Tuesday, August 21, 2007

တက္ကသိုလ် ကျောင်းသားများ၏ ဆန္ဒပြပွဲ မအောင်မြင်ဖြစ်သွား

တက္ကသိုလ် ကျောင်းသားများ၏ ဆန္ဒပြပွဲ မအောင်မြင်ဖြစ်သွား
မဇ္ဈိမသတင်းဌာန
သြဂုတ် ၂၀ ရက်၊ ၂၀၀၇ ခုနှစ်။
အနောက်ပိုင်း တက္ကသိုလ် ကျောင်းသားများက လမ်းလျှောက် ဆန္ဒပြပွဲကို ယနေ့ နံနံက်တွင် ပြုလုပ်ရန် စီစဉ်ထားရာ အာဏာပိုင်များက ကြိုတင် သတင်းရ၍ ဖြိုခွဲလိုက်သဖြင့် မအောင်မမြင် ဖြစ်သွားရသည်။

ရန်ကုန်တိုင်း ဒညင်းကုန်းမြို့နယ် ကားဂိတ်မှ ထန်းတပင်ရှိ အနောက်ပိုင်း တက္ကသိုလ်သို့ နံနက် ၈ နာရီခွဲတွင် အသံတိတ် လမ်းလျှောက် ဆန္ဒပြရန် ကျောင်းသားများ စုရုံး ရောက်ရှိလာစဉ်တွင် ဒညင်းကုန်း ကားဂိတ် ပတ်လည်တွင် ရဲ၊ မီးသတ်၊ ကြက်ခြေနီများ ချထားပြီးနောက် ကျောင်းသားများကို ကျောင်းအရောက် ကားဖြင့် ပို့ခဲ့သဖြင့် မအောင်မမြင် ဖြစ်သွားသည်။

သို့သော်လည်း လောင်စာဆီ ဈေးနှုန်းများ မြင့်တက်ရာမှ ကုန်ဈေးနှုန်းများလည်း ထိုးတက်သွားခြင်းကြောင့် ဒေါသ ထွက်နေသည့် ကျောင်းသားများက ကျောင်းအဆင်းချိန်တွင် ဆန္ဒပြရန် စီစဉ် ထားသည်ဟု ကျောင်းသတင်း ရပ်ကွက်အရ သိရသည်။

ကျောင်းသားများကို လှုံ့ဆော်သည် ဆိုကာ ၂၀၀၇ ကျောင်းသား ခေါင်းဆောင်ဟု ထင်ရှားလာသူတယောက် ဖြစ်သော ဘူမိဗေဒ အထူးပြု ဘာသာရပ် တတိယနှစ် ကျောင်းသား ကိုဒီငြိမ်းလင်းကို ကျောင်းအာဏာပိုင်များက နံနက် ၉ နာရီခန့်တွင် ဆူပူ ကြိမ်းမောင်းခြင်းများ ပြုလုပ်ခဲ့သည်။

ကိုဒီငြိမ်းလင်းမှာ သာယာဝတီ အကျဉ်းထောင်အတွင်း ကွယ်လွန် သွားခဲ့ရသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောဝင်း၏ မြေး ဖြစ်သည်။

သားဖြစ်သူ၏ သတင်းကိုကြား၍ မိဘနှစ်ပါးက တက္ကသိုလ် ကျောင်း အာဏာပိုင်များနှင့် သွားရောက် တွေ့ဆုံသောအခါ ကျောင်းအာဏာပိုင်များက လေသံ ပြောင်းသွားပြီး ကိုဒီငြိမ်းလင်း အနေဖြင့် ဘွဲ့ရရန် တနှစ်သာ လိုတော့သဖြင့် ကျောင်းစာကို ဂရုစိုက်စေလိုကြောင်းနှင့် မိဘများကလည်း တိုက်တွန်း ပေးစေလိုကြောင်း ပြောခဲ့သည်ဟု သူ၏ မိဘများနှင့် ရင်းနှီးသူ တဦးက မဇ္ဈိမကို ပြောပြသည်။

ကုန်ဈေးနှုန်း တက်သည့်ကိစ္စကို အစိုးရ အနေဖြင့် ဖြေရှင်းရန် လမ်းလျှေက် ဆန္ဒပြပွဲ တခု ယမန်နေ့က ရန်ကုန်မြို့တွင် စတင် ဖြစ်ပေါ်ခဲ့ပြီးနောက် နောက်ထပ် ဆန္ဒပြမည် ဆိုသည့် သတင်းများလည်း ကြားသိနေရသည်။

အတည်မပြုနိုင်သေးသော သတင်းတခုအရ ပြန်ကြားရေး ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက သတင်းစာ ရှင်းလင်းပွဲ တရပ် ယနေ့ညနေတွင် ပြုလုပ်ဖွယ် ရှိသည်ဟု သိရသည်။

နောက်ဆက်တွဲ ရရှိသော သတင်းအရ ညနေပိုင်းတွင် ကျောင်းသူများက ဦးစီးပြီး စုစုပေါင်း လူ ၁၅ ယောက် ခန့်က အနောက်ပိုင်း တက္ကသိုလ်မှသည် ဒညင်းကုန်း ကားဂိတ်အထိ လမ်းလျှောက် ဆန္ဒပြခဲ့သည်ဟု ဆိုသည်။

အလားတူ ဆန္ဒပြပွဲ အသေးတခု ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ရာ မနီမိုလှိုင် ဦးဆောင်သော လူ ၂၀ ယောက်ခန့်က တာမွေ မှတ်တိုင်မှသည် ရွှေဂုံတိုင် လမ်းဆုံအထိ စီတန်း လမ်းလျှောက်ခဲ့သည်။ ထို့နောက် ဆန္ဒပြပွဲများ ဖြစ်ပွားမည်ကို စိုးရိမ်၍ ညနေပိုင်းတွင် ရပ်ကွက် အာဏာပိုင်များနှင့် အရပ်ဝတ် ထောက်လှမ်းရေးများ အနီးတ၀ိုက် ချထားသည်ဟု သိရသည်။

No comments: