Wednesday, December 24, 2008

ကျန်းမာရေးဆိုးရွားသည့် နိုင်ငံရေးအကျဉ်းသား ၃ ဦး ထောင်ဆေးရုံတက်

မြင့်မောင်
အင်္ဂါနေ့၊ ဒီဇင်ဘာလ 23 2008


နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသား ၃ ဦးသည် ကျန်းမာရေး အခြေအနေ ဆိုးရွားနေသဖြင့် ယခုအခါ ထောင်ဆေးရုံတွင် တက်ရောက်ကုသနေကြောင်း ဆွေမျိုးသားချင်းနှင့် အကျဉ်းထောင် အသိုင်းအ၀ိုင်း အဆိုအရ သိရသည်။

နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်များအား ကူညီစောင့်ရှောက်သူ မယဉ်ယဉ်ဝိုင်း ခေါ် ဆည်းဆာ (လှိုင်မြို့နယ်)၊ အန်အယ်ဒီ အဖွဲ့ဝင် ဦးတင်ယု (လှိုင်သာယာမြို့နယ်) နှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုကိုကြီး (စမ်းချောင်းမြို့နယ်) ၏ ကျန်းမာရေး အခြေအနေသည် တနေ့ထက်တနေ့ ပိုမို ဆိုးရွားလာသည့်အတွက် အင်းစိန်ထောင်တွင်းရှိ ဆေးရုံတွင် ကုသနေရကြောင်း သိရခြင်း ဖြစ်သည်။

"မယဉ်ယဉ်ဝိုင်းက လွန်ခဲ့တဲ့ ၂ လက စဖြစ်နေတယ်။ အစာအိမ်က နဂိုကတည်းကရှိတော့ ကျန်ခဲ့တဲ့ ၂ လ လောက်ကစပြီး ဆန်ပြုပ်ပဲ သောက်နေရတယ်။ ထမင်းမစားဘူး။ ပေါင်မုန့်လေး၊ ဘီစကစ်လေးပဲ စားနေတာ။ ကျန်ခဲ့တဲ့ တပတ်က အန်တော့ သွေးပါတယ်" ဟု အမည်မဖော်လိုသူ ဆွေမျိုးသားချင်းတဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး "အရင်တုန်းကလည်း ဆန်ပြုပ်သောက်ပေမယ့် ၂ လ အတွင်းမှာ နည်းနည်းချင်း အန်တယ်။ အခုလို မဖြစ်ဘူး။ သူ့ဆီမှာ အမျိုးသမီးရောဂါ ရှိတယ်။ ခွဲစိတ်ဖို့ ဘာညာလည်း ရှိတယ်။ ဒီအပတ် သူ့အမနဲ့ တွေ့တော့ အပြင်ကို ထုတ်ပြီး ဆေးကုသခွင့်ရအောင် အထက်ကို စာတင်မယ်လို့ သိထားတယ်။ လောလောဆယ် မတင်ရသေးဘူး" ဟု ပြောသည်။

မယဉ်ယဉ်ဝိုင်းသည် ယခုနှစ် မေလဆန်းက နာဂစ်မုန်တိုင်း တိုက်ပြီးနောက် ဒုက္ခသည်များကို အားတက်သရော ကူညီနေစဉ်၊ ဇွန်လ ၁၂ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ဖမ်းဆီးခံရသူ လှိုင်သာယာ အန်အယ်ဒီအဖွဲ့ဝင် ဦးတင်ယုကို ပြီးခဲ့သည့်လ ၁၃ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တံခါးပိတ် တရားခွင်က ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခဲ့ကာ ယခုအခါ သူသည် အရိုးကျီးပေါင်းတက် ရောဂါကြောင့် ထောင်ဆေးရုံတွင် ကုသနေရသည်။

"ဦးတင်ယုက အရိုးကျီးပေါင်းတက် ရောဂါနဲ့ ခြေထောက်ကို ဂဲ စွဲနေရတယ်။ ထောင်ဆေးရုံကို သူ့အဆောင်ကနေ သွားတယ်။ ခြေတောက်ကို ဂဲ စွဲရတာက အချိန်ပိုင်းနဲ့ ကုသနေတယ်" ဟု အင်းစိန်ထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

သူက ဆက်ပြီး "ဦးတင်ယုလိုပဲ ၈၈ ကျောင်းသားခေါင်းဆောင်တဦး စမ်းချောင်း ကိုကိုကြီးလည်း ဂဲ စွဲနေရတယ်။ သူ့ကျတော့ အချိန်ပိုင်းနဲ့ မဟုတ်ဘူး။ အမြဲတမ်း ဂဲ စွဲဖို့ အင်းစိန်ထောင် ဆေးရုံကို ရောက်နေပြီ။ ဘာရောဂါမှန်း မသိရသေးဘူး" ဟု ပြောသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် ဆေးရုံများ ရှိသော်လည်း စောင့်ရှောက်ကုသမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) - အေအေပီပီ မှ တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က ယခုလို ပြောပြသည်။

"နိုင်ငံရေး အကျဉ်းသားတွေဟာ ဆရာဝန်နဲ့တွေ့ဖို့ အချိန်အတော်ကြာ စောင့်ရတယ်။ မလိုလားအပ်တဲ့ ရောဂါဝေဒနာတွေ ပိုမိုခံစားရတယ်။ လူတယောက်က သွေးအန်တဲ့အဆင့်၊ သွေးပါတဲ့အဆင့် ရောက်ပြီဆိုရင် ကျန်းမာရေး အတော်စိုးရိမ်ရတဲ့ အခြေအနေမျိုးပါ။ လုံလောက်တဲ့ အချိန်မီ ဆေးဝါးကုသခွင့် မရဘူးဆိုရင် ကျန်းမာရေးက ဒီ့ထက်ပိုပြီး ဆုတ်ယုတ်သွားတာမျိုး၊ အသက်ဆုံးရှုံးတာမျိုး ဖြစ်လာနိုင်တယ်" ဟု ကိုဘိုကြည်က ပြောသည်။

သူက "ဆေးကုသခွင့်ရဖို့ အချိန်တိတိကျကျ မပြောနိုင်ဘူး။ ထောက်လှမ်းရေးတွေ အပေါ်မှာ မူတည်တယ်။ အောက်ခြေက ဘယ်လောက်ပဲ တင်ပြတင်ပြ၊ သူတို့ မအားဘူးဆိုရင် ဂရုမစိုက်ဘဲ အမှိုက်တောင်းထဲ ထည့်တာမျိုးတွေဖြစ်ပြီး၊ မလိုလားအပ်ဘဲ ပိုကြာသွားတာမျိုးတွေ ဖြစ်တယ်။ အဲဒီလိုမျိုး လုပ်ခဲ့လို့ အသက်ဆုံးရှုံးခဲ့တဲ့ နိုင်ငံရေးသမားတွေလည်း ရှိခဲ့ဖူးတယ်" ဟု ဆက်ပြောသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသား ၂၁၅၉ ဦးရှိသည့်အနက် ၁၀၀ နီးပါးမှာ ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်း အေအေပီပီ အဆိုအရ သိရသည်။

No comments: