Friday, August 24, 2007

ဒေါ်စန်းစန်းမြင့် အဖမ်းခံရ

ဒေါ်စန်းစန်းမြင့် အဖမ်းခံရ
ရေရှည်တိုက်ပွဲဝင်ရန် ၈၈ မျိုးဆက် ဆုံးဖြတ်

မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
သြဂုတ် ၂၄ ရက်၊ ၂၀၀၇ ခုနှစ်

4:22 PM
ဒေါ်စန်းစန်းမြင့် အဖမ်းခံရ - ဆန္ဒပြပွဲ ဦးဆောင်သူတဦး ပြောပြချက်

“ကျနော်တို့ ဒီနေ့တာမွေ ရွှေဒဂုံ အနောက်မှာ ၁နာရီ အထိုးမှာ အစီအစဉ် လုပ်ထားတာပေါ့ဗျာ။ လုပ်ထားတဲ့ အစီအစဉ်မှာ လုံခြုံရေးအရ ကျန်နေတဲ့ အဖွဲ့တွေပါ ပျက်သွားတာ ပေါ့ဗျာ။ ပျက်တာကို ဒေါ်စန်းစန်းမြင့်တို့ အဖွဲ့က နေပြီးတော့ မြို့ထဲ ထွက်ပြီးတော့ သွားမယ် ဆိုပြီးတော့ ကျနော့် အရှေ့မှာတင် ထွက်သွားတယ်ဗျာ ။ ထွက်သွားပြီးတော့ သိပ်မကြာခင်မှာ ကျနော်တို့ဆီကို ဖုန်းပြန်ဝင်လာတာက ဒေါ်စန်းစန်းမြင့် အပါအ၀င် အမျိုးသမီး အချို့ အဆွဲခံလိုက်ရပြီလို့ ကျနော်တို့ကို တိုက်ရိုက် ဆက်သွယ် ထပ်ပြီး သတင်းပို့တာပါ ခင်ဗျာ။”
4:22 PM
ကိုထင်ကျော် က မဇ္ဈိမ သို့ ပြောကြားချက်

“ကျနော်တို့က ဆက်တိုက် လုပ်သွားမှာပဲ။ ဒီနေ့ရယ်လို့တော့ မဟုတ်ဘူးဗျာ။ တခြားပြည်သူတွေကလည်း သူတို့ဘာသာ သူတို့ကတော့ တက်လာကြတာပဲ၊ ကျနော်တို့ တပြည်လုံး အတိုင်းအတာကတော့ လုပ်စရာရှိရင် ဆက်လုပ်မှာပဲ။”


3:52 PM
မကွေး ဒေသခံတဦး၏ ပြောပြချက်

အခု လောလောဆယ် ရဲတွေကို အရပ်ဝတ်စုံတွေနဲ့ ၀တ်ထားတာကို တွေ့ရတယ်။ ၂၀ ရက်နေ့က စတယ်။ နိုင်ငံရေး သမားတွေကို စောင့်ကြည့်တဲ့ အပိုင်းတွေ အများကြီး ရှိတယ်။ ကျောင်းတွေမှာဆိုရင် အလယ်တန်း ကျောင်းတွေလောက်မှာကို လုံခြုံရေး ယူနေတာတွေ ရှိတယ်။ ရဲတွေက အ၀င်အထွက်တွေ ရှိနေတယ်။ အရင်တုန်းက အလယ်တန်းကျောင်းကိုဆိုရင် ဘာမှ မလုပ်ခဲ့ဘူး။

ကျောင်းဆရာ၊ ဆရာမတွေကိုလည်း တာဝန် ပေးထားတယ်။ တက္ကသိုလ်မှာလည်း ဆရာ၊ ဆရာမတွေကို လုံခြုံရေးဆိုပြီး ဖွဲ့စည်းထားတာတွေ ရှိပါတယ်။ လူထုတွေက စောင့်ကြည့်တယ်။ စိတ်ဝင်စားမှု ရှိတယ်။
2:30 PM
ယနေ့ထုတ် စစ်အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာတွင် ဆောင်းပါးရှင် ကျော်မင်းလူ (ရွှေပြည်သာ)က လောင်စာဆီ ဈေးနှုန်းများ မြင့်တက်ရာမှ ဆန္ဒပြမှုများကို တုံ့ပြန် ရေးသားရာတွင် အစိုးရ အနေဖြင့် ဆက်လက် အရှုံးခံ ရောင်းချပေးနေရကြောင်း ပြောဆိုထားသည်။ အစိုးရနှင့် ပြည်သူသည် မိဘနှင့် သားသမီးများ ဖြစ်သည်ဟု ပြောဆိုထားပြီး ဆန့်ကျင်ဘက် အုပ်စုများက မိဘနှင့် သားသမီးများအကြား ရန်တိုက် ပေးနေသည်ဟု ဆိုသည်။

“နိုင်ငံတော် အစိုးရဆိုတာ မိဘ၊ ကျွန်တော်တို့၊ ခင်ဗျားတို့ ပြည်သူတွေကတော့ သားသမီးတွေ ဆိုပါတော့။ ဒီလို စဉ်းစားကြည့်ရင် ဘယ်မိဘမှ ကိုယ့်သားသမီး ဆင်းရဲ ဒုက္ခရောက်တာ မြင်ချင် တွေ့ချင်ကြမှာ မဟုတ်ပါဘူး။” ဟု ရေးသားထားသည်။

1:58 PM
ပြည်တွင်း ဆန္ဒပြသူများနှင့် သဘောထားတူညီကြောင်း ပြသသည့်အနေဖြင့် ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသားများက သြဂုတ်လ ၂၆ ရက်နေ့တွင် ဆိုးလ်ရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြရန် စီစဉ်နေကြသည်။

1:31 PM
ဆန္ဒပြပွဲလုပ်မည့် အစီအစဉ် ဖျက်သိမ်း
(၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုအောင်နိုင် ပြောကြားချက်)

“ကျနော်ပြောတယ်လေ ပွဲလုပ်မယ့် ကိစ္စလေ၊ တာမွေမှာ လုပ်မယ့် ကိစ္စကို ကြံ့ဖွံ့အင်အားက တော်တော် သုံးတယ်ဗျ။ ဒုတ်၊ ဓားတွေနဲ့။ ဒီနေ့  ၀င်ပြီး ခုတ်မယ်၊ ရိုက်မယ်လို့ သတင်းကြားတယ်။ ပြီးတဲ့အခါကျတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ယူနီဖောင်းတွေ ၀တ်ပြီးတော့ ကျနော်တို့ အုပ်စုကြားကို ၀င်ရောပြီးတော့ သူတို့ တင်ချင်တဲ့ စလိုဂမ်တွေ (ကြွေးကြော်သံတွေ) တင်မယ်၊ ပြီးတော့ ကျနော်တို့ အချင်းချင်းကြားမှာ ပြဿနာဖြစ်အောင် လုပ်မယ်ဆိုတဲ့ သတင်းလည်း ကြားနေရတယ်။ မြင်လည်း မြင်နေရတယ်။ အဲဒါကြောင့် ကျနော်တို့ အင်အားကို အဆုံးအရှုံး မခံနိုင်တာကြောင့် ဒီကနေ့ လုပ်မယ်ဆိုတဲ့ အစီအစဉ်ကို ဖျက်လိုက်ပြီ။ ဒါပေမဲ့ ဒီကောင်တွေကတော့ တာမွေ အ၀ိုင်းထိပ်တို့၊ ကျနော်တို့ လုပ်မယ့်နေရာမှာ အင်အား ၂၀၀ ကျော်၊ ၃၀၀ ကျော်နဲ့ စောင့်နေကြတယ်။ ကျနော်တို့ မလုပ်တော့ဘူး ဆိုတာ သူတို့ မသိသေးဘူး။”

“မနေ့က ကျနော်တို့က ဒီကနေ့မှာ အကြီးကြီးလုပ်မယ် ဆိုပြီးတော့မှ၊ ကြိုကြား ကြိုကြား လုပ်နေတဲ့သူတွေကို အားလုံး စုပြီးတော့ တနာရီကို ချိန်းလိုက်တာပါ။ အဲဒါကြောင့် မနက်ပိုင်းတုန်းက ကြိုကြားကြိုကြား လုပ်မယ်ဆိုတဲ့ ဟာတွေဟာ မလုပ်ဖြစ်တော့ဘူးပေါ့နော်။” ဟု သူက ထပ်ပြောသည်။

1:28 PM
အမျိုးသားရေး ဦးဝင်နိုင် ပြောကြားချက်

“လုံခြုံရေးကတော့ လမ်းတွေ လမ်းတွေတိုင်းမှာ ချထားတာပေါ့ဗျာ။ ကျနော်တို့မြင်တဲ့ အနေအထားကတော့ အန်အယ်ဒီ အယောင်ဆောင်ပြီးတော့ ဒီဆောင်ရွက်မှုထဲမှာ သူတို့ ၀င်ပြီးတော့ နှောက်ယှက်ဖို့ သဘောရှိတယ်။ အဓိကတော့ အန်အယ်ဒီလူငယ်တွေဘက် ၀င်ဆောင်ရွက်မဲ့ သဘောတွေရှိတယ်။”

1:05 PM
ဦးထောင်ကိုထန်းရဲ့ အမြင်
(ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်း ၊ တမူးမဲဆန္ဒနယ်)

“ဗမာပြည်မှာကတော့ တိုင်းရင်းသားက လူနည်းစုပဲလေ။ ရန်ကုန်မြို့ထက် ပိုပြီးတော့ နည်းတာပေါ့။ အဲဒီတော့ တိုင်းရင်းသား ခေါင်းဆောင်၊ နိုင်ငံရေး ပါတီခေါင်းဆောင် ဆိုတာကလည်း ပါတီက တရားဝင် မရှိတော့ဘူးလေ။ အကုန်လုံး ဖျက်လိုက်တော့ လူစုဖို့ မလွယ်တော့ဘူး။ လူစုဖို့ မလွယ်တဲ့ အထဲမှာလည်း အများဆုံး အနိုင်ရ ဖြစ်တဲ့ အန်အယ်ဒီက အကြီးဆုံးပဲ။ အများဆုံး ပါတီက ဗမာတွေ ဖြစ်နေတဲ့အခါ တိုင်းရင်းသားတွေ ဦးဆောင်တဲ့ဟာကို သူတို့က လိုက်ဖို့ သူတို့က မခံယူတတ်ဘူးလေ။ အဲဒီတော့ ကျနော်တို့ အနေအထားက တိုင်းရင်းသားတွေ ဦးဆောင်တဲ့ နောက်ကို ဗမာက လိုက်မှာ မဟုတ်ဘူး။ ဗမာ ဦးဆောင်လာရင်၊ ပါတီကြီးတွေ ဦးဆောင်လာရင် အဲဒီနောက် လိုက်ရမှာပဲ။ အင်အားက ဒီလိုဖြစ်တယ်။ ကျနော်တို့က လူနည်းစုကိုး။”

12:49 PM
မကွေးမြို့ အန်အယ်ဒီ ဥက္ကဌ ဦးအောင်စိုးကို ဒီမနက် ၈ နာရီတုန်းက မယက ဥက္ကဌ ဦးလှရှောင် က မြို့နယ် ကော်မရှင် အဖွဲ့ခွဲရုံးကို ခေါ်ပြီး ခရိုင် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အမိန့် အရ လူ ၅ ဦးထက် ပိုမစုဖို့ သတိပေးတယ်။ သို့သော် လက်မှတ် ထိုးခိုင်းသော်လည်း ဦးအောင်စိုးက လက်မှတ်မထိုး။

11:15 AM
ဆန္ဒပြပွဲစီစဉ်သူ ခေါင်းဆောင်တဦး၏ ပြောပြချက်

“ကျနော် ဒီနေ့ဆိုလို့ ရှိရင် တော်တော်များများ ပါမှာ။ ရဟန်းတွေလည်း ပါမယ်။ ဒီမှရှိတဲ့ ၁၀ တန်း ၉တန်း ကျောင်းသူ ကျောင်းသားတွေလည်း ပါမယ်။ အဲဒါတွေက အယောက် ၅၀ လောက်ပါမယ်။ ရဟန်းတွေလည်း အခုကျနော်တို့ ပြောထားတာ အပါး ၅၀ လောက်တော့၊ ဒီထက် ပိုရင်တော့ ပိုမယ်။ နောက်ဒီ ၈၈ မျိုးဆက်တွေရဲ့ နောက် အန်အယ်ဒီ လူငယ်တွေရယ်၊ နောက် မဖြူဖြူသင်းတို့၊ ဟိုနေ့တုံးက မနီမွန်လှိုင်တို့၊ အုပ်စုတွေ နောက် ကိုထင်ကျော်တို့ အဖွဲ့ထဲက လူတွေ ရယ်၊ ကျနော်တို့ ဒီနေ့ အားလုံး ပေါင်းပြီးတော့ ဒီနေ့ နွှဲကျမှာလေ။”

11:12 AM
“မနေ့ည ကတည်းက အဲဒီပုံတွေ လုံထိန်း သဘောမျိုးတွေ ကားနဲ့ အပြည့်ပဲ၊ ဒိုင်းတွေဘာတွေနဲ့ သူတို့ အဲဒါမျိုးတွေ လိုက်ပြီးတော့ လှည့်လှည်နေတော့လေ၊ ကျနော်တို့ကို ဒီ အရပ်သားနဲ့ တားတာလည်း တားပေါ့၊ တားပြီးတော့ အရပ်သားနဲ့ ပဋိပက္ခ ဖြစ်တဲ့အချိန်မှာ သူတို့ဒါ ပဋိပက္ခ နှိမ်နှင်းရေး ဆိုပြီးတော့ ၀င်မလုပ်မလားလို့တောင် မှန်းထားကြတယ်လေ။” ဟု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးက ပြောသည်။

---------------------------------------------------------

သြဂုတ် ၂၃ ရက်၊ ၂၀၀၇ ခုနှစ်

5:56 PM
စင်္ကာပူ ဆန္ဒပြပွဲ အခြေအနေ

ဆန္ဒပြသူတဦးနှင့် တွေ့ဆုံ မေးမြန်းချက်

အခြေအနေကတော့ ရဲကားနှစ်စီး ရောက်လာတယ်။ ရဲ ၁၀ ယောက်လောက် ရှိတယ်။ ကျနော်တို့ကို သက်သေခံ ကဒ်ပြားနံပါတ်တွေ တောင်းတယ်။ ကျောင်းတွေ မေးတယ်။ နေရပ် လိပ်စာတွေ မေးတယ်။ ဖုန်းနံပါတ်တွေ အသေးစိတ် မေးတယ်။ ပြီးတော့ ရဲတွေက ကျနော်တို့ကို အတင်း ပြန်လွတ်လိုက်တယ် ခင်ဗျာ။ သံရုံး ရှေ့မှာတော့ နည်းနည်းလေး လုပ်ဖြစ်လိုက်တယ်။ ဒါပေမဲ့ အောင်အောင် မြင်မြင်ကြီးတော့ မဟုတ်ဘူးပေါ့နော။် ဒါပေမဲ့ အောင်တော့ အောင်မြင်ပါတယ်။ ရှိသလောက်လေးနဲ့ ရအောင် လုပ်ခဲ့ရတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ လူထုကလည်း သိပ်အများကြီး အဟုတ်ဘူး။ ၁၅ ယောက် ၂၀ ယောက်လောက်ပဲ ခင်ဗျာ။ ဒီအထဲမှာ အလုပ်သမားတွေရော အကုန်မပါသေးဘူး ခင်ဗျာ။ ကျောင်းသားတွေပဲ တော်တော်များတယ် ခင်ဗျာ။ နောက်ရက်တွေမှာတော့ ကျနော်တို့ စီစဉ်နေပါတယ် ခင်ဗျာ။

4:58 PM
စင်္ကာပူမှာ ဆန္ဒပြဖို့ပြင်

ကျနော်တို့ အယောက် ၂၀ -၃၀ ရှိလောက်ပြီ။ ကျနော်တို့ အခွန်နှစ်ထပ် ဆောင်တဲ့ ကိစ္စကို အရင်ဆုံး ကြွေးကြော်နေလို့ စီစဉ်ထားပါပဲ ခင်ဗျာ။ အခုတော့ ဒီစင်္ကာပူမှာ ရှိတဲ့ မြန်မာတွေ အကုန်လုံးကို ကျနော်တို့ သတင်းတွေတော့ ပို့်ထားတယ်။ ၅ နာရီမှာတော့ လူစုထားတယ်။ တချို့လူတွေက ရောက်နေပြီ။ တချို့ လူတွေကျတော့လည်း အခုချိန်မှာ ရုံးတွေက မဆင်းသေးဘူး ခင်ဗျာ။ ၅နာရီခွဲ ၆ နာရီမှာတော့ ရောက်ကျမယ်လို့ ထင်တာပဲ။ အခု စင်္ကာပူ မြန်မာသံရုံး ရှေ့မှာ ရဲကား နှစ်စီးတော့ စောင့်နေတယ် ခင်ဗျာ။ ဘယ်လိုတွေ ဖြစ်လာအုံးမလဲ ဆိုတော့ ကျနော်လည်း မသိသေးဘူး။

4:43 PM
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ မွန်းလွဲပိုင်းက ကြေညာချက် တစောင် ထုတ်ပြန်ရာတွင်

(၁) ဖမ်းဆီး ချုပ်နှောင်ထားသူများအား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်

(၂) ရိုက်နှက် ထိုးကြိတ်ခြင်း၊ အသက် အန္တရာယ် ထိခိုက်စေခြင်းများ လုံးဝ မပြုလုပ်ရန်

(၃) လူမဆန် ကြမ်းတန်းစွာ ပြုမူခြင်း၊ ရိုင်းစိုင်းစွာ ဆဲဆိုခြင်းများကို ချက်ခြင်း ရပ်တန့်ရန် တောင်းဆိုလိုက်သည်။

“ကျနော်တို့ ကုန်ဈေးနှုန်း ကြီးမြင့်ရခြင်းနှင့် ပတ်သက်ပြီးတော့ လက်ရှိ အာဏာပိုင်တွေရဲ့ ဆောင်ရွက်မှုဟာ တရားမျှတမှု မရှိဘူး မှန်ကန်မှု မရှိဘူး ကျနော်တို့ လက်ရှိ အာဏာပိုင်တွေက ဒီမိုကရေစီ နိုင်ငံတော် ထူထောင်မယ်လို့ ပြောနေတယ် ဒီမိုကရေစီ နိုင်ငံတော် ထူထောင်မယ် ဆိုလို့ရှိရင် ကျနော်တို့ ကုန်ဈေးနှုန်း တက်ရခြင်းနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုကို အကျိုးအကြောင်း ရှင်းလင်း ပြသင့်တယ်။ အခု အဲသလို ရှင်းလင်းမပြဘဲနဲ့ ကုန်ဈေးနှုန်းကြီးတာကို မကျေနပ်လို့ မခံမရပ်နိုင်လို့ ဆန္ဒပြတဲ့ ပုဂ္ဂိုလ်တွေကို အကြမ်းဖက် နှိမ်နင်းနေတယ်၊ ဒီအကြမ်းဖက် နှိမ်နင်းခြင်းအားဖြင့် အဖြေမှန်ကို မရဘူး။ ပြည်သူလူထုလည်း သက်သာခွင့်ရမှာ မဟုတ်ဘူး။ ဒီ ဥစ္စာက တတိုင်းတပြည်လုံး ညီညီညွတ်ညွတ်နဲ့ တိုင်တိုင်ပင်ပင် အဖြေရှာမှ ဖြစ်မယ်။ အဲဒါကြောင့် ဒီဟာနဲ့ ပတ်သက်ပြီး တောင်းဆိုချက် ၃ ချက် ထုတ်တာ ဖြစ်ပါတယ်။” ဟု အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဦးဥာဏ်ဝင်းက မဇ္ဈိမ သို့ ပြောသည်။

4:21 PM
ဘတ်စ်ကားခ မတိုးရန် မထသ ညွန်ကြား၊ မလိုက်နာသူများရှိနေ

ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် စစ်အစိုးရက ရန်ကုန်ရှိ ခရီးသည်တင် ဘတ်စ်ကားခ အချို့ကို လျော့ချ ကောက်ခံရန် ညွှန်ကြားချက်ထုတ် သတ်မှတ်လိုက်သည်။

“ချထားတဲ့ ကားတွေက သီးသန့်တွေ၊ ချက်ပလက် ဗိုက်ပူတွေ၊ ကေအမ်ဟီးနိုးတွေ၊ ကားလတ် ဒိုင်နာတို့တွေပေါ့ ကျပ် ၅၀ က စပါတယ်။” ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးဌာန အရာရှိတဦးက မဇ္ဈိမ သို့ တယ်လီဖုန်းမှတဆင့် ပြောပြသည်။

သို့သော်လည်း ဘတ်စ်ကားများ တိကျစွာ လိုက်နာမှုမရှိဘဲ အနည်းဆုံး ၅၀ ကျပ် သတ်မှတ်ချက်ကို အနည်းဆုံး ၁၀၀ ကျပ် ကောက်ခံလျှက် ရှိသည်။

“ရန်ကုန်မြို့တွင်းက ၂၀၀ ပါ။” ဟု သူက ထပ်ပြောသည်။

လောင်စာဆီ ဈေးနှုန်းများ တက်သွားပြီးနောက် ဘတ်စ်ကားခများ တိုးမြှင့် ကောက်ခံ လာခဲ့ကြရာ ယခင်က ကျပ် ၂၀၀ ကောက်ခံသည့် လမ်းကို ကျပ် ၅၀၀ ကောက်ခံ ခဲ့ကြသည်။

ဆီဈေးမတက်ခင်က ဂိတ်စမှ ဂိတ်ဆုံးအထိ သတ်မှတ်နှုန်းထားမှာ ၁၂၀ ကျပ် ဖြစ်သည်။

3:14 PM
မြေနီကုန်းဖမ်းဆီးမှု

မြေနီကုန်းတွင် ယနေ့နံနက် ၁၀ နာရီခန့်က ဆန္ဒပြရန် စုဝေးနေသည့် သင်္ကန်းကျွန်း၊ ဒဂုံ၊ ရန်ကင်းတို့မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၁၀ ဦးကို ကြံ့ဖွံ့၊ စွမ်းအားရှင်နှင့် ရဲက ဖမ်းဆီးသွားခဲ့သည်။

“အဲဒီမှာ အရိုက်ခံရလို့ နာရီကျွတ်ကျရင် နာရီကို ပေါက်ခွဲ၊ ထီးပါသွားတဲ့လူတွေ ထီးဆုံးဖြစ်တာပဲ” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

3:01 PM
ရန်ကုန်မြို့ မြို့တော်ခန်းမ ရှေ့တွင် ယနေ့နေ့လည် ၁ နာရီ ဆန္ဒပြပွဲ ပြုလုပ်မည် ဆိုသော်လည်း ယခုအချိန်အထိ မဖြစ်သေးပါ။ စိတ်ပါဝင်စားသူများ အကဲခတ် စောင့်ကြည့် နေကြကြောင်းသာ မျက်မြင် သက်သေ တဦးက ပြောသည်။

2:56 PM
ကိုထင်ကျော် မန္တလေးရောက်နေပြီး မဟာမြတ်မုနိ ဘုရားကြီးရှေ့ ဆန္ဒပြပွဲ ပြုလုပ်မည်ဆိုသော ကောလာဟလ ပေါ်ထွက်ခဲ့သော်လည်း မန္တလေးတွင် မည်သည့် ဆန္ဒပြပွဲများ မဖြစ်ပွားကြောင်း မန္တလေး အဖွဲ့ချုပ် တာဝန်ရှိသူ တဦးက ပြောသည်။

2:43 PM
နေ့ခင်း ၁ နာရီခန့်က ရန်ကုန်မြို့ အမေရိကန် သံရုံးရှေ့တွင် ထောင်ဝတ်စုံဖြင့် တကိုယ်တော် ဆန္ဒပြသူ ဦးအုန်းသန်းကို ရဲများက ဖမ်းဆီး သွားခဲ့သည်။

1:52 PM
ပုဂ္ဂလိက ၀န်ထမ်းများအပါအ၀င် မင်းဘူး ရေနံမြေ အလုပ်သမားများ အားလုံး ညနေ ၆ နာရီမှ မနက် ၆ နာရီအထိ လုပ်ငန်းခွင် အပြင်မထွက်ကြရန် ယမန်နေ့ကတည်းက ကာဖျူးအမိန့် ထုတ်ထားသည်။

1:41 PM
ရေနံချောင်း ဆန္ဒပြပွဲ

ရေနံချောင်းတွင် ယနေ့ နံနက် ၈ နာရီမှစတင်ပြီး နေ့လည် ၁၂ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။ ကြံ့ဖွံ့၊ စွမ်းအားရှင်များ မရှိသော ရေနံချောင်းတွင် ရဲကလည်း နှောက်ယှက်ခြင်း မပြုဘဲ ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့သည်။

ရေနံချောင်း အမျိုးသား ဒီမိုကရေစီ အဖွဲချုပ် အဖွဲ့ဝင် ကိုသန်းအောင်နှင့် ဆက်သွယ်မေးမြန်းချက်

မယက (မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ) ရုံးရှေ့ ကျနော်တို့ တနာရီလောက်ပေါ့၊ ကျနော်တို့ ချီတက်ခဲ့ကြတယ်။ လူဦးရေအားဖြင့် စိတ်ပါဝင်စားတဲ့ လူတွေ ၄၀ ဆယ်လောက် ပါတယ်။ နောက်တခါ လမ်းတလျှောက်မှာလည်း မြို့သူမြို့သားတွေက နေပြီးမှ အားပေးကြတယ်။ ဈေးကြီးကို ကျနော်တို့ တပတ် ပတ်တယ်။ ဈေးကြီးကို ပတ်ပြီးတော့မှ မယက ရုံးရှေ့က ချီတက်ခဲ့ကြတယ်။ အဲဒီမှာ ရဲတွေ ဘာတွေက ထုံးစံအတိုင်း လမ်းဘေးတွေမှာ လမ်းထောင့်တွေမှာ ချထားတယ်။ နောက်တခါ ကျနော်တို့ နောက်ကနေ တောက်လျှောက် လိုက်လာလိုက်၊ အရှေ့ကနေ ကြိုပိတ်လိုက်၊ အဲဒီလို ပိတ်လိုက် ဆို့ပိတ်တွေကတော့ ရှိတယ်။

ရဲချတယ် ဆိုပေမဲ့ ကျနော်တို့ဆီမှာက ကြံ့ခိုင်ရေးတို့၊ စွမ်းအားရှင်တို့က သိပ်ပြီးတော့ ခေါင်းမထောင်နိုင်ဘူး။ မရှိလည်း မရှိသလောက်။ အဲဒီအခါကျတော့ ကျနော်တို့ သူတို့ လုံခြုံရေးကတော့ ရဲပဲ။ ယူနီဖောင်း အပြည့်အစုံနဲ့၊ သူတို့စောင့်နေတာပေါ့။ သာမန် အရပ်ဝတ်နဲ့ ဆိုတာက အဲဒီခါကျတော့ ကျနော်တို့ မြို့ခံ လူထု အနေနဲ့လည်း စွမ်းအားရှင်တို့ ကြံ့ခိုင်ရေးတို့ကို လက်မခံတဲ့ အခါကျတော့ ရဲက လိုက်အနှောက်အယှက် မပေးရဲတဲ့ အခါကျတော့ တိုက်ရိုက် အနှောက်အယှက် ပေးတာတော့ မရှိဘူး။ သူတို့ကတော့ သူတို့ လုံခြုံရေးအတွက် စောင့်နေတာပဲ ရှိတယ် ။

လူဦးရေကတော့ ၆၀ လောက်ပါတယ်။ နောက်ဘေးက ရပ်ပြီး အားပေးတာတွေ၊ ရေသန့်ဗူးတွေ ထုတ်တိုက်တာတွေ၊ ဘာတွေ ရှိတယ်။ ဘေးက လက်ခုတ်တီး အားပေးတာတို့၊ ရေသန့်ဗူးတွေနဲ့ ရေသောက်ပါတို့ အဲဒီလို အားပေးတာတွေ ရှိတယ် ။

ပထမ ကျနော်တို့ကလည်း ဒီလမ်းလျှောက်တာ ဘာကြောင့် လျှောက်တယ်။ လောင်စာဆီဈေးတွေ မြင့်တက်တဲ့ အတွက်၊ ကုန်ဈေးနှုန်းတွေ မြင့်တင်ပြီးတော့ ပြည်သူတွေ ဒုက္ခရောက်တယ်၊ လောင်စာဆီဈေး မြင့်တက်တဲ့ ကိစ္စကို ကန့်ကွက်တဲ့ အနေနဲ့ လမ်းလျှောက်တာ ဖြစ်တယ် ဆိုပြီးတော့ လမ်းတလျှောက်မှာ ပြောသွားတယ်။ ပြည်သူလူထုကို ရှင်းပြသွားတယ်။
1:11 PM
ယမန်နေ့က အဖမ်းခံရသူများအနက် အများစုမှာ များမကြာမီတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု သိရသည်။

12:39 PM
ရွှေဂုံတိုင်အကျော်မှာ ၂၀ အဖမ်းခံရတယ်။

ရန်ကုန်မြို့တွင် ဖြစ်ပွားနေသည့် အငတ်ဘေး ဆန္ဒပြပွဲကြီးကို ထောက်ခံ အားပေးသည့် အနေဖြင့် အိန္ဒိယ နိုင်ငံရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစု ဦးရေ ၂၅၀ ကျော်သည် ယခုအခါ နယူးဒေလီ မြို့လယ်ရှိ ဂျန်တားမန်တား အရပ်တွင် စတင် ဆန္ဒပြနေပြီ ဖြစ်သည်။ ကချင်၊ ချင်း၊ ဗမာ၊ ရခိုင် အစရှိသည့် တိုင်းရင်းသားများသည် ရိုးရာဝတ်စုံများကို ၀တ်ဆင် လာကြသလို၊ သက်ဆိုင်ရာ လူမျိုးများနှင့် အဖွဲ့အစည်းများ၏ အလံများကိုလည်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။
12:36 PM
(ရွှေဂုံတိုင်တွင် စွမ်းအားရှင်များ၏ ရိုက်နှက်ခြင်းကို ခံရသော ဆန္ဒပြ အဖွဲ့ထဲမှ မနီနီမွန်က မဇ္ဈိမ သို့ ပြောကြားချက်)

တာမွေ ကျောင်းရှေ့ မှတ်တိုင် ကနေ လျှောက်လာတယ် ဗန်ဒါပင် မှတ်တိုင် ရောက်တော့ သူတို့ အဖွဲ့ဝင်တွေ လူ ၄၀ ဆယ်လောက် လာပေါင်းတယ် ။ ရွှေဂုံတိုင် မီးပွိုင့် ဖြတ်တော့ ကားတွေတောင် ရပ်ပေးတယ် ။

ကျမတို့ ဆက်လျှောက်လာကြတော့ ရွှေဂုံတိုင် မှတ်တိုင် ကျော်လာတော့ ကျမတို့ကို စတင် တားဆီးတယ် ။ ရွှေဂုံတိုင် မီးပွိုင့် ရောက်တော့ တောင်ဒဂုံဘက်ကနေ အရိုက်ခံရပြီး အဖမ်းမခံရတဲ့ သူတွေက ကျမတို့ဆီ လာရောက် ပူးပေါင်းတယ်။ ကျမတို့ လက်တွေကို အသေချိတ်ထားတယ် ။ ကျမတို့ ဆက်မလျှောက်ရဘူး ကားပေါ်တက်လို့ တားဆီးနေတဲ့ လူတွေက လာပြောတယ် ။

ကျမတို့က ကားပေါ် မတက်နိုင်ဘူး၊ ကျမတို့ ရုံးကိုသွားတာ၊ ကျမတို့က ကားခ မတတ်နိုင်လို့ ကိုယ့်ခြေထောက်ကို အားကိုးတာ၊ လာဖမ်းတဲ့ လူတွေက နင်တို့က လမ်းလျှောက်တာ မဟုတ်ဘူး။ နင်တို့က စီတန်း လှည့်လည် ဆန္ဒပြနေတာ ။ အဲဒါနဲ့ မတက်ရင် အကုန်ဖမ်း ဆိုပြီးတော့ အတင်း ၀င်ဆွဲပါတယ်။ လက်သီးတွေရော၊ နပန်တွေရော စုံနေတာပဲ၊ ကျမတို့ ထူပူနေတာပဲ သူတို့ ရိုက်နှက်ထားတာ၊ ပြီးတော့ သူတို့က ယောက်ကျားလေးတွေကို စဆွဲပါတယ်။

ကျမတို့က လက်တွေကို အသေ ချိတ်ထားပြီးတော့ အတင်းဆွဲပါတယ်။ အဲဒါနဲ့ တယောက်လက် တယောက် ချိတ်ပြီးတော့ ထိုင်နေကြတယ် ။ အဲဒီတော့ သူတို့က ထိုင်နေတဲ့ ယောက်ကျားလေးတွေကို ပုဆိုးက အစ ဆွဲပါတယ်။ အဲဒီတော့ ပုဆိုးတွေကျွတ်ပြီး လွတ်ထွက်လာတဲ့ လူတွေကို ခြေထောက်က တယောက် လက်နှစ်ဖက်ကို တယောက် မပြီးတော့ ကားပေါ် တင်ပါတယ် ။ အဲဒီ ယောက်ကျားလေးတွေကို ဖမ်းလို့ ကုန်သွားတော့ မိန်းကလေးတွေကိုလည်း အဲဒီလိုမျိုးပဲ စဖမ်းတော့ ကျမတို့အထဲက မယဉ်ယဉ်သိုက်ဆိုတဲ့ ကောင်းမလေးက ထမိန် ကျွတ်ပြီးတော့ ပါသွားပါတယ်။
11:48 AM
စင်္ကာပူရောက် မြန်မာနိုင်ငံသားများက မြန်မာစစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြ လမ်းလျှောက်ချီတက်ခြင်းကို ယနေ့ ညနေ ၅ နာရီတွင် ပြုလုပ်မည် ဖြစ်ပြီး မြန်မာသံရုံးရှေ့အရောက် အဆုံးသတ်မည်ဟု ဆိုသည်။ လုံခြုံရေးတင်းကြပ်မှုရှိပြီး မြန်မာစစ်အစိုးရ အတိုက်အခံ လှုပ်ရှားမှုကို စင်္ကာပူ အစိုးရက ကန့်သတ်လေ့ ရှိသည်။

11:40 AM
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင် လမ်းဆုံအနီး လူ ၅၀ ခန့်က ဆန္ဒပြရန် ယနေ့နံနက် ၁၀း၁၀ နာရီက ကြိုးစားစဉ် စွမ်းအားရှင်က တားမြစ်ရာမှ လမ်းပိတ်ဆို့မှု ဖြစ်ပွားနေသည်။

နေရာ အတည်အကျ မထုတ်ပြန်ဘဲ မွန်းလွဲ ၁ နာရီတွင် ဆန္ဒပြရန် လှုံဆော်မှုများ ရှိနေသည်။

---------------------------------------

သြဂုတ် ၂၂ ရက်၊ ၂၀၀၇ ခုနှစ်

8:34 PM
ဆန္ဒပြပွဲတွင် အဖမ်းခံရသူများထဲမှ ဒေါ်နော်အုံးလှ အပါအ၀င် ၇ ဦးမှာ ပြန်လည် လွတ်မြောက် လာခဲ့သည်။ ကျန် ဖမ်းဆီးခံထားရသူများ၏ သတင်း မကြားသိရသေးပါ။ မနီလာသိန်း၊ ကိုရာဇာ၊ မဖြူဖြူသင်း အပါအ၀င် အရေးပါသူများ အဖမ်းမခံရရေး ရှောင်တိမ်း နေကြရသည်။

6:06 PM
ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ လှည်းတန်း လမ်းဆုံတွင် စတင်ခဲ့သည့် အမျိုးသားရေး ဦးဝင်းနိုင်နှင့် မြန်မာပြည် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ဝင်များ ဦးဆောင်သည့် လူဦးရေ ၄၀၀ ခန့်ရှိသည့် ဆန္ဒပြသူများသည် ရန်ကုန် မြို့လယ်ရှိ ဆူးလေဘုရား အနီးတွင် စုရုံးနေရာမှ ယနေ့ညနေ ၄ နာရီခွဲတွင် လူစုခွဲကာ ဆန္ဒပြမှုကို ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။

“အခြေအနေကတော့ မိုးရွာတယ်။ မိုးလည်း ချုပ်နေပြီ။ အခု မြန်မာစံတော်ချိန် ၄ နာရီတော့ ခွဲတော့မယ်။ ဘာမှ ဖြစ်မလာဘူး။ ကျနော်တို့လည်း အိမ်ပြန်တော့မယ်။ တခြားလူတွေကလည်း မိုးရွာလို့ ပြန်ကုန်ကြပြီ” ဟု အမျိုးသားရေး ဦးဝင်းနိုင်က ပြောသည်။

ယနေ့နံနက်ပိုင်းမှ စတင်ခဲ့သည့် ဆန္ဒပြပွဲကို လောက်လေးခွ၊ တုတ်ချောင်း၊ ကုန်းသီး ခေါ် မူလီများ ကိုင်ဆောင်ထားသည့် နအဖ လက်ကိုင်တုတ် ကြံ့ဖွံ့နှင့် စွမ်းအားရှင် ၄၀၀ ကျော်က ကြမ်းတမ်းစွာ လူစုခွဲကာ ဆန္ဒထုတ်ဖော်သူများကို ရိုက်နှက်ခဲ့သဖြင့် သံဃာတော် ၂ ပါး အပါအ၀င် အနည်းဆုံး လူ ၇ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ရကြောင်း သိရသည်။

5:14 PM
အဖမ်းခံရသူ (၇) ဦးမှာ

(၁)နော်အုန်းလှ မှော်ဘီ
(၂) မစန်းစန်းမြင် ဒလ
(၃) မချိုချိုလွင် (စမ်းချောင်း)
(၄) မယဉ်ယဉ်မြတ် သင်္ဃန်းကျွန်း
(၅) ဒေါ်ကြင်ရီ ဒလ
(၆) ကိုသန်းဇော်မြင့် လှိုင်သာယာနှင့်
(၇) အမည်မသိ

ဒေါ်တင်ရီ နှင့် မေးမြန်းချက် (ကိုယ်တိုင် ဆန္ဒပြခဲ့သူတဦး)

ဟုတ်ကဲ့ ကျမ ကိုယ်တွေ့ကတော့ ကျမ လက်နက်တော့ ကျမ မမြင်ဘူး ဟို ဘယ်လိုခေါ်မလဲ အတင်း ဆွဲလား ရမ်းလား ထိုးလား ပေါ့နော် ကြိတ်လား အဲဒီလို မျိုးတွေ လုပ်တယ် ဆဲတယ် မိုက်ရိုင်းစွာ ဆဲတယ် ပြီးတော့လည်းလေ ကင်မရာတွေကို အတင်း ၀င်လုတာ။ အဲဒီလိုမျိုး လုပ်တဲ့ အခါမှာ ပြည်သူတွေကလည်း ကျမတို့ကိုလေ ၀င်ရောက်ပြီးတော့ “မင်းတို့တွေ မတရား မလုပ်နဲ့။ မတရား မလုပ်နဲ့” ဆိုပြီး ပြည်သူတွေကလည်း ပြောပါတယ်။ အဲဒါကို အတင်းရော အဓမ္မပေါ့နော် ကျမတို့ကို တခါတည်း အတင်းပဲ ကားပေါ်တက် ကားပေါ်တက်ဆိုပြီး အတင်းဆွဲတာ။

လက်နက်တော့ကျမ မမြင်ဘူး ဒါပေမယ့် မိုက်ရိုင်းစွာ ဆဲတယ် နောက်ပြီးတော့ သူတို့ရဲ့ စွမ်းအားရှင်ဆိုတဲ့ လူတွေပေါ့နော် ကြံ့ခိုင်ရေးတို့လို စွမ်းအားရှင်တို့လို လူတွေက အတင်း ၀င်ရိုက်ပြီးတော့ ဆွဲလား လွဲလားနဲ့ လုပ်တယ်။

ဒဏ်ရာ ရတဲ့ အထဲမှာ ဘုန်းကြီး နှစ်ပါးကလည်း ဒဏ်ရာရပြီး ကားပေါ် ပါသွားတယ် နောက်ပြီးတော့ တခါ ကျမတို့ ဘက်က ကောင်လေး တယောက်ကိုလည်း အဲဒီလိုပဲ အတင်း ၀င်ထိုးပြီးတော့ တခါတည်း ပေါက်ပြဲသွားတာ ပေါ့နော် သွေးထွက်သံယိုနဲ့ တခါတည်း ပါသွားတယ် နောက် ကျမတို့က မနီလာသိန်းကနေပြီး တော့ ဒီနေရာနေပြီးတော့ တွေ့တဲ့ ကားကို တက်စီး လူစု ခွဲမယ် ဆိုတဲ့ အခါကျတော့ ကျမတို့ လူစုခွဲခဲ့ပါတယ်။

ဒဏ်ရာရတဲ့ အထဲမှာ အချို့က တော်တော်ကို ဆိုးဆိုးရွားရွားနဲ့ ပေါက်ပြဲကုန်ပြီး သွေးထွက်သံယို ဖြစ်တယ် ကားတွေပေါ်ကို အတင်းခေါ်ပြီးတော့ တင်သွားတာကိုး အတင်း ရိုက်နှက်တာကတော့ တကယ်ကို လူမဆန်တာပါ။ ဘယ်လိုခေါ်မလဲ သူတို့ကို သူတို့ ပြည်သူဆိုပြီးတော့ ပေါ့နော် အတင်းပဲ တခါထဲလုပ်တယ် လုပ်တဲ့အခါကျတော့ ကျမတို့ဘက်မှာ ရပ်တည်နေတဲ့ ပြည်သူတွေက မင်းတို့ဟာ ပြည်သူအစစ် မဟုတ်ဘူး ငါတို့က ပြည်သူအစစ်ကွ ဆိုပြီးတော့ ပေါ့နော် မင်းတို့ မတရား မလုပ်နဲ့ ဆိုပြီးတော့ အဲသလိုမျိုး ပြောတာပေါ့ ။ အဲဒါ ဆိုလို့ရှိရင် လမ်းပေါ်မှာ ကားတွေ ပိတ်တယ်တဲ့ ပြန်ကြတဲ့ လူစုခွဲတဲ့ ဆိုပြီးတော့ အဲဒီလိုလုပ်တာ အဲဒီလို လူစုခွဲခိုင်းနေတဲ့ အတွင်းမှာပဲ အတင်းကို ၀င်ဆွဲတာ ကျမတောင်မှ အဆွဲခံရတယ် အဲဒီလို အဆွဲခံရတော့ ကျမလက်တွေ စုပ်ပြတ် သွားတယ်။ ကျမဘက်က လူကလည်း အတင်းပြန်ဆွဲတာပေါ့။

အဲဒီမှာ ကျမတို့ကို ဆွဲတဲ့ ရိုက်တဲ့သူတွေက ကျမတို့ ရုံးရှေ့မှာ အမြဲရှိပြီး ကျမတို့ ဘုရားသွားရင် ဆုတောင်းရင် နောက်က လိုက်နေတဲ့သူ ဓါတ်ပုံရိုက်တဲ့သူ အဲဒီလူတွေတောင် ပါတယ်။ အဲဒီလူက ကျမကို ၀င်ဆွဲတာ

ကျမတို့ရုံးရှေ့ (NLD ဌာနချုပ်) ရှေ့မှာ အမြဲတမ်း စောင့်ကြည့် နေတဲ့သူတွေ ပါတယ်။

ပြည်သူတွေက ကျမတို့ကို အားပေးတယ် လက်ခုပ်တီးပေးတယ် ကြိုဆိုတယ် ဆိုတဲ့အတွက်ကြောင့် ပြည်သူတွေကို ကျမ ယုံကြည်တယ် အဲဒီ ယုံကြည်တဲ့ အတွက် ကျမတို့ ပြည်သူတွေ အတွက်ကို ကျမတို့ ဆက်လက် လုပ်ဆောင်သွားမှာပါ ကျမတို့ မရပ်ပါဘူး ရပ်လို့ရှိရင် ပြည်သူတွေက ကျမတို့ကို ခဏလေးနဲ့ ဒီလိုမျိုး ပြီးသွားတာပဲ ဆိုတာကို အဖြစ်မခံနိုင်ပါဘူး။ ကျမတို့ ဆက်လက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းများကို လုပ်ဆောင်သွားမှာပါ။

4:54 PM
အုတ်ကျင်းဆန္ဒပြသူများကို ရိုက်နှက်မှု

ဒုတ်တိုများ ကိုင်ဆောင်ထားသော ကြံ့ဖွံ၊ စွမ်းအားရှင် ရဲတို့က နေ့လည်က အုတ်ကျင်းတွင် ဆန္ဒပြသူများကို ရိုက်ခြင်း ဖြစ်သည်။

အရိုက်ခံကြရပြီးနောက် ဆန္ဒပြသူ တချို့က ဘတ်စ်ကားပေါ် တက်ပြီး ထွက်ပြေးကြသည်။ လိုက်ရိုက်သူများကလည်း ဘတ်စ်ကားကို ရဲစခန်းသို့ မောင်းခိုင်းသည်။

“ကျနော့်ကို ရိုက်လိုက်တဲ့ အချိန်မှာ ကျနော်လည်း မူးနောက်ပြီး ပူထူထွက်သွားတယ်။ ရဲစခန်းရှေ့ အရောက် ဘတ်စ်ကားပေါ်ကနေ ခုန်ချပြီး ထွက်ပြေးလာတာ။” ဟု ထွက်ပြေး လွတ်မြောက်လာသူ ကိုကျော်ဦးက ပြောပြသည်။

3:17 PM
နောက်ထပ် ဆန္ဒပြပွဲများ ဖြစ်ပွားလာမည်ကို ကြောက်ရွံ့နေသော စစ်အစိုးရသည် ညမထွက်ရ အမိန့် ထုတ်ပြန်ရန် စဉ်းစားလျှက် ရှိသည်။

2:00 PM
အုတ်ကျင်းအရောက် စစ်အစိုးရ ဘက်တော်သားများ ရိုက်နှက်၍ ဘုန်းကြီး ၂ ပါး ဒဏ်ရာ ရသွားသည်။

1:13 PM
အုတ်ကျင်းအလွန် သမိုင်းလမ်းဆုံနား ရောက်ခါနီး ပါရမီ လမ်းဆုံတွင် အသင့် စောင့်ဆိုင်းလျှက် ရှိသော ကြံ့ဖွံ့၊ ရဲနှင့် စွမ်းအားရှင်တို့က ဆန္ဒပြသူများကို ရိုက်နှက်ခဲ့ရာ အတော်များများ ဒဏ်ရာ ရသွားသည်။ ထို့အပြင် ကားများပေါ် တင်ကာ ရဲစခန်းများသို့ ဖမ်းဆီး ခေါ်ဆောင်သွားသည်။ လူ ၄၀ ခန့် အဖမ်းခံသွားရသည်။

“ကျနော်လည်း အသက်လုပြီး ထွက်ပြေး လာရတယ်။” ဟု ထွက်ပြေး လွတ်မြောက်လာသူ တဦးက မဇ္ဈိမ သို့ ပြောပြသည်။

12:30 PM
အမျိုးသားရေးဦးဝင်းနိုင် ခေါင်းဆောင်သော လူ ၃၀၀ ခန့်ပါ ဆန္ဒပြသူများက ရှစ်မိုင် လမ်းဆုံမှသည် လှည်းတန်း လမ်းဆုံအထိ လမ်းလျှောက် ဆန္ဒပြလျှက် ရှိသည်။

12:26 PM
ကြံ့ဖွံ့၏ အရိုက်ခံရသူ တဦးက “ပြည်ခိုင်ဖြိုးအဖွဲ့က ကျနော်တို့ကို ရိုက်နှက်တယ်။ ကားတွေပေါ် အတင်း ဆွဲတင်တယ် အန်အယ်ဒီက မနော်အုန်းလှ နော်စန်းစန်းမြင့် အပါအ၀င် ကျနော်တို့ အဖွဲ့က ၇ ယောက် ပါသွားတယ်။” ဟု ပြောသွားသည်။

12:20 PM
“မနက်အိမ်ကနေအထွက် မုန့်သွားအစားမှာ ဆန္ဒပြနေတာ တွေ့တော့ သွားကြည့်လိုက်တော့ သူတို့ တောင်းဆိုနေတာကို ကြည့်လိုက်တော့ ကျနော်တို့ ပြည်သူတွေ လိုအပ်တာတွေ ဖြစ်နေတယ် အဲဒါကြောင့် ကျနော်လည်း ပူးပေါင်း ပါဝင်တာပါ ကျနော်က လှိုင်မြို့နယ်မှာ နေတာပါ။” ဟု နံဘေးမှ ရပ်ကြည့်ပြီး ဆန္ဒပြပွဲ ပူးပေါင်းလာသည့် စီးပွားရေး တက္ကသိုလ် ကျောင်းသား ကိုစည်သူက ပြောသွားခြင်း ဖြစ်ပါတယ်။

(ထိုင်းစံတော်ချိန် ၁၂း ၀၅)
ချင်းမိုင်။ ။ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ အဖမ်းခံသွားရသော်လည်း ဆယ်စုနှစ်တွင်း အကြီးမားဆုံး ဖြစ်လာသည့် စစ်အစိုးရ ဆန့်ကျင်သည့် ဆန္ဒပြပွဲကြီးကို ယနေ့တွင် လူ ၅၀၀ ကျော်က ပြုလုပ်လျှက် ရှိသည်။

“လောင်စာဆီ ဈေးနှုန်းကို ပြည်သူတွေလည်း အသိမပေး၊ ဘာမှလည်း မပြောဘဲနဲ့၊ သူတို့ စိတ်ကြိုက် ပြည်သူကို လူမထင်ဘဲနဲ့ လောင်စာဆီ ဈေးနှုန်းတွေကို အဆမတန် မြင့်တက်ခဲ့တယ်။ ဒီ လောင်စာဆီ ဈေးနှုန်းတွေ မြင့်တတ်လာတဲ့ အခါမှာ တပြည်လုံး မိဘပြည်သူတွေ ခံစားရတယ်။ ကုန်ဈေးနှုန်းတွေ မြင့်တက်တယ်၊ ဒီ ဒဏ်ကို တိုင်းသူပြည်သားတွေ အကုန်လုံး ခံစားရတယ်။ ဒါကြောင့်မို့လို့ လောင်စာဆီ ဈေးနှုန်းတွေကို ပြန်လည်လျော့ချဖို့နဲ့ ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ အန်အယ်လ်ဒီ ပါတီဝင်တွေ တက္ကသိုလ် အသီးသီးမှာရှိတဲ့ ကျောင်းသားတွေ အခြေခံပညာ ကျောင်းသားတွေ ပြည်သူတွေ အတူတူ ပါဝင်ပြီးတော့ ဒီကနေ့ လောင်စာဆီ ဈေးနှုန်း မြင့်နေတာကို ဆန့်ကျင်တဲ့ အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ လမ်းလျှောက်နေခြင်း ဖြစ်ပါတယ်။” ဆန္ဒပြသူများကို ဟောပြောနေသူ တဦး၏ အသံကို မဇ္ဈိမက ဖမ်းယူ ရရှိခဲ့သည်။

ရန်ကုန်မြို့ လှည်းတန်း လမ်းဆုံမှသည် သမိုင်း လမ်းဆုံအထိ ချီတက် ဆန္ဒပြသည့် အငတ်ဘေး အန္တရာယ် ဆန္ဒပြပွဲကို နံနက် ၁၀း၃၀ မှ စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး လမ်းဘေး ၀ဲယာတလျှောက် ထောင်ချီသော လူအုပ်က လိုက်ပါ ကြည့်ရှု့လျှက် ရှိသည်။

ဆန္ဒပြပွဲ ဆက်လက် ဖြစ်လျှက်ရှိပြီး သတင်းယူနေစဉ် အချိန်အတွင်းမှာပင် ဒေါ်နော်အုံးလှ အပါအ၀င် အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၃ ဦးကို ကြံ့ဖွံ့က ရိုက်နှက်ကာ ဒိုင်နာကားပေါ် ဆွဲတင် ဖမ်းဆီးသွားခဲ့သည်။

“ကျနော်တို့ အားလုံး ပူးပေါင်းပြီးတော့ ကျနော်တို့ ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြခြင်း ဖြစ်ပါတယ်။ လောင်စာဆီ ဈေးနှုန်းတွေ အဆမတန် မြင့်တတ်တဲ့ အခါကျတော့ လူတွေမှာ စားဝတ်နေရေး ပိုမို ကြပ်တည်းလာတယ်။ ကျနော်တို့ ဒီနေ့ ၈၈ ဒါကြောင့်မို့ ကျနော်တို့တွေ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေနဲ့ ကျနော်တို့ ဖြေရှင်းတယ်။” ဟု ၈၈ ကျောင်းသား ခေါင်းဆောင် ကိုအောင်နိုင်က မဇ္ဈိမ သို့ ပြောသည်။

(ဆက်လက်ရရှိသည့် သတင်းများ အဆက်မပြတ် ဖော်ပြ သွားပါမည်။)

No comments: