Wednesday, December 24, 2008

အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်တဦး အဖမ်းခံရပြန်

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 17 2008

နယူးဒေလီ။ ။ ရွှေပြည်သာမြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် အဖွဲ့ဝင် မောင်မျိုးမင်းဝေအား အာဏာပိုင်များက အင်္ဂါနေ့ ညတွင် ၎င်း၏ နေအိမ်၌ လာရောက် ဖမ်းဆီးသွားကြောင်း အဖွဲ့ချုပ်က ပြောသည်။

“ည (၁၁)နာရီမှာ စတင် ရှာဖွေပြီးတော့ (၁၁း၃ဝ)မှာ ဖမ်းခေါ်သွားတယ်။ အဲဒီလို့ ဖမ်းဆီးတဲ့ အချိန်မှာ သူ့အိမ်က မြို့နယ် အခမ်းအနားတွေမှာ ရိုက်ထားတဲ့ ဖလင်လိပ်တွေရယ်၊ အလုပ်သမား ကိစ္စတွေနဲ့ ပတ်သတ်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ ဖမ်းခေါ်သွားတယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် တဦးက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလဲ ဖမ်းဆီးသွားသည်မှာ မှန်ကန်ကြောင်း ရွှေပြည်သာ ဗုံးပေါက်ကွဲမူနှင့် ပတ်သက် ပြီး ဖမ်းသွားခြင်း ဖြစ်သည်ဟု သိရကြောင်းပြောသည်။

ဦးဥဏ်ဝင်းက “ကျနော် သိတာ ပြောရရင် မနေ့ညက ၁၁နာရီ လောက်က သူအိမ်မှ လာဖမ်းတယ်။ လာဖမ်းတဲ့ ပုဂ္ဂိုလ်တွေက ရွှေပြည်သာ ဗုံးပေါက်ကွဲမှုနှင့် ပတ်သတ်လို့ မေးမြန်းစရာရှိလို့ ဆိုပြီး ရဲတွေက ခေါ်ဆောင်သွားတယ်” ဟု ပြောသည်။

စက်တင်ဘာလ ၈ နေ့က ပြုလုပ်သော နအဖ စစ်အစိုးရ၏ သတင်းစာ ရှင်းလင်းပွဲတွင် ရဲချုပ် ခင်ရီက ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ ရုံးဗုံးပေါက်ကွဲမှုသည် အန်အဲလ်ဒီ အဖွဲ့ဝင်များ၏ လက်ချက် ဖြစ်ကြောင်းနှင့် ၎င်းနှင့် ပတ်သက်၍ တရာခံများကို ဖမ်းဆီးမိခံပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့် သြဂုတ်လမှစ၍ ယခုချိန်ထိ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေး ကွန်ယက်မှ ဦးမြင့်အေး အပါအဝင် အဖွဲ့ချုပ်လူငယ် အနည်းဆုံး ၁ဝ ဦး ကို နအဖမှ ဖမ်းဆီး ချုပ်နှောင်ထားခဲ့သည်။

No comments: