Wednesday, December 24, 2008

တရားမဝင် VCD/DVD များ ရောင်းချမှုကြောင့် ဂီတလောက ထိခိုက်ရ

မြင့်မောင်
ကြာသပတေးနေ့၊ သြဂုတ်လ 28 2008




နယူးဒေလီ။ ။ မြို့တော်ဟောင်း ရန်ကုန်နှင့် နယ်ဒေသများတွင် တေးသီချင်း VCD/DVD ခွေများ တရားမဝင် ကော်ပီကူးယူ ရောင်းချမှုများ များပြားနေသဖြင့် ဂီတလောက အနေဖြင့် စီးပွားရေးအရ ဆုံးရှုံး နစ်နာနေကြောင်း ဂီတလောကမှာ အဆိုတော်များနှင့် ထုတ်လုပ်သူများက တညီတညာတည်း ပြောဆိုလိုက်ကြသည်၊

မူရင်းခွေများအား ကူးယူကာ ဈေးပေါပေါဖြင့် တရားမဝင် ရောင်းချနေမှုများ များပြားနေသောကြောင့် တေးထုတ်လုပ်သူများနှင့် တေးသံရှင်များအတွက် ကြီးမားသည့် ဆုံးရှုံးမှုများ ပေါ်ပေါက်နေရသည်။

“ခိုးကူးတွေကြောင့်မို့ ဂီတလောက တခုလုံးရဲ့ စီးပွားရေးက ရပ်ဆိုင်းလုနီးပါး ရှိပါတယ်။ လောလောဆယ် ၂ နှစ်၊ ၃ နှစ်နီးပါး ဘာမှ လုပ်လို့မရဘူး။ ဒီတော့ တချို့လူတွေကလည်း စတိတ်ရှိုးလေး ဘာလေး လှည့်ဆိုပြီး ကိုယ့်ရဲ့ ပရိုမိုးရှင်း (Promotion) လေး ဘာလေး မြှင့်ပြီးတော့လည်း VCD ခွေ ထုတ်တာတွေလည်း ရှိပါတယ်။ စီးပွားရေး အတွက်က တွက်ခြေမကိုက်ဘူး ဖြစ်နေတယ်” ဟု တေးရေးသူနှင့် အဆိုတော် ဆောင်းဦးလှိုင်က မဇ္ဈိမကို ပြောသည်။

နာမည်ကြီး ရော့ခ် Rock အဆိုတော် ဇော်ဝင်းထွဋ်ကလည်း “ကျနော်တို့ အများကြီး နစ်နာသွားတယ်။ ကျနော်တို့က ဒီအသက်အရွယ် ရောက်လာပြီး ကိုယ့်ဘဝ အကုန်လုံးနီးပါး Invest (ရင်းနှီးမြှုပ်နှံ) လုပ်ပြီးတော့ ဒီထဲမှာ နေနေတာဆိုတော့ ဒီ့ပြင်အလုပ်ကို ပြောင်းလုပ်ရအောင်ကလည်း ဘာမှ လုပ်လို့ မရတော့ဘူး။ ဒီ့ထက် ထိခိုက်တာတော့ မရှိတော့ဘူး။ လူဆိုတာက အတတ်နိုင်ဆုံးက မျှော်လင့်တယ်။ အတတ်နိုင်ဆုံး ရှင်သန်မယ်ဆိုတဲ့ စိတ်နဲ့ ပိုများ ကောင်းမလားလို့၊ မနက်ဖြန်များ ပြန်ကောင်းလာမလားလို့ မျှော်လင့်ပြီး နေရတယ်” ဟု ပြောသည်။

ခိုးကူခွေများ ရောင်းချနေမှုကြောင့် ထုတ်လုပ်သူများ၏ စီးပွားရေးနှင့် အနုပညာရှင်များ၏ ဖန်တီးမှုများ ကျဆင်းရကြောင်း ထုတ်လုပ်သူ တဦးကလည်း ပြောဆိုသည်။

ကိုဇော်ဝင်းထွဋ်က “ကိုယ်က သူတို့လို ထုတ်ခြင်းအားဖြင့် ဝင်ငွေ ဒီလောက် ရစရာ မရှိတော့တဲ့ သဘော ဖြစ်သွားတယ်။ အပြင် (ဈေးကွက်) နဲ့ ဆက်သွယ်တဲ့ နေရာမှာ ထုတ်လုပ်သူတွေနဲ့ အဆိုတော်တွေ နဲတော့ Role ကျသွားတယ်။ အရင်လို မာမာတင်းတင်း ပြောလို့ မရတော့ဘူး။ ဈေးကျသွားသလို ကိုယ်လည်း စီးပွား သိပ်မဖြစ်သလို ဖြစ်နေတယ်” ဟု ပြောသည်။

ပုံမှန်အားဖြင့် VCD/DVD စီဒီခွေ တခွေလျှင် ကျပ် ၁ဝဝဝ နှင့် ၁၅ဝဝ ကြား ပေါက်ဈေးရှိသော်လည်း ခိုးကူးခွေ တခွေလျှင် ကျပ် ၃ဝဝ-၃၅ဝ ဖြင့် ရောင်းချနေသည့်အတွက် အဆိုပါ တရားမဝင် ခွေရောင်းချမှုကို ကျော်လွှားနိုင်ရန် မကြာသေးခင်က ထုတ်လုပ်ခဲ့သော အဆိုတော် ဂျေညီညီ၏ “အကောင်းဆုံးတေးများ” မူရင်း တေးစီးရီးခွေကို ၃၅ဝ ကျပ်ဖြင့် ဈေးကွက်တွင် ရောင်းချခဲ့ရသည်ဟု ရန်ကုန်ရှိ ပုလဲ တေးသံသွင်းဌာနက ဆိုသည်။

“အခုလို လုပ်လိုက်တဲ့အတွက် အတော်ကို အောင်မြင်ပါတယ်။ ကျနော်တို့ ဈေးကွက်အသစ် ရလာတယ်။ အရင်တုန်းက ခွေတခွေထုတ်ရင် ရောင်းဈေးက ၁ဝဝဝ ၊ ၁၅ဝဝ ။ ခွေအရေအတွက် ၄-၅-၆ ထောင် ကုန်ဖို့ အတော် ရောင်းရတယ်။ တန်ဖိုးက ကြီးတယ်ဆိုတော့ အရောင်း မသွက်ဘူး။ အခုဟာက အတော်ကို ရောင်းကောင်းပါတယ်။ ခွေအရေအတွက် ၃-၄ သောင်းလောက် ရောင်းရတော့ ဈေးကွက်ကြီးလာတဲ့ သဘောပေါ့” ဟု ပုလဲတေးသံသွင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

သူက ဆက်ပြီး “ခိုးကူးခွေတွေကို တိုက်ဖျက်တဲ့ အနေနဲ့လည်း ပါပါတယ်။ ဈေးကွက်အသစ်လည်း ဖြစ်အောင် လုပ်တာဖြစ်တယ်။ သမရိုးကျ သွားနေရင်တော့ မဖြစ်ဘူး။ ပုံစံအသစ် အပြောင်းအလဲလေး လုပ်လိုက်တဲ့ သဘောပါပဲ။ ဒီဟာကို ကိုဂျေညီညီနဲ့ ပေါင်းလုပ်ပြီးတော့ ကိုဂျေညီညီကလည်း အနုပညာကြေး မယူဘဲနဲ့ ကျနော်တို့ ထုတ်လုပ်ရေးနဲ့ ပူးပေါင်းပြီး လုပ်တာပါ” ဟု ပြောသည်။

ကိုဆောင်းဦးလှိုင်က “ထိုက်သင့်သလောက် လျှော့ရောင်းချင်တယ်။ ရုပ်ပျက်ဆင်းပျက် ဈေးနှုန်းတော့ မရောင်းချင်ဘူး။ တတ်နိုင်တဲ့ လူရှိရင် ဝယ်လိမ့်မယ်၊ မတတ်နိုင်တဲ့လူက ခိုးကူးခွေကို ဝယ်ယူအားပေးတာ အပြစ်မတင်ချင်ဘူး။ မတတ်နိုင်လို့ မဝယ်တာဘဲ၊ ကျနော် အပြစ်မတင်ပါဘူး။ တတ်နိုင်ရဲ့သားနဲ့ ခိုးကူးခွေတွေကို ဝယ်တဲ့ လူတွေကျတော့ အနုပညာသည်တွေကို အားမပေးတဲ့ သဘောမျိုး၊ အနုပညာရှင်တွေ အနေနဲ့ ဒုက္ခရောက်နေတဲ့ဟာကို လျစ်လျှူရှုတဲ့ သဘောလို့ မြင်တယ်” ဟု ပြောသည်။

ကိုဇော်ဝင်းထွဋ်ကမူ “ကျနော်က ခွေအသစ် ထွက်လို့ရှိရင် ပြည်သူတွေဆီ ကိုယ်တိုင်ကိုယ်ကျ သွားပြီးတော့ ထိထိရောက်ရောက် ပြည်သူတွေ လက်ထဲရောက်အောင် ကြိုးစားသွားမှာ ဖြစ်တယ်။ ကျနော်တို့က ရန်ကုန်မှာ ထိုင်ရောင်းနေမယ့်အစား နယ်တွေကို ကိုယ်တိုင်သွားပြီး ဖျော်ဖြေတာပဲဖြစ်ဖြစ်၊ မဟုတ်ရင်လည်း ကိုယ်တိုင်ကိုယ်ကျ ဖြန့်ဝေတာမျိုးဖြစ်ဖြစ် လုပ်မှ ပိုထိရောက်လိမ့်မယ်လို့ ထင်တယ်” ဟု ပြောသည်။

သူက ဆက်ပြီး “ကိုယ့်အနားမှာ လက်လှမ်းမီသရွေ့ ဝယ်လို့ရတာက ခိုးကူးခွေတွေ ဖြစ်နေတယ်။ ... မူရင်းခွေတွေကို ဝယ်မယ်ဆိုရင် ကားမောင်းပြီး၊ မြို့ထဲ အသံသွင်းဆိုင်ပဲဖြစ်ဖြစ် ဝယ်မယ်ဆိုရင် ကားကို အဲဒီဆိုင်ကို ရောက်အောင် မောင်းရမယ်။ ကားပါကင်မှာ ရပ်ရမယ်။ ခိုးကူးခွေက လမ်းဘေးမှာ ကားမှန်လေး ဖွင့်လိုက်ရင် ဗန်းချပြီး ရောင်းတဲ့အတွက် အနားမှာ ရှိတယ်။ မီးပွိုင့်တွေမှာ ဝယ်လို့ရတဲ့အတွက် ခိုးကူးခွေတွေကို အများပြည်သူတွေက အလွယ်တကူ ဝယ်ယူတာ ဖြစ်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လက အနုပညာလောကမှ ရာသက်ပန် အနားယူတော့မည့် ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းနှင့် သမီး ခင်ခင်ခတို့ ပါဝင်သီဆို သရုပ်ဆောင်သော VCD ကို နဝရတ် တေးသံသွင်းဆိုင်တွင် အသံသွင်းယူခဲ့ပြီးနောက် ဦးကျော်ဟိန်းက ရုပ်ရှင်သရုပ်ဆောင်နည်း၊ သူ၏ အတ္ထုပ္ပတ္တိ စာအုပ်တို့နှင့် ပူးတွဲကာ မူရင်းတခွေလျှင် ကျပ် ၄ဝဝ ဖြင့် ကိုယ်တိုင် လိုက်ရောင်းခဲ့သော်လည်း မည်သည့် ရည်ရွယ်ချက်ဖြင့် ရောင်းချရသည်ကိုမူ မသိရပါ။

ခိုးကူးခွေနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်နှင့် ဂီတ အစည်းအရုံးမှ တားမြစ်ရန် ဆောင်ရွက်ချက်များ ရှိသော်လည်း ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိသောကြောင့် အဆိုပါ တရားမဝင် ရောင်းချမှုမှာ ဆက်လက် တိုးပွားနေသည်ဟု ဂီတ အသိုင်းအဝိုင်းက ဆိုသည်။

မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် အနုပညာ မူပိုင်ခွင့်နှင့် ဆက်စပ်ကာ စီးပွားရေးအရ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လေ့ ရှိသော်လည်း ပြည်တွင်းဈေးကွက်ကိုသာ အဓိက မှီခိုနေရသည့် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတွင် ကော်ပီခွေ ရောင်းချမှုကို ထိရောက်စွာ တားမြစ်နိုင်ခြင်း မရှိသောကြောင့် အနုပညာဖန်တီးမှုနှင့် ထုတ်လုပ်မှုတွင် များစွာ ထိခိုက်နေရခြင်းဖြစ်သည်။

No comments: