိမ်းနိုင်ခဲ့တယ် ဆိုတဲ့ သူတို့ရဲ့ ကြွေးကြော်သံတွေကို ကျွန်မတို့ကို ယုံကြည်စေချင် နေပါတယ်။ ဆန့်ကျင်မှုတွေဟာ ဖျက်ဆီးခံရပြီး၊ အခြအနေ အရပ်ရပ်ကို တည်ငြိမ်အောင် အောင်အောင်မြင်မြင် ထိမ်းချုပ်နိုင်ခဲ့ တယ်လို့ ကျွန်မတို့ကို ထင်မြင်စေချင် ကြတယ်။ ဒါပေမယ့် သူတို့ (စစ်အစိုးရ)တွေ ဖြစ်စေချင်သလိုသာ ကျွန်မတို့ လိုက်လုပ်ကြစတမ်း ဆိုရင် ဒါဟာ တစ်ကယ့် ဗမာပြည်ရဲ့ သမိုင်းအစစ် ဘယ်ဟုတ်တော့ မလဲရှင်။

အာဏာပိုင်တွေ အကြမ်းဖက်တာကို ကျွန်မတို့ အထူးတလည် အံ့သြမနေသင့် တော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီလိုဆန့်ကျင်မှုတွေ ပေါ်လာတိုင်းမှာ ဒီလိုအကြမ်းဖက်တဲ့ နည်းတွေနဲ့ သူတို့တွေ ရင်ဆိုင်ဖြေရှင်းနေကျ ဖြစ်လို့ပါပဲ။ ဒီတစ်ခေါက် ဆန္ဒပြမှုရဲ့ အကျိုးဆက်ဟာ မကြာသေးခင်လေး ကမှ ဖြစ်ပွားခဲ့တဲ့ လမ်းလျှောက် ဆန့်ကျင်မှုကြောင့် ကျွန်မတို့ ပြည်သူတွေ ကြောက်ရွံ့ နေခြင်းနဲ့ မတူပဲ ပိုမို လေးနက်စွာ၊ ကြာရှည်စွာ စွဲထင်ကျန်ရစ် စေပါတယ်။ အဝေးရောက် ဒီမိုကရေစီ ခေါင်းဆောင်တွေ၊ ဘုန်းတော်ကြီးတွေ၊ ကျောင်းသားတွေက ဒီလှုပ်ရှားမှု့ဟာ ဆက်လက် ရှင်သန်နေဆဲ ဖြစ်တယ်လို့ ယုံကြည်ကြပြီး၊ သူတို့တွေဟာ ဗမာ့အရေး လှုပ်ရှားမှု့ အောင်မြင်စေဖို့ အတွက် ပိုမို အာရုံစိုက် စိတ်နှစ် လာကြတယ်လို့ ဆိုပါတယ်။ ဒီလို ကတိသစ္စာပြုမှုတွေဟာ အာဏာသိမ်း အစိုးရရဲ့ ထိမ်းချုပ် ထောက်ပံ့မှု့ သြဇာ အာဏာကို လျော့ကျစေဖို့ စနစ်ကျတဲ့ နည်းဗျူဟာ အသွင်ပြောင်းလာတဲ့ အားရစရာ အရိပ်လက္ခဏာ တစ်ခုလည်း ဖြစ်ပါတယ်ရှင်။

ခုမှ စလုပ်တဲ့ ဆန့်ကျင်သူ starters တွေ အတွက်ကတော့၊ ဒီလှုပ်ရှားမှု့ဟာ ခေါင်းဆောင်မှု့ လိုင်းတစ်ခုကို ဘယ်လို ပူးပေါင်းပါဝင် ရမယ်ဆိုတာ သင်ပြပေးခဲ့ပါတယ်။ အုပ်စုတစ်ုရဲ့ ခေါင်းဆောင်တွေဟာ ထောင်ထဲပို့ခံရလို့ပဲ ဖြစ်ဖြစ်၊ ဖမ်းဆီး နှိပ်စက် ခံရလို့ပဲ ဖြစ်ဖြစ် တစ်ခုခု ဖြစ်တဲ့အခါ အဲဒီ ခေါင်းဆောင်တွေရဲ့ နေရာမှာ နောက်အသစ်တစ်ယောက်က လျင်မြန်စွာ အစားထိုး လှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်။ ပထမတစ်ကြိမ် ဖမ်းဆီးမှု့တွေ အပြီးမှာ၊ ဒုတိယ အကြိမ်၊ တတိယ အကြိမ် ဆိုတဲ့ ဖမ်းဆီးမှု့တွေကလည်း ဖြစ်လာမှာ သေချာပေါက်ပါပဲ။ ဒါပေမယ့် ဗမာ့အရေး လေ့လာသူတွေကတော့ ဖမ်းဆီးထိမ်းသိမ်း ခံရတဲ့ ခေါင်းဆောင်တွေရဲ့ နေရာကို ယူဖို့ လူငယ်ခေါင်းဆောင် အများအပြား ပြည်တွင်းမှာ ရှိနေတယ်လို့ ယုံကြည်ကြပါတယ်။

ပြီးတော့ ဘုန်းတော်ကြီးတွေ ဦးစီး ဦးဆောင် လုပ်တဲ့ ဒီတစ်ခေါက် လှုပ်ရှားမှု့ဟာ စစ်အစိုးရရဲ့ မရှိသလောက် နည်းပါးနေတဲ့
နိုင်ငံရေး အရ တရားဝင်မူနဲ့ ကိုယ်ကျင့်တရား
ကို ဖော်ထုတ် ပြသလိုက်သလို ဖြစ်နေပါတယ်။ လူ့အသိုင်းအ၀ိုင်းရဲ့ အကြည်ညို အထွတ်အမြတ်ထား ရဆုံးသူတွေကို ရက်စက် ယုတ်မာပြလိုက် ခြင်းအားဖြင့်၊ စစ်အစိုးရဟာ ဗမာပြည်သူတွေရဲ့ စိတ်သန္တာန်ကိုပါ အကြမ်းဖက် လိုက်သလို ဖြစ်နေပါတယ်။ ဒီအခြင်းအရာဟာ လှုပ်ရှားမှုရဲ့ ဘေးလူတွေ အဖြစ် ဆက်ရပ်တည်ရှိ နေဆဲဖြစ်တဲ့ ကျောင်းဆရာတွေ ရွာသူရွာသားတွေ၊ အစိုးရ အမှု့ထမ်းတွေရဲ့ ရင်ထဲမှာတောင် တစ်အုံနွေးနွေးနဲ့ အတော်လေးကို ခံရခက်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။ “စစ်အစိုးရဟာ ဆန့်ကျင်မှုတွေကို ရပ်တန့်သွားအောင် လုပ်ဆောင် နိုင်ခဲ့ပေမယ့် တိုင်းပြည်အုပ် ချုပ်သူတွေ အနေနဲ့ သူတို့ကို သူတို့ ပြန်မေးသင့်တဲ့ မေးခွန်းကတော့ ဒီလို ဆန့်ကျင် ဆန္ဒပြမှုတွေဟာ ဘယ်တော့ ဘယ်အချိန်မှာများ ပြန်တစ်ပတ် လည်လာအုံးမလဲ ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်” လို့ BBC World Asia ရဲ့ နိုင်ငံခြား သတင်းထောက် တစ်ယောက်က မကြာသေးမီက ပြောကြားခဲ့ပါတယ်။

ဒီလိုငြိမ်သက်သွားတာ ဟာလည်း အချိန်သိပ်ကြာမှာတော့ မဟုတ်ပါဘူး။ လက်ရှိမှာတောင် ရန်ကုန်မြို့မှာ ရှိတဲ့ သူတွေက ညဘက်သတင်းလာတဲ့ အချိန်မှာ တီဗီကို ပိတ်လိုက်တာမျိုး၊ မီးတွေ ပိတ်လိုက်တာမျိုး စသဖြင့် အစိုးရရဲ့ ၀ါဒဖြန့်မှု့ကို ဆန့်ကျင်တဲ့ “Silent Protest” ကို လုပ်ဆောင်လျက် ရှိပါတယ်။ သာမန် နိုင်ငံရေး စိတ်မ၀င်စားသူတွေ တောင်မှ အစိုးရကို သဘောတူညီချက်မျိုး မရှိတော့ပဲ၊ ဒီအစိုးရကို action တစ်ခုခုယူတာ မျိုးကို မြင်ချင်နေကြပါတယ် ဆိုတာ အခုလိုမျိုး risk နည်းတဲ့ ဆန့်ကျင်နည်းမျိုးတွေက သက်သေ ပြနေပါတယ်။ ဒီလူတွေဟာ ချီလီမြို့ရဲ့ Pinochet အစိုးရ၊ တောင်အာဖရိက နိုင်ငံရဲ့ apartheid အစိုးရနဲ့ ဖိလစ်ပိုင် နိုင်ငံက အာဏာရှင် စနစ်ကို သူတို့ နိုင်ငံသားတွေက ဆန့်ကျင်သလိုမျိုး အကြမ်းမဖက်တဲ့ သူတွေရဲ့ ခြေရာကို နင်းတဲ့သူတွေ ဖြစ်ကြပါတယ်။ ပြည်သူတွေဟာ အစိုးရရဲ့ ဖိနှိပ်မှု့ကို ရင်ဆိုင်ကြုံတွေ့ရပြီး၊ ဒီလို ချုပ်ချယ်တဲ့ စနစ်နဲ့ ပြည်သူတွေကို စည်းရုံးနေတာ တွေကို ဖြိုခွင်းဖို့ အကြမ်းမဖက်တဲ့ လုပ်ဆောင်ချက်တွေကို ဖန်တီး လုပ်ဆောင်ကြတာပဲ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ သာမန်အဆင့် အောက်ခြေ စစ်သားတွေနဲ့ ရဲတွေကလည်း အတော်လေးကို အကျပ်ရိုက်လို့ နေပါတယ်။ ခေါင်းဆောင် တွေရဲ့ အမိန့်ကို ဖီဆန်ခြင်းဟာ သူတို့တွေအတွက် ကိုယ့်ဒုက္ခကိုယ် ရှာတာ ဖြစ်သလို၊ အမိန့် နာခံခြင်းကလည်း ဒီလို ဗုဒ္ဓဘာသာကို အထွတ်အမြတ် ထားတဲ့ နိုင်ငံမှာ ဖြစ်နေတဲ့ အတွက် အတော်လေးကို စိတ်ဒုက္ခ ရောက်စရာ ကောင်းလှပါတယ်။ ဒီလှုပ်ရှား မှု့ဟာ လူထုအုံကြွမှု့ကြီး တစ်ခု ဖြစ်လာခဲ့ရင်တောင်မှ သူတို့ရဲ့ အသိုင်းအ၀ိုင်းတွေ မိသားစုဝင်တွေ တစ်ယောက်ယောက်ကို ထိခိုက်စေနိုင်တယ် ဆိုတာ သိရင်တော့ အမိန့်ကို လိုက်နာဖို့ စစ်သားတွေက တုံ့ဆိုင်းဆိုင်း ဖြစ်ကောင်း ဖြစ်ကြပါလိမ့်မယ်။ ဒီအခြေအနေဟာ ဆာဘီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ “Butcher of the Balkans” လို့ လူသိများခဲ့တဲ့ သူတို့ရဲ့ ခေါင်းဆောင် Solobadan Milosevic ကို ဆန့်ကျင်စဉ် အခါက အဖြစ်နဲ့ တူနေပါတယ်။ ဘာကြောင့် အမိန့်ကို အပြည့်အ၀ မနာခံတာလဲလို့ ရဲတွေကို မေးကြည့်တဲ့ အခါ သူတို့ (ရဲတွေ) ကိုယ်တိုင်ရဲ့ သားသမီးတွေဟာ ဒီထဲမှာ ရောပါမနေနိုင်ဘူး ဆိုတာ မသိနိုင်တဲ့ အတွက် အခုလို ဖီဆန်ရတာပါလို့ ရဲသားတစ်ချို့က ဖြေကြား ခဲ့ပါတယ်။

ဒီတစ်ခေါက် လှုပ်ရှားမှု့ရဲ့ အားသားချက်နဲ့ စနစ်ကျတဲ့ လက္ခဏာ တစ်ခုကတော့ အကြမ်းမဖက် လှုပ်ရှားတဲ့ “nonviolent discipline” ကို ဆက်လက် ထိမ်းထား နိုင်ခြင်းပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အာဏာရှင်တွေ အကြမ်းဖက် နှိမ်နှင်းတဲ့ ကြောက်စရာ အဖြစ်တွေ ရှိနေသော်လည်း ဒါဟာ ဆန္ဒပြသူတွေက အကြမ်းဖက်လာတယ် ဆိုတဲ့ တစ်ခုတည်းသော အကြောင်းပြချက် ကြောင့် မဟုတ်ပါဘူး။ ဘာကြောင့် သူတို့ ပြင်းပြင်းထန်ထန် အကြမ်းဖက် နည်းသုံးသင့်ရတာလဲ။ ဒီနည်းက အာဏာရှင်ကို ပိုပြီး ဖိနှိပ်မူ ဖြစ်စေပြီး လိမ်လာနိုင်စေတယ်။ ဖြစ်သင့်တာက ရဲတို့ စစ်သားတို့ တစ်ဦးခြင်းဆီမှာ နားလည်း သဘောပေါက်ဖို့ အခွင့်အရေးပေးသင့်ပြီး၊ သူတို့တွေ ဒီလို မလုပ်ဖြစ်အောင် သူတို့ကိုသူ့တို့ နားလည်လာနိုင်စေမှာဖြစ်တယ်။.ဒီအကြမ်းမဖက် လှုပ်ရှားမှု့ကို ပြည်သူတော်တော် များများက ထိမ်းသိမ်းထားနိုင်ခြင်းဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကရုဏာသက်မှု့ကို ပိုမိုးတိုးပွား လာနိုင်စေသလို ဒီတစ်ခေါက် လှုပ်ရှားမှု့ဟာ တရားဝင် လှုပ်ရှားမှု့ဖြစ်တယ် ဆိုတာ တည်ဆောက်ဖို့ အဓိကျတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

နောက်ဆုံးရရှိတဲ့၊ ပြောနေကြတဲ့ ကောလဟာလ တစ်ရပ်ကတော့ ဗိုလ်ချုပ် သန်းရွှေရဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်နဲ့ မိသားစုဟာ Dubai မြို့မှာ house-shopping လုပ်နေတယ် ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ်ပါ ၊ စစ်အစိုးရက ဘုန်းတော်ကြီးတွေ တော်လှန် ဆန္ဒပြတာကို အကြမ်းဖက် ချေမှုန်းခြင်းဟာ အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာ အငြင်းပွားနေတာထက် စာရင်၊ ကျွန်မတို့တွေ ကိုယ့်ကိုကိုယ် ပြန်မေးသင့်တဲ့ မေးခွန်းကတော့ “ဘယ်သူတွေကို ဘယ်သူ့က ပိုကြောက်နေတာလဲ” ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတော့တယ်ရှင်။

No comments: