Monday, August 20, 2007

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ပြောပြချက်


၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ပြောပြချက်

လမ်းတလျှောက်မှာ ပထမ လျှောက်လာခါစမှာ လူ ၂၀၀-၃၀၀ လောက်ပဲ၊ နောက်ကျတော့ မှတ်တိုင်တွေမှာ လူတွေက မေးတော့ ဘာလုပ်တာလဲ၊ ဘာလုပ်တာလဲ။ ဒီလို ဒီလိုပဲ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ လောင်စာဆီတွေ ဈေးတက်တဲ့အတွက် လမ်းလျှောက်ကြတယ် ဆိုတဲ့ အခါကျတော့ သူတို့လည်း ဆင်းလာတယ်။ ကားပေါ်ကဆင်း သူတို့လည်းလျှောက် ဆိုပြီးတော့ လိုက်လာတယ်။ နောက်ရပ်ကွက်ထဲက လူတွေလည်း ၀င်ပြီးတော့ ပါလာကြတယ်။ တက္ကစီပေါ်က လူတွေကလည်း အားပေးတယ်၊ အခက်အခဲ အကုန်လုံး တူနေကြတယ် ဆိုတော့ ကားသမားတွေက ဆင်ပြီးတော့ လက်နှုတ်ဆက်တာ ရှိတယ်။ ကားပေါ်က လက်ပြကြတယ်။ ဒီလိုနဲ့ တဖြည်းဖြည်းနဲ့ ရွှေဂုံတိုင် မီးပွိုင့် ရောက်လာတဲ့အခါကျတော့ မှတ်တိုင်က လူတွေကပါ သဘောပေါက်သွားပြီးတော့ အဲဒီမှာ ၀င်ပူးပေါင်းကြတယ် ။ နောက်ဆုံး တာမွေဈေး ကျောက်မြောင်းဈေး တွေရောက်လာတဲ့ အခါမှာ လူအုပ်တွေက အရမ်းများသွားတဲ့ အခါကျတော့ လမ်းတွေပါ ပိတ်သွားတော့ လမ်းပိတ်ဆို့မှု ဖြစ်မှာစိုးလို့ အဲဒီမှာ လူစုခွဲလိုက်ရတယ်။

အာဏာပိုင်တွေက မနှောက်ယှက်ဘူးဗျာ။ ရိုးရိုးပဲ ပြောရရင် မော်တော်ဆိုင်ကယ်နဲ့ ဓါတ်ပုံရိုက်တယ်။ ဟိုင်းလတ်ကားတွေနဲ့လာပြီး ဓါတ်ပုံရိုက်တယ်။ ဒီလောက်ပဲ ရှိတယ် ။ တည့်တည့် ကျနော်တို့ကို ဘာမှ အန္တရာယ် မပြုဘူး ။ တခု ရှိတာပေါ့ဗျာ၊ ဘုရားတွေ ဘာတွေကိုတော့ အသည်းအသန် ကျနော်က ခြောက်ထပ်ကြီး ငါးထပ်ကြီးတို့က ဖြတ်လာတော့ ဘုရားတွေပေါ်တက်ပြီး ဆုတောင်းမယ် ထင်ပြီးတော့ သူတို့က ဘုရားတွေမှာတော့ အသည်းအသန် ပိတ်ဆို့ထားကြတယ် ။ ဒါပေမယ့် ကျနော်တို့က ဒီနေ့ ဆုတောင်းဖို့လာတာ မဟုတ်ဘူး လက်တွေပြဖို့ လာတာကိုး ။

No comments: