Wednesday, December 24, 2008

ယုဇနပလာဇာ မီးလောင်

မြင့်မောင်
တနင်္လာနေ့၊ ဒီဇင်ဘာလ 15 2008


နယူးဒေလီ။ ။ ရန်ကုန်ရှိ နာမည်ကျော် ယုဇနပလာဇာ ဆူပါမားကက်ကြီးတွင် ယမန်နေ့က မီးလောင်သဖြင့် မြေညီထပ်ရှိ တီအာရ်အိုင် ဖက်ရှင်ဆိုင် အပါအ၀င် အနည်းဆုံး ဆိုင်ခန်း ၄ ခန်း လောင်ကျွမ်းခဲ့သည်ဟု မျက်မြင်များနှင့် မီးသတ်တပ်ဖွဲ့က ပြောသည်။

မျက်မြင်သက်သေတဦး အဆိုအရ မင်္ဂလာတောင်ညွန့်မြို့နယ် ယုဇနပလာဇာ မြေညီထပ်တွင် ည ၆ နာရီခွဲကျော်က ထင်ရှားသည့် တီအာရ်အိုင် ဖက်ရှင်ဆိုင်မှ စတင်ကာ မီးလောင်ခဲ့ပြီး အခြား ဆိုင်ခန်း ၃ ခန်းပါ လောင်ကျွမ်းခဲ့သည်ဟု သိရသည်။

ရန်ကုန် ဗဟိုမီးသတ်တပ်ဖွဲ့က ယခု မီးလောင်မှုကို အတည်ပြုခဲ့ပြီး မီးသတ်ကား ၃၀ ခန့်က မီးငြိမ်းသတ်နိုင်သည်ဟု ပြောဆိုသော်လည်း အသေးစိတ်ပြောဆိုရန် ငြင်းဆိုခဲ့သည်။

''ဟုတ်ပါတယ်။ အဲဒီ (ယုဇနပလာဇာ) မှာ မီးလောင်ခဲ့တယ်ဗျ။ ဒါပေမဲ့ ကျနော် ဒီ့ထက်တော့ ပိုမပြောနိုင်ပါဘူး'' ဟု မီးသတ်အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

သို့သော်လည်း မျက်မြင်သက်သေများကမူ ချည်ထည်နှင့် အ၀တ်အထည်များ အဓိက ရောင်းချသည့် တီအာရ်အိုင် ဖက်ရှင်ဆိုင်အတွင်း လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ကာ အခြား ဆိုင်ခန်း ၃ ခန်းသို့ ကူးဆက်လောင်ကျွမ်းခဲ့သည်ဟု ဆိုသည်။

လူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ မီးလောင်ဆိုင်ခန်းများကိုမူ ပိတ်ထားကြောင်းနှင့် ဆိုင်ခန်းမည်မျှ လောင်ကျွမ်းဆုံးရှုံးရသည်ကို ချက်ချင်း မသိခဲ့ရကြောင်း သက်သေတဦးက ပြောသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာပလာဇာနှင့် နီးကပ်သည့် အိမ်ခန်းတခန်းတွင် မီးလောင်သဖြင့် အမျိုးသားတဦးနှင့် အမျိုးသမီးတဦး သေဆုံးခဲ့သည်။

သူတို့နှစ်ဦးသည် မီးလောင်မှု စတင်ချိန်က အခန်းထဲတွင် ရှိနေခဲ့သည်။ မီးသတ်က မီးငြိမ်းနိုင်ခြင်း မရှိခင် အမျိုးသမီးမှာ မီးခိုးများဖြင့် အသက်ရှူမွန်းကျပ်နေခဲ့ပြီး၊ အမျိုးသားမှာမူ လွတ်မြောက်ရေးအတွက် မြေပြင်ပေါ်သို့ ခုန်ချရာမှ ထိခိုက်မှုဖြစ်ပွားခဲ့ကာ နှစ်ဦးစလုံးမှာ ဆေးရုံရောက်ပြီးနောက် သေဆုံးခဲ့သည်။

အခြား ရန်ကုန်ဒေသခံတဦးက မြန်မာပြည်တွင် ယခုရက်ပိုင်းတွင် ပိုများလာသည်ဟု ဆိုသည်။

ရန်ကုန်တိုင်းရှိ မြို့နယ်အများအပြားမှာ တရက်လျှင် ၆ နာရီသာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးရရှိပြီး လူအများက လျှပ်စစ်မီးခလုတ်ကို ပြန်ပိတ်ထားရန် မေ့လျော့ရာမှ မကြာခဏ ၀ါယာရှော့ခ်ဖြစ်ပွားသည်ဟု သူက ပြောသည်။

ယုဇန ပလာဇာ မီးလောင်မှုတွင် တီအာရ်အိုင် ဖက်ရှင်ဆိုင်အတွင်းရှိ လျှပ်စစ်မီးခလုတ်ခုံမှ စတင်လောင်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ရှင်များက ဆိုင်ပိတ်စဉ်က မီးခလုတ်ပိတ်ရန် မေ့လျော့ခဲ့ကြောင်းနှင့် ထိုစဉ်က လျှပ်စစ်မီးမလာခဲ့ကြောင်း သူက ပြောသည်။

လျှပ်စစ်မီး ရရှိရန် လည်ပတ်သည့် တာဘိုင်စက်များတွင် ဂက်စ်အား မပြည့်မီသဖြင့် လျှပ်စစ်မီး မဖြန့်ဝေနိုင်ခဲ့ကြောင်းနှင့် မြို့နယ်အများအပြားသို့ အလှည့်ကျ ခွဲတမ်းစနစ်ဖြင့် ပေးဝေခြင်းသာဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဌာနမှ အရာရှိတဦးက အစောပိုင်းက မဇ္ဈိမကို ပြောဆိုခဲ့သည်။

No comments: