Wednesday, October 3, 2007

ယနေ့သတင်းပေါင်းစုံ

အင်တာနက်လိုင်း ဖြတ်တောက်မှုကြောင့် အွန်လိုင်း လေယာဉ်လက်မှတ် အဝယ်ခက်
နန်းဒေဝီ (မဇ္ဈိသတင်းဌာန)
အောက်တိုဘာလ ၃ ရက်၊ ၂ဝဝ၇ ခုနှစ်။
နအဖ စစ်အစိုးရပိုင် တခုတည်းသော ပုဂံဆိုင်ဘာမှ အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ရာ ပြည်ပလေကြောင်းလိုင်း အွန်လိုင်း ကြိုတင်လက်မှတ် ဝယ်ယူရာတွင် ကြန့်ကြာမှုနှင့် အခက်အခဲများ တွေ့နေရသည်။

ပြီးခဲ့သည့် သောကြာနေ့မှ စတင်ကာ စစ်အစိုးရက အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့သဖြင့် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း လက်မှတ်များ အင်တာနက်မှတဆင့် အွန်လိုင်းဖြင့် ကြိုတင် မှာယူခြင်းများကို FAX (တယ်လီဖုန်းဖြင့် မိတ္တူပို့စနစ်) ဖြင့် အစားထိုး လုပ်ကိုင်နေရသည်။

“အခု လောလောဆယ် ကျမတို့ဘက်မှာ အင်တာနက်တွေ မရဘူး။ တော်တော်ကြာပြီ အမရေ။ စက်တွေက သုံးလို့မရဘူး ဖြစ်နေတယ်။ လက်မှတ်တွေကိုတော့ အခက်အခဲ မရှိအောင် ကျမတို့ အတတ်နိုင်ဆုံး FAX တွေ့နဲ့ ထိုးပေးနေပါတယ်။ အဆင်ပြေအောင်လို့ လုပ်နေရပါတယ်။ ဒါပေမယ့်လို့ နဲနဲတော့ အခက်အခဲ ရှိနေတာပေါ့နော်” ဟု ရန်ကုန်တိုင်း ကျောက်တံတား မြို့နယ်က လေယာဉ် ကြိုတင် ဝယ်ယူနိုင်သည့် ဌာန Ticket Reservation Center ရှိ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်း မရမ်းကုန်း မြို့ရှိ ၈ မိုင်လမ်းဆုံမှ Shopping Centre တွင် ဖွင့်ထားသော အင်တာနက် ကဖေးဆိုင်မှ ဝန်ထမ်း တဦးကလည်း ယခုလို ပြောဆိုသည်။

“ဒီမှာက အင်တာနက်နဲ့ Games တွဲပြီး ဖွင့်ထားတယ်။ အင်တာနက် မရပေမယ်လို့ Games က ဆက်ဖွင့်ထားတယ်။ အင်တာနက် သုံးတဲ့သူ မရှိတော့ ငွေမဝင်ဘူးပေါ့။ အခုလို အခြေအနေမျိုးဆိုတော့ ပိတ်ထားတာနဲ့ တူတယ်” ဟု ပြောသည်။

အင်တာနက်လိုင်းများ ဖြတ်တောက်လိုက်ခြင်းသည် လတ်တလော ဖြစ်ပွားနေသည့် စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများကို စစ်တပ်နှင့် သူတို့ ကျောထောက် နောက်ခံ ပြုနေသော အဖွဲ့အစည်းများက အကြမ်းဖက် နှိမ်နှင်းသည့် သတင်း၊ ဓာတ်ပု၊ံ ဗွီဒီယို မှတ်တမ်းများကို ပြည်ပသို့ ထုတ်လွင့်နေခြင်းကို ပစ်မှတ်ထားသည့် အနေဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အင်တာနက် သုံးစွဲသူများက ပြောသည်။

ယခုလို အင်တာနက်လိုင်းများ ဖြတ်တောက်ရခြင်းသည် Maintenance ခေါ် ပြုပြင် ထိန်းသိမ်းမှုများ လုပ်ဆောင်နေသည့်အတွက် ဖြစ်သည်ဟု ရန်ကုန် အခြေစိုက် ပုဂံဆိုင်ဘာမှ ဝန်ထမ်းတဦးက ယခုလို ပြောသည်။

“ကျနော်တို့ လောလောဆယ် အင်တာနေရှင်နယ်၊ Residence တွေ Backbone Maintenance လုပ်နေရလို့၊ အဲဒါကြောင့်မို့ လောလောဆယ် အဆင်မပြေသေးတာပါ။ လိုကယ် (ဒေသတွင်း) တော့ အဆင်ပြေပါတယ်။ oversea (ပြည်ပ) သာ အဆင်မပြေတာပါ။ ဒီလိုပါ မြန်မာပြည်ထဲက ပုဂံမေးလ်၊ ဒါပေမဲ့ MPT က ယူထားတဲ့ local ထဲက မေးလ်တော့ အဆင်ပြေပါတယ်။ အဲလိုမှ မဟုတ်ဘဲ Gmail/ Yahoo တို့ oversea mail တို့က လောလောဆယ် အဆင်ပြေအုံးမှာ မဟုတ်ပါဘူး။ ကျနော်တို့ Maintenance လုပ်တာ မပြီးသေးလို့ပါ” ဟု ပြောသည်။

သူက ဆက်ပြီး “ဘယ်လောက် အချိန်ယူမယ်ဆိုတာ Maintenance လုပ်နေတဲ့ ကာလဆိုတော့ အတိအကျတော့ ပြောလို့ အဆင်မပြေဘူး ခင်ဗျ။ ဖုန်းပြောပြီးတော့ နာရီဝက် အတွင်းလည်း ကောင်းသွားနိုင်ပါတယ်။ မဟုတ်ရင် မနက်ဖြန်၊ သဘက်ခါလည်း ကောင်းသွားနိုင်ပါတယ်။ အတိအကျကိုတော့ ကျနော်တို့ အထက် လူကြီးတွေကပဲ သိမှာပါ” ဟု ပြောသည်။

ယခုလို အင်တာနက်လိုင်းများ ဖြတ်တောက် လိုက်သည့်အတွက် ပြည်တွင်းရှိ မိသားစုများနှင့် ပြည်ပရောက် မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ အကြား အဆက်အသွယ် ပြတ်တောက်သွားကာ၊ ပြည်တွင်း အခြေစိုက် နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်များကိုလည်း ထိခိုက်စေနိုင်ကြောင်း အင်တာနက် ဆိုင်ပိုင်ရှင် တဦးက ယခုလို ပြောသည်။

“ဒီမှာတော့ နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်တွေ ရှိတယ်လေ။ သူတို့တွေအတွက် ဒုက္ခရောက်တာတော့ ရှိတယ်။ ပြည်တွင်းတွေ အနေနဲ့ နိုင်ငံရပ်ခြားက မိသားစုတွေနဲ့ အဆက်အသွယ် ပြတ်သွားတာတွေ ရှိပါတယ်” ဟု ပြောသည်။

မန္တလေးတိုင်းက မြို့နယ် နှစ်ခုတွင်လည်း ညီလာခံ ထောက်ခံပွဲလုပ်
မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၃ ရက်၊ ၂၀၀၇ ခုနှစ်
မန္တလေးတိုင်းရှိ မြင်းခြံနှင့် မိတ္ထီလာ မြို့တွင် နအဖ အမျိုးသား ညီလာခံ ထောက်ခံပွဲများ ကျင်းပရာသို့ မြို့နယ် အတွင်းရှိ ကျေးရွာ အချို့မှ ရွာသားများကို မတက်မနေရ အမိန့်ဖြင့် အတင်းအကြပ် ခေါ်ယူကာ ယခု ရက်ပိုင်းအတွင်း ကျင်းပခဲ့ပုံများကို ဒေသခံများ၏ ပြောဆိုချက်အတိုင်း တင်ပြ လိုက်ပါသည်။

မြင်းခြံ
(ယခုလ ၁ ရက်နှင့် ၂ ရက်နေ့များတွင် ကျင်းပခဲ့သည့် ညီလာခံ ထောက်ခံပွဲ အခြေအနေ)
“လူက ၂ဝဝ လောက်ပေါ့။ မြင်းခြုံမြို ဘောလုံးကွင်းကနေ စုပြီး ထွက်ကြတာ။ မြို့ကို ပတ်တယ်ပေါ့။ လမ်းမှကတည်းက ပျောက်ကုန်ကြတယ်။ ဘယ်သူမှ စိတ်မပါဘူးလေ။ ခြိမ်းခြောက်ခံရလို့ လိုက်လာတဲ့ လူတွေလေ။ လိုက်ပါကြသူ အများစုက မြို့ခံတွေ မဟုတ်ဘဲ မြင်းခြံမြို့ ဘေးပတ်ပတ်လည် ရွာတွေက လှည့်ပတ်ခြိမ်းခြောက် ခေါ်လာတဲ့ ရွာခံလူတွေပါ။ မလိုက်မနေရ အမိန့်နဲ့ တရွာကို ၄ ယေက်၊ ၅ ယောက်၊ ၁ဝ ယောက် မပေးမနေရ စုဆောင်းလာတာ။

လေးအိမ်တန်းရွာကတော့ ဘယ်သူမှ မလိုက်ဘူး။ လာခြိမ်းခြောက်ခေါ်တဲ့ ကြံ့ဖွတ် အဖွဲ့ဝင်တွေနဲ့ ရွာသားတွေ ရန်ဖြစ်ခဲ့ကြတယ်တဲ့။ ကျောက်ဖရှတ်ရွာက လူ ၅ဝ ကို အတင်း အဓမ္မ ခေါ်တယ်။ ရွာသားတွေက ဦးဆောင်ခေါ်တဲ့ အထဲက ရွာသူကြီးကို ဓားနဲ့ ခုတ်လို့ ဆေးရုံ တက်နေရတယ် ပြောတယ်”

မိတ္တီလာ
(ယခုလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ညီလာခံ ထောက်ခံပွဲ အခြေအနေ)
“မိတ္တီလာမှာ မနေ့က ထောက်ခံပွဲကို လုပ်တယ်။ ရွာကလူတွေကို ခေါ်တာပေါ့။ လုပ်တာကတော့ ကြံ့ဖွံ့က ဦးသန်းတိုးက ဦးဆောင်ပြီး လိုက်လုပ်နေတာပေါ့။ အဖွဲ့ဝင်ကတော့ ဦးလှမြင့်ပေါ့။ သူတို့နှစ်ယောက်က ဦးဆောင်ပြီး လိုက်စည်းရုံးတာပေါ့။ လိုက်တဲ့လူတွေကို ၁၅ဝဝ ပေးမယ်၊ မလိုက်တဲ့ အိမ်ကိုတော့ ဒဏ်ငွေ ၁ဝဝဝဝ (တသောင်း) ဆိုပြီးတော့ ပြောတယ်။ ရွာကလူတွေက လိုက်ကြတယ်။ မြို့က လူတွေကို ခေါ်တယ်။ တချို့ကလည်း ကြောက်လို့ လက်မှတ်ထိုးပြီး ပြန်လာတယ်။ ချီတက်တဲ့ အထဲမှာ မြို့ပေါ်က လူတွေ မပါဘူး။ ဘေးကနေပြီးတော့ ကြည့်ရုံပဲ ကြည့်နေတာ။

မြို့ထဲကို စပြီးလှည့်တာက နေ့လည် ၂ နာရီက စပြီးလှည့်တယ်။ ရွာက လူတွေကိုတော့ ၁၅ဝဝ ပေးမယ်။ ထမင်းကျွေးမယ်နဲ့ ပြောပြီး ဒီရောက်တော့ ထမင်းလည်း မကျွေးဘူး။ သူတို့ရှေ့ကနေ ကားတွေနဲ့ မြို့ကိုပတ်ပြီး အော်ကြတယ်လေ။ အမျိုးသား ညီလာခံကို ထောက်ခံတဲ့ ကြွေးကြော်သံတွေ၊ ဘုန်းကြီးတွေ ဆန္ဒပြတဲ့ဟာကို ကန့်ကွက်တယ်နဲ့ အမျိုးမျိုးပါပဲ။ ကျနော်တို့က နောက်က လိုက်တယ်ဆိုတော့ စိတ်မဝင်စားပါဘူး။ ချီတက်ပြီး လိုက်အော်နေတဲ့အချိန် ကျနော်တို့လည်း ပါမယ်ဆိုပြီး ပူးပေါင်းမယ် ဆိုတဲ့ လူတွေကိုတော့ ၆ဝဝဝ ပေးတယ်။ လူနာမည်တွေ မှတ်ပြီး ၆ဝဝဝ ပေးတယ်။ ရေတော့ တိုက်တယ်၊ ရေသန့်တွေ။

မိတ္တီလာ ဘောလုံးကွင်းမှာ လုပ်တာပါ။ လူဦးရေက ၂ဝဝဝဝ (နှစ်သောင်း) ကျော်လောက်ပါ။ သူတို့ပြောတာက ၆ဝဝဝဝ (ခြောက်သောင်း) ကျော် တက်တယ်ဆိုပြီး ကျေညာတယ်။ ဒဏ်ငွေ မပေးနိုင်လို့ တက်ကြတယ်လို့ ရွာက လူတွေက ပြောတယ်။ တချို့ဆို ဘာလုပ်နေမှန်းတောင် မသိကြဘူး။ သူတို့လည်း ကောင်းကောင်း မရှင်းပြရဲဘူးလေ။ ဒိုအရေး အော်မယ့်အစား ‘ဗိုက်ဆာတယ် … ဗိုလ်ဆာတယ်’ နဲ့ အော်ကြတယ်။ တချို့ လူတွေပေါ့။ ကားနဲ့ လိုက်ခေါ်တယ်၊ ရွာက လူတွေကို။

ချီတက်လာပြီး ဈေးနားရောက်တော့ ဈေးက မိန်းမတယောက်က ထွက်လာပြီး အော်ပြောတယ်။ ‘မင်းတို့ ဒီလောက်တောင် ငတ်နေတာလား’ လို့ အော်တယ်။ ‘အဒေါ်ကြီးရေ … ဒဏ်ငွေ ပေးစရာမရှိလို့ လိုက်လာတာပါ’ လို့ ရွာက လူတွေလည်း ပြောတယ်။ ၄ နာရီကျော် ၅ နာရီလောက်မှာ ပြီးတယ်။ ရွာက လူတွေကို အပြန်ကျရင် ကားစီစဉ် ပေးမယ်လို့ ပြောပြီး အဆင်မပြေလို့ ခြေကျင် ပြန်ကြတယ်တဲ့”

အန်အယ်ဒီ ခေါင်းဆောင်များ ခေါ်ယူစစ်ဆေးခံရ၊ ဖမ်းဆီးခံရ
မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၃ ရက်၊ ၂ဝဝ၇ ခုနှစ်။
မြို့နယ်အချို့မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များကို ဒေသဆိုင်ရာ အာဏာပိုင်များက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ခေါ်ယူ စစ်ဆေးမှုနှင့် ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ပဲခူး၊ ပုသိမ်ကြီး၊ မတ္တရာ၊ သာစည်၊ ပခုက္ကူ အစရှိသည့် မြို့နယ်များရှိ အန်အယ်ဒီ ခေါင်းဆောင်များကို ရဲနှင့် ရပ်ကွက် အာဏာပိုင်များက ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကာ မြင်းခြံနှင့် ကျောက်ပန်းတောင်း မြို့မှ ပါတီဝင် အချို့ကိုလည်း ဖမ်းဆီး ထိမ်းသိမ်းထားခြင်း ဖြစ်သည်။

ပဲခူးတိုင်း ပဲခူးမြို့ အန်အယ်ဒီ ဥက္ကဌ ဦးမြတ်လှကို ယမန်နေ့နံနက် ၁ဝ နာရီခန့်က နယ်ထိန်း ရဲတဦးနှင့် ရယက လူကြီးတဦးမှ ခေါ်ဆောင် စစ်ဆေးပြီးနောက် နေ့တွင်ချင်း ည ၈ နာရီခွဲခန့်တွင် ပြန်လွှတ်ပေးလိုက်သည်။

“စစ်ဆေးမေးမြန်းတာ ၇ ဖွဲ့လောက် ရှိတယ်။ မေးတာတော့ စုံနေတာပဲ။ ဆန္ဒပြတဲ့ အကြောင်းတွေ မေးတယ်။ အဓိက မေးတာကတော့ ဆန္ဒပြပွဲတွေ လုပ်နေတာ အန်အယ်ဒီဘက်က မြှောက်ပေးတာလားပေါ့ မေးတယ်” ဟု ဦးမြတ်လှ က မဇ္ဈိမကို ပြောသည်။

ဦးမြတ်လှသည် ယခုလ ၂၈ ရက်နေ့တွင်လည်း ပထမအကြိမ် အဖြစ် ခေါ်ယူ စစ်ဆေးခံခဲ့ရသေးသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့ အန်အယ်ဒီ အထွေထွေ အတွင်းရေးမှူး ဦးဇော်ဟိန်းကို ယခုလ ၁ ရက်နေ့ နံနက် ၄ နာရီခန့်တွင် အရပ်ဝတ် ရဲ ၁ဝ ဦးခန့်က ‘အထက်လူကြီးက တွေ့ချင်လို့ပါ’ ဟု ဆိုကာ ခေါ်ဆောင် သွားခဲ့သော်လည်း ယခုအချိန်အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။
အလားတူပင် မန္တလေးတိုင်း မတ္တရာမြို့ မြို့သစ် ရပ်ကွက် အမှတ် ၂ တွင် နေထိုင်သည့် အန်အယ်ဒီ လွှတ်တော် ကိုယ်စားလှယ် ဦးသန်းလွင်ကိုလည်း ယမန့်နေ့ည ၁၂ နာရီခွဲတွင် စခန်းမှူး ဦးခင်မောင်သိန်းနှင့် မြို့နယ်မှူး ဦးခင်မောင်စိုး အပါအဝင် ၂၅ ဦးခန့်က ကား ၂ စီးဖြင့် လာရောက် ခေါ်ဆောင်သွားကြောင်း သိရသည်။

“လူကြီးတွေနဲ့ စကားပြောရုံလေးပါ။ ‘ရယက ရုံးထဲမှာ ဖမ်းမှာလား၊ ဖမ်းမယ်ဆိုလည်းပြော၊ အဝတ်အစားတွေနဲ့ ဆေးဝါးတွေ ယူမယ်’ ဆိုတော့ ‘မဟုတ်ပါဘူး၊ ပြောရုံ သက်သက်ပါ’ ဆိုပြီးတော့ ခေါ်တယ်။ ရယက တွေကလည်း ‘ခဏလေးပါ၊ ရုံးတင် ခဏ ပြောရအောင်’ ဆိုပြီးတော့ ပြောတယ်။ အဲဒါနဲ့ အဖေက လိုက်သွားတယ်” ဟု သားဖြစ်သူက ပြောသည်။

မန္တလေးတိုင်း သာစည်မြို့မှ အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် ဦးမြင့်ဌေးကိုလည်း ယမန်နေ့ ည ၁၁ နာရီတွင် ရဲစခန်းမှ ကားတစီးဖြင့် လာရောက် ခေါ်ဆောင်သွားသော်လည်း ယခုအခါ မည်သည့်နေရာတွင် ထားရှိကြောင်း မသိသေးဘဲ ဖြစ်နေသည်။

“သာစည် ရဲစခန်းက ‘ပြောစရာ ရှိတယ်’ ဆိုပြီး ရဲသား တယောက်ကို ခေါ်ခိုင်းလိုက်တယ်။ စခန်းရောက်တော့ စခန်းမှူးက သူခေါ်တာ မဟုတ်ဘူး၊ မိတ္တီလာက ခေါ်တယ်ပေါ့၊ မြို့နယ်မှူးက တွေ့ချင်တယ်ပေါ့။ ဒါကြောင့် ဦးမြင့်ဌေးက အိမ်ကို တခေါက် ပြန်လာတယ်။ အင်္ကျီတထည်ပဲ ပါသွားတယ်။ ဘယ်မှာထားတယ် ဆိုတာလည်း မသိသေးဘူး။ ဘာမှကို မသိသေးပါဘူး။ အားလုံးက ငြင်းနေတယ်။ ကျနော်တို့ ပြန်သွားမေးကြည့်တော့ ခရိုင်မှူးကလည်း မသိဘူးနဲ့ ငြင်းတယ်” ဟု မိသားစုဝင် တဦးက ပြောသည်။

မကွေးတိုင်း ပခုက္ကူမြို့မှ အန်အယ်ဒီ လွှတ်တော် ကိုယ်စားလှယ် ဦးလှိုင်အေးကို ယမန်နေ့ည ၁ နာရီခန့်တွင် ရဲနှင့် ရယက များက လာရောက် ဖမ်းဆီးခဲ့သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူ တဦးက ယခုလို ပြောပြသည်။

“၁ နာရီခွဲလောက်က လာဖမ်းသွားတာ။ နေအိမ်ကတော့ ပခုက္ကူ မြို့နယ် အမှတ် ၁၂ ရပ်ကွက်မှာ နေတယ်။ ဒီနေ့ မိသားစုဝင်တွေက ရဲစခန်းကို သွားမေးတော့ မရှိဘူးလို့ ပြန်ပြောတယ်။ နောက်တယောက်ကတော့ ပခုက္ကူ မြို့နယ်ထဲမှာ ရှိတဲ့ ကမ္မရွာက အန်အယ်ဒီ အဖွဲ့ဝင် ဦးစန်းပွင့်လည်း အဖမ်းခံတယ်လို့ ကြားရတယ်” ဟု သူက ပြောသည်။

သည့်အပြင် မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့မှ အန်အယ်ဒီ အဖွဲ့ဝင်များ ဖြစ်သည့် ဦးစိန်ကျော်လှိုင်၊ ဦးမြတ်စိုး၊ ဦးဝင်းရွှေ၊ ဦးသန်းလွင်၊ ဦးပေါအေး၊ ကိုရဲထွန်းနှင့် မြင်းခြံမြို့မှ အန်အယ်ဒီ အတွင်းရေးမှူး ကိုပေါသိန်း၊ အဖွဲ့ဝင် ကိုဝင်းနိုင်နှင့် ဦးဘိုဝင်းတို့ကိုလည်း ပြီးခဲ့သည့်လ နောက်ဆုံးပတ် အတွင်းက ဒေသ အာဏာပိုင်များက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများ အဆိုအရ သိရသည်။

နအဖ ဝန်ကြီးချုပ် ကွယ်လွန်
မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၂ ရက်၊ ၂ဝဝ၇ ခုနှစ်။
မကျန်းမမာ ဖြစ်နေသည့် နအဖ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ စစ်ဆေးရုံတွင် ယနေ့ သေဆုံးသွားပြီ ဖြစ်သည်။

နအဖ ဝန်ကြီးချုပ်သည် စင်္ကာပူ နိုင်ငံတွင် လျှို့ဝှက်စွာ ဆေးဝါး ကုသခံနေရာမှ ပြီးခဲ့သည့် တနင်္လာနေ့က မြန်မာပြည်သို့ ပြန်လည် ရောက်ရှိလာပြီး ညနေ ၅ နာရီခန့်တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီး စိုးဝင်းသည် သွေးကင်ဆာ ရောဂါကို ခံစားနေရပြီး စင်္ကာပူတွင် ယခုလို တိတ်တဆိတ် ဆေးကုသ ခံယူနေခဲ့သည်။

သူသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ အားကိုးရသူ တဦးဖြစ်ပြီး ၂ဝဝ၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုတွင် ဒီပဲယင်း လူသတ်သမားအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သူ ဖြစ်သည်။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စီးနင်း လိုက်ပါလာသည့် ကားတန်းကြီးကို လူအုပ်စုကြီးဖြင့် ဝင်ရောက် တိုက်ခိုက်ရန် အနီးကပ် အမိန့်ပေးခဲ့သူဟု လူသိများသည်။

သတင်း ရပ်ကွက်များ အဆိုအရ နအဖ ဝန်ကြီးချုပ် နေရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန်ကို အစားထိုး ခန့်အပ်မည် ဖြစ်ကာ၊ သူ၏ အတွင်းရေးမှူး ၁ နေရာ၌ စစ်လက်နက် အဝယ်တော်တဦး ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးကို ရာထူးတိုးမြှင့် ခန့်အပ်မည်ဟု သိရသည်။

အင်တာဗျူး
တောင်တွင်းကြီး ညီလာခံ ထောက်ခံပွဲ အကြောင်း
မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၂ ရက်၊ ၂ဝဝ၇ ခုနှစ်။
နအဖ အမျိုးသား ညီလာခံ ကြိုဆို ထောက်ခံပွဲ တရပ်ကို မန္တလေးတိုင်း တောင်တွင်းကြီး မြို့ရှိ မြို့တော်ခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ပုံနှင့် ဒေသခံ ပြည်သူများက အားပေး ထောက်ခံမှု မရှိသည့်အကြောင်း မြို့ခံတဦးက ပြောဆို ထားသည်များကို တင်ပြလိုက်ပါသည်။

“ရွာတွေက ရေဝေ၊ ဆုံစု၊ ခြောက်ဆိတ်ကုန်း၊ ကြံ့ဖွတ် အမာခံတွေ ပါနေတဲ့ သဲဖြူ၊ သဖန်းကုန်း၊ ကျောင်းကုန်း၊ ချောင်းနက်၊ သပြေပင် စတဲ့ ရွာတွေ လာတာပါ။ သူတို့ကို ချောဆွဲထားတဲ့ ထော်လာဂျီတွေ၊ ကားတွေကို ဆီဖိုး ပေးမယ်လို့ ပြောထားတယ်။ မြင်းလှည်းတွေလည်း ပါတယ်။ ရှောင်တခင်ဗျာ၊ ကတိုက်ကရိုက်နဲ့ ကပျစ်ကညစ် လုပ်သွားတဲ့ သဘောပဲ။ ရုံးဆိုရင် ရုံး၊ ကျောင်းဆိုရင် ကျောင်းကနေ လမ်းလျှောက် ချီတက်လာတာတွေ မရှိဘူးလေ။ တခု ရှိတယ်။ ဒီမြို့ပေါ်က ရဲတွေက ယူနီဖောင်း မဝတ်ထားဘူး။ အရပ်ဝတ်နဲ့ပဲ လိုက်ပြီး တက်တယ်။ ဟိုနားထိုင်လိုက်၊ ဒီနားထိုင်လိုက်၊ ဒီထောင့်နား ထိုင်လိုက်။ တချို့ ပွဲတောင် မပြီးသေးဘူး၊ ပြန်သွားတာ ရှိတယ်။

ဒီနေ့ ၂ နာရီကနေစတာ၊ ၄ နာရီခွဲမှာ ပြီးသွားတယ်။ မြို့တော်ခန်းမမှာ လုပ်တယ်။ လူအားလုံး ၅ဝဝဝ လောက် ရှိမယ်။ ရှေ့ဆုံးက မြို့နယ်မှူးက အရပ်ဝတ်နဲ့၊ ဆိုင်ကယ်နဲ့ ရှေ့ကနေပြီး လမ်းအခြေအနေ ကြည့်ပြီး လိုက်သွားတယ်။ ဟိုနောက်ကနေ အရပ်ဝတ်နဲ့ ရွာသားတွေ လိုက်တယ်။ ကြွေးကြော်သံတွေ မပါဘူး။ ဆိုင်းဘုတ်တွေပဲ ထောင်ထားတယ်။ ဆိုင်းဘုတ် ၁ဝဝ လောက် ရှိတယ်။ ‘ပြည်တွင်းပြည်ပ အဖျက်သမားများ … ချေမှုန်းကြ’၊ ‘တည်ငြိမ်မှုကို လိုလားသည်၊ အေးချမ်းမှုကို လိုလားသည်’။ နောက် ရှေ့ကနေပြီးတော့ အလံကိုင်တဲ့ လူတွေလေ။

မြို့ပေါ်က လူတွေက ဘယ်သူမှ ထွက်မကြည့်ကြဘူး။ သူတို့ကို ရေတိုက်တဲ့ လူတွေတောင် မရှိကြဘူး။ ရွာထဲက စွတ်ခေါ်လို့ လိုက်ခဲ့တဲ့သူတွေ များတယ်လေ။ လမ်းကြိုလမ်းကြားတွေ့ရင် လူတွေက အကုန်လုံး ဝင်နေခဲ့တယ်။ ဟိုလမ်းကြားတွေ့ ဝင်နေခဲ့၊ ဒီလမ်းကြို လမ်းကြားတွေ့ တချို့ ဝင်နေခဲ့၊ တချို့ဆိုရင် မမြင်ကွယ်တဲ့ နေရာကနေ ကျန်နေခဲ့၊ အဲလို ရှိတယ်။ အပြန်မှာ ထွက်သလောက် လူတွေ မပါတော့ဘူး။ နောက် မိန်းမတွေက တဝက်လောက် ပါတယ်။ တချို့ ရွာတွေဆိုရင် လိုက်တဲ့လူ မရှိဘူး။ သူတို့က ၃ဝဝဝ ပေးမယ် ဆိုတာလည်း မပေးပါဘူး။ ဒီရောက်တော့ ထမင်းတောင် မစားရဘူး။

တခုရှိတာက မြို့ထဲမှာ ဘုန်းကြီးတွေ လှည့်တုန်းကနဲ့ ကွာတာကတော့ လူတွေအားလုံး လမ်းထွက်ကြည့်ကြ၊ မျက်ရည်ကျကြ၊ ရှိခိုးကြ၊ ရေအေးတွေ တိုက်ကြပေါ့နော်။ အခုတော့ အရမ်းကွာပါတယ်။ နောက်တခု ကွာတာကတော့ မြင်းခြံတို့မှာက ဘာကြွေးကြော်သံ ပါတယ်။ ပါတာက မြန်မာ့ ရုပ်မြင်သံကြားမှာ ကျေညာနေတဲ့ ‘ဘီဘီစီ ညာနေပြီ၊ အာအဖ်အေ ရန်တိုက်ပေးနေပြီ၊ ဗီအိုအေ အဖျက်သမားများ သတိထား’၊ အခု လောလောဆယ် လွှင့်နေတဲ့ ဟာတွေပေါ့နော်။ အသံကိုတောင် အော်မယ့် လူမရှိလို့ ကြိုပြီး အသံ သွင်းထားတာကို ဆိုက်ကားပေါ်မှာ လော်စပီကာနဲ့ တင်ပြီး ဖွင့်သွားတာလေ။ ပြည်သူတွေက ဘာလက်မှ မတန်းဘူး၊ မကြွေးကြော်ဘူး။ ဒီအတိုင်းပဲ။ မြို့တော်ခန်းမကနေ မြို့ထဲကို ပတ်ပြီး ပြန်သွားတယ်။ ၂ နာရီကနေစပြီး ၄ နာရီခွဲ လောက်မှာ ပြီးသွားပြီ။

လှည့်ပတ်ပြီး ပြန်သွားတာပဲ။ ရွာသားတွေကိုတော့ ချောဆွဲထားတဲ့ ကား၊ မြင်းလှည်း၊ ပြန်လိုက်ပို့ကြတယ်လေ။ တရွာကို ၄၊ ၅၊ ၁ဝယောက်တော့ ရှိမှာပေါ့၊ အားလုံးပေါင်း ၅ဝဝဝ ပတ်ဝန်းကျင် ရှိတယ်။

ဒီနေ့ ဝန်ထမ်းတွေ မပါဘူး။ ကျေးရွာသူရွာသားတွေ သက်သက်ပဲ။ နောက် နိုင်ငံရေး နားမလည်တဲ့ လူတွေ၊ ပြဿနာ မဖြစ်ချင်လို့ လိုက်လာတဲ့ သူတွေပဲ။ တချို့ဆို ရေက ငတ်၊ ထမင်းက မစားရတော့ တော်တော်လည်း စိတ်ထဲ ကသိကအောက် ဖြစ်ကြတယ်လေ။

ရွာသားတွေက ခေါ်လို့သာ လာရတယ်။ ဒီကိစ္စ မြန်မြန် ပြီးပါစေဆိုတဲ့ သဘောပဲ။ အလံကိုင်တဲ့ လူတွေဆိုရင် ရှက်တဲ့ ပုံစံမျိုးနဲ့ လိုက်နေတာ တွေ့ရတယ်။ မတတ်သာလို့ လိုက်ရတဲ့ ပုံစံပါပဲ။

ဒီနယ်မြေက ဦးအောင်သောင်း နယ်မြေလေ။ အမှန် ဦးအောင်သောင်းက မန္တလေးတိုင်းကို ကိုင်တာ။ ဒါပေမဲ့ မြို့သစ်၊ နတ်မောက်၊ တောင်တွင်းကြီးတို့ကို ဦးအောင်သောင်းက ကိုင်ထားတာ။ ဦးအောင်သောင်းက သူ့နယ်မြေမှာ စည်းရုံးရေးအား ကောင်းပါတယ် ဆိုတာကို သူက လိုချင်လို့နဲ့ တူတယ်။ အင်အားပြတယ်လို့ ပြောနေကြတယ်။ ဦးအောင်သောင်းက ကြံ့ခိုင်ရေးထဲမှာတော့ အတော် နာမည်ကြီးတဲ့ သူပေါ့။ သူက ကြံ့ခိုင်ရေးမှာ အတော် မာတယ်လို့ နာမည်ကြီးတဲ့ လူပေါ့နော်။

အားလုံးပြောကြတာကတော့ ဦးအောင်သောင်းရဲ့ စည်းရုံးရေး နယ်မြေကို ခိုင်မာတယ်ဆိုတဲ့ သဘောမျိုး၊ ပြချင်တဲ့ သဘောမျိုးဆိုတာ ပေါ်လွင်ပါတယ်။ သူတို့ကို ကြိုဆိုတဲ့ လူတောင် မရှိဘူးဆိုတော့ ပြည်သူတွေက စိတ်မဝင်စားဘူး ဆိုတာက သေချာတာပေါ့လေ”

အဲပုဂံ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း လက်မှတ်ဖိုး တိုးမြှင့်
နန်းဒေဝီ (မဇ္ဈိမ သတင်းဌာန)
အောက်တိုဘာလ ၂ ရက်၊ ၂ဝဝ၇ ခုနှစ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူယုံတော် ဦးတေဇ ပိုင်ဆိုင်သည့် အဲပုဂံ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းသည် လေယာဉ် လက်မှတ်ဖိုးကို ယခု လဆန်းမှ စတင်ကာ တိုးမြှင့်လိုက်ကြောင်း သိရသည်။

ယခင်က ရန်ကုန်-စင်္ကာပူ အပြည်ပြည်ဆိုင်ရာ ခရီးစဉ်ကို အမေရိကန် ဒေါ်လာ ၂၃၅ ဒေါ်လာ ပေးဆောင် ရသော်လည်း၊ ယခုလ ၁ ရက်နေ့မှ စတင်ကာ ၂၄၅ ဒေါ်လာအထိ ၁ဝ ဒေါ်လာ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

“လောင်စာဆီ တိုးလိုက်တော့ လေယာဉ် စရိတ်တွေကို အသွား ၅ ဒေါ်လာ၊ အပြန် ၅ ဒေါ်လာ တိုးလိုက်ရပါတယ်။ ခရီးသည်တွေတော့ ပုံမှန်တော့ ရှိနေပါတယ်” ဟု ရန်ကုန် အခြေစိုက် အဲပုဂံ လေကြောင်းလိုင်း ပင်မရုံးမှ ဝန်ထမ်းတဦးက ပြောသည်။

၂ဝဝ၇ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ လေကြောင်း ခရီးစဉ် ပျံသန်းမှုအဖြစ် ရန်ကုန်မှ ထိုင်းနိုင်ငံ ဘန်ကောက်နှင့် စင်္ကာပူ နိုင်ငံသို့ ပြေးဆွဲခဲ့သော အဲပုဂံ လေကြောင်းလိုင်းသည် ယခုနှစ် နှစ်လည်ပိုင်းတွင် ခရီးစဉ် တိုးချဲ့သည့် အနေဖြင့် တရုတ်၊ ကူမင်း၊ ကမ္ဘောဒီးယား စသည့် နိုင်ငံများကို ပျံသန်းရန် အစီအစဉ် ရှိသော်လည်း ယခုတိုင် တိုးချဲ့ ပျံသန်းခြင်း မရှိသေးကြောင်း သိရသည်။

အဲပုဂံဝန်ထမ်းက “လောလောဆယ်တော့ ပြောထားတဲ့အတိုင်း ခရီးစဉ် မရှိသေးပါဘူး။ ဘယ်တော့ စတင် ပြေးဆွဲမယ် ဆိုတာလည်း အထက်က ဘာမှ အကြောင်းကြားတာ မရှိသေးပါဘူး” ဟု ပြောသည်။

ပြည်တွင်းလေကြောင်း ခရီးစဉ်အဖြစ် နိုင်ငံတဝှမ်း ပြည်နယ်မြို့ ၁၆ မြို့ကို ပြေးဆွဲလျက်ရှိရာ လက်ရှိ စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကြောင့် မန္တလေးနှင့် ပြည်နယ်မြို့ ၂ ခုသာ ပြေးဆွဲနေသည်ဟု အဲပုဂံ ပြည်တွင်း လေကြောင်းလိုင်း ဝန်ထမ်းတဦးက ပြောသည်။

သူက “လောလောဆယ်တော့ Sectors တော်တော်များများကို ရပ်ထားပါတယ်။ အခြေအနေတွေ မငြိမ်မသက် ဖြစ်နေလို့။ ရန်ကုန်ကနေ ပြေးဆွဲနေတာကတော့ ရန်ကုန်-မန္တလေး၊ ရန်ကုန်-ဟဲဟိုးနဲ့ ရန်ကုန်-ပုဂံ (ညောင်ဦး) ခရီးစဉ်တွေပဲ ရှိတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ လဆန်းမှ စတင်ကာ ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ် ပျံသန်းမှု လက်မှတ်ဖိုးများ ဈေးမြှင့်လိုက်ကာ၊ ယခင် ရန်ကုန်-မန္တလေး ခရီးစဉ် ကုန်ကျငွေ မြန်မာကျပ် ၅ဝဝဝဝ (ငါးသောင်း) (အမေရိကန် ဒေါ်လာ ၂၁ ) မှ ၆၅ဝဝဝ ကျပ် (ခြောက်သောင်းခွဲ) (ဒေါ်လာ ၂၇ ဒဿမ ၄၂) အထိ တိုးမြှင့် ကောက်ခံကြောင်း သိရသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်တပ်၊ လုံထိန်း၊ ရဲ၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက အကြမ်းဖက် ကိုင်တွယ်ခဲ့ပြီး၊ အခြေအနေ မငြိမ်မသက် ဖြစ်နေချိန်၌ ဦးတေဇပိုင် ရန်ကုန် အခြေစိုက် ထူးကုမ္ပဏီမှ ဝန်ထမ်းများကို စက်တင်ဘာလ ၂၉ ရက်နေ့မှ စတင်ကာ လခ နှစ်လစာပေး၍ အလုပ် ရပ်နားထားကြောင်း သိရသည်။

မြောက်ဥက္ကလာမှာ မီးမှိတ် ဆန္ဒပြမှု တရပ် ဆင်နွှဲနေကြ
မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၂ ရက်၊ ၂ဝဝ၇ ခုနှစ်။
နအဖ စစ်အစိုးရက ရန်ကုန်တိုင်းအတွင်း ညမထွက်ရ အမိန့် ထုတ်ပြန်ထားသဖြင့် အိမ်အပြင်ထွက်၍ မရသော်လည်း မြောက်ဥက္ကလာပ မြို့နယ်ရှိ ၂ ရပ်ကွက်နေ အိမ်ခြေ အများအပြားသည် ည ၈ နာရီတွင် တပြိုင်နက်ထဲ မီးမှိတ်သည့် ဆန္ဒ ထုတ်ဖော်မှု တရပ်ကို ယမန်နေ့ညက ၁၅ မိနစ်ကြာ လုပ်ဆောင်ခဲ့ကြသည်။

“ကျမတို့က လမ်းပေါ်ထွက်ပြီး ဆန္ဒပြလို့ မရတော့လောက်အောင် ပိတ်ဆို့ထားတာ ဆိုတော့ ကျမတို့တတွေက မြန်မာ ပြည်သူပြည်သားတွေက လက်ရှိ အခြေအနေမှာ အားကိုးရာမဲ့ပြီးတော့ အမှောင်ကျနေတယ် ဆိုတဲ့ သဘောကို သင်္ကေတတခု အနေနဲ့ လုပ်ကြတာပေါ့” ဟု ၂ ရပ်ကွက်နေသူတဦးက မဇ္ဈိမကို ပြောသည်။

ယခုလို ထုတ်ဖော်ခြင်းကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ကြသည့် အိမ်များလည်း ရှိသလို၊ အချို့အိမ်များမှာ ဖွင့်ထားသည့် မီးချောင်းများ အနက်မှ အများစုကိုမူ ပိတ်ထားကြကြောင်းနှင့် မြောက်ဥက္ကလာပ ကဲ့သို့ ရန်ကုန် မြို့ပြင်ဘက်ရှိ လမ်းကြား၊ လမ်းသွယ်များအထိ စစ်ကားများ ဝင်ရောက်လာကာ ဥဒဟို ကင်းလှည့် သွားလာနေသည့် မြင်ကွင်းကိုလည်း တွေ့ခဲ့ရသည်ဟု ဒေသခံများက ပြောဆိုကြသည်။

ဒေသခံတဦးက “ည ၁၁ နာရီကျော်လောက်မှာ စစ်ကား ၅ စီး ရပ်ကွက်ထဲ ဝင်လာတယ်။ ရှေ့ဆုံးက ကားမှာ အနီပတ်ထားတဲ့ စစ်သားတွေ၊ နောက်ကကားကျတော့ ရဲတွေ အပြည့်တင်ထားတဲ့ကား၊ နောက်ကား လုံထိန်းတွေ အပြည့်တင်ထားတယ်။ နောက်ထပ် ကားတစီးကတော့ ဒိုင်းတွေအပြည့်ပဲ ကာထားတာပေါ့နော်။ နောက်ပြီး သူတို့ရဲ့ သေနတ်တွေကို အပြင်ဘက်ကို ထောင်ထားတာ ဝင်းလက်နေတာပဲ။ အူယားစရာကြီး။ အနောက်ဆုံးက ကားကြီးကတော့ ဒိုင်နာကား၊ အဲဒီကားမှာ ကြံ့ဖွံ့တွေ အပြည့်ပါတယ်။ သူတို့က လမ်းသွယ်တွေကအစ ဘာမှတော့ မလုပ်ဘူး။ လမ်းတွေကို လှည့်နေတာပေါ့နော်” ဟု ပြောသည်။

ညီလာခံ ထောက်ခံပွဲအတွက် အင်းတော်မှာ လူအင်အားစုဆောင်း
ဖနီဒါ (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၂ ရက်၊ ၂ဝဝ၇ ခုနှစ်။
ကချင်ပြည်နယ် အင်းတော်မြို့ရှိ ဝန်ထမ်းများနှင့် လူငယ်များကို မနက်ဖြန်တွင် ကသာမြို့၌ ကျင်းပမည့် နအဖ အမျိုးသား ညီလာခံ ထောက်ခံပွဲသို့ မတက်မနေရ ဟုဆိုကာ အာဏာပိုင်များက ယခုအခါ လူသူအင်အား စုဆောင်းလျက် ရှိသည်။

အင်းတော်နှင့် ၁၈ မိုင်ခန့် အကွာတွင် တည်ရှိသည့် ကသာမြို့တွင် မနက်ဖြန်၌ ကျင်းပမည့် နအဖ ညီလာခံ ထောက်ခံပွဲသို့ မဖြစ်မနေ တက်ရောက်ရန် အတွက် ကသာခရိုင် ခယက ၏ ညွှန်ကြားချက်အရ အင်းတော်မြို့ ကြံ့ဖွံ့ အဖွဲ့ဝင်များက ဦးဆောင်ကာ ဝန်ထမ်းနှင့် လူငယ်များကို လိုက်လံ စုဆောင်းနေခြင်း ဖြစ်သည်။

“ညွှန်ကြားထားတယ်။ ကျောင်းဆရာ၊ ဆရာမတွေလည်း လိုက်ရမယ်တဲ့။ ကျနော်တို့ကို စွမ်းအားရှင်တွေလို လူရိုက်တဲ့ အဖွဲ့တွေနဲ့ တန်းတူထားဖို့ ခေါ်တဲ့အခါကျတော့ ကျနော်တို့ လက်မခံချင်ဘူး ဆိုပြီး ပြောတယ်” ဟု အင်းတော် ဒေသခံတဦးက ပြောသည်။

အင်းတော်မြို့နယ် ကြံ့ဖွံ့များက ဦးစီး ဆောင်ရွက်နေကာ ကြံ့ဖွံ့နှင့် စွမ်းအားရှင်များသည် အင်းတော် မြို့နယ်ရှိ ကျေးရွာအချို့မှ လူငယ်များကိုလည်း ယနေ့တွင် အင်းတော်သို့ ခေါ်ဆောင်ထားသည်ဟု ဒေသခံ တဦးက ပြောသည်။

သူက “အခုက အင်းတော်ရွာအနီး ချုံစပ်က ရွာလေးတွေဆိုတော့ တချို့ ကလေးတွေဆိုရင် ကသာကို ရောက်ဖူးချင်တဲ့ ဆန္ဒနဲ့ သွားကြတယ်။ ဘာမှ မသိရဘူး။ ဟိုရောက်မှ သိရမယ်ပေါ့နော်” ဟု ပြောသည်။

No comments: