Monday, August 20, 2007

လောင်စာဆီ ဈေးနှုန်း မြင့်တက်မှုအပေါ် သဘောထားအမြင်များ

လောင်စာဆီ ဈေးနှုန်း မြင့်တက်မှုအပေါ် သဘောထားအမြင်များ
မဇ္ဈိမသတင်းဌာန
သြဂုတ်လ ၁၆ ရက်၊ ၂၀၀၇ ခုနှစ်။
ယခုလ ၁၄ ရက်နေ့ညပိုင်းမှ စတင်ကာ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှ တိုက်ရိုက် အမိန့်ထုတ်လိုက်သဖြင့် ရန်ကုန်တိုင်း သင်္ကန်းကျွန်း မြို့နယ်ရှိ မထသ ခေါ် မော်တော်ယာဉ် ထိန်းသိမ်းရေး ရုံးတွင် အစည်းအဝေးတရပ် ကျင်းပပြီးနောက် လောင်စာဆီ ဈေးနှုန်းများ မြှင့်တင် သတ်မှတ်လိုက်သဖြင့် ဒေသခံ ပြည်သူများအကြား အခက်အခဲများ ကြုံတွေ့လာရသည်။

ဤကိစ္စများနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ နိုင်ငံရေး အင်အားစုများမှ ပြောခွင့်ရ ပုဂ္ဂိုလ်များကို လက်ရှိနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို ဆက်သွယ် မေးမြန်း တင်ပြထားပါသည်။

ဦးမြင့်သိန်း
(ပြောခွင့်ရပုဂ္ဂိုလ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)

ဓာတ်ဆီဈေးတက်တယ်ဆိုတော့ မကောင်းဘူးလေ။ တဆတက်တာ မဟုတ်ဘူး။ ၅ ဆလောက် တက်တာဆိုတော့ ပိုဆိုးတာပေါ့။ ဒါထက် ပိုဆိုးတာက ဒါတွေကို ကြိုတင်ကြေညာ အသိပေးခြင်း မရှိဘဲနဲ့ ချက်ခြင်း ဒီလို တက်လိုက်တော့ ပြည်သူလူထု ဒုက္ခရောက်တာပေါ့။ ကျန်တဲ့ ကုန်ဈေးနှုန်းတွေလည်း ဈေးတက်ဖို့ အလားလာရှိတယ်။ အားလုံးဟာ မလွဲမသွေ ဒုက္ခ အကျပ်အတည်းနဲ့ ရင်ဆိုင်ရမှာပဲ။ အထူးသဖြင့်တော့ အခြေခံ ကုန်ဈေးနှုန်း ဖြစ်တဲ့ သယ်ယူပို့ဆောင်စရိတ် တက်တဲ့အတွက်ကြောင့် ကျန်တဲ့ ဈေးနှုန်းတွေလည်း ဒီအပေါ်မှာ မှီပြီးတော့ ဈေးတက်ကုန်မှာပဲ ဖြစ်တယ်။

ပြည်သူလူထုအတွက် အကျပ်အတည်း၊ အခက်အခဲတွေ လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေထက် ပိုမိုပြီးတော့ ပြည်သူလူထု၊ ကျနော်တို့ အပါအ၀င်ပေါ့၊ လူထုဟာ ရင်ဆိုင်နေအုံးမှာ ဖြစ်တယ်။ အဲဒီအချိန်မှာတော့ ကျန်တဲ့ အဆင်ပြေနေတဲ့လူ၊ ဒါတွေကို လှည့်ကြည့်စရာ မလိုတဲ့ လူတွေကတော့ ဟိုတုန်းက ပြင်သစ်မှာပြောတဲ့ စကားရှိတယ်၊ ပေါင်မုန့် မရှိရင် ကိတ်မုန့် စားပါလား ဆိုတာမျိုး။ သူတို့အတွက် ထိရောက်မယ်လို့ မထင်ဘူး။ ဒီဟာကတော့ အခြေခံ လူတန်းစားတွေ အတွက်တော့ အခက်အခဲ၊ အကျပ်အတည်း အဆိုးဆုံးပဲလို့ မြင်ပါတယ်။ အဲဒီဟာကို မှီပြီးတော့ ဖြစ်လာမယ့် ပြဿနာတွေကို ရင်ဆိုင်ရမှာပဲလို့ မြင်ပါတယ်။

သယ်ယူပို့ဆောင်ရေးခ တက်လာတဲ့ အတွက်ကြောင့် စီးပွားရေးတွေဟာ ပိုပြီးတော့ အကျပ်အတည်း တွေ့လာတဲ့အမျှ စီးပွားရေး ဆိုတာ နိုင်ငံရေးနဲ့ ဆက်နွယ်နေတာပဲ။ အဲဒီတော့ ဒါတွေအတွက်ကြောင့် ပိုမိုပြီးတော့ အခက်အခဲတွေ ရင်ဆိုင်ရဖွယ် ရှိတယ်။

အဓိကတော့ ပြည်သူတွေအပေါ် တာဝန်ယူရမှာပဲ။ ပြည်သူတွေရဲ့ လုံခြုံမှုအပေါ်မှာ ဆောင်ရွက်ရမှာပဲ။ ဆောင်ရွက်မှ အစိုးရကောင်း ဖြစ်တယ်။ ကျနော်တို့လည်း ဒီအပေါ်မှာ လေ့လာနေပါတယ်။

ဦးအေးသာအောင်
(အထွေထွေ အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ)

အခုတခါမှာတော့ ၅ ဆတက်တာပေါ့။ အဲဒါဟာ နဂိုက ရှိနေတဲ့ အထွေထွေ ကုန်ဈေးနှုန်း တက်နေတဲ့အပေါ်မှာ ထပ်လောင်းပြီးတော့ ကုန်ဈေးနှုန်းတွေ တက်လာနိုင်တယ်လို့ မြင်တယ်။ အဲဒီအပေါ်မှာ အခြေခံ လူတန်းစား လက်လုပ်လက်စားတွေ အများဆုံး ၀န်ထမ်းတွေ တက်လာမယ့် ကုန်းဈေးနူန်းတွေရဲ့ အကျိုးဆက်တွေကို ခံရမယ်လို့ ထင်ပါတယ်။ အဓိက ရခိုင်မှာ ဂက်စ်တွေ အများကြီး ထွက်နေပေမယ့် ရခိုင်ပြည်သူတွေနဲ့ မြန်မာနိုင်ငံသား အားလုံးပေါ့ ဘာအကျိုးခံစားမှုမှ မရှိဘူး။ ဒါဟာ သူတို့အတွက် ရောင်းစားနေတာ ဖြစ်တယ်။

သွားရေးလာရေးအတွက် အရမ်းကို အခက်အခဲ ဖြစ်နေတယ်။ ကားတွေကလည်း ပုံမှန်အတိုင်း မထွက်နိုင်ကြဘူး။ တချို့ကားတွေ မထွက်နိုင်ကြဘူး။ တချို့တွေကလည်း ရငွေနဲ့ မကိုက်တဲ့ အခါကျတော့ လူထုနဲ့ ပြဿနာ တက်နေကြရတယ်။ သွားရေးလာရေး အခက်အခဲ ဖြစ်နေကြရတယ်။ ကားခတွေလည်း ၂ ဆလောက် တက်နေတယ်။ ပြည်သူတွေရဲ့ လုပ်ရဲကိုင်ရဲ ပြဿနာ ဖြစ်နေတယ်။ အခုအချိန်မှာတော့ အထူးသဖြင့် ဓာတ်ဆီဈေး လုံးဝ မတက်သင့်ဘူး။ ဒါ ပြည်တွင်းမှာ ထုတ်လုပ်လို့ ရတဲ့အတွက်ကြောင့် ဈေးမတက်သင့်ဘူး။ တက်ရင်တောင် ၄၊ ၅ ဆ မတက်သင့်ဘူးလို့ ထင်ပါတယ်။

ကိုပြုံးချို
(၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)

ဒီနေ့က တရားဝင် ကားခတွေ ဈေးတက်နေတယ်။ ၁၀၀ ကနေ ၂၅၀ ဈေးတက်တယ်။ နဂိုကတည်းက ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ အထဲက အခုတော့ ပိုပြီး ခက်ခဲပြီပေါ့။ စားဝတ်နေရေးအတွက် ရှာဖွေ စားသောက်နေရတဲ့ အပေါ် မရှိမဖြစ် လိုအပ်တဲ့ သွားရေးလာရေးအတွက် မတန်တဆ ဒုက္ခတွေကြားထဲက အခုလို သွားလာစရိတ်ကို ပိုမြှင့်ပေးလိုက်တော့ ပိုမွန်းကြပ်သွားတာပေါ့။ နေ့စဉ် လူထုက ဖြတ်သန်းနေတဲ့ ကိစ္စအ၀၀ကို ဈေးနှုန်းတွေ မြင့်နေမယ်ဆိုရင် ပြည်သူလူထုကို အကြောင်းကြားသင့်တာပေါ့။ အခုက လူတွေက ကားပေါ်ရောက်မှ သိတယ်။

ဆိုတော့ တဘက်ကကျတော့လည်း နဂိုကမှ ဈေးနှုန်းတွေ မြင့်နေရတဲ့အထဲ ဓာတ်ဆီတွေ မြင့်လိုက်တော့ စားဝတ်နေရေးတွေ ပိုခက်ခဲသွားတာပေါ့။ တာဝန်ရှိတဲ့ လူတွေ အနေနဲ့တော့ ချင့်ချိန်ပြီး လုပ်သင့်တာပေါ့။ တကယ်တကယ် ပြောလို့ရှိရင် ဒီလိုလုပ်လိုက်တဲ့အတွက် နေ့စဉ် ဖြတ်သန်းတဲ့ ပြည်သူလူထုအတွက် တိုက်ရိုက် ထိခိုက်တာပေါ့။ ကျနော်တို့ကိုလည်း တိုက်ရိုက် ထိခိုက်တာပေါ့။ ကျနော်တို့လည်း နိုင်ငံတနိုင်ငံ လုပ်ဆောင်ရမယ့် အရာတွေ အများကြီးထဲမှာ အခုလို ဖြစ်လာတော့ ကျနော်တို့လည်း အရမ်းကို စိတ်မကောင်းဖြစ်မိတယ်။

ဓာတ်ဆီဈေးတွေတက်တော့ ခရီးသွားလာ စရိတ်တွေလည်း တက်တယ်။ နေ့စဉ် စားသုံးနေတဲ့ ကုန်ပစ္စည်းတွေလည်း တက်သွားတယ် ဆိုတော့ လူထုတွေ အနေနဲ့တော့ သူတို့ရတဲ့ ၀င်ငွေနဲ့ မကိုက်ညီလာတော့ ပုံစံတွေ အမျိုးမျိုး သဘာဝမကျတဲ့ အနေအထားတွေ ၀င်ရောက်လာနိုင်တာပေါ့။ နဂိုကမှ အခက်အခဲတွေကို ရိုင်းပင်း ဖြေရှင်းရတဲ့ ပုံစံမျိုး မရှိတဲ့ကြားထဲမှာ အခုလို ဒုက္ခတွေ ထပ်ပြီး ဖြစ်လာတော့ ပိုပြီး ကျပ်တည်းတဲ့ အနေအထားတွေ ဖြစ်လာတာပေါ့။

အမျိုးသားရေး ဦးဝင်းနိုင်

ဓာတ်ဆီဟာ သယ်ယူ ပို့ဆောင်ရေးကို အဓိကကို ၇၅ ရာခိုင်နှုန်း မြှင့်လိုက်တာပေါ့နော်။ တင်လိုက်တော့ မနေ့ကတော့ ဘာဖြစ်သွားလဲ ဆိုတော့ ဘတ်စ်ကား တ၀က်လောက် ရပ်သွားတယ်။ နောက်တော့ အာဏာပိုင်တွေက မထွက်မနေရ အမိန့်ထုတ်လိုက်မှ ထွက်ကြရတယ်။ ၅၀ ယူတဲ့ လမ်းကို ၁၀၀ ယူတယ်။ ၁၀၀ ယူတဲ့ လမ်းကို ၃၀၀ ယူတယ်။ အဲဒီလို ဖြစ်လာတဲ့အတွက် အလုပ် မဆင်းနိုင်ကြဘူး။ အလုပ်သမားတွေက အလုပ်မဆင်းနိုင်တော့ နေစားသမားတွေက တနေ့လုပ်အားခ မရတော့ဘူး။ အဲဒါ လောလောဆယ် ထိခိုက်တာ။ ရေရှည်ကျတော့ ဓါတ်ဆီ ဈေးတက်တော့ တခြားကုန်စည်တွေလည်း ဈေးတက်လာတာပေါ့နော်။ နောက်ဆုံးခံရတာက လူထုတွေပေါ့။ ကန်ဇွန်းရွက်ကအစ ဈေးတက်လိုက်တယ်။ ဒါက တနိုင်ငံလုံးမှာ ထိခိုက်သွားတာပေါ့။ ဒါဟာ မကောင်းတဲ့ ဆိုးကျိုးတွေပဲ ဖြစ်နေတယ်။ ကောင်းတဲ့ရလဒ်က ဘာတခုမှ မရဘူး။ နောက်တခုက နိုင်ငံတိုင်းကို ကြည့်မယ်ဆိုလို့ ရှိရင် စီးပွားရေး အခြေအနေကို ကောင်းအောင်လုပ်ကြတယ်။ ဒါပေမဲ့ ဒီအစိုးရက ပြောင်းပြန် လုပ်လိုက်တယ်။

လူထု လှုပ်ရှားမယ် ဆိုရင်လည်း မဖြစ်နိုင်ဘူး။ ဘာကြောင့်လည်းဆိုတော့ လူထုတွေဟာ အရမ်း ကြောက်နေကြတယ်။ ခေါင်းဆောင်မရှိတဲ့ သဘောလည်း ဖြစ်နေတယ်။ ပထမအချက်က ကြောက်တာက တချက်။ စိတ်ချလက်ချ အားကိုးစရာ ခေါင်ဆောင်ကောင်း မရှိသလို ဖြစ်နေတာက တချက်။ လူထုလှုပ်ရှားမှု မဖြစ်လာနိုင်ဘူး။ အခုဆိုရင် လူထုက ငတ်မှာပဲ။ ကျနော်ကိုယ်တိုင် ဆန်တွေ လိုက်ဝေနေတယ်။ မနေ့ကအထိ ၈ ကြိမ်ရှိပြီ။ ပြည်သူတွေ ဘယ်လောက် ငတ်နေတယ်ဆိုတာ ကျနော်သိတယ်။ ကျနော်လည်း ရတဲ့အလှူတွေနဲ့ လိုက်ဝေတယ် ဆိုတော့ အာလုံးကို ဝေဖို့ မတတ်နိုင်ဘူး။ ကျနော့်အမြင်က ငတ်ပြီး သေကုန်ကြမယ်။ မြောက်ကိုးရီးယားလို၊ ယူဂန်ဒါ တို့မှာလည်း ငတ်ပြီး သေကြတယ်။
လုံးဝကို လက်ရှိ အစိုးရက တာဝန်ယူသင့်တယ်လို့ မြင်တယ်။

No comments: