Tuesday, October 23, 2007

ဆောင်းပါး

ဆောင်းပါး
(၈) တွေ ပလူပျံလို့  စစ်အစိုးရပြုတ်ကျမည်
ဇွဲမောင်အောက်တိုဘာ ၂၃ ရက်၊ ၂ဝဝ၇ ခုနှစ်
ယနေ့ အချိန်အခါမှာ ဖြစ်ပြီးသွားခဲ့တဲ့ အခြင်းအရာတွေကို ပြန်လည် သုံးသပ်ရင်း မည်သည့် နည်းလမ်း၊ နည်းဗျူဟာများ ချမှတ်၍ အချိန်တိုအတွင်း၊ မည်သို့ မည်ပုံနဲ့  ပန်းတိုင်စိုက်ထူမဲ့ ရက်ချိန်းကို သတ်မှတ်ကြရန် အချိန်ရောက်နေပြီ ဖြစ်ပါသည် ။
ယေဘုယျအားဖြင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက ယခုအချိန်သည် (၈) လေးလုံး မတိုင်မီ မောင်ဖုန်းမော် သေဆုံးပြီး အချိန်ကာလနှင့် အတော် တူနေပါသည်။ မောင်ဖုန်းမော် အသတ်ခံရပြီးချိန်က စပြီး ဟိုနေရာ နည်းနည်း ဒီနေရာ နည်းနည်းနဲ့ ပျောက်ကျားဆန်ဆန် စီကနဲ ကျွက်ကနဲ လှုပ်ရှားကြရင်း (၈) လေးလုံး ရက်ကို တီးတိုးတမျိုး ကျယ်ကျယ်တဖုံ သတ်မှတ်လိုက်ကြကာ (၈-၈-၈၈) ရောက်မဲ့နေ့ ကို ရင်တဖိုဖိုနဲ့  မောင်းတင်ပြီး စောင့်နေခဲ့ကြတာ ပြည်သူအားလုံး အသိပါပဲ။တကယ့် ရက်ရောက်လို့  တကယ်ပဲ ချကြပြီဆိုတော့ ပြည်သူတွေ အကုန်လုံး လမ်းပေါ် ထွက်လာခဲ့ကြတာပဲ မဟုတ်လား။ အဲဒါ ကြောင့်လည်းပဲ မဆလနဲ့ နောက်ပါ အစိုးရ အဆက်ဆက် ရက်နဲနဲစီပဲ ကွာပြီး တဖြုတ်ဖြုတ်နဲ့ ပြုတ်ကျသွားတာ ယနေ့ထိ မမေ့နိုင်သေးပါဘူး။ အဲဒါ တတိုင်းပြည်လုံး တချိန်တည်း တပြိုင်တည်း ထွက်လာကြလို့နော်။
အခုလည်း မောင်ဖုန်းေးမာ် အသတ်ခံရတာထက် အဆမတန် ရင်နာစရာ ဖြစ်ခဲ့ပါပြီ၊ မြန်မာ ပြည်သူများ သာမက ကမ္ဘာ့ ပြည်သူ အပေါင်းတို့ကပါ အော့နှလုံးနာပြီး နာကျည်း ခံပြင်းချက်တွေနဲ့ အတူ ဆန့်ကျင်နေကြပါပြီ ။ ကျနော်တို့ အချိန်မဆွဲဘဲ သွေးမအေးစေဘဲ ခပ်သွက်သွက် ခပ်မြန်မြန် အဟုန်ပြင်းပြင်းနဲ့ တိုက်ပွဲဝင်ဖို့ အချိန်တန်ပါပြီ။
စစ်အစိုးရရဲ့ အချိန်ဆွဲ နည်းဗျူဟာကို အားလုံးက သိပြီးသားမို့ သူတို့ ဘာပြောပြော ဘာတွေပဲလုပ်လုပ် သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ ယူဂျီတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ပြည်လုံးကျွတ် တော်လှန်ရေး အတွက် နည်းဗျူဟာတွေ၊ မဟာဗျူဟာတွေ ချမှတ်ထားပြီး နေ-ကြပြီ ဆိုတာလည်းယုံ ကြည် မိပါသည် ။ သူတို့လိုပါပဲ ပါးစပ်ကလဲ ပြောပေး၊ တဖက်ကလည်း အစီအစဉ်တွေ ချမှတ်ထားရမှာပါ။ အစီအစဉ် ချမှတ်လို့  သေချာပြီ ဆိုရင် ပါးစပ်ပြောထဲမှာ ရက်ချိန်းကို ပြတ်ပြတ်သားသား ပေးရမှာ ဖြစ်ပါတယ်။ ထိုင်ပြောနေလို့ ကတော့ မောင်ပြောပဲ ဖြစ်ပြီး မောရုံရှိမှာပါ။
ကျနော်လေ့လာထားသော အေ-ကာင်းချင်းရာတစ်ခုကိုတင်ပြချင်ပါတယ်။
အဲဒီအကြောင်းကို စပြီး သတိပြုမိတာက နအဖတို့ အတင်း အဓမ္မ ကြက်ဆူပင် စိုက်ခိုင်းတဲ့ အချိန်မှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့  ပြည်သူတွေက ဒါဟာသက်သက် (စုကြည် ကို ကြက်ဆူ) နဲ့ ကက်ကင်း ယတြာ လုပ်တာဘဲလို့ သဘောပေါက်ပြီး တန်ပြန်ကက်ကင်း ဓါတ်အဖြစ်နဲ့  (ကြက်ဆူစိုက်- ဇီးကွက်ဆောင်) ဆိုပြီး ဇီးကွက် ရုပ်ကလေးတွေ ရင်ဘတ်မှာ ချိန်ဆွဲခဲ့ကြတာ မှတ်မိမှာပါ။ အဲဒီကတည်းက (ကြက်ဆူစိုက် နဲ့ ဇီးကွက်ဆောင်တို့) ရဲ့ (၈) ဂဏန်းတွေကို လှစ်ကနဲ သတိပြုမိခဲ့ပါတယ်။
အဲဒါနဲ့ (၈) လေးလုံး အရေးအခင်းက စပြီး ဖြစ်ပေါ်ခဲ့တဲ့ (၈)တွေနဲ့ ဆက်စပ်ပြီး (၈) အကြောင်းတွေ တွေးမိ ရာက (၈)တွေ တသီကြီး ဖြစ်ပေါ်နေတာကို မြင်တွေ့ရပါတော့တယ်။ အဲဒီကနေ တဆင့်ကျော်ပြီး ယထာဘူတကျကျ ဆက်စဉ်းစား လိုက်ပြန်တော့လဲ အောက်ပါအတိုင်း (၈) ဂဏန်းတွေနဲ့ နိုင်ငံ့အရေးတွေ ဆက်စပ် ပါတ်သက်နေတာကို ကွင်းဆက် တွေ့မြင်မိပါတယ် ။
တကယ်တော့ မည်သည့် တိုင်းပြည်တွင်မဆို (ပြည်သူလူထု) နဲ့ (အစိုးရ) နဲ့ (အာဏာ) တို့ ဟာ ကွင်းဆက်သဖွယ် ဆက်စပ်လျက် ရှိပါတယ်။ အမှန်စင်စစ် (အာဏာ) ဆိုတာကို (ပြည်သူလူထု)က ပိုင်ဆိုင်တာပါ။ (ပြည်သူလူထု)က (အစိုးရ)အဖွဲ့ ဖွဲ့ပေးပြီး အဲဒီ (အစိုးရ) လက်ထဲ (အာဏာ)ကို အပ်နှင်းခဲ့တာဘဲ မဟုတ်လား။ အဲဒီမှာ ကြည့်လိုက်ရင် (ပြည်သူလူထု) ဆိုတာ (၅+၆+၈+၇=၂၆=၈)၊ (အာဏာ) ဆိုတာ (၁ +၇=၈)၊ (အစိုးရ) ဆိုတာ(၁+၃+၄=၈) အဲဒီလို တွေ့ရပါတယ်။
အဲဒါကြောင့် (ပြည်သူလူထု) ဆိုတဲ့ (၈) က အားသန်လွန်းရင် (အစိုးရ) ဆိုတဲ့ (၈) ဟာအပြောင်းအလဲတွေ မကြာခဏ ဖြစ်ကြရပါတယ်။ (အစိုးရ) ဆိုတဲ့ (၈) က အားသန်ပြန်ရင်လဲ (ပြည်သူလူထု) ဆိုတဲ့ (၈)က အနှိပ်စက် ခံကြရပြန်ပါရော။ ပြည်သူကရွေးကောက် တင်မြှောက်ထားထား၊ မဟား ဒယား အတင်းဝင်လု ထားတာဘဲ ဖြစ်ဖြစ် (အစိုးရ) အလုပ်ကို လုပ်နေတဲ့ အဖွဲ့အစည်းဟာ (အစိုးရ)ပဲ ဖြစ်ပါတယ်။
(အစိုးရ) ဆိုတဲ့ အဖွဲ့အစည်းဝင် လူတွေဟာ ငါတို့ဟာ(ပြည်သူလူထု) ထဲက တဦး ဖြစ်တယ်လို့  မှန်မှန်ကန်ကန်နဲ့ ရိုးသားစွာ ခံယူနိုင်မှလည်း (ပြည်သူလူထု)နဲ့ တသားတည်း ဖြစ်ပြီး (ပြည်သူလူထု)နဲ့  (အစိုးရ) ချိန်ခွင်လျှာ မျှနေမှာ ဖြစ်ပါတယ်။
(ပြည်သူလူထု) နဲ့ (အစိုးရ) တို့ အင်အား မျှနေတဲ့ တိုင်းပြည်တွေမှာ (အာဏာ) ဆိုတာ ခိုင်မြဲ တည်ငြိမ်မှုရှိပြီး တိုင်းပြည်မှာလည်း အေးချမ်းသာယာ ဝပြောလျက် ရှိကြတာကို တွေ့ ကြရမှာပါ။ ဆိုလိုချင်တာက (၈) ဂဏန်းဟာ မြန်မာနိုင်ငံ တနိုင်ငံတည်းနဲ့သာ သက်ဆိုင်တာ မဟုတ်ကြောင်းပြောပြချင်တာပါ။
အခု ကျနော် တင်ပြမယ့်(၈) ဋီကာ ဟာ သင်္ချာပညာ၊ ဝေဒပညာတွေနဲ့ မပါတ်သက်ဘူး ဆိုတာ ပြောထားချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က အဲဒီ ပညာရပ်တွေကို မကျွှမ်းကျင်တာမို့လို့ပါ။ သက်ဆိုင်ရာ ပညာရှင်များက ဒီလို-ဒီလို ပါတ်သက်ပါတယ်လို့ တင်ပြလာရင်တော့ အတိုင်းထက် အလွန်ဝမ်းမြောက် ကျေနပ် လက်ခံရမှာပါ။ ပြည်သူတွေမှာလည်း ပိုပြီး အားရှိသွားတာပေါ့။
(၈) ဂဏန်းမှာ ဆွဲအား အစွန်းနှစ်ဖက် ရှိပါတယ်။ (သည်းခံ)ခြင်းနဲ့ (အိပ်မောကျ) ခြင်းတို့ဟာ (၈) ဂဏန်းရဲ့ အနှုတ် လက္ခဏာ ဆောင်တဲ့ အစွန်းဖြစ်ပြီး (ဝိရိယအား) ကတော့ အပေါင်း လက္ခဏာ ဆောင်တဲ့ အစွန်းတစ်ဖက်ပါ။ (ဝီရိယ) မှာ (အား) ထည့်ပေါင်းခြင်းက (၈) ဖြစ်အောင် အတင်းယူထားခြင်း မဟုတ်ပါဘူး။ ဝီရိယဆိုတဲ့ အားထုတ်မှုမှာ အားနည်းမှု၊ မျှတမှုနဲ့ အားကြီးမှု သုံးဆင့် ရှိပါတယ်။ အားနည်း လွန်းနေရင် ဟန်ပြ ဝီရိယ ဖြစ်ပြီး အကျိုးရလာဒ်မှာ မရေရာပါ။ အားကြီး လွန်းအားရင်လည်း လိုချင်တဲ့ အကျိုး ရလာဒ်နဲ့ လွဲတတ်ပါတယ်။ အလယ်အလတ်အား မျှတနေမှ လိုရာခရီးကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်မှာ ဖြစ်ပါတယ်။
(ပြည်သူလူထု) ဖက်က (သည်းခံ) ခြင်းနဲ့ (အိပ်မောကျ) ခြင်း လွန်ကဲသွားရင် (အစိုးရ)က (ပြည်သူလူထု)ကို နှိပ်စက် အနိုင်ကျင့် တတ်ပါတယ်။
(ပြည်သူလူထု)ဖက်က (ဝီရိယအား) များလွန်းရင် (အစိုးရ)ဟာ မတည်မငြိမ် ဖြစ်တတ်ပါတယ်။ နောက်ဆုံး ပလ္လင်ပေါ်က ဆင်းပေးရတဲ့အထိ ဖြစ်သွားရမှာပါ။ ဘုရားရှင်တော်မြတ်နဲ့ ရဟန္တာတွေတောင်မှ မဂ္ဂင်(၈)ပါးနဲ့ ကင်းပြီး ပွင့်ထွန်း ဖြစ်ပေါ်လာရိုး မရှိပါ။
(၈) သည် မြတ်သော အလုပ်တရား ဖြစ်ပြီး (၉)ဂ ဏန်းသည် အကျိုးရလာဒ်သာ ဖြစ်ပါသည်။ ဒါ့ကြောင့် (၉) ဂဏန်းကိုင် နေဝင်း အစိုးရသည် (၈) ဂဏန်း ပိုင်ရှင်(ပြည်သူလူထု)၏ (ဝီရိယအား) အောက်တွင် လက်မြှောက် အရှုံးပေးခဲ့ရတာ အထင်အရှား အများအသိပင် ဖြစ်ပါသည်။
ယခု (ပြည်သူလူထု)ဖက်မှ (၈) ဂဏန်း အားတွေ အလွန် အားကောင်းနေတာကို တင်ပြလိုပါတယ်။
ဤခုလို ပြည်သူလူထုဖက်က (၈) အားတွေ ကောင်းနေတုန်း ဝီရိယအား ပြင်းပြင်းနဲ့  စစ်အစိုးရကို ဖြုတ်ချပြီး မိမိတို့ စိတ်ကြိုက် အစိုးရကို ရွေးကောက် တင်မြှောက်ရပါမယ်၊ ပြီးရင်တော့ အိပ်မောကျခြင်းမှ နိုးထ၍ သည်းခံခြင်း တရားကို စံနစ်တကျ သုံးစွဲကြခြင်းဖြင့် သာယာ ဝပြောသော နိုင်ငံတော်သစ်ကြီးကို တည်ဆောက်ကြရအောင်ပါ။
ကြည့်လိုက်ကြစမ်းပါ၊ ဘယ်လောက်လှတဲ့ (၈) တွေလည်း ဆိုတာ ။
ဒီ (၈) တွေကို စောင့်ကြည့်နေခဲ့တာ ကြာပြီ။
ကဲ အခုတော့ ကျကျ နန သန်သန်မာမာ စွမ်းအားကောင်းကောင်းနဲ့ ပေါ်ထွန်းလာတာ တွေ့ရပါပြီ။ စခဲ့တာက လွန်ခဲ့တဲ့ (၈) လေးလုံး ကာလ ကတည်းကပါ ။ အဲဒီ (၈) ရဲ့ အရှိန်အဝါက သေမသွားပါဘူး၊ အခြေအနေ အကြောင်းကြောင်းကြောင့်သာ ခေတ္တခဏ မှေးမှိန် သွားလိုက်တာဘဲ ရှိတာပါ ။
ဟော ရုတ်ခြည်း ဆိုသလိုဘဲ ဟုန်းကနဲ ထတောက်လိုက်တယ်။ အဲဒါကတော့ ဓါတ်ဆီဈေးတက်လို့ ကုန်ဈေးနှုန်းတွေ ၊ ကားခတွေ တက်လာတဲ့အတွက် (၈၈) မျိုးဆက် ကျောင်းသားများက (စီတန်း လမ်းလျှောက်) (ဆန္ဒပြကြ) တဲ့ အဖြစ်ပါဘဲ။
ကျောင်းသားဆိုတာ (ကျား၊မ မခွဲခြားဘဲ သုံးရတဲ့ အသုံးအနှုန်းပါ)
(၈၈) မျိုးဆက်ကျောင်းသားတွေက သူတို့ကိုယ်ကို သူတို့ ဒီလို အမည်နာမ ပေးလိုက်တာဟာ (၈) ဂဏန်းရဲ့ ခွန်အားတွေ ဖြစ်သွားတယ် ဆိုတာ အမှုမဲ့ အမှတ်မဲ့ နဲ့ မသိလိုက်ဘူး။
ကဲ (၈) တွေ ဖြစ်လာတာကို ကြည့်ကြစမ်းပါဦး။
(၈၈)--(၈) နှစ်လုံး
မျိုးဆက် (၅+၃) (၈) တစ်လုံး နဲ့
ကျောင်းသား (၂+၆) (၈) တစ်လုံး
ကဲ (၈) လေးလုံး တွေ့ပြီမဟုတ်လား။
စီတန်းလမ်းလျှောက် (၃+၇+၈+၈= ၂၆=၈ ) နောက်ထပ် (၈) တစ်လုံး။
ဆန္ဒပြကြ (၃+၇+၅+၂=၁၇= ၈) နောက်ထပ် (၈) တလုံး (တကိုယ်တော် မဟုတ်တော့ဘဲ အများစုပြီး ဆန္ဒပြကြတာမို့လို့ ဗဟုဝစ်ကိန်း သုံးရတာပါ။)
ကျောင်းသားခေါင်းဆောင်တွေကို မတရား ဖမ်းဆီးသွားပေမယ့် ပြီးမသွားပါဘူး။
နောက်ထပ် (၈) တွေ ထပ်ပေါ်လာတာ ခုထိပဲ ။
(သံဃာ) တော်တွေက (စီတန်းလှည့်လည်) (မေတ္တာပို့) (ဆန္ဒပြကြ) တယ်တဲ့ ၊ ဝမ်းသာစရာကြီး။
ရတနာသုံးပါးမှာ တတိယ ရတနာလေ၊ သံဃာ ရတနာလို့ဘဲ သုံးနှုန်းပါတယ်။
ရဟန်း ရတနာ၊ ဘုန်းကြီး ရတနာလို့ မသုံးပါဘူး။ အတင်းဆွဲပြီး ပြောတယ်ဆိုမှာ စိုးလို့ ပါ ။
ဒီတော့ သံဃာဆို တာ (၆+၂) နောက်ထပ် (၈)တလုံး၊
အဲဒီမှာ ထူးခြားတာ ထပ်ပြောပါဦးမယ်။ နိုင်ငံအနှံ့ မှာ သံဃာတွေ ရှိပါတယ်။ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ညောင်တုန်း၊ အမရပူရ၊ မြင်းခြံ နဲ့ ပခုက္ကူ ဆိုတဲ့ မြို့တွေမှာ သံဃာတော် အရေအတွက် အများဆုံး ဖြစ်ပြီး အဲဒီထဲမှာ (ပခုက္ကူမြို့) မှာမှ ဘာဖြစ်လို့ စဖြစ်လိုက်တာလဲ။
ကြည့်လေ ပခုက္ကူ (၅+၂+၂= ၉)။ ဒါ့ကြောင့် ပခုက္ကူ သံဃာ ဆိုရင် (၉+၈= ၁၇=၈)
ဟော သံဃာ (၈) တလုံးဟာ ထူးခြားတဲ့ ဝိသေသန ဆောင်တဲ့ (၈) ဖြစ်သွားရော။ ဝိသေသန ဖြစ်ပြီ ဆိုမှတော့ ထူးခြားတဲ့ အခြင်းအရာတွေကို ဖန်တီး ဖြစ်ပေါ်စေတော့မယ့် အတိတ်ကောင်း နိမိတ်ကောင်းတွေဘဲ ဆိုတာ နားလည် သိရှိ သဘောပေါက်ကြရမှာပါ။ သံဃာတော်တွေက ဘာလုပ်ကြသလဲ။ စီတန်းလှည့်လည် မေတ္တာပို့  ဆန္ဒပြကြတာဘဲ။
သဘောပေါက်လောက်ပြီ ထင်ပါတယ် ။
စီတန်းလှည့်လည် (၃+၇+၈+၈=၂၆= ၈) (၈) တစ်လုံး
မေတ္တာပို့  (၅+၇+၅=၁၇= ၈) (၈) တစ်လုံး
ဆန္ဒပြကြ (၃+၇+၅+၂= ၁၇=၈) (၈) တစ်လုံး
အဲဒီ (၈)တွေက အတင်း ဖန်တီးထားတာတွေ မဟုတ်ပါဘူး။ သူ့အကြောင်းတရားနဲ့ သူ အလိုအလျောက ဖြစ်ပေါ်လာကြတာပါ။ ဒါ့ကြောင့်လဲ ခွန်းအားတွေ တအား ကြီးမားသွားတာပေါ့ လုပ်ရပ်တွေကကော မေတ္တာ ပို့ကြတာလေ။ ဘယ်လောက် မွန်မြတ်သလဲလို့။
မပြီးသေးဘူးလေ။ ဆက်ပြောပါအုန်းမယ်။
ပတ္ထနိက္ကုဇ္ဇန ကံဆောင်တဲ့နေ့လေ။ နအဖကို ရက်ချိန်း ပေးထားတာက (၁၇) ရက်နေ့၊ မလိုက်လျောရင် နောက်တနေ့ (၁၈) ရက်နေ့ ကံဆောင်မယ်ဆိုပြီး ကြေငြာထားတယ်။ တကယ့် တကယ်ကျတော့ (၁၇) ရက်နေ့ မှာပဲ စပြီးတော့ ကမ္မဝါစာ ရွတ်ပြီး ကံဆောင် တော်မူကြတော့တယ်။ ရေးရင်းနဲ့တောင် ကြက်သီးတွေထ လာတယ်။ အဲဒီမှာလည်း (၈) တလုံး သံဃာတော်များ ပရိတ်ရွတ် ကြွတော်မူရာ လမ်းတလျှောက်မှာ ကျောင်းသားတွေက ဘေးကနေ လက်ချင်းချိတ်ပြီး စောင့်ရှောက် လိုက်ပါလာကြတာ ဘယ်လောက် ကြည်နူးစရာ ကောင်းသလဲ။
(၈) ရဲ့ အားတွေကို ထိုင်စောင့်ပြီး ကြည့်နေတဲ့ ကျနော်ကတော့ လက်ခမောင်းတချက် ထပြီး ခတ်မိတော့တယ်။ ဝမ်းသာလွန်းလို့ မျက်ရည်များလည်း လည်မိပါရဲ့။ (၈) တလုံး ထပ်တိုးလာပြန်ပြီ။
(သံဃာ) (ကျောင်းသား) ဖြစ်လာပြီလေ ။
ကျနော် ထပ်မျှော်နေမိတဲ့ အင်အား အကြီးမားဆုံးသော (၈) တလုံးကို စောင့်မျှော် နေခဲ့မိပါတယ်။
တကယ်တော့ (သံဃာ) (ကျောင်းသား) အားလုံးဟာ (ပြည်သူလူထု)ထဲက ပြည်သူတွေဘဲ ဖြစ်ပါတယ်။ သံသရာအတွက် အားထားရာ အဖြစ်နဲ့ ဆည်းကပ် ကိုးကွယ်နေရတဲ့ ဆရာ ရတနာနဲ့ အနာဂါတ် တိုင်းပြည်အတွက် အားကိုးရဖို့ ထောက်ပံ့ ပြုစု ပျိုးထောင်နေရတဲ့ သားသမီးရတနာတွေပါ သူတို့ကို ပြုစု စောင့်ရှောက်နေကြတဲ့ (ပြည်သူလူထု) ဆင်းရဲဒုက္ခ ရောက်နေကြတာကို မကြည့်ရက်တော့လို့  ဆရာ သံဃာတော်များက ဦးဆောင်ပြီး သားသမီးများပါ ရဲရဲတောက် ပါဝင်နေကြတဲ့ အရေးမှာ အမိအဖသဖွယ် ဖြစ်သော (ပြည်သူလူထု) ဆိုသော ထိပ်တန်း (၈) တလုံး နိုင်ငံအဝှမ်း ဝုန်းကနဲ ပါလာပြီ ဆိုရင်တော့ ကျနော်တို့ရဲ့ ဘဝအမောတွေ ပြေလည် ချမ်းမြေ့ ကြရပါတော့မယ် ဆိုတာကို မျှော်လင့် စောင့်စားခဲ့မိပါတယ်။
(သံဃာ) တော်များရဲ့ လှုပ်ရှားမှုကို (ရွှေဝါရောင် တော်လှန်ရေး) လို့ အမည် တပ်တာ တွေ့လိုက်ရပြန်တော့ စွေ့ကနဲ ခုန်မတတ် ဝမ်းသာ လိုက်ရပါသေးတယ်။ ကြည့်လေ (၄+၈+၄+၇+၈+၄=၃၅=၈)ပေါ့၊
ကျနော်တို့ တကွက် နောက်ကျ သွားသလား။ မဟုတ်ပါဘူး။ အချိန်အခါ နည်းနည်းလေး လိုနေသေးလို့ပါ။ သင်ခန်းစာ ယူစရာ ရှိတာတွေကို ယူပြီး (၈) အင်အားတွေ ထပ်မံ တိုးပွားအောင် ပြင်ဆင်ကြရင်း (၈) အောင်ပွဲ ရက်တစ်ရက်ကို အရောက်သွားကြဖို့ပါဘဲ ။
ကျနော်တို့ရဲ့ တိုက်ပွဲကို (ဝါ-စိမ်း-ဖြူ တော်လှန်ရေး)လို့ အမည်ပေးရင် (၈) တလုံး ထပ်ပွားလာပါပြီ။ (၈+၃+၅+၇+၈+၄=၃၅=၈)။ ရွှေဝါရောင် တော်လှန်ရေးရဲ့ အဆက် ဝါစိမ်းဖြူ တော်လှန်ရေးပေါ့။
အဝါရောင် က သံဃာတော် အရှင်မြတ်များကို ရည်ညွှန်းပါတယ်။
အစိမ်းရောင် ကတော့ ကျောင်းသားများကို ရည်ညွှန်းပါတယ်။ (ပြည်သူ့ဖက်သား တပ်မတော်သားများ ပါလာရင်လည်း အကျုံးဝင်သွားတာပါပဲ)
အဖြူရောင် ကတော့ ပြည်သူလူထု တရပ်လုံးကို ကိုယ်စားပြုပါတယ်။ တိုင်းရင်းသား ပေါင်းစုံ၊ အလွှာပေါင်းစုံ၊ သက်တန့် ၇ ရောင်ပေါင်းဟာ အဖြူရောင် တခုထဲကိုသာ ကိုယ်စားပြုသလိုမျိုးပေါ့။ အဲဒီ (ဝါ-စိမ်း-ဖြူ တော်လှန်ရေး) အောက်မှာ နည်းဗျူဟာများ မဟာဗျူဟာများကို သက်ဆိုင်ရာ ကျွမ်းကျင်သူများက ရေးဆွဲ၍ ရေတို အချိန်အတွင်း အကောင်အထည် ဖေါ်ကြရန် ဖြစ်ပါသည်။
ပြည်သူများဖက်မှ (၈) တွေ ဖြစ်နိုင်သမျှ များနေအောင် လုပ်ကြပါ၊ နံရံတွေမှာ (၈) တွေ ရေးကြပါ။
အိမ်မှာနေသူ လူကြီးများကလည်း မဂ္ဂင်(၈)ပါး ပုတီးစိတ်များ ပွားများပေးပါ။ ပုတီးနှစ်ပါတ်ပြည့်လျှင် မဂ္ဂင် (၈) ပါး (၂၆) ခေါက် ပြည့်ပါမည်၊ ပထမ တပါတ်တွင် ပုတီး (၄) လုံး အပို နှင့် ဒုတိယ အပါတ်ပုတီး (၄) လုံး အပို ပေါင်း အပို ပုတီး(၈)လုံးကို ဗုဒ္ဓရှင်တော်မြတ်၏ နံပါတ် (၈) ဂုဏ်တော် ဖြစ်သော (ဗုဒ္ဓေါ) ဂုဏ်တော်ကို (သောဘဂဝါ ဣတိပိဗုဒ္ဓေါ)ဟု စိပ်ပြီး ဖြည့်ရန် ဖြစ်ပါသည်။ သို့မဟုတ် ပုတီးစိတ် မှားမည် စိုးပါက ပထမ (၈) လုံးနဲ့ စပြီး ပွားနိုင်ပါသည်။
ပထမအကြိမ် (၈) တွေတုန်းက မပြီးပြတ်သော တာဝန်သည် ယခု(၈) အချိန်တွင် အပြီးပြတ်မည်ဖြစ်ကြောင်း ပုတီးစိတ် (၂) ပါတ်က ညွှန်ပြပါသည်။ သွားရင်းလာရင်း (၉) လုံး ပုတီးဖြင့် ပုတီး စိတ်လိုပါကလည်း ဗုဒ္ဓေါ ဂုဏ်တော် တလုံးနှင့် မဂ္ဂင်(၈)ပါး တပါးတလုံးစီ စိတ်နိုင်ပါကြောင်း။
ဈေးရောင်းဝယ်ကြရာတွင်လည်း (၈) ဂဏန်း တန်ဖိုးများကိုသာ ဈေးနှုန်း သတ်မှတ် ရောင်းဝယ်ကြပါ။ ဘတ်စကား မှတ်တိုင်တွင်လည်း (၈) ယောက်တတွဲ စောင့်ကြပါ။ ဘတ်စ်ကားပေါ် ဘယ်နှစ်ယောက်ပဲ တက်သွားသွား၊ ကျန်သူများက (၈)ယောက်တတွဲ ဖြစ်အောင်အမြဲ ဖြည့်ကြပါ။ လ္ဘက်ရည်ဆိုင်၊ စားသောက်ဆိုင် များတွင်လည်း (၈) ယောက်တစ်ခုံ ထိုင်ပြီး စားသောက်ကြပါ။ မိုးပျံ ဘောလုံးများပေါ်တွင် (၈) ဂဏန်းများ ရေးပြီး လွှတ်နိုင်ပါသည်။
(၈) အားတွေ ဖြည့်ဆည်းရင်း ပြည်သူများကလည်း အသံတိတ် တဦးနဲ့ တဦး အားပေးရင်း တော်လှန်ရေးမှာ ပါဝင်နေကြတယ်လို့ ခံယူ ထားကြစေချင်ပါတယ်။ ပြည်သူအားလုံးက မိမိတို့ စိတ်ကူး ရသလောက် ပြည်သူဖက်မှ (၈)တွေ များနိုင်သမျှ များအောင် ပွားပေးကြစေလိုပါတယ်။
ဘာယတြာမှ သူတို့ကို မကယ်နိုင်တော့ဘူးဆိုတာ ပြည်သူလူထု အားလုံး သိထားစေချင်ကြောင်းပါ။သာသနာ့အလံဒေါင်းအလံတို့ ဝေယံပျံဝဲဒို့ အောင်ပွဲသည်မလွဲသေချာဆိုက်ရောက်မှာမို့ ငါတို့ ပြည်ရွာပြည်မြန်မာသည်ရောင်ဝါနေသို့ ထွန်းပါပြီ ။နောင်ခါအသရေမချို့ ကျွန်းဌာနီ ။
ဇွဲမောင်
မှတ်ချက်။
ရ နှင့် ယ သည် ဗုဒ္ဓဟူး (၄) ကို ကိုယ်စား ပြုပါသည်။
လ နှင့် ဝ သည် ရာဟု (၈) ကို ကိုယ်စား ပြုပါသည်။
ဆောင်းပါး
ထူးဆန်းတဲ့ အိမ်မက်တခု
ဦးမေဓါသာရအောက်တိုဘာလ ၂၂ ရက်၊ ၂ဝဝ၇ ခုနှစ်။
ညတုန်းက ဦးဇင်း ထူးဆန်းတဲ့ အိမ်မက်တခုကို မြင်မက်ခဲ့တယ်။ မက်ပုံက ...
ကိုယ့်မြန်မာပြည် ဖြစ်ပျက်နေတာတွေကို စဉ်းစားရင်း ၁၂ နာရီကျော်လောက်မှာ အိပ်ပျော်သွားပါတယ်။ ၂ နာရီ ထိုးလောက်အချိန်မှာ ကိုယ်ရောစိတ်ပါ လန်းဆန်း တက်ကြွနေတာ တွေ့ရတယ်။ ၂ နှစ်ကျော်ကြာ လွမ်းဆွေး တမ်းတနေရတဲ့ အမိမြန်မာပြည် ပြန်ရောက်လာရလို့ပါ။
ဒါနဲ့ ရန်ကုန် လေဆိပ်ကနေ ရန်ကုန်မြို့လယ် ရွှေတိဂုံဘုရားကြီးကို ဦးတည်ပြီး တက္ကစီတစီးနဲ့ သွားနေပါတယ်။ လမ်းဘေးဝဲယာတွေမှာ လူတွေကို သိပ်မတွေ့ပါဘူး။ စစ်သားတွေလောက်သာ အများဆုံး တွေ့ရတယ်။ တာမွေဘက်ကနေ သိမ်ဖြူ လမ်းမအတိုင်း တက္ကစီ သမားကိုလမ်းပြပြီး ကျန်းမာရေး ရုံးချုပ်ရှေ့က ပါဠိတက္ကသိုလ် ကျောင်းကြီးထဲ ဝင်သွားပါတယ်။ ကျောင်းတိုက်ကြီးက မကြုံဖူးအောင် တိတ်ဆိတ် နေပါတယ်။ တက္ကစီသမားကို ပိုက်ဆံ ရှင်းပြီးတာနဲ့ ဆရာတော်ကြီး ကျောင်းပေါ် တက်သွားပါတယ်။ ဆရာတော်ကို ဦးချကန်တော့ပြီး “ဆရာတော် ... ကျန်းမာရေး အခြေအနေ ဘယ်လိုလဲ ဘုရား” လို့ မေးတော့ ဆရာတော်က အားပျော့တဲ့ လေသံလေးနဲ့ ဖြေပါတယ်။ “ကောင်းပါတယ်ဒ။ ဦးဇင်း ဆရာတော်ကို သေချာ အကဲခတ်ကြည့်တော့ အတော့်ကို စိတ်မချမ်းမသာ ဖြစ်နေပုံရပါတယ်။ သူ့အနားမှာလည်း ကိုရင်လေးတွေ တယောက်တလေမှ မတွေ့ရဘူး။
“ဆရာတော် မှတ်မိပါလား ဘုရား။ တပည့်တော် ဆရာတော်ကျောင်းမှာ နေသွားတဲ့ ဦးပဏ္ဍိပါ။ တပည့်တော် ဆရာတော်အတွက် လက်ဆောင်ပုတီး တပင်ယူလာခဲ့ပါတယ်။ တပည့်တော်ကို ချီးမြှောက်သော အားဖြင့် အလှူ ခံပါဒ ဆိုပြီး လှူလိုက်ပါတယ်။
ပထမတော့ ဆရာတော်ရဲ့ မျက်နှာဟာ ခပ်ပြုံးပြုံး ဖြစ်သွားပါတယ်။ “ဆရာတော် နံ့သာပုတီး ကြိုက်မယ်ထင်လို့ အစစ်ကိုပဲ မရရအောင် ရှာဝယ်လာတာပါ ဘုရား”။
တဆက်တည်းမှာပဲ ဆရာတော်ဟာ ဦးဇင်းကို စိုးရိမ်တဲ့ အကြည့်နဲ့ ကြည့်လာပါတယ်။ ဝဲယာကို လှမ်းကြည့်လိုက်တော့ ဗလကြီးကြီး စွမ်းအားရှိရှိနဲ့ ဒုလ္လဘ ဦးဇင်းတပါးကို တွေ့မြင်ရတယ်။ ဦးဇင်းက ဆရာတော်ကို ဆက်မေးပါတယ်။ “ဦးပညာသာမိ၊ ဦးပညာဝရ တို့ ရှိကြသေးလား ဘုရား” မေးတော့ ဆရာတော်က “သူတို့ နယ်ရောက်ကုန်ပြီ”။ “ဘယ်ကို သွားကြတယ်ဆိုတာ ဆရာတော်သိရင် လိပ်စာတို့၊ ဖုန်းနံပါတ်တို့ တခုခုပေးပါ ဘုရား။ တပည့်တော် သူတို့ကို အရမ်းတွေ့ချင်နေပြီ”။
“သူတို့က ငါ့ကို လျှောက်သွားတာ မဟုတ်လို့ မပြောတတ်ဘူးဒ။ ဦးဇင်း ဆက်မေးမလို့ လုပ်တော့ “အဟင်းအဟင်း” အသံပြုပြီး ဒုလ္လဘ ဦးဇင်းကြီးက ထလာပါတယ်။ “ဆရာတော်ကို သူတို့ အသိမပေးခဲ့ဘူး ဆိုတော့ ဦးဇင်းကြီးကို ပြောခဲ့တယ် ထင်တယ်”။ “ဟေးဟေး ... မင်း အခုမှ ကျောင်းရောက်လာပြီး ဦးဇင်းကြီးလေး ဘာလေး”၊ “တောက် ... ခင်ဗျား ဘယ်နှစ်ဝါ ရှိပြီလဲ”။ “စိတ်မရှိပါနဲ့ဘုရား တပည့်တော် ၁ဝ ဝါရပါပြီ”။ “ကျုပ် ... ဝါတော် ၃ဝ ရှိပြီ၊ မင်းအဖေထက် ကြီးတယ်”။
“နောက်တခါ ကျောင်းကို ဝင်ထွက်ရင် ငါ့ဆီတိုင်ပြီးမှ သွားရမယ်။ မင့်သူငယ်ချင်းတွေ ဘယ်မှာဆိုတာ ငါမသိဘူး။ မင်းနဲ့ဘာမှ မဆိုင်ဘူး”
ဦးဇင်းနဲ့ ဆရာတော်ရှေ့ကနေ ကွမ်းဝါးနေပြီး၊ ဦးဇင်းကို နီရဲနေတဲ့ မျက်လုံးကြီးတွေနဲ့ စိုက်ကြည့်နေတယ်။ သူ့ရဲ့ ဘယ်ဘက် လက်မောင်းပေါ်မှာ ကျားခေါင်း ဆေးမင်ကြောင် တခုကို သာသာလေး ငုံကြည့်ရင်း ဆရာတော်ကို ဦးချကာ ပြန်ခဲ့ရပါတယ်။ ညနေမှာတော့ မန္တလေးကို ရထားနဲ့ ထွက်ခွာသွားပါတယ်။ ရထားပေါ်မှာ ဆရာတော်ကြီး ၄ ပါးကို တွေ့ပါတယ်။ ဆရာတော်တွေကို ဦးချတော့ “သုခိတာဟောတု” လို့ ဆုချီးမြှင့်ပါတယ်။ “ပေးသောဆုနဲ့ ပြည့်ပါရစေဘုရား” ဆိုလိုက်တာနဲ့ ဆရာတော်တပါးက သဘောကျပုံ ရပါတယ်။ “ဘယ်ကြွမတုန်း” လို့ လှမ်းမေးလာတယ်။ “မှန်ပါ တပည့်တော် မန္တလေးကို သူငယ်ချင်းတွေဆီ အလည်သွားပါတယ်”။
“မောင်ဉ္ဇင်း ... အခု ဘယ်မှာနေလဲ” လို့ မေးတော့ တပည့်တော် ... အခု နေစရာ မရှိသေးပါ ဘုရား။ အိန္ဒိယ နာလန္ဒာကနေ လာတာပါ။ တပည့်တော် အိန္ဒိယ၊ ဘီဟာ နာလန္ဒာ တက္ကသိုလ်မှာ နေတယ်လို့ ပြောရမလို ဖြစ်နေပြီ။ ရန်ကုန်ကို ဒီမနက်ရောက်ပြီး သူငယ်ချင်းတွေ မတွေ့တာနဲ့ မန္တလေးကို တန်းလာခဲ့တာပါ” ဆိုတော့ “မန္တလေးမှာလည်းပဲ စာသင်သား ရဟန်းပျိုတွေ နည်းသွားပြီ” ပြောတော့ “ဆရာတော် ... ဒါဆို တပည့်တော် သူငယ်ချင်းတွေလည်း မရှိလောက်တော့ဘူး။ ဆရာတော်တို့ နောက်က လိုက်ပါရစေတော့”။ “ပိုကောင်းတာပေါ့ မောင်ပဉ္ဇင်း” လို့ ပြောပါတယ်။ “မောင်ပဉ္ဇင်းပါမှ သံဃာငါးပါး ပြည့်မှာပါ” ပြောပြီး ဦးဇင်းကို ဧည့်သည်တော်အဖြစ် ခေါ်သွားကြတယ်။ ပျဉ်းမနား ဘူတာကနေ ကားကောင်းကောင်း တစီး လာကြိုလို့ တခါမှ မရောက်ဘူးသေးတဲ့ မြို့တော်သစ် တခုကို ရောက်သွားတယ်။ ထူးဆန်းတဲ့ မြို့တခုဆိုတာ တွေ့ရတယ်။ နေ့ရောညပါ မီးတွေ လင်းထိန်နေပြီး လူလူချင်း တွေ့ရင် မတ်တပ်စုံရပ်ပြီး လက်စောင်းလေးတွေ ပေးကြတယ်။
ကလေးတွေ ကြည့်ရတာလည်း တယောက်ကိုတယောက် ခပ်တည်တည်၊ ဆမတ်ကျကျ ဗိုလ်လို ဆက်ဆံကြတာ တွေ့ရတယ်။ ဦးဇင်း စိတ်ထဲမှာ “ဒို့မြန်မာလူမျိုးတွေ ရှေးခေတ် ဂျပန်လူမျိုးတွေလို လူကြီး မိဘတွေက မပြုံးရလို့ ပြောထားပုံ ရတယ်။ မဟုတ်ရင် သူတို့ကိုယ် သူတို့ အထင်ကြီးနေကြပုံရတယ်”။
စဉ်းစားနေတုန်းမှာပဲ ဆရာတော်ကြီး တပါးက “မောင်ပဉ္ဇင်း ပရိတ်ရွတ်ကြရအောင်” ဆိုလို့ ပရိတ်ရွတ် ကြပါတော့တယ်။ ပရိတ်ပွဲ၊ တရားပွဲတွေ ပြီးတော့ ဆရာတော် တပါးက ဦးဇင်းကို မိတ်ဆက်ပေးပါတယ်။
“ဒီတကာတွေဟာ တပည့်တော်တို့ကို ဆွမ်းဖိတ်တဲ့ ဒကာတွေပါ” လို့ ပြောပါတယ်။ တိုတိုပုပု ကြယ်တံဆိပ်တွေနဲ့ အစင်းကြောင်းတွေ အများကြီးပါတဲ့ ဒကာက “လိုအပ်တာရှိရင် ပြောပါဘုရား” လို့ ပြောတယ်။
ဦးဇင်းက ခပ်ပြုံးပြုံးနဲ့ ခေါင်းညိတ်လိုက်ပါတယ်။ သူကလည်း တော်တော့ကို ခင်မင်သွားပုံ ရပါတယ်။ ဦးဇင်းလည်း သူ့ကို တော်တော် ထူးဆန်းတဲ့ လူတယောက်လို သဘောကျနေတယ်။
မကြာခင်မှာပဲ ခပ်လှမ်းလှမ်းက စင်မြင့်ကို တက်ပြီး၊ သူ့ရဲ့ ဝါသနာနဲ့ အောင်ပွဲတွေကို ပြောကြားပါတယ်။
“ကျနော်က ယှဉ်ပြိုင်မှုကို ဝါသနာပါတယ်။ ဘယ်သူနဲ့မဆို ယှဉ်ပြိုင်နိုင်တယ် ဆိုတာ ခင်ဗျားတို့ သိတယ်နော် ...”။
အားလုံးကနေ “ဟုတ်ကဲ့ ဆရာကြီး” ပြောပြီး သြဘာလက်ခုတ် ပေးကြပါတယ်။
“ကျုပ်က မမှန်ရင် မလုပ်၊ မဟုတ်ရင် မပြော၊ ဒီမှာကြည့် မြင်တယ်နော်။ ငါ့ရဲ့လက်ညှိုးဟာ အရှည်လား အတိုလား”။ “ဟုတ်ကဲ့ ဆရာကြီး၊ အရှည်ပါ” ပြောပြီး သြဘာသံတွေ ဆူညံသွားပါတယ်။
သူတို့ လူအုပ်ထဲက ၅ နှစ် သမီးငယ် တယောက်က “လက်ခလယ်ကို ပြိုင်ထောင်လိုက်ပါ၊ နှစ်ခုဆို သမီးကြည့်ပေးမယ်” လို့ ပြောတယ်။ အနီးက သူ့အမေကနေ လက်ဝါးကြီးနဲ့ သမီးငယ် ပါးစပ်ကို ပိတ်ပြီး အပြင် ခေါ်သွားတာ တွေ့ရတယ်။
နောက်တကြိမ် ထပ်ပြောပါတယ်။ “ကျနော်က အပြေးပြိုင်ရင် အမြဲ ပထမရတယ်။ ယုံတယ်နော်”။ “ဟုတ်ကဲ့ ဆရာကြီး၊ ဟုတ်ကဲ့ ဆရာကြီး” ဆိုပြီး လက်ခုပ်သံတွေ ညံသွားပါတယ်။
၅ နှစ်၊ ၆ နှစ်ခန့် ယောင်္ကျားလေးတယောက်က “ဘယ်ပွဲတွေမှာလဲ” လှမ်းအော်တော့ သူ့အဖေက ပါးစပ်ကို တချက် ပိတ်ရိုက်လိုက်ပြီး အပြင်ခေါ်သွားတယ်။
အချိန်က အတော်ကြာလာတာနဲ့ ပရိတ်သတ်တွေ အိပ်ငိုက်နေကြတာကို ဦးဇင်း ရိပ်မိပါတယ်။ သူကတော့ ပြိုင်ဘက်မရှိ ပွဲတိုင်းကျော် ဗိုလ်စွဲနေတယ်။
“အခမ်းအနား ပြီးဆုံးတော့မယ်နော်။ ဒါ ... တရားဝင် အခမ်းအနားပဲ။ ပြီးရင် အားလုံး အတည်ပြုမယ်”။
အကုန်လုံး တိတ်ဆိတ်နေတော့ သံဃာတော်တွေဆီ လှည့်ပြီး မေးလာတယ်။ ဆရာတော် တချို့က အိပ်ငိုက်နေပြီး အချို့က ပုတီးလေးတွေ ကိုယ်စီ စိပ်နေကြတယ်။
၂ ကြိမ်ကနေ ၃ ကြိမ်အထိ ရောက်လာတယ်။ “ဆရာတော်တွေ ကြားပါတယ်နော်”။
“မပိုင်ရင် မလုပ်၊ မဟုတ်ရင် မပြော၊ မနိုင်ရင် မယူ၊ အားလုံး ဝင်ပြိုင်နိုင်တယ်”။
၃ ကြိမ်မြောက်ဆိုတော့ ဆိတ်ဆိတ်နေ ဝန်ခံရာ ရောက်တော့မယ်။ ဆရာတော်တွေ ဘာမှမလှုပ်။ နောက်ဆုံးမှာတော့ ဦးဇင်းက မတ်တပ်ရပ်ပြီး “ဟုတ်ပါတယ်။ ခင်ဗျားနဲ့ ပြိုင်ဖို့ ကျုပ်ဝမ်းနည်းပါတယ်”။
“အားလုံး လက်ခုပ်တီးကြပါ”။
အကုန်လုံး ဆူညံသွားကြတော့ ဆရာတော်တွေ နိုးပြီး၊ ပြန်ဖို့ လုပ်နေတုန်း ဦးဇင်း လန့်နိုးလာခဲ့တယ်။
အိပ်မက်ကတော့ ဒီလောက်ပါပဲ ...။
ဦးမေဓါသာရနာလန္ဒာတက္ကသိုလ်ဘီဟာ၊ အိန္ဒိယ။
ဆောင်းပါး
ရွှေဝါရောင် တော်လှန်ရေးရဲ့ မပြီးဆုံးသေးသော ပန်းချီကား
နေသန်မောင်အောက်တိုဘာလ ၂၂ ရက်၊ ၂ဝဝ၇ ခုနှစ်။
ခွပ်ဒေါင်းအလံတွေ လေထဲမှာ တလူလူ လွင့်တက်လာတာကို မြင်ရတဲ့အခါ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်နဲ့ အနှစ် ၂ဝ လောက်က ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ခံစားချက်တွေဟာ ဟိုအမြင့်ဆုံးထိပ်ကို ရောက်ရှိသွားပါတယ်။ ခွပ်ဒေါင်း အလံတွေ၊ ကြွေးကြော်သံတွေ ပျောက်ပြီး မြို့တော်တခုလုံး ခြောက်ခြားဖွယ်ရာ တိတ်ဆိတ် သွားတဲ့အခါ ပြီးဆုံးသွားပြီလား ဆိုတဲ့ အတွေးတွေ ပေါ်လာတတ်ပြန်ပါတယ်။ ဒီတကြိမ်မှာတော့ ဒီအတွေးတွေက သိသိသာသာ ပြောင်းလဲသွားပါတယ်။ ခွပ်ဒေါင်းအလံတွေ တလူလူ ပြန်လွင့်တက်လာဦးမယ် ဆိုတဲ့ ခံစားချက်တွေက တနေ့တခြား ပိုမို ခိုင်မာ လာနေပါတယ်။ မြန်မာပြည်မှာ လွန်ခဲ့တဲ့ လအတွင်း ပေါ်ပေါက်ခဲ့တဲ့ “ရွှေဝါရောင် တော်လှန်ရေး” ဟာ အခုမှ နိဒါန်းပျိုးတာ ဆိုတဲ့ ယုံကြည်ချက်တွေ အမြစ် တွယ်လာနေလို့ပါပဲ။
နံရံကို ခေါင်းနဲ့ ဝင်ဆောင့်တဲ့အခါ ရလာတဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် ဒီအုတ်တံတိုင်းကြီး မပြိုလဲနိုင်ဘူး ဆိုတဲ့ အသိစိတ်တွေ ဝင်လာတတ်ပြီး ဒီတကြိမ်လည်း ရှူံးနိမ့်ရပြန်ပြီ ဆိုပြီး စိတ်ကို ချလိုက်ကြတတ်ပါတယ်။ မြန်မာပြည်မှာ နောက်ဆုံး ဖြစ်ခဲ့တဲ့ အရေးတော်ပုံကြီးဟာ လမင်းကို မြားနဲ့ပစ်တဲ့ လူတစုရဲ့ မိုက်ရူးရဲ လုပ်ရပ် မဟုတ်ပါဘူး။ ဒီအရေးတော်ပုံကြီးဟာ ပြောင်းလဲရေးကို ငတ်မွတ်နေတဲ့ လူတန်းစား ပေါင်းစုံရဲ့ အသိအပေါ် အခြေခံပြီး ပေါ်ထွက်လာတဲ့ လှုပ်ရှားမှုကြီး တခု ဖြစ်နေလို့ပါပဲ။ နှစ်ပေါင်းများစွာ ရှိနေတဲ့ ဒီဖိနှိပ်မှု အောက်က လွတ်မြောက်ရမယ် ဆိုတဲ့ အသိတွေ၊ ခံစားချက်တွေ အကောင်အထည် ဖော်တဲ့အခါ ဖိနှိပ်မှု ယန္တရားရဲ့ တန်ပြန်မှုကြောင့် လှုပ်ရှားမှုတွေ ဖရိုဖရဲ ဖြစ်သွားတတ်ပြီး တိုက်ပွဲက ငြိမ်သက် သွားတတ်ပါတယ်။ မြန်မာပြည်ရဲ့ ဒီကနေ့ တော်လှန်ရေးဟာ “နိုင်ကိုနိုင်ရမယ်” ဆိုတဲ့ ခံယူချက်တွေ မွေးပြီးမှ ပေါ်ထွက်လာတာမို့ မြန်မာပြည်သူတွေ “အောင်ပွဲ” ရမယ့် တိုက်ပွဲတခု ဖြစ်ပါတယ်။
စက်တင်ဘာလအတွင်း ပေါ်ပေါက်ခဲ့တဲ့ လူထုအာဏာ လှုပ်ရှားမှုရဲ့ ဒီရေဟာ အမြင့်ဆုံးကို ရောက်ရှိခဲ့ပြီးမှ စစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ရုတ်ချည်း ရပ်တန့်သွားခဲ့ပါတယ်။ ကြောက်မက်ဖွယ်ရာ ဖိနှိပ်မှုတွေကို နေ့စဉ်ရက်ဆက် ရင်ဆိုင်နေရင်းနဲ့ပဲ “ငါတို့ အညံ့မခံဘူး” ဆိုတဲ့ ခံယူချက်တွေဟာ ထုနဲ့ထည်နဲ့ ကြီးထွား လာနေပါတယ်။ ကျောင်းသား ခေါင်းဆောင်တွေ ပြောသလို ပြီးခဲ့တဲ့ အရေးတော်ပုံကြောင့် မြန်မာပြည်သူတွေဟာ အာဏာရှင်တွေပေါ်ကို အနိုင်ရလိုက်တယ် ဆိုတာ သက်သေ သာဓကတွေ ရှိနေပါတယ်။ လက်ရှိ မြန်မာပြည်မှာ ဖြစ်ပေါ်နေဆဲ အခြေအနေ ပေါင်းစုံဟာ ရှုပ်ထွေးရောယှက် နေဆဲပါ။
သေချာတဲ့ အချက်ကတော့ ရဟန်း သံဃာတော်တွေနဲ့ ကျောင်းသားပြည်သူတွေကို ပစ်သတ် ဖမ်းဆီးခဲ့တဲ့ စစ်အစိုးရဟာ လွန်ခဲ့တဲ့ ၂ လလောက်က ရှိနေခဲ့တဲ့ ဝန်းကျင်၊ အခြေအနေတခုကို ဘယ်လိုနည်းနဲ့မှ ပြန်ရောက် မသွားနိုင်ဘူး ဆိုတာ မြန်မာပြည်ရဲ့ ဒီကနေ့ အခြေအနေက ဖော်ပြနေပါတယ်။ စစ်တပ်ရဲ့ တရကြမ်း ဖိနှိပ်မှုဟာ အနှစ် ၂ဝ နီးပါး ပြားပြားဝပ် ဖိနှိပ်ထားတဲ့အောက်က လွတ်မြောက်ရမယ်ဆိုတဲ့ လူထုရဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုကို အသေ ပစ်သတ်နိုင်ခြင်း မရှိတဲ့အပြင် စစ်ဗိုလ်ချုပ်တွေရဲ့ ဗီဇ သဏ္ဍာန် သရုပ်ကို ခွါချ လိုက်နိုင်ခဲ့ပါတယ်။ ရွှေဝါရောင် တော်လှန်ရေးရဲ့ ခရီးအစမှာပဲ ရာဇပလ္လင်ပေါ် ဆယ်စုနှစ် ပေါင်းများစွာ စိုးစံနေလာတဲ့ မြန်မာ စစ်ဗိုလ်တွေရဲ့ အုပ်ချုပ်ရေး စနစ်ဟာ ဝုန်းခနဲ ပြိုလဲသွားခဲ့ပါတယ်။ စစ်ဗိုလ်တွေဟာ သူတို့အရှုံးကို တနေ့တခြား မြင်လာနေပါတယ်။
စက်တင်ဘာ သွေးထွက်သံယို အကြမ်းဖက်မှုဟာ တစစီ ယိုယွင်းလာနေတဲ့ မြန်မာ့ စီးပွားရေးကို အဆုံးစွန်ထိ ရိုက်ချိုး ဖျက်ဆီးလိုက်ပါတယ်။ ဈေးကွက် စီးပွားရေး စနစ်လို့ ကြွေးကြော်နေတဲ့ စစ်ဗိုလ်တွေနဲ့ စီးပွားရေး လက်တွဲ လိုသူတွေတောင် ပြီးခဲ့တဲ့ အခြေအနေဆိုးတွေကြောင့် လက်ရှိ စစ်အစိုးရဟာ သူတို့ရဲ့ စီးပွားရေးအတွက် ခြိမ်းခြောက်နေတဲ့ အင်အားစုအဖြစ် ရှုမြင်လာကြပါတယ်။ ပြည်တွင်းက တိုင်းရင်းသား လုပ်ငန်းရှင်တွေရဲ့ လက်လီ ဈေးကွက်ကိုလည်း ဖျက်စီးလိုက်တဲ့ အပြင် ပြည်ပက လက်ကား ဈေးကွက်ကြီးရဲ့ အဆက်ဖြတ်မှုကိုလည်း ခံလိုက်ရပါတယ်။ အိမ်နီးချင်း နိုင်ငံတွေရဲ့ နယ်စပ် ကုန်သွယ်ရေးသာ ရှိပြီး ပြည်တွင်း ထုတ်လုပ်မှု နိမ့်ကျနေခြင်း၊ ပြည်တွင်း ကုန်ပစ္စည်းတွေ အဆမတန် ဈေးမြင့်မားနေခြင်း၊ စီးပွားရေး တည်ငြိမ်နိုင်မယ့် အခြေခံကောင်းတွေ လုံးဝ ပျက်သုဉ်းသွားခြင်းတွေဟာ နိုင်ငံတကာရဲ့ ပိတ်ဆို့ အရေးယူမှုတွေ အသက် ဝင်မလာခင်မှာတင် စစ်အစိုးရရဲ့ အသက်ရှူပေါက်ဟာ ရပ်တန့်သွားပါတယ်၊ ပြည်တွင်း ကုန်သွယ်ရေးမှာလည်း နေဝင်မီးငြိမ်း အမိန့်၊ လုံခြုံရေး အကြောင်းပြချက်အရ စစ်ဆေးမှုများ၊ ငွေကြေး အဆမတန် ဖောင်းပွမှုများ၊ မကြာခင် လာတော့မယ့် စပါးပေါ်ချိန်မှာ အခြေခံ စားကုန်တွေ ဒုံးပျံလို ခုန်တက် သွားနိုင်မှုတွေကြောင့် ပြိုလဲနေတဲ့ နိုင်ငံတော်ဟာ ဗုန်းဗုန်းလဲဖို့ အရေး နေ့လားညလား စောင့်နေရသလို ဖြစ်နေပါတယ်။
မြန်မာ စစ်ဗိုလ်ချုပ်တွေ အရူးမီးဝိုင်း ဖြစ်နေတဲ့ ပြဿနာက သူတို့ရဲ့ အုပ်ချုပ်ပိုင်ခွင့် ဆိုတဲ့ အစိုးရ တရပ်မှာ မဖြစ်မနေ ရှိရမယ့် တရားဝင်မှုပါပဲ။ သူတို့ စစ်အစိုးရကို ဘယ်လိုနည်းနဲ့မှ လက်မခံတော့ဘူးဆိုတဲ့ ပြည်သူရဲ့ သဘောထားကြောင့် သူတို့ ကြေညာထားတဲ့ လမ်းစဉ် ၇ ချက်ကို ထောက်ခံနေကြတဲ့ အမျိုးသား ညီလာခံ ထောက်ခံပွဲနဲ့ ဖွဲ့စည်းပုံ ထောက်ခံပွဲတွေကို အားသွန်ခွန်စိုက် လုပ်နေတာ ဖြစ်ပါတယ်။ သူတို့ကို လူထုက ထောက်ခံ နေပါတယ်ဆိုတဲ့ ဟန်ဆောင် လုပ်ရပ်တွေနဲ့ လက်ရှိ တည်ဆဲ အစိုးရရဲ့ အကျွင်းအကျန် အာဏာကို ခက်ခက်ခဲခဲ တည်ဆောက်နေခြင်းပါပဲ။ ပြီးခဲ့တဲ့ အရေးအခင်းကြောင့် စစ်အစိုးရအပေါ် လူထု အမြတ်ထွက်ခဲ့ရတဲ့ အချက်ကတော့ မြန်မာ့ လွတ်လပ်ရေးရဲ့ တော်လှန်ရေး မီးရှူးတိုင်ဟာ မျိုးဆက်သစ် လူငယ်တွေနဲ့ အာဏာရှင် ဆန့်ကျင်ရေး လူထုအကြားမှာ ထိန်ထိန်ညီးနေပြီ ဆိုတာပါပဲ။
ဒီ လက်ဆင့်ကမ်း လှုပ်ရှားမှုဟာ စစ်အာဏာရှင်ကို နေ့စဉ်၊ လစဉ် ခြိမ်းခြောက်နေမယ့် သံဃာသတ်တဲ့ စစ်ဗိုလ်တွေအပေါ် နောင်နှစ်ပေါင်းများစွာ မမေ့ဖျောက်နိုင်တော့မယ့် အရေးတော်ပုံကြီးပါပဲ။ တိုက်ပွဲတိုင်းမှာ စွန့်လွှတ် ပေးဆပ်ရမှုတွေက ရှိစမြဲပါပဲ။ လူမှုရေးအရ ကျဉ်ထားခြင်း၊ စစ်အစိုးရနဲ့ မပတ်သက် မဆက်ဆံ လိုတော့ခြင်း၊ တိုင်းပြည်နဲ့ လူထုအပေါ် ခြိမ်းခြောက်နေတဲ့ အင်အားစု တခုအဖြစ် လူထုက မြင်တွေ့သွားခြင်းဟာ ဘယ်လိုမှ ပြန်လည် မပြင်ဆင်နိုင်တော့တဲ့ စစ်အစိုးရရဲ့ ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်။
နိုင်ငံရေး နယ်ပယ်ဟာ စစ်အာဏာရှင်တွေအတွက် “ကုန်ဆုံး၊ ကြွေးရှုံး” တဲ့အပြင် “လင်ဆုံး” တဲ့ အဖြစ်တွေကို ဆက်တိုက် ပေါ်ပေါက်စေလာပါတယ်။ သူတို့ ကျေညာထားတဲ့ နိုင်ငံတော် ရှေ့ဆက်သွားရမယ့် မူဝါဒလမ်းစဉ် ၇ ရပ်အရ စစ်သား တမတ်သား ပါဝင်ရေး ဖွဲ့စည်းပုံကို ပြည်သူ့ဆန္ဒ ခံယူနိုင်ဖို့ ဆိုတာ လွန်ခဲ့တဲ့ သြဂုတ်လအထိ မှန်ကောင်း မှန်နိုင်ပေမယ့် ဒီကနေ့ အရေးပုံတော်ကာလမှာတော့ လေသံတောင် မဟနိုင်တဲ့အဖြစ်ကို ရောက်သွားခဲ့ပါတယ်။ ၈၈ ခုနှစ် အာဏာသိမ်းတုန်းက ပေးခဲ့တဲ့ ကတိတွေကို ဒီကနေ့ ထပ်ပြောလို့ မရတော့လောက်အောင်ကို “ငါ့မြင်း ငါ့စိုင်း ... စစ်ကိုင်း ရောက်ရောက်” လမ်းစဉ်အရ သူတို့ကိုယ်သူတို့ ဘာဆက်လုပ်ရမှန်း မသိနိုင်လောက်အောင် အကျပ်အတည်းကြီး ဆိုက်နေပြီဆိုတာ ထင်ရှားနေပါတယ်။ ဒီကြားကာလမှာ သူတို့လုပ်နိုင်တာဟာ ပေါ်လာသမျှ ဖိအားပေးမှုတွေကို အာခံပြီး ငြင်းဆန်ဖို့ပါပဲ။ နိုင်ငံတကာရဲ့ စစ်ရေးအရ ဝင်ရောက် စွက်ဖက်မှုဆိုတဲ့ ခြိမ်းခြောက်မှု မရှိနိုင်သေးသရွေ့ သူလုပ်နိုင်တဲ့ ကစားကွက်ကတော့ သူ့ရဲ့ လမ်းစဉ် ၇ ချက်ကို မြဲမြဲ ဆုပ်ကိုင်ထားရေးပါပဲ။ ဒီပဲယင်း လုပ်ကြံမှုကြောင့် ကျေညာခဲ့ရတဲ့ သူတို့ရဲ့ ဒီပြုပြင် ပြောင်းလဲရေးမူဟာ နိုင်ငံတကာက ဖိအားပေးနေတဲ့ တွေ့ဆုံ ဆွေးနွေးရေး ပေါ်ပေါက်လာတဲ့ အခါမှာ သူတို့ အပေါ်စီးကနေ တောင်းဆိုလို့ ရမယ်လို့၊ အတိုက်အခံအပေါ် ဈေးဆစ်နိုင်မယ်လို့ သူတို့ ယူဆနေတဲ့ အမှတ်မှားမှုကြီးပါပဲ။ အဲဒီတော့ အထွေထွေ အကျပ်အတည်းတွေကြောင့် တွေ့ဆုံ ဆွေးနွေးရေး တကယ်ပဲ ပေါ်ပေါက်လာမလား ဆိုတာ အရေးတကြီး စဉ်းစားလာရတဲ့ အချက်ဖြစ်လာပါတယ်။
မြန်မာပြည်မှာ စစ်ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အကြား ပြဿနာ ဖြေရှင်းရေးအတွက် တွေ့ဆုံ ဆွေးနွေးရေးဟာ တကယ်ပဲ ပေါ်ပေါက်လာရမှာ ဖြစ်ပါတယ်။ စေ့စပ် ဆွေးနွေးရေး လမ်းစဉ်ဟာ ပြည်တွင်းပြည်ပ အတိုက်အခံ ဒီမိုကရေစီရေး အင်အားစုတွေ အားလုံး တညီတညွတ်တည်း တောင်းဆိုနေတဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းရေး ဖြစ်ပြီး အထွေထွေ အကျပ်အတည်း ဆိုက်နေတဲ့ စစ်အာဏာရှင်တွေ သေလောက်အောင် စိုးရွံ့တဲ့၊ မလုပ်ချင်တဲ့ လမ်းကြောင်းတခု ဖြစ်ပါတယ်။ သေချာတာကတော့ လက်ရှိ စစ်ဗိုလ်ချုပ်တွေဟာ သူတို့ အပေါ်စီးကနေ အရာရာကို ငြိမ်ဝပ်ပိပြားစွာ ဆုတ်ကိုင်ထားနိုင်တယ်လို့ ယုံကြည် နေသေးသမျှ၊ ပြည်ပဖိအားနဲ့ ကုလသမဂ္ဂရဲ့ သြဇာကို အာခံအံတုနိုင်သေးတယ်လို့ ထင်မှတ်နေသမျှ တွေ့ဆုံ ဆွေးနွေးရေးက အမှန်တကယ် ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။ ရွှေဝါရောင် တော်လှန်ရေးရဲ့ ကြွေးကြော်သံက တွေ့ဆုံ ဆွေးနွေးရေး ပေါ်ပေါက်ရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဖြစ်ပြီး စစ်ဗိုလ်ချုပ်တွေက ဒါကို လက်မခံဘဲ ဖြိုခွင်းခဲ့လို့ နိုင်ငံတကာမှာ အုတ်အော်သောင်းနင်း ဖြစ်ခဲ့ပြီး၊ နောက်ထပ် ဖိနှိပ်မှုတွေ မလုပ်နိုင်အောင် ဖိအားတွေ အစဉ်တစိုက် ပေးလာနေပါတယ်။ ဒါဆိုရင် မြန်မာ စစ်ဗိုလ်ချုပ်တွေဟာ တွေ့ဆုံ ဆွေးနွေးရေးကို အမှန်တကယ်ပဲ လုပ်ဆောင်ပါ့မလား။
သူတို့မှာ အားရှိနေသေးသရွေ့ အတိုက်အခံနဲ့ စေ့စပ်ရေး လမ်းကြောင်းမှန်သမျှ ခေါင်းခါရမှာကတော့ နေ့စဉ် သြဝါဒတခု ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ပြည်တွင်းရဲ့ အဆုံးစွန်ဆုံးသော ဖိအားတွေကြောင့် သူ့ရပ်တည်ရေး ပြိုလဲပြီဆိုတဲ့ အချိန်ကျမှ တွေ့ဆုံ ဆွေးနွေးရေး စကားဝိုင်းကို သူဝင်လာမှာပါ။ အဲဒီအချိန်ဟာ သူတို့ပြောနေတဲ့ တမတ်သား မဆိုနဲ့ တကျပ်သားတောင် တောင်းဖို့ အာမခံချက် ရှိချင်မှ ရှိနိုင်တော့မှာ ဖြစ်ပါတယ်။ အာမခံချက် ရှိမယ်ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူလူထုရဲ့ ခွင့်ပြုမှုကိုရဖို့ အောက်ကြေးကနေ တောင်းရမယ့်ကိန်း ဆိုက်သွားမှာပါ။ ဒီအခြေအနေတွေ ဖြစ်ခဲ့မယ် ဆိုရင်လည်း ဒါဟာ စစ်တပ်ရဲ့ ရွေးချယ်မှု သက်သက်သာ ဖြစ်ပါတယ်။
ရဟန်းသံဃာတွေနဲ့ ကျောင်းသား ပြည်သူတွေရဲ့ ရဲရဲတောက် ပေးဆပ်မှုအတွက် ပြန်ရရှိမယ့် အဖြေဟာ စစ်မှန်တဲ့ အရပ်သား ဒီမိုကရေစီ အစိုးရကို ထူထောင်ရေးနဲ့ မြန်မာပြည်မှာ စစ်အာဏာရှင် စနစ်ကို အမြစ်ကနေ နှုတ်ပစ်ရေး ဖြစ်ပါတယ်။ တိုက်ပွဲတခုရဲ့ အဖြေဟာ အနိုင်နဲ့ အရှုံးဖြစ်ပါတယ်။ ယတိပြတ် အဖြေထွက်ရမယ့် တိုက်ပွဲဟာ ရွှေဝါရောင် တော်လှန်ရေးရဲ့ အောင်မြင်မှု ဖြစ်ရေးပါပဲ။ ဒါ့ကြောင့် တိုက်ပွဲဟာ အခုမှ အစပဲ ရှိပါသေးတယ်။ တွေ့ဆုံ ဆွေးနွေးရေး ပေါ်ပေါက်ရေးနဲ့ ပေါ်ပေါက်လာတဲ့အခါ ရလဒ်ကို မြဲမြဲမြံမြံ ဆုတ်ကိုင်ရေးအတွက် လူထု လှုပ်ရှားမှုကြီးဟာ စည်းကမ်းသေဝပ်ပြီး ငြိမ်းချမ်းစွာ လမ်းမတွေပေါ်ကို ထွက်လာရဦးမှာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကို အကြမ်းမဖက်ပါဘူး၊ မဖြိုခွင်းပါဘူးဆိုတဲ့ စစ်တပ်ရဲ့ကတိ၊ အာမခံချက်ကို နိုင်ငံတကာက တောင်းဆိုနေတာ ဖြစ်ပါတယ်။
တကျော့ ပြန်လာဦးမယ့် တပ်ဦးက ခွပ်ဒေါင်းအလံတွေ တလူလူ လွှင့်နိုင်ရေးဟာ လူထုကြီးရဲ့ အညံ့မခံတဲ့ စိတ်ဓာတ်တွေပေါ်မှာ အဓိက မူတည်ပါတယ်။ ဗုန်းဗုန်း လဲပြိုနေတဲ့ နိုင်ငံတော်မှာ စစ်သားတွေအတွက် လုပ်စရာ များများ မကျန်တော့ပါဘူး။ ခေါင်းမာ တင်းခံရေးမူနဲ့ စေ့စပ်ညှိနှိုင်းရေးမူ နှစ်ခုအကြား သူတို့ တခုခုကို သေချာပေါက် ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ အဲဒီအတွက် ပြည်တွင်းပြည်ပက ဖိအားတွေ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ဗိုလ်ချုပ်တွေရဲ့ ခေါင်းမာနိုင်စွမ်းကို အားပျော့သွားစေမယ့်၊ ချိနဲ့သွားစေမယ့် တခုတည်းသော ဗျူဟာက တရုတ် အစိုးရရဲ့ မြန်မာပြည်အပေါ် ထားရှိတဲ့မူဝါဒ ပြောင်းလဲရေးပါပဲ။
မြန်မာပြည်သူတွေဟာ တရုတ် အစိုးရရဲ့ ဝင်ရောက် စွက်ဖက်ရေးကို ဘာ့ကြောင့် လိုအပ်နေတာလဲ။ အဖြေကတော့ အာဏာရှင် သက်ဆိုးရှည်ရေးနဲ့ ဖိနှိပ်မှု မှန်သမျှ ကျားကန်ထားပေးရေး ဒေါက်တိုင်ကို ဖြိုဖျက်ပြီး မြန်မာစစ်ဗိုလ်တွေ စေ့စပ်ရေး စကားဝိုင်းပေါ် ရောက်လာစေဖို့ ဖြစ်ပါတယ်။ နောက်အရေးကြီးတဲ့ အချက်ကတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ မဖြစ်မနေ လိုက်နာရမယ့် ဆုံးဖြတ်ချက်တွေ ပေါ်ထွက်လာဖို့၊ ဒီဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့ရင် စီးပွားရေး၊ စစ်ရေးအရ ပိတ်ဆို့ အရေးယူနိုင်ရေး အပြည်ပြည်ဆိုင်ရာ ဝင်ရောက် စွက်ဖက်မှုကြီး ဖြစ်ပေါ်လာစေဖို့ပါပဲ။ မြန်မာပြည်မှာ ပေါ်ထွက်လာနိုင်မယ့် ကြောက်မက်ဖွယ်ရာ ရာဇဝတ်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ တည်ငြိမ်မှု ပျက်ပြားရေးတွေကို အချိန်မီ ထိန်းချုပ်ဖို့ တရုတ်အစိုးရရဲ့ မူဝါဒတွေ ပြောင်းလဲလာအောင် ဖိအားတွေ၊ တောင်းဆိုမှုတွေ လိုအပ်နေတာ ဖြစ်ပါတယ်။ မြန်မာပြည်က စစ်ဗိုလ်ချုပ်တွေဟာ ဒေသ တည်ငြိမ်ရေးကို ထိန်းချုပ် မထားနိုင်တော့ဘူး၊ တရုတ်အမျိုးသား အကျိုးစီးပွားအပေါ် ခြိမ်းခြောက်မှုတွေ ရှိလာပြီဆိုတဲ့ အချိန်ကျမှ တရုတ်အစိုးရက နိုင်ငံတကာနဲ့ လက်တွဲပြီး မြန်မာပြည် ပြောင်းလဲရေးအပေါ် ဝင်ရောက် စွက်ဖက်လာမှာ ဖြစ်ပါတယ်။ တရုတ် အစိုးရရဲ့ ပြောင်းလဲမှု နောက်ကျလေလေ၊ မြန်မာပြည်ရဲ့ အခြေအနေ အရပ်ရပ်က ကြောက်မက်ဖွယ်ရာ ပြိုလဲ ပေါက်ကွဲမှုတွေ မြင့်တက်လာလေလေ ဖြစ်တာကြောင့် စေ့စပ် ဆွေးနွေးရေးနဲ့ ဖြေရှင်းရေး လမ်းကြောင်းဟာ အသွင်ပြောင်းသွားနိုင်သလို အစွန်းရောက် အမျိုးသားရေး ဝါဒီ စစ်ဗိုလ်ချုပ်တွေရဲ့ အကြမ်းဖက်မှုတွေ၊ လူမျိုးတုံး သတ်ဖြတ်မှုတွေဟာ မမျှော်လင့်ဘဲ ပေါ်ထွက်လာနိုင်ပါတယ်။
ပြည်ပ အားကိုးမှန်သမျှ သုတ်သင်ရေး၊ ပြည်ပ ဖိအားမှန်သမျှ အာခံ တွန်းလှန်ရေးနဲ့ ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ အခြေခံကောင်း မှန်သမျှကို ဖျက်ဆီးရေး လမ်းကြောင်းတွေ ဖြစ်လာတာနဲ့ ဒီတာဝန်ဟာ မြန်မာပြည်သူတွေချည်း သက်သက် ဖြေရှင်းရတော့မယ့် အကျပ်အတည်း မဟုတ်တော့ပါဘူး။ ကုလသမဂ္ဂရဲ့ အခုနောက်ဆုံး ခြေလှမ်းတွေဟာ စစ်အစိုးရရဲ့ အချိန်ဆွဲရေးမူ၊ ဖြိုခွဲဖိနှိပ်ရေးမူနဲ့ အာခံ ဖီဆန်ရေးမူ မှန်သမျှကို လက်သင့်မခံဖို့ လမ်းစဉ်တွေ ရေးဆွဲ ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။ ဒီခရီးဟာ လပိုင်းအတွင်း အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။ မြန်မာပြည်က အာဏာသိမ်း စစ်အစိုးရကို လက်မခံနိုင်ပါဘူးလို့ ပြတ်ပြတ်သားသား ပြောပြီး မြန်မာ့နိုင်ငံရေး နယ်ပယ်က ထွက်သွားပါ၊ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာဟာ မြန်မာပြည်သူတွေသာ ပိုင်ဆိုင်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို စစ်အစိုးရက သိပ်ကြောက်ပါတယ်။ စက်တင်ဘာလ လူထုအုံကြွမှုကြီးက ပြည်သူ့အာဏာကို ထင်ထင်ရှားရှား ပြခဲ့နိုင်တာမို့ နိုင်ငံတကာရဲ့ ဝင်ရောက် စွက်ဖက်မှု မြန်မြန်နဲ့ များများ လိုအပ်တယ်ဆိုရင် ပြည်တွင်းက အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကို အရှိန်မပြတ် ဆက်လုပ်သွားဖို့ လိုလေပါပဲ။
၁၉၈၈ ခုနှစ်မှာ လူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး လအတန်ကြာ လမ်းမတွေပေါ်မှာ ပေါ်ထွက်ခဲ့တဲ့ သိန်းနဲ့ချီတဲ့ ဒီမီုကရေစီရေး လှုပ်ရှားမှုကြီးကို လက်ရှိ စစ်တပ်က အကြမ်းဖက် ကိုင်တွယ်ခဲ့တုန်းက အခြေအနေတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ခဲ့ပါတယ်။ အဲဒီတုန်းက အစိုးရ ဆန့်ကျင်ရေး ခြေလှမ်းတွေကို ရှင်းလင်းနိုင်ခဲ့တဲ့အပေါ် ကမ္ဘာကြီးရဲ့ တုံ့ပြန်မှုဟာ ဘာတခုမှ ကျယ်ကျယ်ပြန့်ပြန့် မရှိခဲ့ပါဘူး။ ဒါပေမဲ့ သီတင်း တပတ်ကျော်လောက်သာ ဖြစ်ပေါ်ခဲ့တဲ့ ဒီတကြိမ် ရွှေဝါရောင် တော်လှန်ရေးကို ၁၉၈၈ ခုနှစ်ကထက်စာရင် သက်သက်ညှာညှာ ကိုင်တွယ်နေပါရဲ့နဲ့ နိုင်ငံတကာရဲ့ ဖိအားက ဘာ့ကြောင့်များ ဒီလောက်ထိ ပြင်းထန်နေရသလဲ ဆိုတာကို စစ်ဗိုလ်ချုပ်တွေ ကိုယ်တိုင် သေသေချာချာ နားလည်နိုင်ပုံ မရပါဘူး။ အခြေအနေတွေ မတူတော့ဘူးဆိုတဲ့ ခပ်တိုတို ကောက်ချက်စကားကို လက်ခံဖို့ သူတို့မှာ ပြဿနာကြီးတခု ရှိနေပါတယ်။
တုံ့ပြန်မှု တခုအပေါ် တန်ပြန် သက်ရောက်တဲ့အားက သိပ်ကို ပြင်းထန်နေတဲ့ အပေါ် ပြင်ပကမ္ဘာကြီးနဲ့ အဆက်ပြတ်နေတဲ့ မြန်မာ စစ်ဗိုလ်တွေ သိနိုင်ဖို့၊ နားလည်နိုင်ဖို့ဆိုတာ အခက်အခဲ ရှိနေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ ဖြစ်စဉ်ထဲမှာ အထီးကျန်နေလို့ မရတော့ဘူး ဆိုတဲ့ အချက်နဲ့ ဒီကနေ့ ကမ္ဘာကြီးမှာ ဖြစ်စဉ်တိုင်းဟာ ဂယက်ရှိပြီး၊ အဲဒီ ဂယက်တွေကြောင့်ပဲ ဆက်စပ် ပတ်သက်နေရတဲ့ ဖြစ်စဉ်တွေ ဆက်တိုက် ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။ ဒီကနေ့ မြန်မာပြည်သူတွေနဲ့ လူငယ် ကျောင်းသားတွေဟာ ကမ္ဘာ့ ဖြစ်စဉ်တွေအပေါ် အလိုက်သင့် ပါနိုင်ပြီး စစ်ဗိုလ်ချုပ်တွေဟာ ၁၉၆ဝ ပြည့်လွန်နှစ်တွေ အတွင်းက အတွေးအခေါ်တွေနဲ့ နောက်ကျ ကျန်ခဲ့တဲ့ ခေါင်းမာမှု ဒီအချက် ၂ ချက် ထိပ်တိုက်တွေ့တဲ့အခါ ကြောက်မက်ဖွယ်ရာ ဂယက်ကြီးကို ရင်ဆိုင်ရတာပါပဲ။
မနက်ဖြန်တွေမှာ ပေါ်လာမယ့် လူထု လှုပ်ရှားမှုတွေကို စစ်တပ်က ထပ်မံ အကြမ်းဖက်ဖို့ ကမ္ဘာကြီးက ဘယ်လိုမှ ခွင့်မပြုတော့ဘူးဆိုတာ သေချာသွားတဲ့ အချက်ပါပဲ။ ဒီသင်ခန်းစာကို စစ်တပ်ဟာ တန်ဖိုးကြီးကြီး ပေးပြီးမှ ရခဲ့တာပါ။ ဒီနိုင်ငံမှာ လူထု သဘောတူညီမှု မရှိဘဲ သူတို့လုပ်ချင်ရာ လုပ်လို့မရဘူး ဆိုတဲ့ အချက်ကို သူတို့ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရလို့ပါပဲ။ ဆိုးရွားပြီး လူမဆန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ စစ်တပ်ဟာ စစ်တပ်တခု မဟုတ်တော့ဘဲ လက်နက်ကိုင် အကြမ်းဖက် အဖွဲ့ကြီး ဖြစ်လာပြီလို့ ယူဆလာတဲ့အခါ မြန်မာပြည်ဟာ ဘော့စနီးယား၊ ဆူဒန်၊ ရဝမ်ဒါ လို အခြေအနေမျိုး ရောက်သွားပါလိမ့်မယ်။ အဲဒီအခါမှာ ပြည်ပ တပ်တွေရဲ့ ဝင်ရောက်လာမှုဟာ မြန်မာ့ တပ်မတော်ရဲ့ အစွန်းရောက် အမျိုးသားရေး ဝါဒကို ရိုက်ချိုး ဖျက်ဆီး ပစ်ပါ့လိမ့်မယ်။ အဲဒီအခါကျရင် မြန်မာပြည်သူတွေဟာ လက်သီးလက်မောင်းတန်းပြီး ဒီမိုကရေစီ ခေတ်သစ်ကို ထူထောင်ကြပါလိမ့်မယ်။ မြန်မာပြည်သူတွေဟာ အထီးကျန်သူတွေ မဟုတ်ကြလို့ပါပဲ။ ဒီအရေးအခင်းတွေ ရှောင်နိုင်ဖို့ တရုတ်ရဲ့ စွက်ဖက်မှုကို တောင်းခံနေတာ ဖြစ်ပါတယ်။ တရုတ် အစိုးရဟာ ဆိုရှယ်လစ် ဒီမိုကရေစီ လမ်းစဉ်နဲ့ ကွန်မြူနစ် တရုတ်ပြည်ကို အသွင်ပြောင်းတော့မယ်လို့ ကြွေးကြော်လိုက်တာဟာ အာရှတိုက်အတွက် ငြိမ်းချမ်းရေး ရောင်ခြည်တွေကို လမ်းစ ဖွင့်ပေးစေပါတယ်။ မြန်မာပြည်ရဲ့ ရွှေဝါရောင် အပြောင်းအလဲဟာ ဒေသတွင်းက ကွန်မြူနစ်နဲ့ အာဏာရှင် နိုင်ငံတွေမှာလည်း ဒီမိုကရေစီရေး လှုပ်ရှားမှု လှိုင်းတွေ ပေါ်ထွက်လာစေပါမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကမ္ဘာ့ပြည်သူတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တန်ဖိုးတွေကို သူတို့ရဲ့ ယုံကြည်ချက်တွေ အတွက် မျက်စိမှိတ် ရွေးချယ်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ ဖော်ဆောင်ရေး သာလျင် အာရှနဲ့ ကမ္ဘာ့နိုင်ငံတွေအကြား တည်ငြိမ်ရေးကို ဖြစ်ပေါ်စေတယ်လို့ တရုတ် အစိုးရက အမှန်တကယ် ယုံကြည်လာရင် မြန်မာပြည်က ရွှေဝါရောင် တော်လှန်ရေး အဆုံးသတ် ပန်းချီကား တကားအတွက် ပထမဦးဆုံး စုတ်ချက်တွေပဲ ဖြစ်ပါတယ်။ အဲဒီ သတင်းစကားဟာ ကမ္ဘာပေါ်မှာ စစ်အာဏာရှင်တွေအတွက် နေဝင်ချိန် သမိုင်းကို ခိုင်ခိုင်မာမာ ရေးဆွဲစေနိုင်ခြင်းပါပဲ။
(နေသန်မောင် သည် သတင်းစာ အယ်ဒီတာဟောင်း တဦး ဖြစ်ခဲ့ပြီး လက်ရှိ အမေရိကန် ပြည်ထောင်စု မြောက်ကာရိုလိုင်းနား တက္ကသိုလ်တွင် Media Studies (Film and Video Production) အဓိက ဘာသာရပ်ဖြင့် ဘွဲ့ကြို တက်ရောက်နေသူ ကျောင်းသားတဦး ဖြစ်သည်။)
ဆောင်းပါး
လွတ်မြောက်ရာလမ်း ….
ငြိမ်းချမ်းအောင်အောက်တိုဘာ ၂၂ ရက်၊၂၀၀၇ ခုနှစ်
ကျနော့် မွေးရာပါ ပင်ကိုဗီဇစိတ်က အေးအေးဆေးဆေး နေချင်ပါတယ်။ တနေ့တာ အချိန်အများစုကို ကိုယ်ပိုင် အချိန်တွေအဖြစ် တယောက်တည်း နေပြီးပဲ ကုန်ချင်တယ်။ အပြင် လျှောက်သွားတာကို မကြိုက်ဘူး။ အိမ်ထဲမှာပဲ အချိန်ကုန်ရတာ ပိုနှစ်သက်တယ်။ ဒါပေမဲ့ အရွယ် ရောက်လာတဲ့ အချိန်က စလို့ အေးအေးဆေးဆေး ကိုယ့်စိတ်ကြိုက် နေခဲ့ရတာ နည်းပါတယ်။ လူ့ဘဝမှာ ကိုယ့်စိတ်ကြိုက်သာ ဖြစ်ခွင့်ရရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ လူဆိုတာ တဦးတည်း ရှင်သန် နေထိုင်လို့ မရပါဘူး။ ပတ်ဝန်းကျင် အဖွဲ့အစည်း ရှိပါတယ်။ ပတ်ဝန်းကျင် ကောင်းကျိုးအတွက် လုပ်ကိုင်ရပါတယ်။ ဒါမှ အဓိပ္ပါယ်ရှိစွာ ရှင်သန် နေထိုင်ခြင်း ဖြစ်မှာပါ။
လွတ်လပ်ခွင့်က လူတွေအတွက် အရေးကြီးပါတယ်။ စိတ်၏ လွတ်လပ်ခြင်း၊ ကိုယ်၏ လွတ်လပ်ခြင်းပေါ့။ လွတ်လပ်ခွင့် အတွက်ပဲ ကျနော်တို့ တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ လွတ်လပ်ခွင့် အတွက် တိုက်ပွဲဝင်သူတွေဟာ ကိုယ်ပိုင် လွတ်လပ်ခွင့်တွေကို မကြာမကြာ ဆုံးရူံးရတယ်။ မြန်မာပြည်နဲ့ နယ်နမိတ်ချင်း စပ်နေတဲ့ နိုင်ငံတခုမှာ ကျနော် တရားမဝင် နေပါတယ်။ ဆယ်နှစ်ကျော် ကာလအတွင်း အဲဒီနိုင်ငံက ပုလိပ်တွေရဲ့ အဖမ်းကို ခုနစ်ကြိမ် ရှစ်ကြိမ်ခန့် ခံခဲ့ရပါတယ်။ ပုလိပ်တွေရဲ့ ရိုင်းစိုင်းတဲ့ ဆက်ဆံမှုကို ခံရတိုင်း ကျနော် ဒေါသဖြစ်မိတယ်။ အချုပ်ထဲမှာ၊ ထောင်ထဲမှာ နေရတဲ့ အချိန်တွေတိုင်း အပြင်ကို အမြန်ဆုံး ပြန်ရောက် ချင်တယ်။ လွတ်မြောက်ချင်တယ်။ ဒါပေမဲ့ အဆိုးဆုံးနဲ့ ကျနော့်ဘဝမှာ ဒီကနေ့အထိ အမှတ်တရ ဖြစ်နေတဲ့ နေ့စွဲတွေထဲမှာ စစ်အစိုးရရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး၊ (၁၁)ရက်ကြာ စစ်ကြောရေး စခန်းတခုမှာ လူမသိ သူမသိ အစစ်အဆေး အနှိပ်စက် ခံခဲ့ရတဲ့ နေ့ရက်တွေ ပါဝင်ပါတယ်။ လူသားတဦးရဲ့ ဘဝမှာတော့ တကယ့်ကို ရိုင်းစိုင်းတဲ့ သမိုင်း ရက်စွဲတွေပါပဲ။
ကျယ်ဝန်းတဲ့ စစ်တပ် ဝင်းတခုအတွင်းက အဆောင် တခုမှာ အကျဉ်းသား ကျနော်နဲ့ စစ်ဆေးသူ လူ့အန္ဓ ခြောက်ယောက်ပဲ ရှိပါတယ်။ အဖမ်းခံရကတည်းက မျက်စိပိတ် လက်ထိပ်ခြေထိပ် ခတ်ခံထားခဲ့ရတဲ့ ကျနော်ဟာ ဘယ်နေရာကို ရောက်နေမှန်း မသိခဲ့ပါဘူး။ နောက်မှ နေရာကို ပြန်သိရပါတယ်။ တညမှ အိပ်ခွင့် မပေးခဲ့ဘူး။ တွင်းတူးထားပြီးပြီ၊ ဒို့က မလုပ်ချင်ပေမဲ့ အထက် အမိန့်အရ မင်းကို မကြာခင် သတ်ရလိမ့်မယ်လို့လဲ သူတို့က မကြာမကြာ ပြောတတ်ပါတယ်။ အဲဒီ အချိန်မှာ ကျနော့် စိတ်ထဲမှာ ခံစားချက် တစ်ခုပဲ ရှိပါတယ်။ အဲဒါက သေရမယ့် အချိန်ကို စောင့်နေတာပါပဲ။ ကျနော့်လို ကောင်မျိုးကိုတောင် အဲသလောက် ရက်စက် ယုတ်မာခဲ့ကြသေးရင် ကိုမင်းကိုနိုင်တို့လို ကျောင်းသား ခေါင်းဆောင်တွေကို ဘယ်လောက်အထိ စိတ်ဒါဏ်ရာတွေ ရအောင် လုပ်ကြမယ် ဆိုတာ ကျနော်ခန့်မှန်း ကြည့်နေမိပါတယ်။ ပိုဆိုးတာက စစ်ခွေးတွေရဲ့ လိုက်လံ ဖမ်းဆီးခြင်းကနေ ရှောင်တိမ်းရင်း လူထု လူပ်ရှားမူကို ဦးဆောင်ခဲ့တဲ့ ကိုဌေးကြွယ်၊ ကိုလှမျိးနောင်၊ ကိုအောင်သူ၊ မမီးမီး တို့ အဖမ်းခံရပြီး စစ်ကြောရေး စခန်းတွေမှာ ဘယ်လောက်အထိ နှိပ်စက် ခံနေရမှာလဲ…။ ဗကသ ကျောင်းသား ခေါင်းဆောင် ကိုစည်သူမောင်နဲ့ မဟန်နီဦးတို့ ဘယ်လောက် ရက်စက်မှုတွေနဲ့ ရင်ဆိုင်နေရပြီလဲ…။ စဉ်းစားမိတိုင်း ကျနော် ကြေကွဲစွာ ခံစားရတယ်။
သို့သော်..မည်သို့ပင် ဖြစ်ပါစေ၊ ဗမာဖြစ်ရတာကို ကျနော့်အနေနဲ့ ဘယ်တုံးကမှ ဂုဏ်မငယ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျနော်တို့ လူလာဖြစ်ခဲ့တဲ့ နိုင်ငံက ဆင်းရဲ စုတ်ပြတ်နေတယ်၊ ဘက်ပေါင်းစုံမှာ ချွတ်ခြုံ ကျနေတယ်။ အမျိုးသားရေး ဂုဏ်သိက္ခာတွေ ညိုးနွမ်းနေတယ်။ စစ်အာဏာရှင်အောက်မှာ ဆယ်စုနှစ် လေးခုကျော် ဖြတ်သန်းလာပြီးတဲ့နောက် လူ့ကျင့်ဝတ် သိက္ခာ၊ တဦးချင်း ဂုဏ်သိက္ခာ ဆိုတာတွေ အတုံးအရုံး လဲကျ ပျက်စီးနေတယ်။ ရှေးမြန်မာ ဘုရင်တွေရဲ့ ရာဇဝင်တွင်တဲ့ ဂုဏ်ရောင် ထွန်းပြောင် ခဲ့မှုတွေ၊ နယ်ချဲ့ အင်္ဂလိပ်နဲ့ ဖက်ဆစ်ဂျပန်ကို တော်လှန် တိုက်ထုတ်ခဲ့တဲ့ မျိုးချစ်စိတ်ဓါတ် ဆိုတာတွေကို ဒီကနေ့မှာ ပြန်လည် ဆန်းစစ်ဖို့လည်း လိုနေပြီ။ လူ့သဘာဝအရ လူဆိုတာ ကိုယ်ရောစိတ်ရော ချမ်းသာချင်တယ်။ အေးဆေးသက်သာ နေချင်တယ်။ ဒါပေမဲ့ အဲဒါတွေထက် ပိုအရေးကြီးတာက ကိုယ်ကျင့်သိက္ခာပဲ၊ ကိုယ်ကျင့်သိက္ခာရှိမှ လူ့ဂုဏ်သိက္ခာ ရှိနိုင်မယ်။ ဂုဏ် သိက္ခာ မရှိတဲ့လူ၊ ဂုဏ်သိက္ခာ မရှိတဲ့ လူမျိုးတွေနေတဲ့ တိုင်းပြည်တွေဟာ ဘယ်တော့မှ မော်ကြွားနိုင်မှာ မဟုတ်ဘူး၊ရှေ့တန်းကိုလည်း ရောက်နိုင်မှာမဟုတ်ဘူး။
ဆင်းရဲ စုတ်ပြတ်နေတဲ့ ဘဝမှာ လူတွေ အကျင့်ပျက်တာလောက် ဆိုရင် တော်သေးတာပေါ့လို့ ဖြေတွေးလေး တွေးနိုင်ပေမဲ့၊ ဗုဒ္ဓဘာသာမှာ ဘုရား၊ တရားနဲ့ တဂိုဏ်းထဲ နေရာပေးခံရတဲ့ ဘုန်းကြီးတွေ ကိုယ်ကျင့် သိက္ခာ ပျက်တာကတော့ ဖြေတွေး တွေးပေးဖို့ ခက်ပါတယ်။ ပဲခူးမြို့ ကြခတ်ဝိုင်း ဆရာတော်ဟာ နှယ်နှယ်ရရ ဆရာတော်တော့ မဟုတ်ပါဘူး။ တခါက စစ်အစိုးရ ဆန့်ကျင်ရေး စကားတွေ မိန့်ကြားခဲ့ဖူးတယ်။ ဒါပေမဲ့ စက်တင်ဘာလ ဘုန်းကြီးတွေ သပိတ်မှောက် ကံဆောင် ပွဲမှာတော့ သူ့ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ပြသလိုက်တော့တယ်။ ကြားခါစက ကိုယ့်နား ကိုယ်တောင် မယုံကြည်မိဘူး။ သူ့ကျောင်းက သံဃာတွေကို ဆန္ဒပြပွဲတွေမှာ မပါဝင်နိုင်အောင် ကျောင်းကို သော့ခတ်ထားလိုက်တယ်။ NLD နဲ့ဆန္ဒပြသူတွေက သူ့ကျောင်းက မှန်တံခါးတွေကို ရေပုလင်းတွေနဲ့ ပေါက်ခွဲတယ်လို့လည်း စစ်အစိုးရကို လက်မှတ်ထိုး တိုင်ကြားတယ်။ သားသုံးသား ရှင်းလင်းရေး တရားကိုလည်း သူပဲဟောသတဲ့။
ဘုန်းကြီးတွေလည်း ပြောင်းလဲ တတ်သလား။ ဒါ့အပြင် သံဃ မဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးတွေ အနေနဲ့ကော သွေးချောင်းစီး နှိမ်နင်းမှုတွေကို ရပ်တန့်နိုင်စေဖို့ တခုခုဝင်ရောက် မလုပ်ကိုင်သင့် ပေဘူးလား ဆိုတာကို လူတော်တော်များများ မေးခဲ့ကြတယ်။ စစ်အာဏာရှင်တွေက တိုင်းပြည်ကို ဖျက်ရုံတင် အားမရလို့၊ သာသနာပိုင်တွေကို လာဒ်လာဘတွေနဲ့ ဖျက်ဆီးခဲ့ပြီလား။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာပြည် လွတ်လပ်ရေးအတွက် အသက်ပေး၊ ဘဝပေး တိုက်ပွဲ ဝင်နေသူများ အားလုံး၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုမြအေး၊ ကိုလှမျိုးနောင်၊ ကိုဂျင်မီ၊ မနီလာသိန်း၊ ကိုအောင်သူ၊ မမီးမီးနဲ့ ၈၈-မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ အားလုံး၊ ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင်၊ ကိုစည်သူမောင်၊ မဟန်နီဦးနဲ့ ဗကသ ခေါင်းဆောင်များ အားလုံး ဘဝတွေ၊ အသက်တွေပေးပြီး တိုက်ပွဲဝင်နေတာဟာ ပုဂ္ဂိုလ်ရေး တစုံတရာ အကျိုးအတွက် မျှော်ကိုးလို့ မဟုတ်ပါဘူး။ ဗမာပြည် လွတ်မြောက်ရေး၊ အမျိုးသားတွေ လွတ်မြောက်ရေး သို့မဟုတ် အမျိုးသားရေး ဂုဏ်သိက္ခာကို အဖတ်ပြန်ဆည်ဖို့ တိုက်ပွဲ ဝင်နေကြတာပါ။ တိုင်းပြည်အတွက် အသေခံဖို့ သူတို့တွေ အဆင်သင့် ရှိနေကြ ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ၊ အောက်တိုဘာ တိုက်ပွဲတွေမှာလည်း ဘုန်းဘုန်းတွေ၊ သီလရှင်တွေ ရှေ့ထွက် တိုက်ပွဲ ဝင်ခဲ့ပြီးပြီ။ ဘယ်နှစ်ပါး သေဆုံးသွားကြပြီလဲ။ ထောင်ထဲမှာ စစ်ကြောရေး စခန်းတွေမှာ ဘယ်နှစ်ပါး အဖမ်းခံ ထားရလဲ။ သူတို့ အားလုံးဟာ တိုင်းပြည်အတွက်၊ ပြည်သူလူထုကြီး အတွက်၊ သာသနာကို စောင့်ရှောက် ကာကွယ်ရန် အတွက် တိုက်ပွဲ ဝင်ခဲ့ကြတာပါ။ တကယ်က လွတ်မြောက်ရေး တိုက်ပွဲကို လူတွေကသာ ရှေ့ဆောင်ပြီး လုပ်ကြရမှာ.. အခုတော့ လူတွေက မလုပ်လို့ ဘာသာရေး ခေါင်းဆောင်တချို့ အသက်တွေ ပေးခဲ့ကြရပြီ။
ကျနော်တို့ အားလုံး နားလည်ကြဖို့ လိုနေပါပြီ။ လူမျိုးရေး ဂုဏ်သိက္ခာလည်း အတုံးအရုံး ကျရှုံးနေပါပြီ။ သာသနာလည်း ညစ်နွမ်းနေပြီ။ တိုင်းပြည်လည်း စုတ်ပြတ်သတ်နေပြီ။ ကိုယ်နဲ့ မဆိုင်သလို ဘာသိဘာသာ နေကြမယ်ဆိုရင်၊ လက်ရှိ အခြေအနေကနေ အချိန်မီသာ မပြောင်းလဲနိုင်ရင်တော့ …

No comments: