Wednesday, August 29, 2007

စစ်တွေ သံဃာတော်များ ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြ

စစ်တွေ သံဃာတော်များ ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြ

ရန်ကုန် လှည်းတန်းတွင် ဆန္ဒပြ

မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
သြဂုတ် ၂၈ ရက်၊ ၂ဝဝ၇ ခုနှစ်

6:00 PM
စစ်တွေ သံဃာတော်များ ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြ

မြန်မာစစ်အစိုးရက လောင်စာဆီ ဈေးနူန်းများ မြှင့်တက်ခဲ့ပြီး နောက်ပိုင်း ကြီးထွားလာသည့် ကုန်ဈေးနှုန်းများကြောင့် လူထုက လမ်းပေါ်တက် ဆန္ဒပြပွဲများ ပြုလုပ်နေကြရာ ပထမဦးဆုံး သံဃာတော်များ ဦးစီးသော ဆန္ဒပြပွဲ စစ်တွေမြို့တွင် ယနေ့ ဖြစ်ပွားခဲ့သည်။

သံဃာတော် အပါး တရာကျော်သည် “ကုန်ဈေးနှုန်း ကျဆင်းရေး ဒို့အရေး” ဟု ကြွေးကြော်ပြီး စစ်တွေမြို့တွင်း၌ လှည့်လည် လမ်းလျှောက် ကြွချီ ဆန္ဒပြလျှက် ရှိသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်၊၊

“ခုလေးတင် ကျနော်တို့ရုံးရှေ့ကနေ ဖြတ်သွားကြပါတယ်၊ သံဃာတော်နဲ့ ကိုရင် စုစုပေါင်း အပါး (၁၀၀) ကျော်ရှိမယ် ထင်တယ်၊ အရပ်သားကတော့ နဲနဲလောက်ပဲ ပါသေးတယ် ရဲတွေတော့ နောက်က လိုက်နေကြတာ တွေ့တာပဲ” ဟု စစ်တွေမြို့မှ အမည်မဖေါ်လိုသူ အစိုးရ အမှုထမ်း တဦးက တယ်လီဖုန်းဖြင့် ဆက်သွယ် ပြောသည်။

သံဃာတော်များသည် နေ့လည် (၁) နာရီ ခန့်တွင် စစ်တွေမြို့ ဘောလုံးကွင်း၌ စုရုံးကြပြီးနောက် မြို့တွင်းသို့ လှည့်လည်လျှက်ရှိကြောင်း စစ်တွေရှိ ရခိုင်ဦးပဇင်း တပါးက ပြောသည်။

5:03 PM
လှည်းတန်း ဆန္ဒပြပွဲသို့ သွားရောက် ကြည့်ရှုခဲ့သူ တဦးက ပြောပြချက်

“လှည်းတန်းရှေ့မှာ တဖွဲ့ပြီး တဖွဲ့ လာလုပ်ကြတယ်လေ။ စွမ်းအားရှင် ဆိုပြီးတော့၊ အနောက်ပိုင်း ခရိုင်ကားတွေနဲ့ ဟိုရိုက်မယ့် နှက်မယ့်သူတွေ ရောက်နေတာပေါ့၊ ကား (၆)စီးလောက် ရှိတယ်လေ။ ကျနော် သွားတဲ့အခါမှာတော့ ပြတဲ့လူတွေက တဖွဲ့တဖွဲ့ လာပြမယ် ဆိုပြီးတော့ သတင်းရတော့ ထွက်စောင့် နေကြတုံးပဲလေ။ ဟို သူတို့ စောင့်နေတဲ့ လူတွေကတော့ တစီးကို လူ ၂ဝ ဆယ်လောက် ကား ၆ စီး ဆိုတော့ ၁၂ဝ လောက်။ ဘေးက ဆိုင်တွေမှာရော၊ ဘာတွေရော ဒီ အက်စ်ဘီ (အထူးရဲ) တို့ ဘာတို့ဆိုရင် အရပ်ဝတ်နဲ့ အများကြီးပဲဗျာ။”

“အဲဒီလိုမျိုးတော့ မရှိဘူး။ ပြတယ်၊ လိုက်ဖမ်းတယ်။ ထွက်ပြေးတယ်။ လိုက်ဖမ်းတော့ မိတဲ့ လူတွေကတော့ တခါထဲ ကားပေါ် တင်ပြီးတော့ ခေါ်သွားတာပေါ့နော်။ အခုလည်း ရုပ်ရုပ် ဖြစ်နေတုံးပဲ။ လူတွေက ဘေးမှာ ရပ်ကြည့်တဲ့ လူတွေနဲ့၊ အဲဒီလိုပေါ့နော်၊ ဘယ်ကြားထဲက ထွက်လာမလဲ။ သူတို့ ဟိုဘက်ဒီဘက် ကားတွေ အများကြီး၊ လုံခြုံရေးတွေ ချထားတာပေါ့။ ကျနော်တို့ဆိုရင် ကင်မရာ မပြောနဲ့၊ တယ်လီဖုန်းနဲ့တောင် ရိုက်လို့ မရဘူး။ တယ်လီဖုန်း ထုတ်တာနဲ့ အနောက်က လူတယောက်က လာတယ်။”

3:36 PM
အတည်မပြုနိုင်သေးသော သတင်းများအရ ရခိုင်ပြည်နယ် စစ်တွေတွင် မကြားသေးခင် နာရီပိုင်း အတွင်းက ဆန္ဒပြခဲ့သည်ဟု ဆိုသည်။

3:34 PM
ရန်ကုန်မြို့တွင် ပြုလုပ်သော ဆန္ဒပြသူများကို နှိမ်နင်းသည့် လူမိုက်များအနက် အချို့ကို လှိုင်သာယာ မြို့နယ်မှ စုဆောင်း ခေါ်ယူနေကြောင်း မျက်မြင်ကြုံခဲ့သူ တက္ကစီ ကားသမား တဦးက ပြောသည်။

3:25 PM
ကြံ့ဖွံ့တို့ မန္တလေးမှာ နှိမ်နင်းရေး အစည်းအဝေးလုပ်

လူထု ဆန္ဒပြပွဲများ ဖြစ်လာပါက နှိမ်နင်းရန် ရည်ရွယ်ချက်ဖြင့် မန္တလေးမြို့ အမှတ် ၇၃ လမ်းတွင် တည်ရှိသော ကြံ့ဖွံ့ရုံးတွင် ယခုလ ၂၂ ရက် နေ့ခင်းပိုင်းက အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့သည်။

မန္တလေးမြို့ရှိ ကြံ့ဖွံ့ တိုင်းစည်းရုံးရေး တာဝန်ခံ ဦးအောင်ကျော်သာက ကြံ့ဖွံ့ အသင်းသားများ၊ စွမ်းအားရှင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ ခေါင်းဆောင်များ ပါဝင်သည့် အရေးပေါ် စုံညီ အစည်းအဝေး တရပ်ကို ပြီးခဲ့သည့် ၂၂ ရက်နေ့ နေ့လည် ၁ နာရီက မန္တလေးမြို့ ၇၃ လမ်းပေါ်ရှိ ကြံ့ဖွံ့ရုံးတွင် ခေါ်ယူ ကျင်းပခဲ့ခြင်း ဖြစ်သည်။

2:42 PM
ရွှေတိဂုံ လုံခြုံရေးကြပ်

ရွှေတိဂုံ ဘုရားပေါ်တွင် ဆန္ဒပြမည် ဆိုသော သတင်းများကြောင့် အရှေ့ဘက်မုဉ်ဦး အလယ်ပစ္စယံ အတက်မှစ၍ လုံခြုံရေးများက ဘုရားဖူးများကို ယနေ့တွင် ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်လျှက် ရှိသည်။

ထို့အပြင် မုဉ်ပေါက်တိုင်းတွင် ကြိုးမဲ့စကားပြောစက်ကိုင် လုံခြုံရေး ဝတ်စုံဝတ် လူ ၅ ဦးထက်မနည်း ရှိသည်။

2:37 PM
လှည်းတန်းမှာ ဆန္ဒပြ

ရန်ကုန်မြို့ လှည်းတန်း လမ်းဆုံတွင် လူ ၇ဝ ခန့်က လွန်ခဲ့သည့် မိနစ်ပိုင်းက စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြရာ ကြံ့ဖွံ့နှင့် စွမ်းအားရှင် ၁ဝဝ ခန့်က ဒိုင်နာကား ၃ စီးဖြင့် ရောက်လာပြီး လူ ၅ ဦးကို ဖမ်းသွားခဲ့သည်။

ဆန္ဒပြ၍ မကြာမီ အချိန်ပိုင်းအတွင်း ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ကြည့်မြင်တိုင်ဘက်မှ ချီတက်လာသော ဆန္ဒပြသူများက လှည်းတန်းလမ်းဆုံ ရန်ကုန်-အင်းစိန်လမ်းမ ဘက်သို့ ကွေ့ဝင်ရာတွင် အဖမ်းခံရခြင်း ဖြစ်သည်။

12:49 PM
ဆန္ဒပြပွဲများသည် ပြည်သူ့ဆန္ဒ အမှန်ဟု တိုင်းရင်းသား လူငယ်များပြော

လက်ရှိ ဖြစ်ပေါ်နေသော ဆန္ဒပြပွဲများသည် “အထွေထွေ အကြပ်အတည်းမှ လွတ်မြောက်လိုမှုနှင့် ရက်စက် ယုတ်မာသော စစ်အာဏာရှင် စနစ် အောက်မှ ရုန်းထွက်လိုမှု တို့ကြောင့် ဖြစ်ပေါ်လာသော ပြည်သူ့ဆန္ဒ အမှန်” ဟု ပြည်တွင်း အခြေစိုက် တိုင်းရင်းသားလူငယ်များ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (မြန်မာပြည်)၏ ယနေ့ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

“ပြစ်မှု တစုံတရာ မရှိဘဲ ယခုအချိန်အထိ ဂုဏ်သိက္ခာမဲ့စွာ မတရား လုပ်ကြံဖမ်းဆီး ချုပ်နှောင်ခံနေရသူများ၊ လွတ်လပ်မှုနှင့် လုံခြုံမှု ကင်းမဲ့နေသော မြန်မာ ပြည်သူလူထု တစ်ရပ်လုံးအတွက် ထပ်တူထပ်မျှ ဝမ်းနည်း ကြေကွဲမိပါသည်။” ဟု ပါရှိသည်။

ထို့အပြင် မြန်မာ့နိုင်ငံရေး ပြဿနာဖြေရှင်းရန် သုံးပွင့်ဆိုင် ဆွေးနွေးရေးကိုသာ လိုလားသော ဒီမိုကရေစီ အင်အားစုများ၊ ငြိမ်းအဖွဲ့များ အနေဖြင့် နိုင်ငံရေး၊ စစ်ရေး သတိရှိရှိ ပြင်ဆင် လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။

12:13 PM
ပဲခူးမှာ လုံခြုံရေးတင်းကြပ်

“လုံခြုံရေး အခြေအနေ ကတော့ အထပ်ထပ်ပဲ နေရာတကာကို လိုက်ချထားတယ် ။ ဘယ်အဖွဲ့လည်းတော့ မသိဘူး အရပ်ဝတ်နဲ့ပဲ ခန့်မှန်းခြေ လူဦးရေ ၃ဝဝ ခန့်လောက် ရှိမယ်။ ဘာဖြစ်မလဲတော့ မသိသေးဘူး။” ဟု ပဲခူးမြို့ခံ တဦးက ပြောသည်။

“ကျောင်းသားကိစ္စနဲ့ ဘုန်းကြီးကိစ္စလို့ ပြောနေကြတယ်နော်၊ အခုအချိန်ထိတော့ ဘာမှတော့ မဖြစ်သေးဘူး။ လုံခြုံရေးတွေ ချထားတာပဲ ရှိတယ်။ နေရာတကာမှာ လိုက်ချထားတယ် ။ ဘုရားပေါ်မှာလဲ အများကြီးပဲ ကျနော်တို့ နေတဲ့ ရပ်ကွက်မှာတောင် အများကြီး ချထားတယ်။” ဟု သူက ထပ်ပြောသည်။

-----------------------------------

သြဂုတ် ၂၇ ရက်၊ ၂ဝဝ၇ ခုနှစ်

11:25 PM
ကိုဌေးကြွယ် ထိုင်းနယ်စပ်ဘက် ထွက်ပြေးပြီ

စစ်အစိုးရက အသည်းအသန် လိုက်လံ ရှာဖွေလျှက် ရှိသော အရေးပါသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်သည့် ကိုဌေးကြွယ်သည် ထိုင်း-မြန်မာ နယ်စပ်ဘက်သို့ ထွက်ပြေးသွားပြီ ဖြစ်ကြောင်း လုပ်ဖော်ကိုင်ဖက် တဦး၏ အပြောအရ သိရသည်။

ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၃ ဦးကို အာဏာပိုင်များက လွန်ခဲ့သည့် သီတင်းပတ်က ဖမ်းဆီးသွားပြီးနောက် ရှောင်တိမ်း ပုန်းအောင်းနေသည့် ကိုဌေးကြွယ်မှာ ယနေ့ ညနေတွင် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားပြီ ဖြစ်သည်ဟု ဆိုသည်။

ကိုဌေးကြွယ်၏ ဓာတ်ပုံများကို ရန်ကုန်နှင့် နယ်အနှံ့ စစ်ဆေးရေး ဂိတ်များသို့ ပို့ပြီး ရှာဖွေနေသည့် ကြားမှ ကိုဌေးကြွယ် လွတ်မြောက်သွားခြင်းနှင့် ပတ်သက်၍ လူထု အကူအညီ ယူ၍ လွတ်မြောက်သွားခြင်း ဖြစ်သည်ဟု ယနေ့ နံနက်အထိ ကိုဌေးကြွယ်နှင့် အတူရှိခဲ့သူ အမည်မဖော်လိုသူ လုပ်ဖော်ကိုင်ဖက်က မဇ္ဈိမ သို့ ပြောပြသည်။ မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။

လောင်စာဆီ ဈေးနှုန်းများ အနည်းဆုံး နှစ်ဆ တိုးမြှင့်လိုက်ရာမှ သောကြာနေ့ကအထိ အဓိကအားဖြင့် ရန်ကုန်မြို့တွင် ပြောက်ကျား ဆန္ဒပြပွဲများကို ကြိုးကိုင် အကောင်အထည် ဖော်ခဲ့သူ တဦးဟု အာဏာပိုင်များက စွပ်စွဲခံထားရသူ ကိုဌေးကြွယ်သည် အဖမ်းခံထားရသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့်အတူ အနှစ် ၂ဝ အထိ ထောင်ဒဏ် ကျခံရဖွယ် ရှိသည်ဟု အစိုးရ အာဘော် မြန်မာ့အလင်း သတင်းစာက ရေးသားခဲ့သည်။

7:15 PM
မစိုးရိမ် ကျောင်းတိုက်မှ သံဃာတော်တပါးနှင့် ဆက်သွယ်မေးမြန်းချက်

ဦးပဉ္ဇင်းတို့ မန္တလေးပေါ်ကတော့ ဘာမှ မရှိဘူး၊ အေးဆေးဆေး၊ ငြိမ်ငြိမ်သက်သက်ပဲ။ ရန်ကုန်မှာ ဆန္ဒပြတယ်လို့ ကြားတယ်ပေါ့လေ။ ရန်ကုန်မှာ ဆီဈေးတွေတက်လို့ ဆန္ဒပြတယ်၊ ဒီလောက်ပဲ ကြားတယ်။

ဦးပဉ္ဇင်းရဲ့ အမြင်က ရန်ကုန်မှာကတော့ တနေ့လုပ်မှ တနေ့စားတွေ များတာကိုး။ လိုင်းကားစီးပြီး သွားတဲ့ ပုဂ္ဂိုလ်တွေက များတာကိုး။ ဦးပဉ္ဇင်းတို့ မန္တလေးကျတော့ လိုင်းကား မစီးတောင် စက်ဘီးတို့၊ ဆိုင်ကယ်တို့ ပေါတာကိုး။ အဲဒီတော့ သူတို့အထဲမှာ ဒီလိုမျိုး ဘာမှ မဖြစ်သေးဘူးပေါ့။ အဲသလို ကွာသွားတာလေ ရန်ကုန်နဲ့ မန္တလေးက။ ဆန္ဒပြမယ့် အနေထားကတော့ မရှိသလောက် ပါပဲဗျာ။

5:26 PM
မန္တလေးမြို့ တိတ်ဆိတ်၊ သံဃာတွေ အေးအေးဆေးဆေး နေဖို့ စစ်တပ်က ပြော

“အခု မြို့ထဲမှာတော့၊ ကျနော်ဖြတ်ခဲ့တဲ့ လမ်းထဲမှာတော့ ဘာမှ သိပ်မတွေ့ဘူး။ ထူးထူးခြားခြား ဘာမှမတွေ့ဘူး။ ဟိုဘက်တော့ ကျနော်တို့ ဘုရာကြီးဘက်တို့၊ မြတောင်ဘက်တို့တော့ ကျနော် မရောက်သေးဘူး။ အဲဒီဘက် ရောက်ရင်တော့ မပြောတတ်ဘူး။ ကျနော်တို့ မြို့ထဲမှာ တဆယ့်လေးလမ်းခွဲ ဘာညာတော့ နည်းနည်း အေးအေးဆေးဆေးပဲ။ ဘာမှ ဟိုလိုမျိုး ချထားတာ မတွေ့ဘူး”

“မင်္ဂလာတန်းဘက်ကပေါ့နော်။ မင်္ဂလာတန်းအထိ ကျနော်တို့ ဈေးချိုဘက် သွားနေတယ်။ ဈေးချိုဘက်သွားနေတော့ ၃၅ လမ်းဘက်က သွားတာတောင် ဘာမှမရှိဘူး။ ၂၆ လမ်းဘက်လည်း ရှိမယ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂၆ လမ်းဘက် ပြင်ဖို့ သဘောရှိပါတယ်။ ရှိရင်တော့ ဘုန်းကြီးကျောင်းဘက်တွေတော့ မပြောတတ်ဘူး”

“မနေ့က သံဃာတွေကို လိုက်ပြီးတော့ လျှောက်တယ်လို့ ပြောတယ်။ သံဃာတွေကိုပေါ့လေ။ ကျနော်တို့ အပါး ၁ဝဝ လောက်ရှိတဲ့ ကျောင်းတွေ ဘာတွေမှာ အေးအေးဆေးဆေး နေဖို့ပေါ့နော်။ တိုင်းမှူးက လိုက်လျှောက်တယ်လို့ ပြောတယ်။ မနေ့ကတော့ ဟို ပဏိတာရုံ ကျောင်းတိုက်ကို မန္တလေး၊ ကျနော်တို့ ဟိုဟာနားပေါ့ ဘယ်လိုပြောမလဲ ရန်မျိုးလုံ အရှေ့ဘက်ထဲမှာ (ပဏိတာရုံ) ကျောင်းတိုက်က ဆရာတော်တွေတော့ လာလျှောက်သွားတယ်လို့တော့ ကြားတယ်”

4:57 PM
လုံခြုံရေး စိုးရိမ်မှုကြောင့် သုံးခွမြို့နယ်ရှိ အထက်တန်း ကျောင်းများတွင် ကျောင်းသူ ကျောင်းသားများအား ပြီးခဲ့သည့် စနေနေ့က နေ့လည် ကျောင်းဆင်း အိမ်ပြန်ခွင့် မပြုဘဲ ကန့်သတ်လိုက်သည်။

4:30 PM
လောင်စာဆီဈေးများ အနည်းဆုံး နှစ်ဆတက်သွားခြင်းကို ကန့်ကွက်သော အားဖြင့် လူရာနှင့်ချီ၍ သုံးနာရီခန့်ကြာ ပဲခူးမြို့တွင် ယနေ့ ဆန္ဒပြခဲ့ကြသည်။

လူ ၅ဝ ခန့်က အဖြူရောင် အင်္ကျီများ ဝတ်ဆင်လျှက် ဆီဈေးများ ပြန်လျော့ချရန် အော်ဟစ်ကာ ဆန္ဒပြမှု ပဲခူးမြို့မဈေးမှ နံနက် ၉ နာရီတွင် စတင်ခဲ့ကြခြင်း ဖြစ်ကာ သနပ်ပင်သွား လမ်းမကြီးအရောက် ဘေးမှ ရပ်ကြည့်သူများပါ ပူးပေါင်း ခဲ့ကြသည်။

“လူထောင်နဲ့ချီပြီး ဖြစ်လာတယ်။” ဟု ပဲခူးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌက ပြောသည်။

သေနပ်ပင်၊ တာဝ နှင့် ဝေါ မြို့နယ်များမှ လူအချို့ ပူးပေါင်းခဲ့ကြသည်ဟု သူ့အပြောအရ သိရသည်။

ဒေသအာဏာပိုင်များက ဆန္ဒပြသူများထဲမှ ခေါင်းဆောင်များကို ခေါ်ယူကာ တနာရီခန့် ဆွေးနွေး ခဲ့သည်ဟု ဆိုသည်။

1:00 PM
၈၈ မျိုးဆက် ကျောင်းသားများကိစ္စ ဘယ်လိုလုပ်ရမလဲ နအဖ မဆုံးဖြတ်နိုင်သေး

ပဲခူးမြို့တွင် ဆန္ဒပြပြီ

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များကို ဖမ်းဆီးထားပြီးနောက် မည်ကဲ့သို့ ပြုလုပ်ရမည်ကို နအဖ အကြီးအကဲများ ယမန်နေ့က နေပြည်တော်တွင် ကျင်းပသော အထူး ကက်ဘိနက် အစည်းအဝေးတွင် မဆုံးဖြတ်နိုင်ဘဲ ရှိကြသည်ဟု သိရသည်။

ပဲခူးမြို့တွင် နံနက် ၉ နာရီမှစ၍ လူ ၅ဝ ခန့်က မြို့မဈေးကြီးမှ စတင်၍ ဘုရားဈေးဘက်အထိ ချီတက် ဆန္ဒပြကြရာ နောက်ထပ် လူများစွာ ပူးပေါင်း ပါဝင်သည်။

ရန်ကုန်မြို့ ပြည်လမ်းမတလျှောက် မီတာ ၃ဝဝ ခန့် အကွာတိုင်း စစ်သားများ ချထားပြီး မြို့တော်ခန်းမ ရှေ့တွင်တော့ စစ်ကား ၂ စီးနှင့် နအဖ အလိုတော်ရိ လူမိုက်များ တွေ့ရှိရကြောင်း မြို့ခံတဦးက မဇ္ဈိမ သို့ ပြောပြသည်။
-----------------------------------------

သြဂုတ် ၂၆ ရက်၊ ၂၀၀၇ ခုနှစ်

အရေးပါသော ဆန္ဒပြခေါင်းဆောင်များကို ဖမ်းဆီးလိုက်ပြီးနောက် တင်္နဂနွေနေ့တွင် ဆန္ဒပြမှုများ မရှိဘဲ ကြံ့ဖွံ၊ စွမ်းအားရှင်နှင့် အရပ်ဝတ် ရဲများသာ နေရာအနှံ့အပြား တွေ့ကြရသည်။

ထိုင်းနိုင်ငံဘန်ကောက်တွင်တော့ လူ ၁၀၀ ခန့်က ရန်ကုန်ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခြင်းကို ကန့်ကွက်ခြင်းအားဖြင့် မြန်မာသံရုံး ရှေ့တွင် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများကို စစ်အစိုးရက အကြမ်းဖက်ဟု သခင်သိန်းဖေပြော
အစိုးရ တရပ်အနေဖြင့် တာဝန်ရှိသော ရဲတပ်ဖွဲ့၊ တပ်မတော်၊ တရားရုံးများနှင့်သာ အရေးယူ ဆောင်ရွက်သင့်ပါသည်။ ၀န်ထမ်း မဟုတ်သော သာမာန် အရပ်သားများကို မြှောက်ပေးပြီး လူမိုက်ငှား ရိုက်ခိုင်းသည့် ကိစ္စမျိုးမှာ လုံးဝ မဖြစ်သင့် မဖြစ်ထိုက်သည့် အခြေအနေ ဖြစ်ပါသည်။ အကြမ်းဖက်မှု တရပ်လည်း ဖြစ်ပါသည်၊

ရန်ကုန် ဆန္ဒပြမှုများကို လူမိုက်ငှား ရိုက်ခိုင်းဖြေခြင်းမှာ အကြမ်းဖက်မှု ဖြစ်ကြောင်း ၀ါရင့် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ ကိုယ်စား သခင်သိန်းဖေက သြဂုတ်လ ၂၅ ရက်နေ့ နေ့စွဲဖြင့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေထံ ရေးသားထားသော အိတ်ဖွင့်ပေးစာ တစောင်တွင် ဖော်ပြထားသည်။

သခင်သိန်းဖေက “လမ်းလျောက် ဆန္ဒပြနေသူများကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းပေးရမည့်အစား အတင်းအဓမ္မ ရိုက်နှက် ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းမှာ အင်မတန်မှ ရက်စက်သော အပြုအမူများ ဖြစ်ပါသည်” ဟု ရေးသားထားသည်။

ထို့အပြင် ဖမ်းဆီးခံထားရသူများ အားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုထားပြီး အပြန်အလှန် ဆွေးနွေး ညှိနှိုင်းရန် ပန်ကြားထားသည်။

-----------------------

No comments: