Wednesday, August 15, 2007

နအဖနှင့် တွေ့ဆုံဆွေးနွေးခဲ့မှု တရားမ၀င်ကြောင်း ကေအန်ယူ ဗဟိုက ပြော

သန်းထိုက်ဦး (မဇ္ဈိမ သတင်းဌာန)
သြဂုတ် ၁၅ ရက်၊ ၂၀၀၇ ခုနှစ်

ကရင် အမျိုးသား အစည်းအရုံး ကေအန်ယူ (KNU) ၏ ဗဟို ခွင့်ပြုချက် မပါဘဲ နအဖ စစ်အစိုးရနှင့် သွားရောက် တွေ့ဆုံခဲ့မှုအပေါ် တရားမ၀င်ကြောင်း ကရင်တပ်မှုးကို ရှင်းလင်း အသိပညာပေး သွားမှာ ဖြစ်ကြောင်း ကေအင်ယူ တာဝန်ရှိသူ တဦးက ပြောသည်။

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် တောင်ဘက် တနေရာတွင် ကေအန်ယူ လက်အောက်ခံ စစ်တပ်ဖြစ်သော� ကေအန်အယ်အေ (KNLA) တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၈) တပ်ရင်းမှုး ဒု-ဗိုလ်မှုးကြီး ကြည်လင်း ဦးဆောင်သည့် အဖွဲ့က အရှေ့တောင်တိုင်း ဌာနချုပ် စစ်ဦးစီမှုး ဗိုလ်မှုးမင်းချစ်ဦးနှင့် ယခုလ ၁၁ ရက်နေ့တွင် တွေ့ဆုံခဲ့ခြင်း အပေါ် ကေအန်ယူ ဗဟို၌ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ပဒိုစောလှငွေက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ ကျနော်တို့ ဒီမှာကတော့ ကျနော်တို့ ဒီ တဖက်က နအဖကို တွေ့တဲ့အလုပ်ကို ဗဟိုအဆင့်ပဲ လုပ်ခွင့် ရှိတယ်လေ။ အောက်ခြေအဆင့် လုပ်ခွင့် မရှိဘူးလေ။ လောလောဆယ် တပ်မှုးတယောက်က နေပြီးတော့ လူထုနဲ့ သူ့ရဲ့ အခြေအနေပေါ်မှာ သူကြည့်ပြီးတော့ သူက အဲသလို လုပ်သွားတဲ့ အပေါ်မှာ ဒါကတော့ သက်ဆိုင်ရာကနေ သူကို ပညာပေး ရှေ့ဆောင်ရမယ် ဒါပဲရှိတာပေါ့။” ဟု ပဒိုစောလှငွေက မဇ္ဈိမကိုပြောသည်။

ဗိုလ်မှုး ကြည်လင်း ဦးဆောင်သော အဖွဲ့သည် ကော့ကရိတ် မြို့နယ် တ၀ိုက်တွင် လှုပ်ရှားနေသော အဖွဲ့တခု ဖြစ်သည်။

ဗိုလ်မှုးကြည်လင်းက နအဖ စစ်အစိုးရ ဗိုလ်မူး မင်းချစ်ဦးတို့ နှင့် တွေ့ဆုံခဲ့သော်လည်း လက်နက်နှင့် ငြိမ်းချမ်းရေး လှဲလှယ်ရန် မဟုတ်ကြောင်းနှင့် ယုံကြည်မှု တရပ်ကို တည်ဆောက်သည့် အဆင့်သာရှိကြောင်း ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ကို ပြောကြားသွားခဲ့သည်။

No comments: